Primary tabs

အရှုံးများထဲမှ အနိုင်ရဖို့ သင်ခန်းစာတွေရှိတယ် နေမင်းအိမ်

Galaxy Star 2017 ရဲ့ Winner ဆုရှင် နေမင်းအိမ်… သူ ဖြတ်သန်းခဲ့တဲ့ ခရီးလမ်း၊ ပြိုင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲအတွေ့အကြုံ၊ လက်ရှိအနုပညာလှုပ်ရှားမှု၊ လျှောက်လှမ်းနေတဲ့ ဂီတအနုပညာ၊ သူ့ရဲ့ Life Partner နဲ့ မိသားစု... စတဲ့ စတဲ့ အကြောင်း
အရာများနဲ့အတူ အနိုင်၊ အရှုံးတွေထဲက သင်ခန်းစာတွေယူခဲ့တဲ့ နေမင်းအိမ်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကတော့...

နေမင်းအိမ်ရဲ့ လက်ရှိအနုပညာ
အခုလတ်တလောမှာ ကျွန်တော်ပြိုင်ပွဲပြီးကတည်းစီစဉ်ဖြစ်နေတဲ့၊ ကျွန်တော်ကိုယ်တိုင် စီစဉ်ထားတဲ Album လေးကိုဆက်ပြီးတော့ Run နေပါတယ်။ ၅ဝ% လောက်ပြီးနေပါပြီ။ ပရိသတ် တွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် အပြင်ပွဲလေးတွေမှာလည်း သီချင်းတွေ ဆိုဖြစ်နေပါတယ်။

နေမင်းအိမ်နဲ့ တစ်ကိုယ်တော် Album
Album ကို လုပ်ချင်ခဲ့တာကတော့ ပြိုင်ပွဲတွေ မပြိုင်ခင်ကတည်းက ဆန္ဒရှိခဲ့တာပါ။ ဒါပေမဲ့ စီစဉ်ဖြစ်တာကတော့ ပြိုင်ပွဲပြီးသွားတော့မှပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လိုအခုမှစပြီး ကြိုးစားနေတဲ့လူငယ်တွေအတွက်က Supporting ကောင်း
တဲ့ပတ်ဝန်းကျင် လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲမှာလည်း ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ် ရှိခဲ့လို့ Winner Award ကို ရခဲ့တာပါ။ ဒါကြောင့်မို့လို့ Winner Award ပြီးနောက်ပိုင်းမှ Album ကို ထုတ်ဖြစ်ခဲ့တာပါ။ Album ထဲမှာ ကိုတွတ်ပီ (ရေမွန်) ရေးပေးထားတဲ့သီချင်းနှစ်ပုဒ်၊ ကိုအောင်ဖြိုးရေးပေးထားတဲ့ သီချင်းတစ်ပုဒ်၊ ပြီးတော့ ကျွန်တော် ဟိုးအရင်ကတည်းက ဖန်တီးဖြစ်ထားခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းရေးထားပေးတဲ့ သီချင်းလေးတွေပါပါတယ်။ ပြီးတော့ ဆရာဦးညီညီသွင်၊ ကိုအောင်ဖြိုးခိုင်တို့ဆီက သီချင်းလေးတွေလည်းပါပါမယ်။ သီချင်းပုံစံလေးတွေကလည်း ကျွန်တော် Galaxy Star ပြိုင်ပဲမှာ ပြိုင်ခဲ့တဲ့သီချင်းပုံစံမျိုးလေးတွေနဲ့ ကွဲထွက်မနေတဲ့ သီချင်းပုံစံလေးတွေပါပါမယ်။ အချစ်သီချင်းလေးတွေ၊ Slow Rock ပုံစံမျိုးလေးတွေပါပါမယ်။ နောက်ပိုင်းကျရင် ကျွန်တော်ရဲ့ပုံစံပေါ်လွင်စေမယ့်၊ ကျွန်တော့် Trend လို ဖြစ်စေမယ့် သီချင်းပုံစံမျိုးလေးတွေကို ဒီ Album ပြီးသွားရင် လုပ်ဖို့ရှိပါမယ်။

