Primary tabs

November Feeling

လှပသော လကလေး နိုဝင်ဘာမှာ အနုပညာတချို့ရဲ့ November Feeling လေးတွေကို မေးကြည့်ဖြစ်ခဲ့ပါတယ်။

ယုသန္တာတင်
ယုသန္တာတင်အတွက် နိုဝင်ဘာလဆိုတာ...
ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ကနေ သီတင်းကျွတ်နောက်ပိုင်းကာလတွေက ပွဲဈေးတွေရှိတယ်၊ ပျော်စရာပွဲလမ်းတွေရှိတယ်။ စတိတ်ရှိုးတွေရှိတယ်။ ငယ်ငယ်က ဒါတွေသွားဖြစ်တယ်ပေါ့။ အခုကျတော့ လုပ်ငန်းခွင်ထဲရောက်တော့ နိုဝင်ဘာတွေ၊ ဒီဇင်ဘာတွေရယ်လို့မရှိတော့ပါဘူး။ အလုပ်လုပ်တယ်။

နိုဝင်ဘာဆို သတိရမိတာ...
နိုဝင်ဘာက ညီမတို့ အနုပညာပျိုးခင်းက ၁၁ရက် ၁၁လ ၂ဝ၁၁ခုနှစ်မှာ သရုပ်ဆောင်အဖြစ် စင်တင်ခဲ့တာဆိုတော့ ရှင်းရှင်းပြောရရင် အရင်ကကြော်ငြာ၊ မော်ဒယ်လ်ဘဝကနေ သရုပ်ဆောင်  တစ်ယောက်ဖြစ်အောင် ဘဝတစ်ဆစ်ချိုးပြောင်းပေးခဲ့တဲ့ လပါပဲ ။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
အဓိကတော့ နိုဝင်ဘာက ဆောင်းဦးရာသီဖြစ်တော့ ခရီးသွားတာဖြစ်ဖြစ်၊ ရိုက်ကူးရေးဖြစ်ဖြစ် အရမ်းမပူဘဲ နည်းနည်းအေးအေးလူလူရှိတယ် ထင်တယ်။ အလုပ်လုပ်လို့ ပိုကောင်းတယ်လို့ ထင်တယ်။ အခုကတော့ ဇာတ်ကောင်ဆိုတာထက်ရာသီဥတုနဲ့လိုက်တာကို ရွေးပြီးဝတ်နေရတယ်။
မလိုက်တာကို ဝတ်မိရင် ပူပြီး ကိုယ်ပိုပင်ပန်းတယ်။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းမလဲ...
တန်ဆောင်တိုင်ကတော့ ဇာတ်ကားရိုက်ရင်းနဲ့ကိုပဲ ခရီးတွေသွားဖြစ်မှာပါ။ တောင်ကြီး၊ အင်းလေးဘက်ရောက်ဖြစ်မယ်လို့တော့ ထင်တယ်။ အတိအကျတော့ ပြောမရဘူး။ တစ်ခါတလေ ရိုက်ကွင်းတွေက အနားနီးမှ ကပ်ရွှေ့တာမျိုးတွေရှိတော့လေ။ ကိုယ်ပိုင်ခရီးထွက်တာဆိုလည်း အေးတဲ့နေရာလေးတွေပဲ သွားချင်တယ်။

ပရိသတ်အတွက် ဆုတောင်းလေး…
ယု ပရိသတ်တွေ အားလုံး ဝါလကင်းလွတ်၊ သီတင်းကျွတ်ကနေစပြီး လုပ်သမျှတွေ အရာရာအဆင်ပြေပြီး စီးပွားလာဘ်လာဘတွေ တိုးတက်ပါစေရှင်။

အွန်ဆိုင်း
အွန်ဆိုင်းအတွက် နိုဝင်ဘာလဆိုတာ…
နိုဝင်ဘာလဆိုတာ နယ်မှာဆိုကောက်သစ်စားပွဲတော်ပေါ့။ အားလုံးပျော်ရွှင်တဲ့ ရာသီစပြီ ပေါ့။ ဒီလမှာ အွန်ဆိုင်းအတွက်ကျတော့  ဘဝမှာ ကြီးကြီးမားမားပြောင်းလဲခဲ့တာ မရှိဘူးထင်တယ်။ မမှတ်မိဘူး။

