Primary tabs

ဘာမဆိုလုပ်နိုင်တယ်

“စိတ်ဓာတ်တွေအရမ်းကျလာပြီဆိုရင် သန္တာဆွေက အတော်ဆုံးပဲ။ ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ။ ဘာမဆိုရင်ဆိုင်နိုင်တယ်။ ကိုယ့်ကိုယ်ကို အဲ့လိုရွတ်ပြီး အားပေးရတယ်။ အဲ့လိုအားပေးလိုက်ရင် ဘာမဆိုလုပ်နိုင်သွားတယ်။ ရင်ဆိုင်နိုင်သွားတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ထားတယ်။ စိတ်က အဓိကပါပဲ” လို့ဆိုသူကတော့ Prestige Event Management Co.,Ltd. ကို ဦးစီးလုပ်ကိုင်နေတဲ့ မသန္တာဆွေပါ။ သူမပြောပြတဲ့ဖြတ်သန်းမှုများကတော့...

ငယ်ဘဝ
ဇာတိက ရန်ကုန်ကပါပဲ။ မိသားစုလေးယောက်ရှိတယ်။ ညီမလေးက အထက်တန်းပြ ကျောင်းဆရာမ။ အဖေ့ဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်ခဲ့တဲ့ သာမန်မိသားစုမှာ ကြီးပြင်းခဲ့ပါတယ်။ အဖေနဲ့ အမေက သမီးနှစ်ယောက်ကို အရမ်းလက်ပွန်းတတီး ထိန်းကျောင်းခဲ့တာမရှိဘူး။ သူများကို နားလည်တတ်ရမယ်။ ကူညီတတ်ရမယ်။ စိတ်ကောင်း နှလုံးကောင်းထားရမယ်။ ဖေဖေ့ဆီက အဲဒါတွေရတယ်။ မေမေက ထက်မြက်တယ်။ မိသားစုကို ကောင်းကောင်းထိန်းကျောင်းနိုင်တယ်။
စည်းကမ်းကြီးတယ်။ စာကို ကြိုးစားခဲ့ရတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကနေ ဝါဏိဇ္ဇဗေဒ (B.Com) နဲ့ ကျောင်းပြီးခဲ့တယ်။ B.Com ပြီးသွားတဲ့အချိန်မှာ M.Com ဆက် တက်ဖို့ အမှတ်မှီလို့ ဆက်တက်ခဲ့တယ်။ ဒါပေမဲ့ M.Com အပြီးထိ မတက်ဖြစ်ခဲ့ဘူး။ 

ပထမဆုံးအလုပ်ခွင်
တက္ကသိုလ်ပထမနှစ်ကို စတက်တဲ့အချိန်မှာကတည်းက အလုပ်လုပ်နေပြီ။ ဘာအလုပ်လဲဆိုတော့ မူကြိုလေးတွေကို စာသင်တဲ့ အလုပ်။ ညီမလေးကလည်း အဲဒီ့အချိန်မှာ ကိုးတန်းဆိုတော့ သူ့ပညာရေးအတွက် လုပ်ပေးနေတဲ့ ဖေဖေ့ကိုသနား
တယ်။ တက္ကသိုလ်ဆက်တက်မယ့် ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ ဒါကြောင့် အဲဒီ့အလုပ်ကို လုပ်ရင်း ကျောင်းတက်ခဲ့တယ်။ ဒီလိုနဲ့ ပထမတစ်ခုဘွဲ့ပြီးသွားတယ်။ B.Com နဲ့ စာရင်းကိုင်အလုပ် ၀င်လုပ်မယ်ဆိုပြီး အောင်စာရင်းစောင့်တယ်။ မထင်မှတ်ဘဲ အယောက် (၃၀၀)ကျော်မှာ (၁၅) ယောက်ပဲ M.Com တက်ဖို့ အဆင့်မှီတဲ့စာရင်းထဲ ကိုယ်ပါနေတော့ လမ်းကြောင်းက တစ်မျိုးပြောင်းသွားတယ်။ နောက်သုံးနှစ်ဆက်တက်ဖို့ကို တက်လည်းတက်ချင်တယ်။ ကိုယ့်အတွက်လည်း မိဘကို ဝန်မပိစေချင်တော့ ဆယ်တန်း guide လုပ်ရင်း ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာခဲ့တယ်။ M.Com တက်ရင်းတစ်ဖက်ကလည်း အပြင်သင်တန်းတွေတက်ပြီး ABE ပေးတဲ့ Marketing Managemnt Diploma လည်းယူခဲ့တယ်။ 
အလုပ်လုပ်ရင်း ကျောင်းတက်ရတဲ့ဘ၀ဖြစ်တဲ့အတွက် အရမ်းကို ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ အတန်းဖော်တွေက သိပ်ကောင်းတယ်။ ကိုယ့်ကိုစောင့်ရှောက်ခဲ့တယ်။ သူတို့ကိုကျေးဇူးတင်ရပါတယ်။ 

