Primary tabs

မေတ္တာတရားများဖြင့် ပြောင်းလဲခဲ့သည်... အေးမြတ်သူ

အေးမြတ်သူပြန်သုံးသပ်မိတဲ့ လက်ရှိ အေးမြတ်သူ ဘဝအပေါ်အမြင်လေးသိပါရစေ။ 
လက်ရှိ ၃၂နှစ် အသက်အရွယ်ကိုရောက်ပြီး သရုပ်ဆောင်အလုပ်ကိုလုပ်နေတဲ့ အေးမြတ်သူကို အေးမြတ်သူက ပြန်သုံးသပ်ရမယ်ဆိုရင် အရင်ထက်စာရင် အမှားတွေနည်းနည်း နည်းလာပြီ။ ပြီးတော့ တည်ငြိမ်စပြုလာတဲ့ မိန်းမတစ်ယောက်၊ ပျော်ရွှင်မှု အစစ်အမှန်တွေကို ခံစားလာနေရပြီဖြစ်တယ်။ ငယ်ငယ်က ပူလောင်ရတယ်၊ အလုပ်တွေ အမြဲလုပ်၊ တခုခုအောင်မြင်ဖို့ တခုခုရရှိဖို့ အမြဲလှုပ်ရှားရုန်းကန်ရတယ်။ တိုးတိုးတိုက်တိုက် တွန်းတွန်းတိုက်တိုက်တိုးဝင်ခဲ့ရတာမျိုးတွေ ရှိတယ်ပေါ့။ ဖြစ်မလာခဲ့လို့ ဝမ်းနည်းခဲ့ရတာတွေလည်းရှိတယ်။ ပေါက်ကွဲခဲ့ရတာတွေရှိတယ်။ အခုချိန်မှာတော့ ဒါတွေကိုကျော်ဖြတ်နိုင်ပြီး နေရာလေးတစ်ခုမှာ အေးဆေးတည်ငြိမ်စွာနေတယ်၊ အနာဂတ်အတွက် ဘာတွေလုပ်ရမယ်ဆိုတာကို Plan တွေ ချတတ်လာတယ်။ ၂၃ နှစ် အေးမြတ်သူနဲ့ ၃၂ အေးမြတ်သူက တအားကိုပြောင်းလဲသွားပြီ။ ၂၃ နှစ်တုန်းက အလုပ်လုပ်တာက ပျော်ရွှင်ခြင်းဆိုတာ ဘာမှန်းမသိဘူး။ ပိုက်ဆံပဲ၊ ပိုက်ဆံကသာ ပျော်ရွှင်မှုလို့ထင်ခဲ့တဲ့ မိန်းမတယောက်ကနေ ၃၂ နှစ်မှာ ပိုက်ဆံထက် စိတ်ချမ်းသာ၊ စိတ်ပျော်ဖို့က အဓိကဆိုတာ သိလာတယ်။ မေတ္တာတရားတွေကြောင့် အေးချမ်းပျော်ရွှင်နိုင်ပြီး မေတ္တာတွေသာအများကြီးရမယ်ဆို ပျော်ရွှင်မှုတွေအများကြီးရလာမယ်လို့ ယုံကြည်လာတယ်။

ဒါဆိုရင် အေးမြတ်သူဖြစ်ချင်ခဲ့တဲ့ ရည်ရွယ်ချက်တွေက ပြည့်နေပြီပေါ့။
အဲဒါထက်တောင် ပိုပါတယ်။ ပိုသေးတယ်။ ၂၃ တုန်းက လောဘတွေကြီးတယ်။ လိုချင်စိတ်များတယ်။ ဖြစ်ချင်တာတွေများခဲ့ပေမယ့် ၃၂ နှစ်မှာ ဒါတွေဖြစ်လာမယ်လို့ မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ နေရာတစ်ခုလောက်ရမယ်၊ ရဖို့ပဲတွေးခဲ့တာကိုး။ ၃၂နှစ်မှာ ပရိသတ်ရဲ့ ချစ်ခြင်းတရားတွေကို မမျှော်မှန်းထားမိလောက်အောင်ရခဲ့တယ်။ အလုပ်အကိုင်တွေကလည်း ပရိသတ်ရဲ့ မေတ္တာကြောင့် အရှေ့ကို အေးမြတ်သူကို တွန်းပို့နိုင်ခဲ့တယ်။ အရင်က ကိုယ်ကြိုးစားမှ ကိုယ်ရမယ်လို့ ထင်တယ်။ အခုအဲဒီလိုမဟုတ်ဘူး။ ပရိသတ်ရဲ့ မေတ္တာတွေအများကြီးရရင် ကိုယ်အရှေ့ကို ရောက်နိုင်တယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီ့တော့ မေတ္တာရဖို့ ပရိသတ်ကို ဂရုစိုက်ရတယ်။ သူက ကိုယ့်ကို ဘာဖြစ်စေချင်တာလဲ၊ အရင်က ကိုယ်လုပ်ချင်တဲ့ အရာတွေကိုပဲ လုပ်တာ။ အခုဖြစ်နေတာက ဖြစ် ချင်ခဲ့တာထက် ပိုကောင်းနေတယ်။ ပိုပျော်ဖို့လည်း ကောင်းတယ်။

