Primary tabs

အလုပ်တစ်ခုကို အောင်မြင်ကောင်းမွန်စွာလုပ်ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ပဲ အလုပ်ကိုလုပ်ပါတယ်...

“အခွင့်အရေးပေါ်လာလို့ မဟုတ်ပါဘူး။ အလုပ်တစ်ခုကို အောင်မြင်ကောင်းမွန်စွာလုပ်ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ပဲ အလုပ်ကိုလုပ်ပါတယ်။ ကျွန်တော်သိထားတဲ့ အောင်မြင်မှုဆိုတာက ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ကပ်ပြီးပါလာတဲ့အရာပဲ ဖြစ်ပါတယ်။ သီးသန့် လုပ်ယူရတာမဟုတ်ပါဘူး။ ကိုယ်လုပ်ကိုင်သမျှကို အကောင်းဆုံးဖြစ်အောင် လုပ်ခြင်းက ကိုယ့်ကို အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်စေပါတယ်။ လမ်းကြောင်းတစ်ခုပေါ်ရောက်သွားချိန်မှာ ကိုယ်နဲ့သင်တော်တဲ့အလုပ်က သူ့အလိုလိုပေါ်လာတတ်ပါတယ်” လို့ ဆိုသူကတော့ Doaru Cosmetics ကို ထုတ်လုပ်ဖြန့်ချိနေတဲ့ Shangrila-Leap Int’l Co.,Ltd. မှ အမှုဆောင်အရာရှိချုပ် ဦးသန့်ဇော်ကိုပါ။ သူပြောပြတဲ့သူ့ဖြတ်သန်းမှုများကတော့...
 
ငယ်ဘဝဖြတ်သန်းမှုများ
ဇာတိကတော့ ရန်ကုန်ပါ။ မွေးချင်း (၅) ယောက်မှာ အကြီးဆုံးပါ။ မိဘတွေက ၀န်ထမ်းတွေပါ။ အဲဒီတော့ `ရုန်းကန်ရတဲ့ သာမန်မိသားစုမှာပဲ ကြီးပြင်းခဲ့ပါတယ်။ ဆယ်တန်းကို ရန်ကုန်မှာပဲ အောင်ပါတယ်။ ဘွဲ့မရခင် စင်ကာပူကို ထွက်သွားပြီး အဲဒီ့မှာပဲ IT နဲ့ ပတ်သက်တဲ့ ဘွဲ့ကို ယူခဲ့ပါတယ်။ နောက်ထပ်ဘွဲ့ကိုလည်း စင်ကာပူကပဲ ယူခဲ့ပါတယ်။
 
ငယ်ငယ်တုန်းက ဖြစ်ချင်တာတော့ အင်ဂျင်နီယာ။ အင်ဂျင်နီယာဘ၀ကိုလည်း အချိန်အကြာ ကြီးဖြတ်သန်းခဲ့တယ်။ Professional ဆိုတာ Specialist ။ Management ကတော့ Generalist ။ အင်ဂျင်နီယာကနေ Management ဘယ်ကိုရောက်လာတယ်ဆိုတော့ Specialist ကနေ Generalist ဖြစ်လာတယ်ပဲ ဆိုကြပါစို့။
 
အလှကုန်နယ်ပဲထဲ ရောက်တဲ့အခါ
၂၀၁၂ မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော်စလုပ်ဖြစ်ခဲ့တဲ့အလုပ်ခွင်က Hotel Industry ပါ။ Doaru Cosmetics ကို စပြီးတာဝန်ယူခဲ့တာ ၂၀၁၅ ဇူလိုင်မှာပါ။ Trading ကိုလုပ်နေရင်းနဲ့ Beauty Industry ထဲကိုရောက်လာခဲ့တယ်။ Shangrila- Leap ရဲ့ ပိုင်ရှင်တွေက ကျွန်တော့် မိတ်ဆွေတွေပါ။ သူတို့က လက်တွဲလုပ်ဖို့ခေါ်တဲ့အတွက် လုပ်ဖြစ်ခဲ့တာပါ။
 