လျှောက်ခဲ့တဲ့ခရီးလမ်း
ကျွန်တော် ဝါသနာပါတဲ့အပြင် သီချင်းတွေကို ဘဝလမ်းကြောင်းအနေနဲ့ စလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာ၂ဝ၁၁ အကုန် ၂ဝ၁၂ ကတည်းကပါ။ အဲလိုစပြီးလျှောက်လှမ်းခဲ့တဲ့အချိန်က ပြိုင်ပွဲတွေ ပြိုင်ခဲ့တာ မဟုတ်ဘဲ တက္ကသိုလ်ကျောင်းသား အရွယ်လည်းဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ ပေါင်းပြီးတော့ တီးဝိုင်းဖွဲ့ဖြစ်တယ်။ သီချင်းတွေကို ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ ဖန်တီးဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့အပြင်ကို ချပြနိုင်လောက်တဲ့အထိ အရည်အချင်းလေးတွေ လိုအပ်နေသေးတာကြောင့် ချမပြနိုင်ခဲ့ကြဘူး။ အဲဒီကနေတဆင့် ကျွန်တော်ပြိုင်ပွဲတွေ ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြိုင်ပွဲတွေကနေတဆင့် လမ်းကြောင်းလေးတစ်ခုရလာခဲ့ရင် အဲဒီလမ်းကြောင်းကနေတဆင့် ကျွန်တော်တို့  ဝါသနာတူ သူငယ်ချင်းတွေနဲ့ လျှောက်လှမ်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲအဲဒီအချိန်ကနေစပြီး ပြိုင်ပဲတွေ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒီ Galaxy Star ၂ဝ၁၇ ပြိုင်ပွဲက ကျွန်တော့်ရဲ့ နောက်ဆုံးပြိုင်တဲ့ ပြိုင်ပွဲ တစ်ခုပါ။

နေမင်းအိမ်ဝင်ပြိုင်ခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲများ
ပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေက ၂ဝ၁၁အကုန်မှာ တော်ဝင်စင်တာမှာလုပ်တဲ့ Fantastic Music Contest မှာပထမဆုံးပြိုင်ခဲ့တာ ပထမဆု Winner ခဲ့ပါတယ်။ နောက်ပြီးဆိုလိုက်ကြစို့ Season 2 မှာ Winner ရခဲ့ပါတယ်။ နောက်  ဂီတတံခါးလေးဖွင့်ပါဦး၊ သံစဉ်လမ်းကလင်းလက်ကြယ်၊ Galaxy Star ပြိုင်ပွဲမတိုင်ခင်လေးကမှ Group Song အနေနဲ့ ထွက်ရှိထားတဲ့ ထာဝရဖဲကြိုးဖြူ White Ribbon Myanmar ဆိုတဲ့ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးအထိမ်းအမှတ်နဲ့ ကျင်းပတဲ့သီချင်းဆို 
ပြိုင်ပွဲမှာ Top Ten Finalist အထိပါခဲ့ပါတယ်။ ပြိုင်ပွဲတော်တော်များများမှာ နိုင်ခဲ့တဲ့ပွဲတွေရှိခဲ့သလို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒီအနိုင်၊ အရှုံးတွေထဲကပဲ အတွေ့အကြုံ၊ သင်ခန်းစာတွေ ယူပြီး Galaxy Star ပြိုင်ပွဲကိုနောက်ဆုံးဝင်ပြိုင်ခဲ့တာပါ။