အမှတ်တရ
အလုပ်လုပ်ရင်း M.Com တက်ရတုန်းက မနက်ဆို (၄) နာရီမှာ အိပ်ရာထရတယ်။ တောင်ဥက္ကလာကနေ သန်လျင်ကို စာသွားသင်ရတယ်။ မနက် (၉)နာရီခွဲလောက်မှ ကျောင်းရောက်တယ်။ နေ့လယ် (၂) နာရီခွဲလောက်ဆို အတန်းပြီးတယ်။ အိမ်ကိုပြန်လာတယ်။ စာသင်ပြီး ည(၁၁)ခွဲလောက် အိမ်ပြန်ရောက်ရင် ကျောင်းက ကိုယ့် assignment တွေလုပ်ရတယ်။ တစ်ခါတလေ assignment လုပ်နေရင်း စားပွဲပေါ်မှာပဲ အိပ်ပျော်သွားတယ်။ အဲ့ အချိန်တွေက ပြန်မတွေးချင်လောက်အောင် ပင်ပန်းခဲ့တယ်။ 

ဒုတိယအလုပ်ခွင်
ကျောင်းတက်ရင်းတစ်ဖက်က Study guide လုပ်ခဲ့ပေမဲ့ သင်ထားတဲ့ပညာတွေနဲ့ အသုံးပြုပြီး စီးပွားရေးကိုပဲ လုပ်ချင်ခဲ့တယ်။ ဒါ့ကြောင့် guide ဘ၀ကို စွန့်ပြီး ကုမ္ပဏီအလုပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ပန်းလှိုင်ဆေးရုံမှာ Media Planner 
အနေနဲ့ စလုပ်ခဲ့တယ်။ MHR မှာ သင်တန်းတက်ခဲ့တုန်းက ကိုယ့်ကိုစာသင်ပေးတဲ့ဆရာက ပန်းလှိုင်ဆေးရုံကို မန်နေဂျာအဖြစ်ရောက်နေတယ်။ သူက ဒီလိုရာထူးတော့ခေါ်နေတယ်။ လာလျှောက်ကြည့်ပါဆိုတာနဲ့ ဆရာ့ဆီကလည်း အများကြီး
သင်ယူနိုင်တဲ့အတွက် သွားလျှောက်လိုက်တယ်။ အလုပ်အပြောင်းအလဲမှာ အခက်အခဲတွေ အများ ကြီးရှိခဲ့တယ်။ ဒါပေမဲ့ကိုယ်သင်ထားတဲ့ ပညာတွေကို စာတွေ့အပြင် လက်တွေ့လည်းရမှာဖြစ်တဲ့ အတွက် ကြိုးစားလုပ်ခဲ့တယ်။ နောက်ပြီး ကိုယ် တွေလို သာမန်မိသားစုဘ၀မှာကြီးပြင်းရတဲ့ လူတွေအတွက် တစ်နေ့မှာ ကိုယ်ဖြစ်ချင်တဲ့နေရာတစ်နေရာကိုရောက်ဖို့ အရင်းအနှီးပြုစရာက အချိန်ပဲရှိတယ်။ ဘာပဲဖြစ်ဖြစ် တောင့်ခံနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ဖြတ်သန်းခဲ့တယ်။ ပန်းလှိုင်မှာ နှစ် နှစ်နီးပါးလောက်ကြာခဲ့တယ်။ 