နိုဝင်ဘာလဆို သတိရမိတာ…
အွန်ဆိုင်းအတွက် နိုဝင်ဘာအမှတ်တရဆိုတာ နယ်မှာကောက်သစ်စားပွဲတော် လုပ်ရတာ တကယ်ကို ပျော်ရွှင်စရာအမှတ်တရအများကြီးရှိခဲ့ပါတယ်။ ငယ်ဘဝမှာဆိုရင် ဒီကောက်သစ်စားပွဲတော်ပဲပေါ့။ ဒီပွဲတော်က ဟိုဘက်အိမ်မှာလည်း ဆုတောင်းပွဲရှိတယ်။ ဒီဘက်အိမ်မှာလည်းရှိ။ ပျော်ဖို့ကောင်းတယ်။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
အွန်ဆိုင်းတို့က နယ်မှာနေခဲ့တော့ ဆောင်းရာသီရဲ့ အရသာကို အပြည့်အဝ ခံစားဖူးတယ်။ နယ်မှာဆို မနက်ခင်းပိုင်း မြူတွေကျတယ်။ ပြီးတော့ ကောက်ရိတ်တဲ့ရာသီ ဖြစ်နေပြီဆိုတော့ အားလုံးက စိတ်ကအလိုလိုပျော်နေကြပြီ။ ရန်ကုန်မှာတော့ ဆောင်းတွင်းအရသာကို သိပ်မခံစားရဘူးပေါ့။ ဒါပေမယ့် ဒီမှာက သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတွေနဲ့ ပိုပျော်ဖို့ကောင်းသွားတာပေါ့။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းဖြစ်မလဲ...
ဒီနှစ်တန်ဆောင်တိုင် Plan ဆိုရင် အွန်ဆိုင်း တစ်ခါမှ တောင်ကြီးတန်ဆောင်တိုင် မရောက်ဖူးလို့ သွားချင်တာ။ ဒါပေမယ့် ဒီနှစ်လည်း မသေချာသေးပါဘူး။ တစ်နှစ်နှစ်တော့ ရောက်အောင်သွားမယ်။

ပရိသတ်တွေအတွက် ဆုတောင်းလေး…
ဆောင်းဝင်လာပြီဆို မြန်မာနိုင်ငံ အနှံ့အပြားမှာ အေးတဲ့နေရာတွေအများကြီးရှိတယ်။ ကျန်းမာရေးဂရုစိုက်စေချင်တယ်။ နယ်မှာဆိုလည်း အရမ်းအေးတော့ ကလေး၊ လူကြီး အားလုံးဂရုစိုက်ကြပါ။

သဉ္ဇာနွယ်ဝင်း
သဉ္ဇာနွယ်ဝင်းအတွက် နိုဝင်ဘာဆိုတာ…
အရင်ကဆို ကိုယ့်မွေးနေ့လကလွဲပြီး ကျန်တဲ့လက ဒီအတိုင်းပဲဖြတ်သန်းခဲ့တယ်။ ဒီနှစ်က နိုဝင်ဘာမှာ ကိုယ့်ရင်သွေးလေးကို မွေးမယ်ဆိုတော့ နိုဝင်ဘာက ထူးခြားတာပေါ့နော်။ နောက်ဆို သဉ္ဇာ့အတွက် အမှတ်တရတစ်ခုဖြစ်လာမှာပေါ့။

နိုဝင်ဘာဆို သတိရမိတာ…
တန်ဆောင်တိုင်ဆို အရင်က အိမ်မှာ ဖယောင်းတိုင်လေးတွေထွန်း၊ မီးပုံးလေးတွေထဲကို ဖယောင်းတိုင်လေးတွေထည့်ပြီး လှည့်တာလေးတွေ ဆော့ခဲ့တယ်။ အခုကျတော့ လူကြီးလည်းဖြစ်၊ ကလေးလည်းရှိလာမယ်ဆိုတော့ ဘာမှမလုပ်ဖြစ်လောက်တော့ဘူး။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
သဉ္ဇာက ဆောင်းတွင်းကို သဘောကျတယ်။ ဆောင်းတွင်းက ရန်ကုန်မှာနေလို့ကောင်းတယ် လေ။ ပြီးတော့ မပူတဲ့အတွက် အလုပ်လုပ်ရရင်
လည်း မပင်ပန်းဘူးပေါ့။ ဒီလမှာ မွေးရမယ်ဆိုတော့ ကျန်တဲ့လတွေထက်စာရင် ပူပူကြီးမဟုတ်ဘဲ သက်
သာမယ်ထင်တယ်။ ပြီးတော့ ကိုယ့်ကလေးလေးကို မြင်ရတဲ့အခါမှာလည်း အနွေးထည်လေးတွေနဲ့ အဲ့လိုလေးဆို ပိုချစ်ဖို့ကောင်းမယ်လို့ ထင်တယ်။ ပျော်တယ်။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းမလဲ…
အိမ်မှာပဲပေါ့။ အိမ်မှာပဲ ကလေးထိန်းရမှာပေါ့ နောက်နှစ်တွေရောပဲ (ရယ်လျက်)။

