Primary tabs

Cele & Generation

အနုပညာလောကထဲမှာ အနုပညာအမွေကို လက်ဆင့်ကမ်း သယ်ဆောင်နေရင်း အနုပညာလောကရဲ့ တစ်ထောင့်တစ်နေရာမှာ အောင်မြင်မှုရရှိနေတဲ့ မျိုးဆက်သစ် အနုပညာရှင်တွေ အများကြီးရှိပါတယ်။ ဒီလမှာတော့ ဂီတအနုပညာအမွေ
ကို မျိုးစေ့ချပေးနေတဲ့ တေးသံရှင် ဖိုးကာနဲ့ ဂီတအမွေကို လက်ဆင့်ကမ်းသယ်ဆောင်မယ့် တေးသံရှင် ဖူးဖူးသစ်တို့ သားအဖ နှစ်ယောက်ရဲ့ ဂီတနဲ့ Life Style တို့ကို ပရိသတ်တွေအတွက် ပုံဖော်ရိုက်ကူးပေးလိုက်ပါတယ်။

ဖိုးကာ
သမီးကို ဟိုးငယ်ငယ်လေးကတည်းက သူ့အတွက် သီချင်းလေးတွေတည်ပြီး ရေးပေးထားတာလေးတွေရှိတယ်။ သီချင်းပုံစံ ဘယ်လိုမျိုးဆိုရင် ဘယ်လိုဆိုရမလဲ၊ စုံတွဲသီချင်းလေးတွေဆိုရင် ဘယ်လိုဆိုရမလဲ ဆိုတာကို လေ့ကျင့်ပေးတယ်။ ငယ်ငယ်လေးကတည်းက Piano တီး သင်ပေးတယ်။

ဖူးဖူးသစ်
ဖူးရဲ့ Logo ဆိုတဲ့ အယ်လ်ဘမ်လေးက ပထမဦးဆုံး အယ်လ်ဘမ်ဆိုတော့ သီချင်းတွေ အကုန်လုံးကလည်း Own Tune တွေချည်းပဲ ဖေဖေအကုန်ရေးပေးတာဆိုတော့ အိမ်မှာပဲ အသံသွင်းတယ်၊ အိမ်မှာပဲ ဆိုတယ်ဆိုတော့ ဖေဖေက အကုန်လုံး ဘယ်လိုဆိုရမယ်၊ ဘယ်လို Create လုပ်ရမယ်ဆိုတာ အကုန်လုံး သင်ပေးတော့ အခက်အခဲ အများကြီးမရှိခဲ့ပါဘူး။ 

ဖိုးကာ
သူတို့အရွယ်က အင်္ဂလိပ်သီချင်းတွေ ဆိုတာများတော့ မြန်မာသီချင်းတွေ၊ Own Tune တွေဆိုတဲ့အခါကျ ကိုယ့်ပုံစံ ကိုယ့်ဟန်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူး။ အဲဒါလေးတွေကို သူ့ကို Guide Line လုပ်ပေးဖြစ်ပါတယ်။ သမီးခွေ စသွင်းတုန်းက အသက်က ၁၆၊ ၁၇ ၀န်းကျင်ပဲ ရှိသေးတော့ ကလေးသံမပျောက်သေးဘူး။ အခုတော့ သူ့ကို အလွယ်လည်းမဟုတ်၊ အခက်လည်း မဟုတ်တဲ့ ကြားထဲက ပုံစံမျိုးလေးတွေ ရေးပေးဖြစ်တယ်။

ဖူးဖူးသစ်
ဖူးက Selina Gomez ရဲ့ သီချင်းပုံစံလေးတွေ ကြိုက်တော့ အဖေ့ကို ဒီလိုပုံစံလေးတွေ ရေးပေးပါဆိုပြီး ပြတယ်။ အဖေ vocal guide လုပ်ပေးတဲ့အချိန် ကိုယ့်ကိုစိတ်တိုင်းမကျတဲ့ အချိန်ဆိုရင်တော့ ငိုချင်တယ်။

ဖိုးကာ
အဖေနဲ့ သမီးဆိုတော့ Generation က တအား ဟနေတယ်ဆိုတော့ သူတို့ကိုလိုက်မီအောင် ကြိုးစားရတယ်။ သူတို့ကြိုက်တဲ့သီချင်းတွေကို သေချာနားထောင်ပြီး copy ကူးယူလိုက်တာမျိုးမဟုတ်ဘဲ တကယ်ပျော်ဝင်ဖို့အတွက်  ကြိုးစားပြီး ရေးပေးဖြစ်တယ်။ သမီးကို ဘေးနားကနေ vocal guide လုပ်ပေးတဲ့အခါ တစ်ခါတလေတော့လည်း အားမလိုအားမရ ဖြစ်တာလေးတွေ ရှိတယ်။ သူ့ကို ဒီထက်ပိုပြီး ကောင်းစေချင်တော့ အဓိက လေ့ကျင့်ဖို့၊ ဘယ်လိုဆိုရမလဲဆိုတာကို သေချာပြောပြပေးရတယ်။ သမီးအတွက် သီချင်းလေးတွေ ပရိသတ်ရှေ့ရောက်တာ ၆ ပုဒ်လောက် ရှိပါပြီ။ အခုရေးပြီးထားတဲ့သီချင်း တစ်ပုဒ်က သမီးနဲ့ ၂ ယောက်ဆိုထားတာ “ဥယျာဉ်မှူး”ဆိုတဲ့ သီချင်းလေးပါ။

ဖခင်တစ်ယောက်က သမီးကို ပြုစုပျိုးထောင်ပြီး ဘဝကိုရုန်းကန်တဲ့ အခါမှာ မားမားမတ်မတ်ရပ်တည်ပေးမယ်၊ စောင့်ရှောက်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရေးထားတဲ့ သီချင်းလေးပါ။ သမီးနဲ့ သားကို ဘုရားတရားနဲ့ ပတ်သက်ပြီး အမြဲဆုံးမသွန်သင်ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဂီတလောကထဲက တစ်ထောင့်တစ်နေရာမှာ ရှိနေမှာဖြစ်သလို သမီးကိုလည်း အဆိုတော်ဖြစ်စေချင်တယ်။


Model- Phoe Kar ၊ Phuu Phuu Thit
Photo & Retouch - Aung Ko Ko(Grill Hill)
Makeup & Hair - Wai Nwe(Lin Lin Artist)