ပြိုင်ပွဲအတွင်း အမှတ်တရများ
ပြိုင်ပွဲမှာ အမှတ်ရစရတွေကတော့ အများကြီးပါ။ မြန်မာနိုင်ငံကနေ ကိုရီးယားနိုင်ငံအထိ သွားပြီး လေ့ကျင့်သင်ကြားခဲ့ရတာ မြန်မာနိုင်ငံမှာဆို ပထမဆုံးလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်လည်း ကိုရီးယားနိုင်ငံအထိ Training တွေနဲ့ လေ့ကျင့်သင်ကြားမယ်ဆိုတာ အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ တကယ်လည်း Camp ဝင်တဲ့ အချိန်မှာ အကျိုးကျေးဇူးတွေလည်း အများကြီးရှိခဲ့ပါတယ်။ ပြိုင်ပွဲတလျှောက် စပြီးပြိုင်ကတည်းကနေ Level တိုင်းက စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ Level တိုင်းကို ပြိုင်ခဲ့တဲ့အချိန်မှာ ကျွန်တော့်ရဲ့နောက်ဆုံးပြိုင်ပွဲလို့ တွေးပြီးအစွမ်းကုန်ကြိုးစား ပြိုင်ခဲ့ပါတယ်။ ကံဆိုတာကိုလည်း ဗုဒ္ဒဘာသာတိုင်းက ယုံကြည်တဲ့အတွက် ကျွန်တော်လည်းကံကို ယုံကြည်တဲ့အထဲမှာပါပါ တယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကံဆိုတာမပါလာသေးရင်၊ ဖြစ်ချိန်မတန်သေးရင်လည်း မဖြစ်တတ်တာကို ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတော့ ကျွန်တော်ပြိုင်တဲ့ Level တိုင်းမှာ နောက်ဆုံးပြိုင်တယ်လို့ တွေးပြီး ကြိုးစားပြီး ပြိုင်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က Winner ဖြစ်ဖို့၊ နောက်တစ်ဆင့်ကို တက်ဖို့ဆိုတာထက် ကျွန်တော်ပြိုင်လိုက်တဲ့ပွဲလေးမှာအကယ်၍ ကျွန်တော် ကံမပါခဲ့လို့ ပြုတ်သွားခဲ့ရင်တောင် စောင်ကြည့်နေကြတဲ့ဒိုင်လူကြီးမင်းတွေ၊ ဆက်လက်ကြည့်ရှုနေတဲ့ ပရိသတ်တွေ ကျွန်တော့်ကြိုးစားမှုလေး အနည်းငယ်ကိုပဲဖြစ်ဖြစ် အသိအမှတ်ပြုသွားရင်ပဲ ကျွန်တော်ကြိုးစားကျိုးနပ်ပြီဆိုတဲ့စိတ်နဲ့  ကျွန်တော် ယှဉ်ပြိုင်ခဲ့တာပါ။

မိမိကိုယ်ကိုယ်သုံးသပ်မိတာက
ကျွန်တော်သီချင်းတွေကို စပြီးဆိုခဲ့တာ ၅နှစ်၊ ၆နှစ်လောက်ရှိပါပြီ။ ဒါပေမဲ့လည်းအခုချိန်အထိ အရည်အချင်းပြည့်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားခြင်းမရှိသလို၊ ကျွန်တော်တို့က အခုမှ ပြိုင်ပွဲပြိုင်ပြီးတော့မှ ဂီတလောကထဲကို ခြေလှမ်းတစ်လှမ်းလောက်ပဲ  စဝင်ကာစ  ရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့ လူသစ်တစ်ယောက်လို ဖြစ်တဲ့အတွက် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ သင်ကြားရမှာတွေ အများကြီး ရှိပါသေး တယ်။ အဲဒီအတွက်ကြောင့် ကြုံလာမယ့် အခက်အခဲ
တွေကို ကြံ့ကြံ့ခံနိုင်အောင် စိတ်ရော၊ လူရော ပြင်ဆင်ထားပါတယ်။ ပြီးတော့သီချင်းဆိုရာမှာ လိုအပ်မယ့် အသံပိုင်းဆိုင်ရာတွေကို အမြဲလေ့ကျင့်  ပြင်ဆင်နေပါတယ်။ အဓိကကတော့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲတမ်း ပြိုင်နေတာပါ။