ပရိသတ်တွေအတွက် ဆုတောင်းလေး…
အမြဲတမ်းပျော်ရွှင်ကြပါစေ။ စီးပွားလာဘ်လာဘတွေလည်း တိုးတက်ကြပါစေလို့ သဉ္ဇာက ဆုတောင်းပေးပါတယ်။

မေဂရေ့စ်
မေဂရေ့စ်အတွက် နိုဝင်ဘာဆိုတာ…
မေက ဇန်နဝါရီမှာ New Year Resolution တွေ အမြဲလုပ်တယ်။ ဒီတော့ နိုဝင်ဘာဆို နည်းနည်းရင်တွေခုန်ပြီ၊ စိုးရိမ်လာပြီ၊ ဟယ် ငါဒီနှစ်လုပ်ချင်တာတွေ လုပ်ခဲ့ရရဲ့လားဆိုပြီး အမြဲတွေးဖြစ်တဲ့ လပါ။

နိုဝင်ဘာဆို သတိရမိတာ…
ဘဝအတွက် ထူးထူးခြားခြား Changes ဖြစ်ခဲ့တာမျိုး မရှိဘူး။ ဒါပေမယ့် နိုဝင်ဘာက All Good Memories ပါ။ နိုဝင်ဘာအကြောင်း စဉ်း  စားရင်ပျော်တယ်။ နိုဝင်ဘာမှာ စိတ်ညစ်စရာမရှိဘူး။ မေက ခရီးတွေလည်းထွက်တယ်။ ကျောင်းတက်တုန်းကဆို ဒီအချိန်က ကျောင်းပိတ်တော့ မိသားစုနဲ့ခရီးထွက်တယ်။ ပြီးရင် မေ့သူငယ်ချင်းနဲ့ ဒီဇင်ဘာတိုင်း ငွေဆောင်သွားတယ်။ ဒီတော့ Body ပိုင်းနဲ့ပက်သက်ရင်လည်း နိုဝင်ဘာမှာလုပ်ဖြစ်တယ်။ ဒီတော့ နိုဝင်ဘာက အားကစားလုပ်တဲ့ အချိန်ပဲ (ရယ်လျက်)။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
နိုဝင်ဘာဆို ဆောင်းရာသီဖြစ်လာပြီဆိုတော့ နည်းနည်းအေးတယ်။ မေ့အတွက် အရမ်း Cosy ဖြစ်တဲ့အချိန်။ အနွေးထည်ဝတ်ပြီး ဆိုဖာပေါ်ထိုင် ကော်ဖီလေးသောက်၊ ဒီလိုလေးနေချင်တဲ့ အချိန်ပါ။ မေကဆောင်းရာသီကို ကြိုက်တယ်။ ရာသီဥတုပိုအေးရင် ပိုကြိုက်တယ်။ အင်္ကျီဝတ်ရတာလည်း မေ့အတွက် အဆင်ပြေလို့ Winter ကို ကြိုက်တယ်။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းမလဲ…
မေ မြန်မာနိုင်ငံမှာ တန်ဆောင်တိုင်မရှိဖူးဘူး။ ဒီနှစ်တော့ မေ ဒီမှာရှိမှာ။ မိသားစုနဲ့ နေဖြစ်မယ်။ ဟိုးငယ်ငယ်ကတော့ ရှိမယ်ထင်တယ်။ မေ မမှတ်မိဘူး။ မိသားစုနဲ့ အမှတ်တရတွေ ဖန်တီးချင်တယ်။ မေ တောင်ကြီးမှာ မီးပုံပျံတွေလွှတ်တာ မရောက်ဖူးဘူး။ မေ အရမ်းသွားချင်တယ်။ ဒီနှစ် သွားဖြစ်ရင်ကောင်းမှာပဲ။ မေ အရမ်းသွားချင်လိုက်တာ။

ပရိသတ်အတွက် ဆုတောင်းလေး…
မေ ချစ်ရသူတွေ၊ မေ့ကို ချစ်ကြသူတွေ၊ အားလုံး အားလုံး ရာသီဥတု အေးအေးလေးနဲ့အတူ အားလုံးအေးချမ်းနိုင်ပါစေ။ ပျော်ပွဲရွှင်ပွဲတွေမှာလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေ။