ပရိသတ်နဲ့ ကိုယ်နဲ့ကြားက နားလည်မှုတွေအကြောင်းလေးလည်း ပြောပြပါဦး။
အများကြီးရနေပြီ။ ကိုယ့်ကို လိမ္မာအောင်လည်း သွန်သင်ဆုံးမပေးတယ်။ ပရိသတ်က အေးမြတ်သူကို ဖြည်းဖြည်းချင်းပြောင်းလဲပေး တယ်။ အေးမြတ်သူကြိုက်တာတွေလုပ်တာကို လည်း ခွင့်လွှတ်ပေးကြသလို၊ သူတို့ဖြစ်ချင်တာကိုလည်း ပြောပြကြတယ်။ အဲဒီ့အသံလေးတွေကို နားထောင်ရင်း တော်တော်ပြောင်းလဲလာတယ်လို့ ခံစားရတယ်။ ကိုယ့်ကိုချစ်ပြီး စောင့်ကြည့်နေကြတဲ့သူတွေက အေးမြတ်သူဘယ်လောက်ပြောင်းလဲသွားလဲ သိကြမယ်ထင်ပါတယ်။

ဒါဆိုရင် နားလည်မှုကို အတိုင်းအတာနဲ့ တိုင်းမယ်ဆို ပမာဏဘယ်လောက်လဲ။
တိုင်းတာလို့မရဘူး။ ဒါပေမယ့် အဲဒါကြီးက ချက်ချင်းလည်း zero ဖြစ်သွားနိုင်တယ်။ ကိုယ့်ရဲ့လုပ်ရပ်တခုခု မှားသွားခဲ့ရင်၊ သူတို့စော်ကားသလိုဖြစ်ခဲ့ရင် အဲဒါကြီးက ဘုန်းခနဲ ပျောက်သွားမှာ။ အဲဒါကိုကြောက်တယ်။ ဒါကြီးက ကိုယ့်ရဲ့အနေအထိုင်၊ အပြောအဆို၊ အပြုအမူ တခုခုများမှားသွားခဲ့ရင် ဝုန်းဆိုပျောက်သွားမှာ ကြောက်တယ်။ အဲဒါကြောင့်လည်း ဒါကိုစိတ်ထဲ၊ ရင်ထဲ အမြဲ ရှိတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုထိန်းရင်း လိမ္မာလာခဲ့တာပါပဲ။

ဒီနှစ်ထဲမှာရော မျှော်မှန်းချက်ထားတဲ့ ကိစ္စအသစ်တွေရှိမလား။ အစစ အရာရာပေါ့။
ငယ်ငယ်ကတည်းက စိတ်ကူးခဲ့တာတွေ ရှိတာပေါ့။ ဥပမာ-အသက် ၃၀ မှာ အိမ်ထောင် ပြုမယ်တို့စသည်ဖြင့်ပေါ့လေ။ ဒါပေမယ့် ဒီနှစ်မှာ Target ဘာကြီးဖြစ်ရမယ်ဆိုတာထက် ရလာတာ၊ ဖြစ်နေတာတွေအပေါ်မှာ အကောင်းဆုံးဖန်တီးပြီး လုပ်ယူတယ်။ မဖြစ်နိုင်တာကိုတော့ ဖြစ်ရမယ်ဆိုပြီး မတွန်းတော့ဘူး။ ငယ်ငယ်ကတွန်းခဲ့ဖူးတယ်။ ဒါကြောင့်လည်း ပင်ပန်းခဲ့ပြီး စိတ်ထိခိုက်ခဲ့ရတာတွေရှိတယ်။ နောက်ပိုင်းစိတ်သက်သောင့်သက်သာဖြစ်အောင်နေတယ်။ ကိုယ့်ဆီရောက်လာတာ ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ လက်ခံနိုင်အောင်လုပ်တယ်။

ဒီနှစ်ထဲမှာ ပရိသတ်အားပေးတဲ့ ဇာတ်ကားကြီးတွေ ရုံတင်ခဲ့တယ်နော်။ ဒါတွေနဲ့ပတ်သက်ပြီး စိတ်လှုပ် ရှားမှုကရော။
ပရိသတ်အချစ်ရနေရင်၊ မေတ္တာတရားကို ရနေရင်၊ ပရိသတ် လက်ခံနေရင်ကျေနပ်ပြီ။ ကာရိုက်တာတိုင်းကိုတော့ အစွမ်းကုန်ကြိုးစားတယ်။ သိသလောက်ပေါ့။ အေးမြတ်သူတို့အလုပ်လုပ်နေတာက သင်ယူရင်းလုပ်နေရတာ။ Professional မဖြစ်ဘူး။ အေးမြတ်သူသည် သရုပ်ဆောင်အလုပ်ကို တတ်လို့လုပ်နေတာလည်း မဟုတ်ဘူး။ ကျောင်းတွေလည်း ပြီးလာတာမဟုတ်ဘူး။ သင်ရိုးညွှန်းတမ်းတစ်ခုနဲ့ သင်ယူခဲ့ရတာ မဟုတ်ဘူး။ လုပ်ငန်းကနေပဲ တစ်ဆင့်ချင်း သင်ယူရတာ။ နိုင်ငံတကာတွေနဲ့တိုင်းရင်တော့ အေးမြတ်သူသည် Professional မဖြစ်ဘူး။ ဒါပေမယ့် ဇာတ်ကောင်ကိုတော့ ရူးတယ်။ ဘယ်သူပဲလာလာ၊ ဥပမာ - မိနီပဲလာလာ၊ နေခြည်ဝင့်ထည်ပဲလာလာ၊ ကြွေလိုပဲဖြစ်ဖြစ်၊ လာတဲ့ကာရိုက်တာတွေကို ရူးတယ်။ ဘိုမပဲဖြစ်ဖြစ်။ ဥာဏ်စွမ်းရှိသလောက်ရယ်၊ တတ်သိနားလည်သော ပညာရှင်တွေ၊ အဲဒီ့ဇာတ်ကားအတွက် တာဝန်ရှိသူတွေကို မေးမြန်းပြီးလုပ်တယ်။ ဘယ်ကားကြီးကိုတော့ ဘယ်လောက်နှစ်ပြီးလုပ်တယ်၊ မလုပ်ဘူး အဲဒီလိုတွေမရှိပါဘူးရှင့်။ ပရိသတ်ရဲ့ အဆုံးအဖြတ်၊ လက်ခံနိုင်မှုအပေါ်မှာပဲ ကျေနပ်ရတာပါ။