ယောက်ျားလေးတစ်ယောက်က အလှကုန်လုပ်ငန်းကိုလုပ်တဲ့အခါ တော်တော်တော့ ခက်ပါတယ်။ ဒါပေမဲ့လုပ်ငန်းတိုင်းမှာ တူညီတဲ့အချက်က Management ပါ။ ကျွန်တော်ကျွမ်းကျင်တာလည်း Management ပဲဖြစ်တဲ့အတွက် အလှကုန်လုပ်ငန်းရယ်လို့ စိတ်ထဲမထားဘဲ လုပ်ငန်းတစ်ခုကို Management လုပ်တဲ့ပုံစံနဲ့ သွားပါတယ်။ အလှကုန် လုပ်ငန်းဖြစ်တဲ့အတွက် ၀န်ထမ်းက အမျိုးသားထက် အမျိုးသမီးပိုများပါတယ်။ အမျိုးသမီးများစွာရှိတဲ့ လုပ်ငန်းတစ်ခုမှာ အမျိုးသားတစ်ယောက်အနေနဲ့ စီမံခန့်ခွဲရတာကိုက အခက်အခဲတစ်ခုပါ။
 
မှတ်မှတ်ရရ အတွေ့အကြုံ
ကျွန်တော်က အမျိုးသားဆိုတော့ ကျွန်တော်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကောင်းလား မကောင်းလားကို ကိုယ်တိုင်စမ်းသပ်ကြည့်လို့မရဘူး။ တခြားသူတစ်ယောက်မှာ လိမ်းကြည့်စမ်းကြည့်ရတယ်။ ဒါကကိုယ့်ထုတ်ကုန်နဲ့ ပတ်သက်တဲ့ အမှတ်တရ အရှိဆုံးအခက်အခဲပါ။
 
Doaru's Products 
ကျွန်တော် Doaru ကို စပြီးတာဝန်ယူတဲ့ အချိန်မှာ ထုတ်နေတဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်း (၁၂၄) မျိုး ရှိပါတယ်။ ထုတ်ထားတဲ့ အမျိုးအစားတွေက ရှုပ်ယှက်ခတ်နေတယ်။ အဲဒီတော့ကျွန်တော်တာဝန်စယူတဲ့အချိန်မှာ Deep Down Method ကိုသုံးပြီး အောက်ထိပြန်ဆင်းရတယ်။ ပြီးတော့မှ အပေါ်ကို ပြန်တက်ရတယ်။ ရှိသမျှ ပစ္စည်းတွေ အကုန်ကို ဖျက်ပစ်ရတယ်။ ပြီးတော့မှ အစအဆုံး ကိုယ့်ထုတ်ကုန်တွေကို အုပ်စုပြန်ခွဲရတယ်။ ခုချိန်မှာ Doaru ကနေ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို အဓိကအားဖြင့် အုပ်စု(၃) ခုခွဲနိုင်ပါတယ်။ ပထမ အုပ်စုက Colour Cosmetics ပါ။ ဒုတိယအုပ်စုကတော့ Skin Care ဖြစ်ပြီး တတိယအုပ်စုကတော့ Hair Care ပါ။ အခုလောလောဆယ် ဈေးကွက်ထဲမှာ Doaru ပစ္စည်းအမျိုးအစားပေါင်း (၁၄၆) မျိုးရှိပါတယ်။
 