အမှတ်တရ
ကိုယ့်အတွက်က freelance မဟုတ်ဘဲ လုပ်ခဲ့တဲ့ ပထမဆုံးအလုပ် အတွေ့အကြုံဆိုတော့ အမှတ်တရတွေက အများကြီးပဲ။ ပြောပြလို့တောင် မကုန်ဘူး။ ပေါင်းသင်းဆက်ဆံရေးကောင်းသွား တယ်။ ကိုယ်သိထားတဲ့သီအိုရီတွေက လက်တွေ့
ထဲ ရောက်သွားတယ်။ လက်တွေ့မှာတော့ ဒီလိုလုပ်ရင် ဒါတော့ဖြစ်တယ်ဆိုတာသိသွားတယ်။ နောက်ပြီး ကိုယ်က ဘယ်နေရာမှာ အားသာလဲဆိုတာလည်း သိလာတယ်။ ကိုယ်က စိတ်ကူးကောင်းတယ်။ ဖန်တီးရတာကို ကြိုက်တယ်။ ဒါကြောင့်လည်း အခုချိန်မှာ ဒီအလုပ်ကို လုပ်ဖြစ်နေတာပါ။

တတိယအလုပ်ခွင်
ပန်းလှိုင်ပြီးတော့ TMW ကိုရောက်ခဲ့တယ်။ Sony ရဲ့ Local Site မှာ လုပ်တာ။ (၄) နှစ်လောက်ကြာခဲ့တယ်။ Marketing Communication အနေနဲ့ ပြောင်းခဲ့တယ်။ အဲဒီ့အလုပ်ကနေလည်း အများကြီး သင်ယူလေ့လာခဲ့တယ်။ အဲဒီ့အလုပ်ကို
ရဖို့ အင်တာဗျူးလည်း ခက်ခက်ခဲခဲဖြေခဲ့ရတယ်။ ရေးဖြေရော၊ နှုတ်ဖြေရော အဆင့်များစွာဖြေရတဲ့အပြင် တော်တော်လည်းစောင့်ခဲ့ရတယ်။ TMW ရဲ့ Marketing Department မှာ ပညာ တော်တော်ရခဲ့တယ်။ MarketingPlan ဆွဲပြီး အဆင့်ဆင့်ဘယ်လိုလုပ်ရမလဲဆိုတာတွေလည်း သိခဲ့ရတယ်။ တစ်နှစ်စာ Prommotion Plan တွေ Campaign တွေလည်း ဆွဲတတ်လာခဲ့တယ်။ အမြင် ပိုကျယ်လာတာပေါ့နော်။ နောက်တစ်ခုက ပွဲတွေအများကြီးစီစဉ်ခဲ့ရတယ်။ အဲဒီ့ပွဲအတွေ့
အကြုံတွေကတော့ ကိုယ့်ကို ခုထိအကျိုးပြုနေတဲ့ အတွေ့အကြုံဆိုပါတော့။ အလုပ်ဝင်ပြီး ၂နှစ်ကျော် ၃နှစ်လောက်မှာ ပွဲတွေကို ကိုယ်တိုင် Plan ချပြီး စီစဉ်လာရတယ်။ Idea တွေ များကြီးထည့်ပြီး လုပ်ခဲ့ရတဲ့ပွဲတွေရှိတယ်။ Sigapore Site ကနေ ရလာတဲ့ Idea တွေ Design တွေလဲရှိတယ်။ အဲ့တာတွေ အကုန်လုံးကို ပေါင်းစပ်ဖန်တီးရတယ်။ အရမ်းကောင်းတဲ့ အတွေ့အကြုံတွေရခဲ့တယ်။ 