ပရိသတ်ချစ်တဲ့ အေးမြတ်သူရဲ့  ကိုယ်ပိုင်မိသားစုဘဝ တည်ထောင်ဖို့ အစီအစဉ်ကရော။
အေးမြတ်သူက မိသားစုကိုချစ်တယ်၊ ချစ်လို့လည်း အခုထိ အိမ်ထောင်မပြုသေးတာ။ မိဘတွေကို မထားခဲ့နိုင်ဘူး။ ထားခဲ့ဖို့ အဆင်သင့်ဖြစ်ပြီလို့ မခံစားရဘူး။ ဒါကိုပဲ တွေးတောရင်း၊ စဉ်းစားရင်းနဲ့ အိမ်ထောင်ပြုဖို့ နှစ်တွေက နောက်ဆုတ်ဆုတ်သွားတယ်။ ကိုယ်ဖန်တီးမယ့် မိသားစုဘဝပေါ့၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးနဲ့ နေချင်တယ် ဒီဘဝလေးကို လိုချင်တယ်။ ဒါပေမယ့် မိဘကို၊ မိသားစုကိုချစ်တဲ့ မိန်းမတစ်ယောက်ဖြစ်နေတဲ့ဟာက ကိုယ်ပိုင်မိသားစုထူထောင်ဖို့ နည်းနည်းအခက်အခဲရှိတယ်။ အေးမြတ်သူ ထင်ပါတယ်။ ၃၅ လောက်တော့ ဖြစ်လာလိမ့်မယ်လို့၊ ရည်မှန်းတာကတော့ ၃ဝ ကိုပေါ့။ အသက် ၂၄ ကနေ ၂၇ကအထိ သြော် ငါ အသက် ၃ဝကျရင် တော့ အိမ်ထောင်ပြုလို့ ရလိမ့်မယ်လို့။ မဖြစ်လာတဲ့အခါကျတော့ ၃၅ကိုတော့ ဆန္ဒရှိတယ်။ စောင့်ကြည့်ရမှာပဲ။ မဖြစ်လာရင်လည်း အတင်းလုပ်ယူလို့မှ မရပဲလေ။ ယောက်ျားယူ၊ အိမ်ထောင်ပြုရတာ လွယ်ပါတယ်။ အဲဒါကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့က ခက်ခဲတယ်။ ကြောက်တယ်။
မိန်းမစစ်စစ်တစ်ယောက်အနေနဲ့ အိမ်ထောင်ပြု၊ သားသမီးတွေမွေးဖို့က စိတ်ရှိပါတယ်။ လက်ရှိကတော့ ၁၅ဝဝနဲ့ ၅၂၈ လွန်ဆွဲနေရင် ၅၂၈ ဘက်ကိုပဲ ပိုဆွဲနေတာ ဟုတ်ပါတယ်။

အခုအချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အစီအစဉ်တွေ တွေးနေပြီလား။ ဘာတွေလုပ်ချင်လဲ။
အေးမြတ်သူက အရင်းအနှီးအတွက် ငွေအင်အားမရှိပါဘူး။ ဒါအမှန်အတိုင်းပြောပြတာပါ။ အခု အလုပ်တွေအများကြီး လုပ်နေရတယ်။ ဒါလူတန်းစေ့အောင်နေနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းတစ်ခုကို ရင်းနှီးမြှုပ်နှံနိုင်အောင်တော့ ဝင်ငွေ၊ ငွေပိုမရှိပါဘူး။မိဘကို လုပ်ကျွေးနိုင်တယ်၊ လူတန်းစေ့နေနိုင်တယ်။ ရှိတဲ့ငွေပိုဆိုရင်လည်း မိဘကျန်းမာရေး၊ ကိုယ့်ကျန်းမာရေးအတွက် သိမ်းထားနိုင်လောက်တဲ့ ပမာဏလေးလောက် ပါပဲ။ အိုင်ဒီယာတွေတော့ရှိတာပေါ့ ဒါတွေက ငွေရှိမှ အကောင်အထည်ဖော်လို့ရမှာလေ။ ပူးပေါင်း ဖို့ဆိုတာကျ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ မြတ်မှ၊ မြတ်မယ်လို့ ရှစ်ဆယ်ရာနှုန်းလောက်တွက်နိုင်မှ ရင်းနှီးမယ်ဆိုတာ မှန်းဆလို့ရပါတယ်။ စီးပွားရေးသမားတွေရဲ့ စိတ်ကိုမှန်းဆလို့ရပါတယ်။ ကိုယ်တိုင်က ဖြစ်ချင်ခဲ့တာကိုး။ ၁၀၀ ရာနှုန်းသေချာမှ လုပ်ချင်မှာ။ လက်ရှိမှာ အေးမြတ်သူက Brand တစ်ခုလုပ်ရလောက်အောင်အထိ Hot နေတဲ့သူလည်းမဟုတ်ဘူး။ ဒါပေမယ့် လုပ်မယ်ဆိုရင် တော့ စီးပွားရေးတစ်ခု တကယ်လုပ်ကောင်းတဲ့အချိန်ပါ။ ပရိသတ်ယုံကြည်မှုက အတိုင်းအတာ တစ်ခုလေးမှာ ရှိနေတယ်။ ကိုယ့်ရဲ့ အနေအထိုင်၊ Image ကြောင့် ပရိသတ်ယုံကြည်မှုလေးရှိနေ ပါတယ်။ ဒီယုံကြည်မှုကိုလည်း အေးမြတ်သူက အလွဲသုံးစားမလုပ်ဘူး။ အနုပညာ၊ ဖက်ရှင်ပိုင်းတွေက အလုပ်လုပ်လို့ ကောင်းတဲ့အချိန်တစ်ခုပေါ့ ဒီထက်ကျော်သွားရင်တော့ မသေချာဘူး။ အေးမြတ်သူက အမြတ်နည်းနည်းနဲ့ အရေအတွက် များများသုံးကြတဲ့လုပ်ငန်းမျိုး စိတ်ဝင်စားတယ်။ လူအများစု စားသုံးနိုင်တဲ့၊ သုံးစွဲနိုင်တဲ့ စီးပွားရေး လုပ်ငန်းမျိုးကိုပဲ လုပ်ချင်ပါတယ်။