ဟန်သီ
ဟန်သီအတွက် နိုဝင်ဘာလဆိုတာ….
နိုဝင်ဘာလ ဟန်သီ့အတွက် ထူးခြားတဲ့ ရက်တွေရှိမနေပေမယ့် ဒီဇင်ဘာမရောက်ခင် အကြိုလဖြစ်လို့ ဟန်သီတစ်နှစ်ပတ်လုံး လုပ်လာ သမျှ အနုပညာအလုပ်တွေ၊ ဖြတ်သန်းခဲ့သမျှတွေကို ပြန်ပြီးသုံးသပ်တဲ့လလို့ ခံယူထားပါတယ်။ အဲဒီလမှာဆို ကိုယ်လုပ်ခဲ့သမျှတွေကို ပြန်တွက်ချက်တယ်။ ကိုယ်ဘယ်နားလိုနေလဲ ဘာပြုပြင်ရမလဲဆိုတာကို ဒီလမှာ အများဆုံးလုပ်ဖြစ်တယ်။ တစ်နှစ်လုံးစာတွေ လုပ်လာပြီးရင်လည်း အနားပေးတဲ့လလို့ ပြောလို့ရတယ်။ ခရီးတွေလည်းသွားဖြစ်တယ်။

နိုဝင်ဘာဆို သတိရမိတာ…
နိုဝင်ဘာနဲ့အမှတ်တရဆို နှစ်တိုင်းနိုဝင်ဘာဆို ခရီးသွားဖြစ်တယ်။ ထူးထူးခြားခြားပေါ့။ အပန်းဖြေခရီးသွားတယ်။ ပြီးတော့ အကြောင်းတစ်ခု   မဟုတ် တစ်ခုနဲ့ မိသားစုနဲ့ခရီးသွားဖြစ်တယ်။ တန်ဆောင်တိုင်ကျောင်းပိတ်ရက်တွေ ရှိတာကိုး။ တစ်ခါတလေ ရှမ်းပြည်ပြန်တဲ့ နှစ်တွေရှိတယ်။ အဲဒီနှစ်မျိုးဆို ရှမ်းပြည်မှာ မီးပုံပျံလွှတ်တယ်။ မီးပုံးပျံမှာ စာတွေရေးပြီး လွှတ်တယ်။ မီးပုံးပျံသေးသေးလေးတွေလေ။ မိသားစုနဲ့အတူ လွှတ်တယ်။ ဘုရားလည်းသွားကြတယ်။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
နိုဝင်ဘာဆိုတာ ဆောင်းဦးရာသီလေးဆိုတော့ အေးစိမ့်စိမ့်လေးနဲ့ ဟန်သီအရမ်းကြိုက်တယ်။ ပြီးတော့ ဟန်သီက ဆွယ်တာဝတ်ရတာ အရမ်းကြိုက်တယ်။ အင်္ကျီအထပ်ကလေးတွေ ဝတ်ရတာကြိုက်တော့ ကျောင်းသွားရင်လည်း အဲဒီ လိုလေးပေါ့။ အဲဒီလိုအေးအေးလေးက စိတ်ကို လန်းစေပြီး ကြည်နူးစေတယ်လို့ ထင်တယ်။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းမလဲ….
ဟန်သီ တောင်ကြီးတန်ဆောင်တိုင်ကို အရမ်းသွားချင်တယ်။ အမြဲတစ်ခုမဟုတ်တစ်ခုနဲ့ကို မရောက်ဖြစ်ဘူး။ အလုပ်ကိစ္စပေါ်လာတာတွေ၊ အကြောင်းတစ်ခုခုပေါ်လာတွေ အမြဲရှိတယ်။ ဒါကြောင့် တီဗီကနေပဲ အားပေးရတယ်။ တစ်ချိန်တော့ ဟန်သီအရောက်သွားမယ်။ ဒီနှစ်လည်း အဘွားနဲ့အတူ ခရီးသွားဖို့ အစီအစဉ်ရှိတယ်။

ပရိသတ်တွေအတွက် ဆုတောင်းလေး…
ဒီအချိန်လေးဟာ အလင်းရောင်တွေ ထွန်းလင်းပြီး ပျော်ရွှင်ရတဲ့ လ လေးပါ။ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးတွေအနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ ကလုပ်တဲ့ ပွဲလမ်းလေးတွေကို မေ့မထားဘဲ ပါဝင်ဆင်နွှဲပါ။ ကုသိုလ်တွေလည်း ပိုပြီးလုပ်ကြပါ။ အားလုံး ကြည်ကြည်နူးနူး အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်ကြပါစေ။

ဇွဲပြည့်
ဇွဲပြည့်အတွက် နိုဝင်ဘာဆိုတာ…
နိုဝင်ဘာက အေးချမ်းမှုတွေရှိသွားတဲ့ စပ်ကူးမတ်ကူးလပေါ့။ အေးချမ်းမှုတွေ စပြီးသယ်ဆောင်လာတဲ့ လပေါ့။ နိုဝင်ဘာက မွေးနေ့ရှိတဲ့ လဖြစ်တဲ့အတွက် များသောအားဖြင့် ကံကောင်းခြင်းတွေ လာလေ့ရှိတယ်။