TMW အမှတ်တရ
TMW မှာရခဲ့တဲ့ အတွေ့အကြုံတွေထဲက အမှတ်တရဆိုရင် ပြောမပြနိုင်လောက်အောင် အများကြီးရှိပါတယ်။ တကယ့်ကို Second Home လို့ပြောလို့ရလောက်အောင် Sony Marketing Team တခုလုံးက မိသားစုကြီး ဖြစ်ခဲ့တာပါ။ Sales   Team က promotion လုပ်ချင်တယ်ဆိုရင် ကိုယ်တွေ Marketing Team က ဘာတွေ support ပေးမလဲဆိုတာမျိုး Meeting တွေလုပ်ကြ တိုင်ပင်ကြနဲ့ အရမ်းပျော်ဖို့ကောင်းခဲ့တယ်။ ခရီးတွေ အတူတူသွားခဲ့တယ်။ ဒီ Brand အတွက် စိတ်ကူးထားသမျှ ဖန်တီးခွင့်ရခဲ့တယ်။ Stress တွေ အများကြီး၊ last minute တွေ အများကြီးကြားထဲမှာ အလုပ်ပြီးအောင်၊ အောင်မြင်အောင်လုပ်ရတာတွေ၊ team တစ်ခုနဲ့ တစ်ခု ပူးပေါင်းဆောင်ရွက်ရတာတွေက အခုလို ကိုယ်ပိုင်လုပ်ငန်းမှာ ခံနိုင်ရည်ရှိစေတဲ့ အ ကြောင်းအရာတွေဖြစ်ခဲ့တယ်။

နောက်ပြီး TMW အကြောင်းပြောမယ်ဆို ကိုယ့်ဆရာသမားတွေအကြောင်း ချန်ထားလို့မရ ဘူး။ ကိုယ့်ကို TMW ရောက် အောင်ခေါ်ယူတဲ့ ဆရာ ရှိတယ်။ ဆရာက အခုဆို ကိုယ်ပိုင်လုပ်ငန်းနဲ့။ ဆရာအလုပ်ထွက်သွားပြီးနောက်မှာ ကိုယ့်ဆရာ
ဖြစ်လာတဲ့သူက မလွင်လွင်မြ။ အများကြီးစောင့်ရှောက်ခဲ့တယ်။ လုပ်ပိုင်ခွင့်ပေးခဲ့တယ်။ အစ်မဆီကနေ ကိုယ်ဘာတွေ ရလိုက်သလဲလို့စဉ်းစားရင် သူ့လက်အောက်ကလူတွေကို လုပ်ပိုင်ခွင့်ပေးရမယ်ဆိုတာပဲ။ သူတို့မလုပ်တတ်လောက်ဘူးဆိုပြီး ကိုယ်ကနေရာတကာဝင်လုပ်နေရင် ကိုယ့်မှာလည်း ၀န်ထုပ်ဝန်ပိုးဖြစ်သလို Project လည်း မအောင်မြင်တတ်ဘူး။ ကိုယ့်အောက်က လူတွေလည်း ဘယ်တော့မှလုပ်တတ်မှာမဟုတ်ဘူး။ အစ်မနဲ့လုပ်ခဲ့တုန်းက အစ်မက လုပ်ပိုင်ခွင့်အပြည့် ပေးထားတော့ ကိုယ်တွေက သူယုံကြည်လွှဲအပ်ထားတာနဲ့ တန်အောင် အပြည့်ကြိုးစားရတယ်။ 