အလုပ်တွေအမြဲလုပ်နေတာပဲတွေ့တယ်။ ကိုယ်ပိုင်အနားယူချိန်အတွက် သီးသန့်စီစဉ်ဖြစ်လား။
အေးမြတ်သူ ကိုယ့်ကိုယ်ကိုသိပါတယ်။ အရမ်းအလုပ်လုပ်ချင်တဲ့ မိန်းမတစ်ယောက်၊ အလုပ်လုပ်တဲ့သူ။ အေးမြတ်သူ အသက် ၁၅ နှစ်လောက်ကတည်းက လုပ်ငန်းခွင်၊ အလုပ်ဆိုတာ ရင်းနှီးခဲ့တာ။ အခု ၃၂နှစ်ဆိုတော့ ၁၇နှစ်ရှိပြီ အလုပ်လုပ်တာ။ အလုပ်လုပ်နေရင်တအားပျော်တယ်၊ အဲဒါကိုက စိတ်ပျော်ရွှင်မှုပဲ။ မလုပ်ရရင်သာ Depression ဝင်သွားမှာ။ အေးမြတ်သူ စိတ်ထွက်ပေါက်က ဈေးဝယ်တာနဲ့ အစားစားတာ။ ကိုယ့်ကိုယ်ကိုပြောတာ မဟုတ်ဘူး။ အရက်မသောက် တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး၊ Night Out တွေ၊ Bar တွေ မကြိုက်ဘူး။ ဒါက လူတိုင်းကိုယ်ပိုင်လွတ်လပ်ခွင့်နော်။ အေးမြတ်သူ ကိုယ် မလုပ်ချင်တာကိုပဲပြောတာ။ ကာရာအိုကေဆို တာလည်း မကြိုက်ဘူး။

အစားအစာကျတော့ရော ဘာတွေကြိုက်တတ်တာလဲ။ ဈေးဝယ်ရင်ရော ဘာတွေဝယ်ရတာ ကြိုက်လဲ။
အရသာရှိတာ အကုန်စားတယ်။ အေးမြတ်သူစားတယ်ဆိုတဲ့ စားစရာတစ်ခုဟာ ဈေးနည်းနည်း၊ များများ သေချာပေါက် အရသာကောင်းကို ကောင်းရမယ်။ စားလို့ကောင်းရမယ်၊ ဈေးနဲ့မဆိုင်ဘူး။ ချဉ်ငန်စပ်တော့ မစားဘူး။ ကျန်တာအကုန်စားတယ်။ အေးမြတ်သူက အတ္တကြီးတယ်။ မိသားစုကိုချစ်တာလည်း အတ္တပဲ။ ဒါပေမယ့် ဈေးဝယ်လည်း ကိုယ့်အတွက်ပဲကိုယ်ဝယ်တတ်တယ်၊ အိမ်အတွက် ပုစုဂုရုလေးတွေ ဝယ်လည်းမဝယ်သလို ဘာမှကိုမဝယ်ဘူး။ တခုခုကြည့်ရင် အမြဲ ကိုယ့်အတွက်ပဲ။ အဲ့တာဆိုးတဲ့အကျင့်ပေါ့နော်။ အေးမြတ်သူက ကိုယ့်ကိုယ်ကိုချစ်တယ်။ မိသားစုကိုချစ်တာလည်း ကိုယ့်ကိုယ်ကို ချစ်တာပဲ။ ဒီတော့ ဈေးဝယ်လည်း မိသားစုအတွက်ဝယ်တာ၊ အိမ် အလှဆင်ပစ္စည်းလေးတွေဝယ်တာ မရှိဘူး။ ကိုယ့်
အတွက်ပဲဝယ်တယ်။ ဒါပေမယ့် ဈေးအကြီးကြီး ပစ္စည်းတွေလည်း ပေးမဝယ်ဘူး။ မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက ကြိုက်လို့မှမရတာ။ ဒီပစ္စည်းဝယ်ပြီးရင် ကိုယ့်အလုပ်နဲ့ ကိုယ့်ဝင်ငွေ၊ ထွက်ငွေနဲ့ ပြန်ကြည့် ချင့်ချိန်ရတာဆိုတော့ ပမာဏတစ်ခု၊ Limit တစ်ခုမှာပဲ ပျော်မွေ့တယ်။