နိုဝင်ဘာဆို သတိရမိတာ…
ကျွန်တော့်ဘဝ အကြီးမားဆုံးပြောင်းလဲတဲ့ လလို့ပြောရင်လည်း ရတယ်။ ရန်ကုန်ကို အဆိုတော်လုပ်ဖို့ တက်လာတဲ့လက နိုဝင်ဘာလ ပထမပတ်ပေါ့နော်။ ဒါက ဘဝမှာ အကြီးမားဆုံးပြောင်းလဲခဲ့တာဆိုတော့လေ။ တန်ဆောင်တိုင်မှာဆို ငယ်ငယ်က ရပ်ကွက်ထဲမှာ ဘုံကထိန်လုပ်တာတွေရှိတယ်။ မြန်မာလူမျိုးတွေက အလှူအတန်းရက်
ရောတယ်လေ။ ဒီတော့ နယ်တွေမှာဆို ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းက လုပ်တော့ ရက်မထပ်ဘူး။ ဒီတော့ ကျွန်တော်က နယ်မှာနေတုန်းက အဆိုကလည်း ဝါသနာပါတော့ ရပ်ကွက်တိုင်းမှာ အလှူငွေထည့်ပြီး စတိတ်ပေါ်မှာ သီချင်းဆိုခဲ့တယ်။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
ဆောင်းတွင်းကို ကြိုက်တယ်။ သဘာဝပတ်ဝန်းကျင်အရဆိုလည်း အဲကွန်းမလိုဘူး အေးနေတာပဲ၊ လေလည်းသန့်တယ်လို့ ခံစားရတယ်။ ဖုန်မရှိသလိုပဲ။ လူတိုင်းကြိုက်ကြမယ်လို့ထင်တယ်။ လူကြီးတွေအတွက်တော့ ဂရုစိုက်ရမှာပါ၊ လေဖြတ်က ဒီရာသီမှာအဖြစ်များတော့လေ။ များသောအားဖြင့်ကောင်းတာတွေ များပါတယ်။ နယ်မှာဆို နွေက အရမ်းပူတော့ ဆောင်းရာသီဆို နေလို့ကောင်းတယ်။ ပျော်ဖို့လည်းကောင်းတယ်။ အားလပ်ရက်တွေများတယ်။ ခရီးသွားလို့ကောင်းတဲ့အချိန်လည်း ဖြစ်တယ်။ များသောအားဖြင့် မိသားစုတွေစုံတဲ့လလို့ ပြောလို့လည်း ရတယ်။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းမလဲ…
ဒီနှစ်ကတော့ ၁၁လပိုင်း တန်ဆောင်တိုင်က သီချင်းတွေဆိုဖို့ရှိတယ်။ နိုဝင်ဘာလကုန်မှာ ကျွန်တော့်အခွေ ထွက်မယ်။ တောင်ကြီးတန်ဆောင်တိုင်မှာ သီချင်းဆိုမယ်။ အခွေထွက်လာဖို့အတွက် ကြိုရင်ခုန်ပြီး ပြင်ဆင်ရမှာတွေရှိတယ်။ ပရိုမိုးရှင်း ပွဲတွေလုပ်မယ်ဆို အဲဒီအတွက်လည်း ပြင်ရမယ်။

ပရိသတ်အတွက် ဆုတောင်းလေး…
မိုးကုန်လို့ ဆောင်းကူးတဲ့အချိန်ဖြစ်လို့ ကျန်းမာရေးဂရုစိုက်ပါ။ နေသာတဲ့အချိန် ရေချိုးပါ။ အေးတဲ့အချိန်မှ ရေမချိုးပါနဲ့။ ကိုယ့်အိမ်က အ သက်အရွယ်ကြီးတဲ့ လူကြီး၊ မိဘတွေကိုလည်း ဂရုစိုက်ပါ။ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ။

ထက်ထက်ထွန်း
ထက်ထက်ထွန်းအတွက် နိုဝင်ဘာဆိုတာ...
နိုဝင်ဘာလဆိုတာ ဆယ့်တစ်လပိုင်းဖြစ်တော့ တစ်အပူးလေးပေါ့။ ၁၁ က ထက်အတွက် ထူးထူးခြားခြားဖြစ်စေခဲ့တာ အများကြီးရှိတယ်။ ပြီးတော့ တစ်ခါတလေ ဖုန်းကိုအမှတ်တမဲ့ ကြည့်လိုက်  တိုင်း ၁၁ ဆိုတဲ့ဂဏန်းကို ခဏခဏတွေ့တတ်တယ်။