အရင်တုန်းကနေမင်းအိမ်နဲ့ အခုနေမင်းအိမ်
အဲဒီတုန်းကသီချင်းတွေနဲ့ ပတ်သက်ပြီး ပြန်ပြောမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ Studio တွေ သွားကြတယ်၊ Recording တွေ ဝင်ကြတဲ့ အချိန်တွေနဲ့ အခု ပြိုင်ပွဲပြီးသွားတော့မှ ပရိသတ် ကို တကယ်ချပြတော့မယ်ဆိုတဲ့အချိန်ကျမှ သီချင်းပေါ်မှာ အားစိုက်ထုတ်ရတာတွေ၊ သီချင်းအပေါ်မှာထားတဲ့ခံစားချက်တွေ၊ ဖီလင်တွေ အားလုံးက မတူတော့ဘူး။ အရမ်းကွာသွားတယ်။ အဓိကကတော့ လွတ်လပ်မှုပဲ။ လွတ်လပ်မှုမရှိတော့သလို ခံစားရတယ်။ ဒါပေမဲ့တဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း အရင်တုန်းကလို သီချင်းတွေကို လွတ်လွတ်လပ်လပ်မလုပ်ရတော့ပေမဲ့ ဖန်တီးလိုက်တဲ့သီချင်းတွေအပေါ်မှာ ဘယ်လိုမျိုးရသမြောက်အောင် Creation တွေ လုပ်မယ်ဆိုတာ မသိခဲ့ဘူး။ အခုအချိန်မှာတော့ သီချင်းတွေအပေါ်မှာ နားဆင်ပေးမယ့် ပရိသတ်တွေရှိတယ်ဆိုတဲ့အသိနဲ့ သီချင်းကို ဘယ်လို Tempo လေး မြင့်တက်လာအောင် ဖန်တီးကြမယ်၊ ကြိုးစားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတွေပါလာပါတယ်။ အရင်တုန်းက လွတ်လွတ်လပ်လပ် လုပ်ရတယ်၊ အခုကျတော့လေးလေးနက်နက်လုပ် ရတယ်ဆိုတဲ့ ကွာဟချက်လေးတွေ ရှိလာပါတယ်။

Galaxy Star နဲ့ စာချုပ်အကြောင်း
Galaxy Star ကိုစပြီး ကြေငြာကတည်းက ပြိုင်ပွဲမှာ Winner တစ်ယောက်၊ ဒီ Winner တစ်ယောက်တည်းကပဲ ဆုကြေးငွေနဲ့ အတူ Solo Album ရယ် ဒီ Solo Album ကို ကိုရီးယားမှာ သွားပြီး ထုတ်လုပ်ခွင့်ရယ်၊ ဒီ Solo Album ကို ကိုရီးယားနိုင်ငံရဲ့ The Show Stage ဆိုတဲ့ စင်ပေါ်မှာဖျော်ဖြေခွင့်ရယ် ဒီလိုမျိုးအကျိုးခံစားခွင့်တွေနဲ့ အတူကြေငြာခဲ့တာပါ။ တကယ်ပြိုင်ပွဲတွေပြိုင်ပြီးသွားလို့ Winner တစ်ယောက်ပေါ်လာတဲ့အချိန်မှာလည်းအားလုံး ရှေ့မှာဆုကြေးငွေချီးမြှင့်ပွဲလည်းလုပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့စာချုပ်ကိုဘာလို့ ဖျက်သိမ်းပစ်လိုက်လည်းဆိုတော့ ကျွန်တော့်အနေနဲ့ ပြိုင်ပွဲရဲ့ Theme ဖြစ်တဲ့ World Star တစ်ယောက်ဖြစ်နိုင် မယ့်အခွင့်အရေးထက် မြန်မာနိုင်ငံမှာပဲသီချင်း တွေကို အားပေးနားဆင်နေကြတဲ့ ပရိသတ်တွေ ရင်ထဲကိုရောက်အောင်ဆိုနိုင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ ထင်တဲ့အတွက် အဲဒါက ကျွန်တော့်အတွက် ပထမခြေလှမ်းလို့ ပိုယုံကြည်တဲ့အတွက် မြန်မာနိုင်ငံမှာ ရှိတဲ့လူတွေလက်ခံနိုင်မယ့် အဆိုတော်တစ်ယောက်ဖြစ်ဖို့က ပထမဆုံးရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြိုင်ပွဲကတာဝန်ရှိသူတွေရဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော့်ရဲ့ရည်ရွယ်ချက်၊ အားလုံးကတော့ ကောင်းသောရည်ရွယ်ချက်တွေပါပဲ။ လမ်းကြောင်းလေးမတူတဲ့အတွက် ဆွေးနွေးခဲ့ကြပေမဲ့ဆွေးနွေးမှု အဆင်မပြေတဲ့အတွက် ကြောင့် နှစ်ဦးသဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်ကြတာပါ။ ပြီးတော့ Solo Album လုပ်ပေးဖို့က သီချင်းအသစ်တွေကို စီစဉ်ပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် အချိန်အနည်းငယ် စောင့်ဆိုင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် Galaxy Star ဘက်ကSolo Album အတွက် ဆက်သွယ်လာမ့ယ်အချိန်ကိုပဲ ကျွန်တော့်ဘက်ကစောင့်ဆိုင်းနေပါတယ်။

