Primary tabs

သားစိုးရဲ့ ဂီတသွေးလေးနဲ့တစ်နေ့တာ

အမြဲတမ်းပြုံးချိုနေတဲ့ မျက်နှာလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတတ်တဲ့ ကလေးလေး။ စကားပြောတာကလည်း လူကြီးလေးတစ်ယောက်လို သေသေချာချာကျကျနန...။

မေးသမျှကိုလည်း ဂဃနဏပြန်ဖြေတတ် ရှင်းပြတတ်သလို တစ်ခါတလေ သူရဲ့ခပ်တည်တည်လှိမ့်လုံးတွေကြားမှာ ကိုယ်တွေလူကြီးတွေ ပြန်မျောပါသွားတောင် အတည်ပေါက်နဲ့ ရွှီးတတ်တဲ့ ဥာဏ်ကျယ်လေးပါ။

ဥပမာ- သူ့အိမ်မှာ Piano နဲ့ ကလေးထိုင်ခုံ လေးတွဲထားတာတွေ့တော့ သား Piano တီးပြပါ လားလို့ ပြောတာကို သူမတီးပြချင်တော့ "အဲဒါက  သားငယ်ငယ်လေးတုန်းကတီးတာ။ သားအခုမေ့ တောင်နေပြီ "လို့ ရုပ်တည်လေးနဲ့ ပြောတာကို People ရိုက်ကူးရေးအဖွဲ့တွေကလည်းယုံသွားကြတယ်။ ကိုသားစိုးရောက်လာမှ "ဘယ်ကဟုတ် ရမလဲ... ဒါ သူညနေတိုင်း အတီးသင်နေတဲ့ Piano ပါဗျာ" ဆိုမှ ကလေးရဲ့အကွက်ထဲဝင်သွားတဲ့ ကိုယ်တွေလည်း ရှက်ရှက်နဲ့ ရယ်ကြရတယ်။

သူ့အဖေကိုယ်တိုင်က တီးခိုင်းတော့မှ သူလည်းမနေသာတော့ဘဲ ကဗျာလေးရွတ်ရင်း တီးပြရှာတယ်။ 

အဲဒီအချိန်မှာ သူက Piano တီးပြဖို့ထက် သူအရမ်းကြိုက်တဲ့ စူပါဟီးရိုးဇာတ်ကောင်တွေအကြောင်း ကိုယ်တွေကို သေချာအိုက်တင်အပြည့် နဲ့ ရှင်းပြဖို့ကို ပိုအားသန်နေတာမို့ပါ။

ဒီငါးနှစ်အရွယ် သားလေးကတော့ အဆိုတော်သားစိုးရဲ့ လက်ရှိတစ်ဦးတည်းသားလေး ထက်အာကာစိုး (ခ) ပန်းသီးလေးပါ။

ပန်းသီးလေးနဲ့ပတ်သက်ပြီး အဆိုတော် သားစိုးပြောပြခဲ့တာက...

"သားရဲ့ပုံမှန်တစ်နေ့တာ အချိန်ဇယားက မနက်ဆို ၇ နာရီလောက်ထရတယ်။ ကျောင်းသွားတယ်။ ကျောင်းကပြန်လာရင်ဆော့တယ်။

ဆော့ပြီးရင် Piano သင်တယ်။ ပြီးရင် အိမ်မှာဆော့တာပဲပေါ့။ သူ့ကို Piano တီးဖို့တစ်ချိန်ကလွဲရင် တခြားအချိန်သတ်မှတ်ပေးထားတာ မရှိဘူး။ သူက တစ်ချိန်လုံးကစားနေတာ။ ငယ်တုန်းပဲ ကစားတာ လွတ်လွတ်လပ်လပ်ပဲထားတယ်။။ ကျူရှင်တွေဘာတွေ လုံးဝမထားဘူး။ ကျွန်တော့်တုန်းကလည်း မတက်ခဲ့ဘူး။ သူ့ကိုလည်းထားမှာ မဟုတ်ဘူး။

"သားက ဂီတကိုဝါသနာပါတယ်။ သီချင်းတွေဆိုတယ်။ ကဗျာတွေရွတ်တယ်။ တစ်ချိန်လုံး သီချင်းပဲ ကဗျာပဲရွတ်တာတွေများတယ်။ 