လတ်တလော အနုပညာလှုပ်ရှားမှုတွေ အကြောင်းလေးလည်း ပြောပြပေးပါဦး။
မနေ့ကဖြစ်သည် အပိုင်းနှစ်ရိုက်ဖို့ရှိပါမယ်။ ခရီးသွားအစီအစဉ်တွေ ဆက်ရိုက်ဖို့ရှိပါမယ်။ဇန်နဝါရီလအထိ အေးမြတ်သူ လက်ခံထားတဲ့ ကားတွေရှိပါတယ်။ ဇာတ်လမ်းတွဲ နှစ်တွဲရှိမယ်။ရုပ်ရှင်ကားကြီးနှစ်ကားရှိပါမယ်။

ဒီနှစ်လုပ်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုတွေထဲ ပရိသတ်ရင်ထဲကို ရောက်ခဲ့တဲ့ အနုပညာအောင်မြင်မှု ဘာတွေရှိမလဲ။
ဘိုမပေါ့နော်။ ဘိုမကိုကြိုက်ကြတယ်။ နေခြည်မှာရွှေရည်လောင်း ဇာတ်ကားထဲကပေါ့။ လုပ်ကွက်လည်း အနည်းငယ်ရခဲ့ပါတယ်။ ၂ဝ၁၇ထဲမှာ ပြခဲ့တဲ့ မနေ့ကဖြစ်သည်ဇာတ်လမ်းတွဲက ဒုရဲအုပ်ခက်ခက်ခိုင်ဆိုတဲ့နေရာလည်း သဘောကျကျ
တယ်။ ပြီးတော့ သြော်… ပြီးတော့ ကြွေ ဇာတ်ကောင်ပေါ့။ ဒီတော့ အေးမြတ်သူ ပရိသတ်တွေ ပြောကြတာကို မှတ်မိပါတယ်။ ဒီတော့ ထင်ပါ တယ် ပရိသတ်တွေက အေးမြတ်သူကို ဇာတ်ကောင်တွေနဲ့တွဲပြီး သဘောကျပြီး ကျန် ကျန်နေခဲ့တယ်
ပေါ့။ သူတို့စိတ်နှလုံးထဲမှာ။ ပြီးတော့ SAMSUNG Phone ရဲ့ သံတမန်၊ Vasaline ရဲ့ သံတမန် ဖြစ်ခွင့်ရတယ်။ ဒါတွေက ပရိသတ်ရဲ့ အာရုံစူးစိုက်မှု၊ သူတို့မေတ္တာတရားကိုရခဲ့တာ အောင်မြင်မှုလေ။ လုပ်ငန်းရှင်တွေက သိတယ်လေ ပရိသတ် 
တွေက ဘယ်သူ့ကိုအာရုံရနေလဲ၊ ချစ်နေလဲဆိုတာမျိုး သူတို့ကုန်ပစ္စည်းနဲ့ လိုက်ဖက်ညီမှု ဒါတွေနဲ့ စဉ်းစားတိုင်းတာပြီး ရွေးချယ်တဲ့အခါ ပရိသတ်တွေကြောင့် ဒီလို Brand Ambassador အလုပ်လက်ခံရတာပါ။ ဒါလေးတွေက အေးမြတ်သူအတွက် မှတ်မှတ်ထင်ထင်ရှိပါတယ်။

ဒါဆို ရုံတင်ကားကြီးတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေပြောကြတဲ့ အကယ်ဒမီရင်ခုန်မှုကရော။
အေးမြတ်သူက ကိုယ်လုပ်ရတဲ့ ကာရိုက်တာတွေအပေါ်မှာ စိတ်ဝင်စားမှုအပြည့်နဲ့ လုပ်ပါတယ်။ ဒါပေမယ့် ပရိသတ်လက်ခံမှုနဲ့ တုန့်ပြန်မှုအပေါ်မှာပဲ ဆုံးဖြတ်ပါတယ်။ ဘယ်လောက်ပဲ အားထည့်ခဲ့၊ လုပ်ခဲ့ ပရိသတ်ဆီမရောက်ဘူးဆို အလကားပဲ။ ပရိသတ်ရဲ့ အားပေးမှုအတိုင်းအတာပေါ်မှာပဲ လုပ်ခဲ့တာ ကောင်းသည်၊ ဆိုးသည်ကို လက်ခံပါတယ်။ အကယ်ဒမီ... ဒါက အေးမြတ်သူပြောဖို့စောပါသေးတယ်။ ဒါပေမယ့် အမြဲပြောဖူးပါတယ်။ ကင်မရာရဲ့အရှေ့မှာ သရုပ်ဆောင်နေ  ကြတဲ့သူတွေ မင်းသား၊ မင်းသမီးမှ မဟုတ်ပါဘူး ပါဝင်ကြသူအားလုံးရဲ့ အိပ်မက်ဟာ အကယ်ဒမီပါ။ ကားကြီးအရှေ့မှာထွက် သရုပ်ဆောင်ကြသူတွေပေါ့။ နောက်ပြီး နောက်ကွယ်က ပံပိုးပေးတဲ့ ကင်မရာမန်း၊ ဒါရိုက်တာ၊ ပရိုဂျူဆာအဆုံး အားလုံး၊ အနုပညာအလုပ်လုပ်ကြသူ အားလုံးရဲ့အိပ်မက်ဟာ အကယ်ဒမီပါ။ ဒီတော့ အေးမြတ်သူမှာလည်း ဒီအိပ်မက်လေးကရှိတာပေါ့။ ဒါပေမယ့် ဒါကြီးကို ရအောင်လုပ်မယ်၊ ဟာ မရလိုက်လို့  ဘာဖြစ်တယ်ဆိုတာထက် ကိုယ်လုပ်ခဲ့တာ ကောင်းတယ်၊ လက်ခံလို့ ပေးမယ်ဆိုလည်း လက်ခံရရှိလာမှာပါ၊ မဟုတ်ဘူး မရသင့်သေးဘူးဆိုလည်း ထပ်အားဖြည့်မှာပါ။ ဒါကြောင့် အကယ်ဒမီနဲ့ ပတ်သက်ရင် အများကြီးမရှိပါဘူးရှင်။