နေမင်းအိမ်နဲ့ Social Network
ပြိုင်ပွဲပြီးကာစကနေ ကျွန်တော်တို့ကို Winner Award ချီးမြှင့်ပေးတာ မလုပ်ခင်အချိန်အထိတော့ Social Network မှာ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေနဲ့ နီးနီးစပ်စပ်လေး ထိတွေ့ဖြစ်ခဲ့တယ်၊ ကျွန်တော့်ကို ချစ်တဲ့ပရိသတ်တွေက စီစဉ်ပေးထားတဲ့ Fan Meeting လေးတွေလည်း လုပ်ပေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် Album စစီစဉ်တဲ့ အချိန်ကနေပြီးတော့ အခုအချိန်အထိမှာတော့ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကို ကျွန်တော့်ရဲ့ Facebook ကနေ
တဆင့် နှုတ်ဆက်စကားပြောဖြစ်တာကလွဲရင် ကျန်တဲ့အရာလေးတွေ ပြန်လုပ်ပေးဖို့တော့ တော်တော် လေး ပျက်ကွက်နေခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော့်ကိုစောင့်မျှော်အားပေးနေတဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်။ အဲဒီအတွက်ကို အချိန်မပေးနိုင်တဲ့ အကြောင်းအရင်းကလည်း အခုစီစဉ်နေတဲ့ Album အတွက် နေ့ရော၊ ညရောမနားဘဲ အရမ်းကြိုးစားပြီး စီစဉ်နေရတာကြောင့်ရယ်၊ ဒီ Album လေးကလည်း ကျွန်တော့်ဘဝမှာ ပထမဦးဆုံးAlbum လေးလည်း ဖြစ်တာကြောင့်ပါ။ ဒီသီချင်းတွေကို အကောင်းဆုံးဖြစ်အောင် စိတ်ရော၊ လူရောနှစ်ပြီး အားစိုက်ထားတာကြောင့် ကျွန်တော်နဲ့ အဆက်အသွယ်ခဏတာပြတ်နေတဲ့ ပရိသတ်တွေကိုလည်း အထူးတလည် တောင်းပန်ပါတယ်။ ခွေထွက်လာရင်လည်း ကျွန်တော်ဘယ်လောက်ကြိုးစားထားတယ်ဆိုတာကို ထင်သာ၊ မြင်သာရှိအောင် နားဆင်ခွင့်ရမှာ ဖြစ်ပါတယ်။