Doaru ကို ဘယ်လိုထုတ်လုပ်ထားလဲ
Doaru ရဲ့ Origin က ဂျပန်မှာစခဲ့တယ်။ ကျွန်တော်တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Cosmecreate က ဂျပန်နိုင်ငံ အိုဆာကာမှာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်ကစပြီး Doaru ဖန်ပုလင်းလေးတွေကို မြန်မာနိုင်ငံကို တင်သွင်းခဲ့တယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ BOD မှာပါတဲ့ အန်ကယ်လ်တွေက အဲဒီ့ ဖန်ပုလင်းလေးတွေကို စိန့်ဂျွန်းဈေးမှာ လက္ကား စဖြန့်ခဲ့တယ်။ အဲလိုနဲ့ ပစ္စည်းက ကောင်းတော့ ငါတို့နိုင်ငံလုပ်ပါရစေလို့ ဂျပန်ကိုသွားပြောတယ်။ ဒါဆို ကုမ္ပဏီထောင်ရမယ်ဆိုလို့ ကုမ္ပဏီကိုစထောင်ခဲ့တယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့ ကုမ္ပဏီက တည်ထောင်တာ (၂၅) နှစ်ပြည့်ပါပြီ။ ကုမ္ပဏီထောင်ပြီး ပစ္စည်းတင်သွင်းရင်းနဲ့ ပစ္စည်းကို ဒီမှာပဲ ထုတ်ကြည့်ပါလားလို့ အကြံပေးလာကြတယ်။ အဲဒီလိုနဲ့ Doaru ထုတ်ဖို့ စက်ရုံဆောက်ပြီး လည်ပတ်လိုက်တာ ဒီနှစ်ထဲမှာ (၁၇) နှစ်ပြည့်ပါပြီ။ Doaru ထုတ်တဲ့ နည်းပညာက ဂျပန်ကပါ။ ကုန်ကြမ်းကတော့ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းက ယူပါတယ်။ တချို့ရေမွှေးတွေရဲ့ ကုန်ကြမ်းက ဥရောပကပါ။ ဒီမှာ Mixing နဲ့ Bottling လုပ်ပြီး ဈေးကွက်ကို ဖြန့်တာပါ။
 
အခက်ခဲဆုံးနေ့ရက်များ
လုပ်ငန်းတိုင်းက ခက်ခဲပါတယ်။ အမှုဆောင်အရာရှိချုပ်တစ်ယောက်ရဲ့ တာဝန်က ဘာနဲ့ တူသလဲဆိုတော့ သင်္ဘောကြီးတစ်ခုလုံးရဲ့ captain လိုပဲ။ ကိုယ်မောင်းနှင်နေတဲ့သင်္ဘော မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် သွားနိုင်ဖို့က သူ့မှာ တာဝန်အရှိဆုံးပါ။ အမှုဆောင်အရာရှိချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုတိုင်းတာမလဲ။ ဒီနှစ်မှာ ဘာကိုတော့ လုပ်မယ်လို့ ကတိပေးထားပြီး အဲဒီကတိကို ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်လဲဆိုတာနဲ့ တိုင်းတာနိုင်ပါတယ်။ အဲဒီ့မှာ CEO တစ်ယောက်အနေနဲ့ ဘာအခက်အခဲရှိလဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတော်တော်များများက Family Business ဆို ပြီးလုပ်ကြတာတွေရှိတယ်။ မိသားစုဝင်တွေက ဦးဆောင်လုပ်ကိုင်ကြတယ်ပေါ့။ လုပ်ငန်းသေးစဉ်မှာ စီမံမှုဟာ ပြဿနာမဟုတ်ပေမဲ့ လုပ်ငန်းကြီးလာတာနဲ့အမျှ ပြဿနာများလာပါတယ်။ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုကအစပေါ့။ အဲလို Family Business ပုံစံကနေ လူအများပါဝင်တဲ့ ကုမ္ပဏီလိုပုံစံအဖြစ်ပြောင်းလဲအခါ အခက်အခဲဖြစ်ပါတယ်။ ဒါက CEO တစ်ယောက်အတွက် အကြီးမားဆုံး အခက်အခဲပါ။ ကျန်တာက Operation Level ဖြစ်တာကြောင့် သာမန်လို့ပဲဆိုနိုင်ပါတယ်။ သူများတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ခပ်ဆင်ဆင် တွေပဲဖြစ်ပါလိမ့်မယ်။
စီမံခန့်ခွဲမှုပုံစံ
ကျွန်တော်တို့ Shangrila- Leap Int’l Co., Ltd. အောက်မှာ ၀န်ထမ်းပေါင်း (၂၈၅) ယောက် ရှိပါတယ်။ စက်ရုံဝန်ထမ်း (၇၀) နီးပါးရှိပြီး ကျန်တာကတော့ Sales & Marketing နဲ့ ရုံးပိုင်းဆိုင်ရာ ၀န်ထမ်းတွေပါ။
 