ကိုယ်ပိုင်လုပ်ငန်းအစ
TMW မှာလုပ်နေရင်းနဲ့ Advertising လုပ်ငန်းလေးကိုစလုပ်ဖြစ်တယ်။ ၀န်ထမ်းဆိုလို့ (၁) ယောက်တည်းရယ်။ ဒါပေမဲ့ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ကစလုပ်မယ်ဆိုရင် အဲ့ဒီအလုပ်လေးလုပ် ထားရင်း TMW မှာလည်း ဆက်လုပ်နေခဲ့တယ်။ နောက်တော့ လုပ်ငန်းလေးကို ဖိဖိစီးစီးလုပ်မယ်ဆိုပြီး TMW ကနေ အလုပ်ထွက်ခဲ့တယ်။ ဒီလိုနဲ့ပဲ Arrow Green Advertising & Event Management ဆိုပြီး စတင်ပြီး အလုပ်တွေလုပ်ဖြစ်ခဲ့တယ်။ Project တွေ Event တွေ စီစဉ်ခဲ့ရသလို Advertising အပိုင်းနဲ့လဲ အလုပ်လေးတွေ လုပ်ခဲ့ရတယ်။ (၂) နှစ်လောက် Run ပြီးချိန်မှာ ဘာစတွေ့လာရ လဲဆိုတော့ Advertising လုပ်တဲ့သူတွေ အရမ်း များလာတယ်။ ကိုယ့်မှာရှိတဲ့ Knowledge နဲ့ လူအင်အားက company အကြီးတွေကို မယှဉ်နိုင်ဘူးဖြစ်နေတယ်။ ဒီလုပ်ငန်းကို ဆက်လက်ကြီးထွားဖို့ဆိုရင် အများကြီးပြုပြင်ပြောင်းလဲမှုတွေ ရင်းနှီးမြုပ်နှံမှုတွေလုပ်ရမယ်။ နောက်တစ်ခုက ဒီအချိန်မှာ ဘာစဉ်းစားမိပြီလဲဆိုတော့ ကိုယ် ကျွမ်းကျင်လို့ စလုပ်ခဲ့တာဖြစ်ပေမဲ့ ကိုယ်တစ်ကယ် ဝါသနာပါသလားဆိုတာ တစ်သက်လုံး ဒီအလုပ်လုပ်သွားဖို့ happy ဖြစ်ရဲ့လားဆိုတာ တွေးလာပြီ။ ငယ်ငယ်ကတော့ ကိုယ့်မှာရွေးချယ်ခွင့် မရှိသေးတဲ့အချိန် အခွင့်အရေးပေးသမျှ အကုန်ကြိုးစားပမ်းစား အားသွန်ခွန်စိုက် ကြိုးစားခဲ့တယ်။ အခုလို လက်ထဲမှာ ရင်းနှီးစရာရှိလာတဲ့အခါ ကိုယ်ရွေးချယ်မှုက ကိုယ်တစ်သက်လုံး ဘာနဲ့ရပ်တည်ချင်တယ်ဆိုတာဆီကို ဦးတည်သွားတယ်။ အဲ့ချိန်မှာ ကိုယ့်ကို ပန်းလှိုင်အလုပ်ကို ခေါ်ယူခဲ့တဲ့ ဆရာက မင်္ဂလာဆောင်ဖို့ဖြစ်လာတယ်။ သူ့ မင်္ဂလာဆောင်ပွဲကို ကိုယ့်ကိုအပ်တယ်။ ဆရာကလည်း ကိုယ့်ကို ယုံတော့ ပွဲကိုဘယ်လို ဘယ်ချမ်းသာဆိုပြီး အသေးစိတ်မပြောဘူး။  သူဖြစ်ချင်တာ၊ မပါမဖြစ်ပါချင်တာလေးတွေပဲ ကွက်ပြောတယ်။ ဆရာ့ သတို့သမီးက  လည်း အသေးစိတ် ၀င်မပြောဘူး။ မင်္ဂလာပွဲကို စိတ်တိုင်းကျဖန်တီးပြီး စီစဉ်ပေးဖြစ်တယ်။ အများစုက သတို့သား၊ သတို့သမီး ဖြစ်ချင်တဲ့ဆန္ဒ (ကျောရိုး)ကိုယူပြီး ကျန်တာအစအဆုံး ဖန်တီးခဲ့တယ်။ Wedding Entrance Dance တွေ Surprise dance တွေပါတယ်။ Video Record ကိုလည်း MTV-High Light video လေးတစ်ခု ဖန်တီးခဲ့တယ်။ Script နဲ့ သေချာရေးပြီး ဖန်တီးခဲ့တာမို့ video ထွက်လာချိန်မှာ လူတိုင်းသဘောကျခဲ့တယ်။ အခုနေပြန်တွေးရင်တောင် အဲ့ wedding ပျော်စရာကောင်းနေတုန်း၊ ပြုံးမိနေဆဲပဲ။ အကတိုက်တုန်းကလည်း လူ (၂၀)ကျော် လောက်ပါတယ် ပျော်စရာကြီးပေါ့နော်။ ဒီပွဲအားလုံး ပြီးသွားချိန်မှာ ကိုယ်ဒီအလုပ်ကို ရူးသွပ်သွားတယ်။ ဓာတ်ပုံတွေ video တွေ ထွက်လာချိန်မှာ ခံစားရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှမလဲနိုင်ဘူး။ ဒီအလုပ်ကိုပျော်ဝင်သွားတယ် နည်းနည်း မဟုတ်ဘူးနော် တော်တော်ကို ရူးသွပ်သွားတာ။ 