ကာရိုက်တာပိုင်းကျတော့ရော အေးမြတ်သူ လုပ်ချင်နေတာ၊ လုပ်ဖြစ်နေတာတွေပေါ့။
အေးမြတ်သူ ကာရိုက်တာအစုံ လုပ်ချင်ပါတယ်။ အရင်က လာငှါးကြရင် hot တယ်၊ sexy ဖြစ်တယ်ဆိုတာတွေပေါ့။ အခုကျ Drama နေရာလေးတွေပေးလာတယ်။ ဥပမာ - မိနီလိုနေရာမျိုး၊ ဘိုမလိုနေရာမျိုးပေါ့။ ဒါဟာ အေးမြတ်သူကို ခိုင်းရင်ရတယ်ဆိုတဲ့ဟာလေး မြင်လာကြတာပေါ့နော်။ တကယ်က အခြေခံလူတန်းစား၊ သဘာဝဇာတ်ရုပ်လေးတွေကို ပိုသဘောကျ၊ အားသန်ပြီး လုပ်ဖို့ခံစားမှုရှိတယ်ပေါ့နော်။ Drama ကြိုက် တယ်ပြောရမှာပဲ။ ဒါပေမယ့် ဟာသလည်း ရိုက် ပါတယ်။ ဒီဘက်ခေတ်မှာက ဟာသလေးတွေလည်း ကြိုက်ကျတော့ ဟာသမရိုက်ရင်လည်း ကိုယ်ပျောက်နေမှာပေါ့နော်။ မျှအောင်တော့လုပ်ပါတယ်။ အဓိကတော့ ဘယ်ကာရိုက်တာမဆို လုပ်လို့ရတယ်ဆိုတာ ဒါရိုက်တာ၊ ပရိုဂျူဆာ၊ ပရိသတ်တွေ အမြင်မှာရရှိရင် ကျေနပ်ပါတယ်။

သရုပ်ဆောင်တွေမှာ ကာရိုက်တာကျိုးနေတယ်ဆိုတာမျိုးတွေလည်းရှိတော့ ကိုယ်တိုင်ကရော ဘယ်လိုပြင်ဆင်လဲ။
ကျိုးနေတာကတော့ အသံပဲ (ရယ်လျက်)၊ အဲဒါကို အေးမြတ်သူ ရအောင်ဖျောက်နေပါတယ်။ ဒီဟာကို လုပ်နေတာကို ဆယ်နှစ်လောက်ရှိပါပြီ။ အေးမြတ်သူ ကိုယ့်ကိုယ်ကို အားမရတာလည်း အဲဒီ့ စကားပြောမြန်တာနဲ့ အသံ flow ပေါ့။ ဒါကို ချိန်းလို့မရသေးဘူး။ ဒါကို ပရိသတ်လည်း သိတယ်။ သိလျက်နဲ့ကို ခွင့်လွှတ်ပြီး ကြည့်နေကြတာ ဘယ်တော့များပြောင်းမလဲ၊ ပြောင်းမလဲဆိုတဲ့စိတ်နဲ့(ရယ်လျက်)။ ကာရိုက်တာကို မုဒ်ထည့်တာ၊ ပုံသဏ္ဍာန်၊ ဒါရိုက်တာပြောရင် အေးမြတ်သူ သိတယ်၊ လုပ်လိုက်လို့ရတယ်။ ပြင်လို့မရတာ စိတ်လောကြီးတယ်၊ စကားပြောမြန်တယ်။ အေးမြတ်သူလည်း အဲဒီ့ အသံ flow ကြီးကို မတူချင်ဘူး။ ကိုရန်လေး(ရန်အောင်)၊ မေမွှေး(မို့မို့မြင်အောင်)၊ မထွန်းအိန္ဒြာဗိုလ်၊ မအူဝဲ သူတို့ဆို အမြဲတမ်းလေ၊ အထူးသဖြင့် ကိုရန်လေးပေါ့ ။ ဇာတ်ကောင်အလိုက် flow တွေ ချိန်းနိုင်တယ်။ အရမ်းအားကျတယ်။ အဲဒီလိုဖြစ်ချင်တယ်။ အဲဒါရဲ့ အဓိကလျှို့ဝှက်ချက်၊ နည်းကို မသိဘူးဖြစ်နေတယ်။ သိတဲ့နေ့ ရအောင် ချိန်းမှာ။ အခုက နည်းရှာဖွေနေဆဲဖြစ်နေတယ်။ ဟာသဆိုလည်း တီဂွမ်းလေး (တက္ကသိုလ် ဂွမ်းပုံ)ကို အရမ်းသဘောကျတယ်။ သူ့ရဲ့ အခံအိုက်တင်လို့ပြောရမလား၊ တစ်ဖက်ကလာတဲ့ အိုက်တင်ကို တုန့်ပြန်တဲ့အိုက်တင်ကို အရမ်းသဘောကျတယ်။ စကားကိုပြောစရာမလိုဘူး။ မျက်နှာပေးနဲ့ ပို့လိုက်ရင်ကို ဟာသမြောက်နေတာ။ ဒါတွေကို အေးမြတ်သူ သဘောကျတယ်၊ အမြဲကြည့်ဖြစ်တယ်။