ကျွန်တော်သုံးတဲ့ အဓိကနည်းလမ်းကတော့ working together ဆိုတဲ့ နည်းလမ်းပါ။ Family Business မှာ Family ရဲ့ သြဇာအာဏာအရှိဆုံး တစ်ယောက်က အရာအားလုံးကို ဆုံးဖြတ်လေ့ရှိကြတယ်။ အများပိုင်တဲ့ ကုမ္ပဏီမှာတော့ ဒီလို သွားလို့မရဘူး။ လူတိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိရတယ်။ လုပ်ပိုင်ခွင့်လည်း ရှိရတယ်လို့ခံယူထားပါတယ်။ ဥပမာပြောရရင် ကျွန်တော် Limited Authority ကို သက်ဆိုင်ရာတာဝန်ရှိလူတွေကို ပေးထားပါတယ်။ သက်ဆိုင်ရာသူတွေက သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို အတိုင်းအတာ တစ်ခုအထိဆုံးဖြတ်ပေးလို့ရတယ်။ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို လုပ်တတ်အောင်သင်ပေးပါတယ်။ ဘာရာထူးမှာ ဘာလုပ်ရမယ်၊ ဘာတာဝန်တွေတော့ယူထားရမယ်။ ဘယ်အထိလုပ်လို့ရတယ်ဆိုတာတွေ သတ်မှတ်ထားပါတယ်။ ပထမကတော့ ဝန်ထမ်းတွေပါပဲ ကျွန်တော်က သူတို့ကို ဂရုစိုက်ရင် သူတို့က သူတို့ရဲ့ customer တွေကို take care လုပ်ပါလိမ့်မယ်။
 
ကျွန်တော့်ဆီမှာရှိတဲ့ Beauty Advisor တွေကို ကျွန်တော်အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော့်တို့ရဲ့ ပစ္စည်းကို ရောင်းခိုင်းတာ မဟုတ်ပါဘူး။ Advice ပဲ လုပ်ခိုင်းတာပါ။ ၀ယ်သူတစ်ယောက်ရောက်လာတယ်ဆိုပါစို့။ သူ့အသားအရေကို ကြည့်
ပြီး ဘာနဲ့တော့ သင့်တော်ပါတယ်ဆိုတဲ့ Advice ကိုသာပေးပါ။ ဒါကို ၀ယ်ပါလို့ အတင်းကာရော ထိုးထည့်တာမျိုးမလုပ်ပါနဲ့လို့ ပြောပြလေ့ရှိပါတယ်။
 
ဘာတွေဆက်လုပ်ဖို့ ရှိသလဲ
အရင်တုန်းက Doaru ကနေ Colour Cosmetics တစ်မျိုးပဲ ထုတ်ပါတယ်။ ကျွန်တော် တာဝန်ယူပြီး နောက်ပိုင်းမှာ ခုန ကပြောသလို အုပ်စု (၃) ခုခွဲပြီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Shangrila- Leap အောက်ကနေ Doaru အပြင် အခြားတံဆိပ် တွေထုတ်လုပ်သွားဖို့ရှိပါတယ်။ အခြားနိုင်ငံတွေကို ရောင်းချဖို့လည်းပြင်ဆင်နေပါတယ်။
 