နိုဝင်ဘာဆို သတိရမိတာ…
နိုဝင်ဘာမှာ ဘဝတစ်ဆစ်ချိုးဆိုတာတွေရော၊ ဘဝရဲ့မှတ်တိုင်တွေရော ရှိဖူးပါတယ်။ ၁၁ လပိုင်း ၁၁ရက် ၂ဝ၁၁ခုနှစ်မှာ ထက်မော်ဒယ်အနေနဲ့ စာချုပ်စချုပ်တယ်။ နောက်ထပ်ပွဲတစ်ခုမှာလည်း ဆုရတယ်။ ပြီးတော့ ထက်အရမ်းကို ရင်ခုန်ရတဲ့ crush တစ်ယောက်ကို စတွေ့ခဲ့တာလည်း ၁၁လပိုင်းပါပဲ။ ၁၁လပိုင်းမှာ မြန်မာတို့ရဲ့ တန်ဆောင်ပွဲတော်တွေရှိတယ်။ နိဗ္ဗာန်ဈေးပွဲတော်၊ မီးထွန်းပွဲတော်တွေပေါ့။ အဲဒီ့ထဲကမှ အခုလုံးဝ ပြန်မရနိုင်တော့တဲ့၊ အခုခေတ်ကလေးတွေ ကောင်းကောင်းမသိတော့တာ နိဗ္ဗာန်ဈေးပွဲတော်ပေါ့။ ထက်တို့တော့ မှီလိုက်တယ်။ အဲဒီတုန်းကဆို လက်မှတ်တွေရတယ်။ ထက်တို့ မြို့ထဲမှာဆို ၂၂လမ်း၊ မောင်ခိုင်လမ်းထဲမှာဆို အိမ်ပေါက်စိ နံပါတ်တွေကပ်ထားကြပြီး မုန့်တွေယူစားရတာ ပေါ့။ ပြန်ပြောရင်တောင် တွေးရင်းပျော်ရတယ်။ ကိုယ်လိုချင်တဲ့ မုန့်ကိုရဖို့ ရတဲ့လက်မှတ်ထဲက နံပါတ်ကို အတင်းပြောင်းရေးရတာ၊ ရလာတဲ့မုန့်တွေစားရတာ အရမ်းအရသာရှိတာပဲ။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
အေးချမ်းမှုတွေစတင်လာတဲ့ ရာသီဥတုလေး၊ ထက်က မိုးရွာတာမကြိုက်တော့ စိုစွတ်မှုတွေပျောက်ကင်းသွားတဲ့ လလေးလည်းဖြစ်တော့ ထက်အတွက် အဆင်ပြေပါတယ်။

ဒီနှစ်မှာဘယ်လို ဖြတ်သန်းမလဲ…
တောင်ကြီးမီးပုံပျံပွဲ ထက် အရမ်းသွားချင်ခဲ့တယ် ဒါပေမယ့် မရောက်ဖြစ်ဘူး။ နောက်ပိုင်း Event Management တွေ လုပ်ဖြစ်တော့ ပွဲအတွက် Sound Syetem တွေ Lighting တွေငှားရင် သြော် ငါတော့ရောက်ရပြီပေါ့။ ပြီးရင် အကြောင်းအမျိုးမျိုးနဲ့ပျက်ပြီး ရန်ကုန်မှာပဲ ပွဲတွေလိုက်ရ၊ အလုပ်တွေ ပိုလုပ်ရဖြစ်သွားရော၊ ထက် အရမ်းသွားချင်ပါတယ်။ တန်ဆောင်တိုင်ဆိုတာ အများပြည်သူ အားလပ်ရက်ဆိုပေမယ့် ထက်တို့ အတွက်ကျ အလုပ်ပိုလုပ်ရတဲ့အချိန်ပေါ့။ မိုးတွင်းလို ပွဲတွေပါးချိန်မှသာ ထက်တို့က အနားယူလည်ပတ်ရတာပါ။ ဒီတော့ ဒီနှစ်လည်း ဆီမီးထွန်းတာ၊ စိတ်ကြည်နူးစရာလေးတွေ ပေါ့ပေါ့ပါးပါးလုပ်ဖြစ်တာကလွဲရင် ထက် အလုပ်တွေလုပ်ပြီးပဲ ရှိနေမှာပါ။

ပရိသတ်တွေအတွက် ဆုတောင်းလေး…
ထက်ပရိသတ်တွေလည်း တစ်နှစ်မှာ ဆယ့်နှစ်လရှိတဲ့ထဲက လတိုင်းမှာ ကိုယ်စီခံစားချက်လေးတွေ အမှတ်တရလေးတွေရှိကြမှာပါ။ နေ့စဉ်နေ့ရက်တိုင်း ကောင်းတဲ့ရက်လေးတွေ၊ ပြန်စဉ်းစားတိုင်း နောင်တမရစေတဲ့ ရက်လေးတွေဖြစ်ဖို့ လစဉ်ကောင်းဖို့ နေ့စဉ်ကြိုးစားဖို့လိုမယ် နေ့စဉ်ကောင်းဖို့ဆို အချိန်တိုင်းမှာ ကြိုးစားနေဖို့လိုပါတယ်။ ပရိသတ်တွေအားလုံး အမြဲလှပဖို့ အချိန်တိုင်းမှာ လှပတဲ့စိတ်ထားလေးတွေနဲ့ အကောင်းဆုံးကြိုးစားနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်ရှင်။