ဟာသကားတွေ သိပ်မလုပ်ဖြစ်သလိုပဲနော်။
ကိုပြေတီဦးနဲ့ ပုပ္ပါးမှာ "ရမ်ဘိုလာပြီ" ဆိုတဲ့ ဟာသကားလေးရိုက်ထားပါတယ်။ အရမ်းတော့ မလုပ်တတ်ဘူး ဒါပေမယ့် လုပ်တတ်သလောက်ကို ကြိုးစားထားပါတယ်။ မကြီးစိုးတို့၊ မခိုင်လေး၊ မစမိုင်းလ်တို့လည်း ပါတယ်။ နောက်ပြီးတော့  "အဆင်လေးပါ" ဆိုတဲ့ဇာတ်ကားကြီးပေါ့။ ဒီနှစ်ထဲမှာတော့ ဟာသကားကြီးနှစ်ကားပေါ့။ အဆင်လေးပါကတော့ ဇာတ်ကောင်တွေအများကြီးပါတယ်။

ဒီနှစ်မှာမှ လုပ်ချင်လာတယ်ဆိုတဲ့ ကာရိုက်တာမျိုးရော ရှိလား။
မရှိဘူး။ အေမြတ်သူက တအားသက်သောင့်သက်သာရှိတယ် ပြောရမလား စိတ်က။ လာတဲ့ဟာကိုပဲ အကောင်းဆုံးလုပ်ပေမယ့် ဘာ လုပ်ချင်တယ်ဆိုပြီး အဲ့လိုကြီးတွေးတာမျိုး မရှိဘူး။ ဒီနှစ်ထဲမှာတော့ ချူဆီကားကြီးထဲက မထက်ဆိုတဲ့ကာရိုက်တာကိုတော့ သဘောကျတယ်။ သေသေချာချာလေး လုပ်ထားတယ်။ မင်းသမီးကလည်း ငါးယောက်တောင်ပါတယ်ဆိုတော့ ပရိသတ်တွေကလည်း အာရုံစိုက်ကြည့်ကြမယ်ထင်ပါတယ်။ ဒါကြောင့် ဘာလုပ်ချင်တယ်ဆိုတာထက် ရလာတဲ့တာဝန်ကိုပဲ အကောင်းဆုံးလေးဖြစ်အောင် လုပ်တယ်။

အခုဆို အနုပညာသက်တမ်းဘယ်လောက်ရှိပြီလို့ ပြောလို့ရလဲ။
ခုနှစ်က ၂ဝဝ၃ ခုနှစ်လား ၂ဝဝ၄ ခုနှစ်လား မသိဘူး။ ရုပ်ရှင်အစည်းအရုံးမှာ အိရွှေစင်ဆိုတဲ့ နာမည်နဲ့ သင်တန်းစတက်ခဲ့တာပဲ။ ဆရာတွေက စည်းကမ်းကြီးပြီး ကိုယ်က ဝါသနာပါလို့လာတတ်ရပေမယ့် ဘာမှလည်းမသိတော့ ကြောက်တတ်ပြီး ဆရာတွေကိုလည်း ကြောက်၊ သင်တန်းတွေပျက်ပြီး အဆုံးထိမတက်တော့ လက်မှတ်မရဘူး။ နောက်မှ ဆရာဦးချိုကြီးတို့ ပွဲတွေမှာ ရှိုးလျှောက်တယ်၊ ပြိုင်ပွဲတွေပြိုင်တယ်၊ ဆရာ ဂျွန်လွင်တို့ရှိုးတွေလျှောက်တယ်၊ အေးမြတ်သူက အရင်က နှစ်ယောက်ရှိတယ်။ အခု မခရစ္စတီးနား သူ့နာမည်က အေးမြတ်သူ၊ အေးမြတ်သူက အိရွှေစင်လေ။ ဆရာဘရိုင်ယန်က ခရစ္စတီးနားကို ဘိုဆန်တယ်ဆိုပြီး သူ့ကို အေးမြတ်သူကနေ ပြောင်းပေးလိုက်ပြီး ကိုယ်က အေးမြတ်သူဖြစ်သွား တာပေါ့နော်။ အခုဆို ၁၃ နှစ်ပေါ့။ အဲ့ ၁၃ နှစ်မတိုင်ခင် အရှေ့မှာတွေကရှိသေးပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အေးမြတ်သူထည့်မတွက်ဘူး ဘာလို့လည်းဆိုတော့ အေးမြတ်သူ အဲ့ဒါတွေက အောင်မြင်အောင်မလုပ်ခဲ့နိုင်သလို ပြီးဆုံးအောင်လည်း အေးမြတ်သူ မလုပ်ခဲ့ဘူး။