အခြားတာဝန်များ
Doaru ရဲ့ အမှုဆောင်အရာရှိချုပ်အပြင် Myanmar Cosmetics Association မှာ တွဲဖက်အတွင်းရေးမှူးအနေတဲ့ တာဝန်ယူထားပါတယ်။ ကျွန်တော်တို့အသင်းက Beauty Industry မှာ အလုပ်လုပ်နေတဲ့သူတွေ ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုပါ။ 
အသင်းကနေ Beauty Industry တိုးတက်အောင်၊ နောက်ပြီး Made In Myanmar အလှကုန်ပစ္စည်းတွေကို ယုံယုံကြည်ကြည်နဲ့ နှစ်သက်စွာသုံးနိုင် အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ Beauty Industry က တကယ့်ကို သက်တမ်းနုသေးပါတယ်။ ဒါပေမဲ့ သူ့တိုးတက်မှုကတော့ double digit ရှိနေပါတယ်။ တိုးတက်လာတာနဲ့အမျှ နိုင်ငံတကာက အလှကုန်တံဆိပ်တော် တော်များများက မြန်မာနိုင်ငံကို ၀င်လာနေပါ တယ်။ အဲဒီ့အတွက်ကြောင့် ပြိုင်ဆိုင်မှုက အရင်ကထက် ပြင်းထန်လာပါတယ်။ ၀ယ်လိုအားကလည်း မြင့်တက်နေပါတယ်။ ကိုယ်က ပြည်တွင်းတံဆိပ်ဖြစ်နေတော့ ဒါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာက အရေးကြီးလာပါတယ်။ ကောင်းမွန်တဲ့ ပြိုင်ဘက်ရလာရင် ကိုယ့်ဘ၀ တိုးတက်လာသလို ပါပဲ။ ဒီနယ်ပယ်မှာလည်း ဒီသဘောကို ယူလို့ ရပါတယ်။
 
Doaru သွားနေတဲ့လမ်း
အခုလို ပြိုင်ဆိုင်မှုမြင့်မားနေတဲ့အချိန်မှာ Doaru သွားနေတဲ့လမ်းကတော့ ကိုယ့်ရပ်တည်ချက်တစ်ခုကို ဆုပ်ကိုင်ထားပါတယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ချမှတ်ထားတဲ့ လမ်းစဉ်ရှိပါတယ်။ သူများနဲ့မတူတဲ့ unique product ကိုထုတ်တယ်။ 
ဈေးနှုန်းလည်းသက်သာပြီး အရည်အသွေးလည်းကောင်းတဲ့ ပစ္စည်းတွေကို စားသုံးသူလက်ထဲ ရောက်အောင်ပို့ပါတယ်။ အဲဒီ့လမ်းစဉ်ကို ယုံကြည်စွာနဲ့စွဲကိုင်ပြီးတော့ အခြေအနေကို ကောင်း မွန်စွာရင်ဆိုင်နေပါတယ်။
 
အခုလက်ရှိအချိန်မှာ
ရောက်နေတဲ့နေရာ၊ လုပ်နေတဲ့အလုပ်အပေါ်မှာ ကျေနပ်ပါတယ်။ နှစ်သက်တယ်။ ဒါကိုလည်း မြတ်နိုးပါတယ်။ အဲဒီ့အတွက်ကြောင့် ငါမဖြစ်ရလေခြင်း ငါမရရလေခြင်းလို့ မတွေးဘဲ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေပါတယ်။
Professional တစ်ယောက်အဖြစ် ရပ် တည်မယ်ဆိုရင်တော့ Specialist ဖြစ်ကိုဖြစ်ရမယ်။ Business Owner အဖြစ်ရပ်တည်မယ် ဆိုရင်တော့ Generalist ဖြစ်ကိုဖြစ်ရမယ်။ Business Owner တစ်ယောက်ဟာ Specialist ဖြစ်နေသ၍ သူ့အ
တွက်အဆင်ပြေမှာမဟုတ်သလို သူနဲ့လက်တွဲလုပ်ရမယ့်သူတွေလည်း အဆင်ပြေမှာမဟုတ်ဘူး။ Specialist က သူပိုင်တဲ့နယ်ပယ်ဆို သူသိသလောက်သူများသိမယ်လို့ မယူဆတဲ့အတွက် သူသာလျှင်သိတယ်ဆိုပြီး ကျန်တဲ့သူတွေနဲ့ ညှိမှာ
မဟုတ်ဘူး။ Generalist ကတော့ သူနဲ့ လူအများအတူတကွ အလုပ်လုပ်နိုင်ဖို့ ဦးစားပေးစဉ်းစားတယ်။
 