မထက်
မထက်အတွက် နိုဝင်ဘာဆိုတာ….
၁၁ လပိုင်းဆိုရင်ကို ပျော်နေပြီ၊ အေးလာမှာကိုတွေးပြီး သဘောကျနေရသလို ဒီဇင်ဘာက မထက်မွေးနေ့ရှိတော့ မွေးနေ့ကို အနီးကပ်ဆုံး၊ အမျှော်ရဆုံးလလေးလည်း ဖြစ်ပါတယ်။ ပွဲတွေများ၊ ကျောင်းပိတ်ရက်တွေများပြီး ပျော်စရာတွေ အပြည့်နဲ့ လပဲ။

နိုဝင်ဘာဆို သတိရမိတာ…
နိုဝင်ဘာဆိုပျော်တယ်။ ပွဲလမ်းသဘင်တွေများလာတယ်။ အဲဒီအချိန်ဆို မထက် အလုပ်တွေအများကြီးလုပ်ခွင့်ရတယ်။ မထက်က အလုပ်လုပ်ရရင်ပျော်တဲ့သူဖြစ်လို့ အလုပ်တွေ အများကြီးလုပ်ခွင့်ရတဲ့လဟာ မထက်ပျော်တဲ့လပဲ။

နိုဝင်ဘာရဲ့ ရာသီဥတုလေး…
မထက်က ဆောင်းရာသီကြိုက်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့က အခုနောက်ပိုင်းအရမ်းအေးတာမျိုး မရှိတော့ပေမယ့် နည်းနည်းလေးအေးရင်ကိုပဲ အထူးတလည်ပျော်နေရတယ်။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းမလဲ…
အလုပ်တွေအရမ်းများရင် ဘာမှကို မလုပ်ရဘူး။ အလုပ်ပါးရင်တော့ ဆိုင်က ကလေးတွေနဲ့အတူ ခရီးသွားရင်သွား၊ ဒါမှမဟုတ် ဒီက ပွဲတွေကိုပဲ ပါဝင်ဆင်နွှဲရမယ်။

ပရိသတ်အတွက် ဆုတောင်းလေး…
ဒီဆောင်းဦးရာသီလေးမှာ အားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ အရာရာကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းနိုင်ပြီး ဘဝမှာ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို လုပ်နိုင်ပါစေလို့ မထက်က ဆု တောင်းပေးပါတယ်။

ထူးအောင်
ထူးအောင်အတွက် နိုဝင်ဘာဆိုတာ…
ကျွန်တော့်အတွက်တော့ ထူးခြားတဲ့အရာတွေ ရှိတဲ့လတစ်ခုမဟုတ်ပါဘူး။ ပုံမှန်ဖြတ်သန်းဖူးတဲ့ လတစ်ခုပါပဲ။

နိုဝင်ဘာဆို သတိရမိတာ...
သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလဆိုတော့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေများတော့ ကလေးတွေ၊ လူငယ်တွေ ပျော်ကြတာပေါ့။ ငယ်ဘဝက အိမ်မှာ အစ်မတွေရှိတော့ မနက်ကျရင် အနွေးထည်လေးတွေနဲ့ ကြက်တောင်ထရိုက်ကြတယ်။ အဲဒါကတော့ အမှတ်တရပေါ့။ တန်ဆောင်တိုင်၊ အခုလိုအချိန်ဆို ငယ်ငယ်က ရပ်ကွက်ထဲ ပတ်ပြီ။ ဗျောက်အိုးတွေဝယ်ဆော့။ လော်စပီကာထဲကို ဗျောက်အိုးတွေပစ်ထည့်။ အရမ်းဆော့ခဲ့ပါတယ်။ ပြီးတော့ မနက်ပိုင်းပြေးတယ်၊ စက်ဘီးစီးတယ်၊ ဘောလုံးကန်တယ်။ ကျောင်းမှာဆိုရင် ဘောလုံး ပြိုင်ပွဲဆိုရင်တော့ ဝင်ပါတယ်ပေါ့။