တခြားကလေးတွေကို တခြားအရမ်းဆော့တာမရှိဘူး။ အဓိကကတော့ သူဂီတကိုဝါသနာပါတယ်။ ပြီးတော့ သူကြိုက်တဲ့ Captain America ၊   Advengers ဇာတ်ကောင်တွေလို ဝတ်စုံအပြည့်ဝတ်ပြီးတော့ ရုပ်ရှင်ထဲကလို သရုပ်ဆောင်ပြတယ်။ တစ်ခါတလေကျရင် သူ့ကိုထိန်းတဲ့အိမ်က အစ်မတွေကိုပါ ဇာတ်ကောင်တွေလုပ်ခိုင်းပြီး ရုပ်ရှင်ထဲကအတိုင်း ဘယ်သူကလူဆိုး ဘယ်သူက ဘာဆိုတာမျိုး သူကဇာတ်ညွှန်းလုပ်ပြီး သူကိုယ်တိုင် ဒါရိုက်တာ မင်းသားပေါ့ အဲလိုတွေ ကစားတတ် တယ်"

သူ့ကစားစရာတွေကတော့ ခြံဝင်းထဲမှာ လေထိုးပျော့အိကစားကွင်းနဲ့ စက်ဘီးတွေနဲ့ ကစားစရာအစုံကို အိမ်ဘေးခြံထဲမှာ သီးသန့် ဂိုဒေါင်တစ်ခုဆောက်ပြီး ထားထားတာတွေ့လို့ ကစားစရာတွေအကြောင်းလည်း မေးကြည့်ခဲ့မိတယ်။ 

 

"ကစားစရာတွေကတော့ သူ့ရဲ့နိုင်ငံခြားက အဘွားရော၊ အဒေါ်တွေရောက အင်မတန်အရုပ်ဝယ်ပေးကြတာ။ ပျော့အိကစားကွင်းကိုလည်း မွေးနေ့လက်ဆောင်ဝယ်ပေးထားတာ။ စက်ဘီး တွေရော။ သူကြိုက်တဲ့ Star Wars ဓားတွေဆိုလည်း အစုံလိုက်ဝယ်ပေးထားကြတာနဲ့ အိမ်မှာက အခုဘယ်လိုလဲဆိုတော့ ကလေးအရုပ်ဂိုဒေါင်လို ဖြစ်နေတယ်။ အစုံပဲ။ တချို့အရုပ်တွေကိုလည်း ပြန်လှူတယ်။ 

"အခုဆို သူနဲ့အတူ ကဒ်ဂိမ်းတွေ ကစားပေးတယ်။ မိုနိုပိုလီကို နားလည်အောင်သင်ပေးထားတယ်။ သူအတော်ကျွမ်းနေပြီး ၅ နဲ့ ၅ ပေါင်း ရင် ၁၀ ဆိုတာမျိုး တန်းထွက်တယ် အဲဒါမျိုး။ အဓိက ကတော့ သူကဂီတကိုဝါသနာပါတော့ Music Notes တွေ နားလည်အောင် အခုကတည်းက သင်ပေးထားတယ်။ Piano သင်ပေးထားတယ်။ ဒိုရေမီဖာဆိုလာသိအောင် သင်ပေးထားတယ်"

"ညတိုင်း သူ့ကိုစာဖတ်ပြရတယ်။ သူစိတ်ဝင်စားတာက သူကြိုက်တဲ့စူပါဟီးရိုးတွေ Captain America, Star Wars, Iron Man အကြောင်းတွေ ဖတ်ပြရတယ်။ သူကတစ်ခုခုဆို ဘယ်က ဘယ်လိုစဖြစ်လာတယ်ဆိုတာမျိုးကအစ သိချင်တယ်။ မြန်မာစာတွေလည်း သိအောင်ပြောပြပေးထားတယ်။ မဟော်သဓာဆို သူတော်တော်ကြိုက်တယ်။ လူထုဦးလှတို့ ဒေါ်အမာတို့ရဲ့တိုင်းရင်းသားရိုးရာပုံပြင်တွေ၊ မောင်ပေါက်ကျိုင်းလို မြန်မာ ရှေးခေတ်ကပုံပြင်တွေ ပြောပြထားတယ်။ သူတော်တော်များများတော့ သိနေပါပြီ"

တကယ်ကို ဂီတသွေးတွေစီးဆင်းနေတဲ့ မျိုးဆက်သစ်သားလေးပါ။ သူ့အဖေ သူ့အကြောင်းကိုပြောပြနေတဲ့တစ်လျှောက်လုံးမှာ သူ့ဘာသူ ဆော့ကစားနေရင်း သီချင်းဆိုနေ ကဗျာရွတ်နေတဲ့ အသံလေးတွေကို အဆင်မပြတ် ကြားနေရပါတယ်။ Piano လေးနဲ့ ဆိုတီးပြတာလေးကို People ပရိသတ်များတွေ့မြင်နိုင်ဖို့ ဗီဒီယိုဖိုင်လေးရိုက်ကူးထားခဲ့ပါတယ်။ ဒီကဏ္ဍလေးကို People Magazine Website မှာလည်း ဗီဒီယိုဖိုင်နဲ့ ဖော်ပြထားတာမို့ www.people.com.mm မှာလည်း ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။


Photo & Retouch - Thardu Ko Ko