Adaptation
ကျွန်တော့်ဝါသနာက စာဖတ်ခြင်း။ Specialist ဖြစ်တုန်းကတော့ ဘာသာရပ်စာအုပ်တွေကို ဖတ်တာများတယ်။ Generalist ဖြစ်တဲ့အချိန်မှာတော့ စာမျိုးစုံကို မျှပြီးဖတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို adaptation လုပ်နေတဲ့အချိန်မှာ ဘာမှမသိ
ဘူးလို့ စိတ်ထားလိုက်တယ်။ အဲဒီ့အချိန်မှာ အရာအားလုံးတော်တော် အဆင်ပြေသွားတယ်။ နောက်ပြီး ဒါကိုဖြစ်ရမှ လုပ်ရမှဆိုတာထက် ပုံမှန်လေးအတိုင်းပဲ ဖြတ်သန်းလိုက်တဲ့အခါ အေးအေးချမ်းချမ်းလည်းအိပ်ရတယ်။ အေးအေးချမ်းချမ်းလည်း နေရတယ်။ အလုပ်လည်းအောင်မြင်လာတယ်။
 
အရာရာတိုင်းကို ကိုယ်ကိုယ်တိုင်လုပ်ချင်တာတွေ၊ ကိုယ်လုပ်မှဖြစ်မယ်ဆိုတာတွေဟာ အလုပ်လုပ်ခြင်းကိုကြိုက်နှစ်သက်ခြင်း မဟုတ်ပါဘူး။  မိမိရဲ့ "အတ္တ" သက်သက်သာဖြစ်ပါတယ်။ သူများတွေနဲ့ အတူတကွ အလုပ်လုပ်နိုင်ခြင်း၊ တခြားသူ
တွေကိုလည်း အလည့်ပေးနားထောင်ပေးခြင်း စ တာတွေဟာ "ပရ" ပါ။ အတ္တ နဲ့ ပရ ကို မျှတစွာ စဉ်းစားဆင်ခြင်ဥာဏ် သက်သက်အပေါ်မှာ အားမပြုဘဲ ခံစားနားလည်တက်တဲ့ နှလုံးသားကိုပါ အကျိုးရှိရှိ အသုံးချပါမှ ပြည့်စုံအောင်မြင်တဲ့ စီမံခန့် ခွဲမှုတစ်ရပ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်...။
 
အကြံပြုချက်
အလုပ်ကိုမရှာပါနဲ့။ အလုပ်က ရှာတာကိုပဲ လက်ခံပါ။ ငါကတော့ဘာကိုကျွမ်းကျင်တယ်၊ ဘာကိုပဲလုပ်ချင်တယ်ဆိုပြီး အလုပ်ကိုလိုက်ရှာနေသေးသ၍ အမြဲတမ်းမောနေပါလိမ့်မယ်။ အလုပ်က ကိုယ့်ကို necessary ဖြစ်လို့ကိုယ့်ကို လိုက်ရှာတဲ့အခါ မမောတော့ပါဘူး။ အဲ့လိုလိုက်ရှာဖို့ အရည်အချင်းပြည့်အောင် ကိုယ့်ကိုယ်ကိုဖြည့်ပါ။ စာဖတ်ပါ။ ကြိုးစားပါ။ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင်နေပါ။ အောင်မြင်တဲ့သူတော်တော်များများရဲ့ (၆၀)ရာခိုင်နှုန်းကျော်ကျော်က ဆက်ဆံရေးကောင်းကြတယ်။ ကိုယ်ရွေးချယ်တဲ့လမ်းတော့ မမှားပါစေနဲ့။ သူများကြောင့်လည်းမမှားပါစေနဲ့။ ကိုယ်ကိုယ့်ကိုလည်း ယုံကြည်မှုမလွဲပါစေနဲ့။
 
အောင်မြင်မှုသော့ချက်
ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား “ပယင်းရောင်” ထဲမှာပါတဲ့စကားလိုပါပဲ "တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်" တဲ့။ လူတွေမှာ ဧကန် နဲ့ မုချ တကယ်ဖြစ်ရမယ်ဆိုတဲ့ စိတ်မရှိကြတဲ့အတွက် ဖြစ်မလာကြပါဘူး။ ဖြစ်ရမယ်ဆိုတဲ့စိတ် တကယ်ရှိတဲ့သူ မှန်သမျှကတော့ တကယ်ဖြစ်ပါတယ်။