နိုဝင်ဘာရဲ့ ရာသီဥတုလေး...
နိုဝင်ဘာက ဆောင်းတွင်းစဝင်တဲ့ လပေါ့နော်။ ကျွန်တော်ကတော့ လူငယ်အနေနဲ့ အေးပြီဆိုတာနဲ့ အနွေးထည်အရင်ဝယ်တယ်။ ဖက်ရှင်ကျကျပဲ ကျွေးလို့ရတယ်လေ။ မြန်မာနိုင်ငံကျ အမြဲပူနေတော့ ဒီအေးတဲ့အချိန်လေးကိုပဲ စောင့်ပြီး ဝတ်ရတာပေါ့။ အဲဒါလေးကို ကျွန်တော်သဘောကျတယ်။

ဒီနှစ်မှာ ဘယ်လိုဖြတ်သန်းမလဲ...
ဒီနှစ်ကတော့ အလုပ်တွေလုပ်ရင်း၊ ပရိသတ်တွေအတွက် အလုပ်တွေပိုကြိုးစားရင်းပဲ ဖြတ်သန်းပါမယ်။

ပရိသတ်တွေအတွက် ဆုတောင်းစကားလေး…
ပရိသတ်တွေ အနွေးထည် လှလှလေးတွေ ကြိုစုထားပါ။ မအေးဘူးဆိုရင်တော့ အိမ်က အထည်ပါးပါးလေးတွေ ပြန်ဝတ်ကြပါ (ရယ်လျက်)။ အေးမြတဲ့ရာသီဥတုလေးမှာ ပျော်ရွှင်ကြည်နူးဖွယ် အခိုက်အတန့်လေးတွေ အများကြီးရရှိပါစေ။ ပွဲတော်တွေ၊ လည်စရာတွေရှိတော့ Crush ဘာညာလေးတွေလည်း တွေ့ပါစေဗျာ။

ငြိမ်းသော်
ငြိမ်းသော်အတွက် နိုဝင်ဘာဆိုတာ…
နိုဝင်ဘာဆိုတာ ဗမာလူမျိုးတိုင်း ပျော်ကြရတဲ့ တန်ဆောင်တိုင်ပွဲတော်ရှိတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဆိုတာ ရှိတယ်။ ကျွန်တော့်အတွက် တခြားထူးထူးခြားခြားရယ်လို့တော့ မရှိပါဘူး။

နိုဝင်ဘာဆို သတိရမိတာ...
ကျွန်တော်ကတော့ တန်ဆောင်မုန်းလကိုပဲ သတိရတယ်။ ကျွန်တော်တို့ဆို သူခိုးကြီးညကျရင် လျှောက်သွား၊ ရပ်ကွက်တွေ ပတ်ကြည့်ကြတာပေါ့။ တစ်ညလုံးလျှောက်သွားကြတယ်။ အုန်းထမင်းတွေချက်စားတယ်။ ကြက်ကာလသားချက်စားတယ်။ ပင့်သကူပစ်တာတွေ ရှာကြတယ်။ ဖြစ်နိုင်မယ်ဆို သူငယ်ချင်းတွေနဲ့ ဒီလိုတွေပြန်လုပ်ကြည့်ချင်ပေမယ့် အသက်အရွယ်က အဆင်မပြေတော့ဘူးထင်ပါတယ်။

နိုဝင်ဘာရဲ့ ရာသီဥတုလေး...
ဆောင်းရာသီက အရမ်းသဘောကျတယ်။ ကျွန်တော်တို့ အညာဘက်မှာကျ ဆောင်းရာသီက အေးရင်လည်း အသေအေးပြီး ပူရင်လည်း အသေပူတာပဲ။ ကျွန်တော်က အေးတဲ့ဖီလင်လေးကို ကြိုက်တယ်။ မိုးတွေ၊ နွေတွေထက်ကို ကြိုက်တယ်။ 

ဒီနှစ်မှာဘယ်လိုဖြတ်သန်းဖြစ်မလဲ...
သူများတွေဆိုရင်  ခရီးတွေသွားကြတယ်။ ကျွန်တော်က ဒီနှစ်ကတော့ ခရီးမထွက်ဖြစ်ရင်တော့ သာမန်ရိုးရိုးလေးပဲ ဖြတ်သန်းမယ်။ နယ်တော့ မပြန်ဖြစ်ပါဘူး။ နယ်ကလာဖို့ ကမ်းလှမ်းတာတွေ ရှိပေမယ့် ဒီဘက်က အလုပ်တွေက ချိတ်ပြီးသား 
တွေ ရှိနေတယ်။ အရင်နှစ်တွေက ပြန်ဖြစ်ပါတယ်။ မုံရွာ ဘုရားကြီးပွဲဆိုတာ ကျွန်တော်တို့ နယ်အတွက် အထင်ကရပွဲတော်တစ်ခုပါ။

ပရိသတ်တွေအတွက်ဆုတောင်းလေး...
အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။