အခု အေးမြတ်သူက အရမ်းပြောင်းလဲသွားတယ်လို့ တစ်ချို့ကပြောတယ်။ ဘာတွေပြောင်းလဲသွားတယ်လို့ထင်လဲ။
အဓိက အနေအထိုင် အပြောအဆိုနဲ့ ဝတ်စားမှုပုံပန်းသဏ္ဍန်ပေါ့နော်။ အဲ့ဒါတွေအားလုံးက ပရိသတ်က ပြောင်းပေးတာပါ။ အလုပ်ကိုချစ်တတ်  လာအောင်ပေါ့။ ကိုယ်ရဲ့နေမှုထိုင်မှု ကိုယ့်ရဲ့ ပြောဆိုမှု ကိုယ့်ရဲ့ ဝတ်ပုံစားပုံ အားလုံးကို ပရိသတ်က မကြိုက်ရင် မကြိုက်ဘူးဆိုတာကို ပြောတယ် ဘာလို့မကြိုက်ဘူးဆိုတာကို ပြောတယ်။ ပြီးတော့ သူတို့က  ကိုယ်မဟုတ်တာလုပ်ရင်လည်း သူတို့က  အဲ့တာကို ခွင့်လွှတ်ပေးတယ်ဆိုတော့ ကိုယ့်ကိုယ်ကို သိလာတယ် ငါပြင်ရမယ်ဆိုပြီးတော့။ လူတစ်ယောက်ကို ရိုက်ပြီးတော့ ဆုံးမတာထက်စာရင် လိုက်လျေပြီးတော့ ဖြေးဖြေးချင်းဆုံးမတာ ဘယ်ဟာပိုမြန်လည်းဆိုတာ အေးမြတ်သူက ကိုယ်တွေ့ပဲ ပရိတ်သတ်က ကိုယ့်ကို အဲ့လိုပဲဆုံးမတာ အတင်းကြီး Push မလုပ်ဘူး အတင်းကြီးမပြောဘဲနဲ့ ကိုယ်ကောင်းခဲ့တာတွေလည်း သူတို့လက်ခံတယ် မကောင်းခဲ့တာတွေလည်း ဖြေလျော့ပြီးတော့ သူတို့ဝေဖန်ပေးတယ် အဲ့တော့ ငါပြင်ရမှာပါလား ဆိုပြီးတော့ သိစိတ်နဲ့ပြောင်းလည်းလာခဲ့တာပေါ့။

ပရိသတ်တွေအတွက် အေးမြတ်သူရဲ့ အမှတ်တရ မေတ္တာစကားလေးပြောပေးပါဦး။
အေးမြတ်သူပေါ့နော် ပရိတ်သတ်တွေဆီက မေတ္တာတွေအများကြီးရလို့ အေးမြတ်သူဟာ အခုမှာ အရမ်းကို ကောင်းမွန်နေတဲ့ နေရာတစ်ခုမှာ ရောက်ရှိနေတာပါ။ အေးမြတ်သူကို ထပ်ပြီးတော့ ဆုံးမပေးပါဦး။ အေးမြတ်သူ ပရိတ်သတ်ကို အမြဲတမ်းမေတ္တာထားပါတယ်။ အရမ်းလည်းကျေးဇူးတင်ပါတယ်။ ဘာလို့လည်းဆိုတော့ အေးမြတ်သူ ပရိသတ်ကိုပေးတဲ့ မေတ္တာဆိုတာထက် ပရိသတ်တွေဆီက ရတဲ့မေတ္တာတွေက ပိုများတယ်ရှင့်။ အဲ့တော့ အေးမြတ်သူ အမြဲတမ်းကျေးဇူးတင်နေပါ
တယ်။ ပရိသတ်တွေအားလုံးကို ပြောပြရရင်တော့ အေးမြတ်သူက အတ္တကြီးတယ်။ တစ်ချို့ဆိုပြော  မယ် ပရိသတ်ကို မေတ္တာထားတယ် မေတ္တာရှိတယ်ပြောတယ် အချိန်တန်တော့ ပရိသတ်ကိုထား ခဲ့မှာပဲ အိမ်ထောင်ပြုမှာပဲဆိုတော့ တကယ်လို့ 
အေးမြတ်သူက ဒီအလုပ်ကို မလုပ်ခဲ့ဘူးဆိုရင်တောင် ပရိသတ်ရဲ့ကျေးဇူး ဘယ်တော့မှ မကင်းပါဘူး။ ပရိသတ်ကို ချစ်နေဦးမှာပါ။ ပရိသတ်တွေကတော့ မေ့ကောင်းမေ့သွားနိုင်တယ်ပေါ့ ဒီအလုပ် မလုပ်တဲ့အခါကျရင်ပေါ့။ အေးမြတ်သူဆိုတဲ့
ဘဝတစ်ခုမှာ ဆယ်စုနှစ်တစ်ခုကျော်အထိပေါ့ အခုထိဖြတ်သန်းလာခဲ့တာဟာ မိဘကမွေးပြီးတော့ ၁၅ နှစ်ပေါ့။ ၁၆၊ ၁၇ နောက်ပိုင်းမှာ ဒီပရိသတ်က ကျွေးတဲ့ထမင်းစားခဲ့ရတာပါ။ ပရိသတ်က ကျွေးတဲ့ထမင်းနဲ့ပဲ မိဘကို ပြန်ပြီးလုပ်ကျွေးနိုင်ခဲ့တာပါ။ အဲ့တော့ ပြောရရင် ပရိသတ်ရဲ့မေတ္တာတရား အေးမြတ်သူအပေါ်မှာ ပိုပြီးတော့ ရှိပါတယ်လို့ ပြောချင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
ဟုတ်ကဲ့။ အေးမြတ်သူကလည်း people ကို ကျေးဇူးပါရှင့်။