နေမင်းအိမ်ရဲ့ ဘဝလက်တွဲဖော်နဲ့ မိသားစုအကြောင်း
ကျွန်တော်နဲ့ ကျွန်တော့်ဇနီး မေနဲ့က အိမ်ထောင်သက်တမ်း ၃ နှစ် ကျော်ခဲ့ပါပြီ။ ကျွန်တော်နဲ့ သူနဲ့က အိမ်ထောင်သက် ၃ နှစ်မတိုင်ခင် ချစ်သူသက်တမ်း ၉ နှစ်ကျော်ခဲ့ပါပြီ။ အထက်တန်းကျောင်းပြီး တက္ကသိုလ်စတက်တဲ့ အချိန်ကတည်းက အခုအချိန်အထိပါပဲ။ အရင်တုန်းကတော့ သူငယ်ချင်းအနေနဲ့တစ်မျိုး၊ ချစ်သူအနေနဲ့ တစ်ဖုံပေါ့။ အခုကျတော့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် သူငယ်ချင်းအနေနဲ့လည်း ရှိနေတုန်းပဲ၊ ကျွန်တော့်ရဲ့ဆွေးနွေးပေါ်၊ ဆွေးနွေးဖက်လိုမျိုးလည်း နေပေးတယ်၊ ဇနီးတစ်ယောက်အနေနဲ့လည်း အခုအချိန်အထိ ပါရမီဖြည့်ဘက်တစ်ယောက်အနေနဲ့ နေပေးပါတယ်။ ဟိုးအရင်ချစ်သူ ဘဝကတည်းက ဂရုစိုက်ခဲ့တာမဟုတ်ပါဘူး၊ အခုအိမ်ထောင်ကျတဲ့အချိန်မှာလည်း ဆက်ပြီး ဂရုစိုက်တုန်းပဲ။ အထူးသဖြင့် ကျွန်တော် Galaxy Star ပြိုင်ပွဲတလျှောက်လုံးမှာ သူ့ရဲ့ပံ့ပိုးပေးမှုတွေ၊ အကြံဥာဏ်တွေ၊ ဂရုစိုက်မှုတွေ မပါဘဲနဲ့ ကျွန်တော် ဒီ Level တွေ၊ နောက်ဆုံးပြိုင်ပွဲကာလ Camp ဝင်နေတဲ့အချိန်အတွင်း စိတ်ရှုပ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ ကြုံခဲ့ရင်တောင် သူ့ရဲ့အားပေးစကားတွေကြောင့် ကျွန်တော်ဒီလိုတွေ ဖြတ်ကျော်လာနိုင်ခဲ့တာပါ။ အခုအချိန်အထိလည်း ကျွန်တော်သီချင်းဆိုဖို့၊ ဖျော်ဖြေပွဲတွေသွားမယ်ဆိုရင်လည်း ပွဲနဲ့လိုက်မယ့် အဝတ်အစားကအစ သီချင်းကိစ္စ စီစဉ်တဲ့အခါမှာ လိုအပ်တဲ့အကြံဥာဏ်တွေ၊ ကောင်းတဲ့အကြံဥာဏ်တွေ အခုချိန်အထိလည်း ပေးနေတုန်းပါပဲ။ သားလေးကတော့ ၂ နှစ်ကျော်သွားပါပြီ။ လက်ရှိအချိန်အထိတော့ ဖခင်တစ်ယောက်အနေနဲ့ ပြိုင်ပွဲပြီးကတည်းက ကိုယ်ဖြစ်ချင်တဲ့ ဂီတအပေါ်ကိုပဲ အရမ်းအာရုံစိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် သားလေးအပေါ်ပြည့်ပြည့်ဝဝ အချိန်ပေးနိုင်တာ မရှိသေးဘူး။ အဲဒီအတွက်လည်း အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မိသားစုအပေါ် အချိန်ပေးနိုင်မယ့်နေ့ကို ရောက်လာမှာပါ။ အဲဒီအတွက်လည်း ကျွန်တော်ကြိုးစား နေပါတယ်။ 

ပရိသတ်အတွက်
ကျွန်တော်အခုစီစဉ်နေတဲ့ Album လေးကို မကြာခင်မှာထွက်ရှိလာနိုင်အောင် အကောင်းဆုံး ကြိုးစားနေပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ Album လေးကို ၂ဝ၁၈၊ ၂ လပိုင်းအတွင်းမှာ ထွက်ရှိနိုင်အောင် အကောင်းဆုံးနဲ့ အမြန်ဆုံးကြိုးစားနေပါတယ်။ စိတ်ရော၊ လူရော နှစ်ပြီး ကြိုးစားထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီ Album လေး ထွက်ရှိလာခဲ့ရင်လည်း နားထောင်ပြီး ဝေဖန်ပေးကြဖို့ မျှော်လင့်ပါတယ်။ မကြာခင်အချိန်မှာလည်း ကျွန်တော့်သီချင်းခွေနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေကို ကျွန်တော့်ရဲ့ Facebook ကနေတဆင့် တင်ပေးပါမယ်။ အားလုံးလည်း နားဆင်ပေးပါလို့ ပြောချင်ပါတယ်။

Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Hair& Makeup - Li Li Own(Htet Pop Soul)
Outfit - Y Stone