Event Planning စပြီ
မင်္ဂလာမောင်နှံရဲ့ ချစ်စရာကောင်းတဲ့ အပြုံးရယ် ဒီမင်္ဂလာပွဲကြီး အထမြောက်ပါပြီလို့ အခမ်းအနားမှူးက ကြေငြာလိုက်ရင် စင်အောက် ကနေရပ်ပြီး နားထောင်ရတဲ့ ကိုယ့်ရဲ့ ပီတိခံစား မှုက ဘာနဲ့ မလဲနိုင်ဘူး။ တကယ်တော့ Wedding Decoration လုပ်ရတာမလွယ်သလို  ပွဲစီစဉ်ရတယ်ဆိုတာလည်း မလွယ်ပါဘူး။ အရမ်းပင်ပန်းပါတယ်။ တစ်ယောက်တည်းလုပ်လို့မရဘဲ လူများစွာနဲ့ ဆက်ဆံပြီး လုပ်ရတဲ့အလုပ်ကိုး။ တစ်ခါတလေတော့ ပင်ပန်းလွန်းလို့ ငါဘာလို့ ဒီလုပ်ငန်းကို ရွေးရတာလဲလို့ အကြိမ်ကြိမ်စဉ်းစားမိတယ်။ ဒါပေမဲ့ ကိုယ်စီစဉ်တဲ့ ပွဲလေး အောင်အောင်မြင်မြင်ပြီးဆုံးသွားပြီး မင်္ဂလာမောင်နှံရဲ့ ပျော်ရွှင်မှုတွေကို မြင်ရရင် ကိုယ်ပြင်ထားတဲ့ Decoration မှာ ဓာတ်ပုံလှလှလေးတွေ ရိုက်နေကြရင် မောသမျှ ပြေပျောက်ရတယ်။ အခုဆိုရင် Prestige ရဲ့ သက်တမ်းက (၁) နှစ်ခွဲလောက်ရှိပါပြီ။

စီမံခန့်ခွဲမှုပုံစံ
ဒီလုပ်ငန်းကို ကိုယ်က ဦးဆောင်ပဲ့ကိုင်နေရပေမဲ့ အလုပ်ထဲမှာ ကိုယ့်ထက်အသက်ငယ်တဲ့ သူလည်းရှိတယ်၊ ကြီးတဲ့သူလည်းရှိတယ်။ အားလုံးက အချင်းချင်း နွေးနွေးထွေးထွေးပဲ ဆက်ဆံပြော ဆိုကြတယ်။ မိသားစုဆန်တယ်ပဲ ပြောရမယ်။ 
အချင်းချင်း စကားကြမ်းကြမ်းတမ်းတမ်းပြောတာ မကြိုက်ဘူး။ အလုပ်စခန့်ကတည်းက ကိုယ်လက်ခံ လို့မရတဲ့ပုံစံလေးတွေကို ကြိုပြောထားပြီး ကိုယ်ဖြစ်စေချင်တဲ့ပုံစံတွေကိုလည်း ကြိုပြောထားတယ်။ ငါကတော့ ဘာရာထူးမလို့ ဒီအလုပ်ကို မလုပ်ချင်ဘူးဆိုတာတွေ ရှိလို့မရဘူး။ ကိုယ်ကိုယ်တိုင် ဒီနေ့ ဒီအချိန်အထိ သတို့သမီး စီးမယ့်ဖိနပ်လည်း လိုအပ်ရင် ကိုင်ထားပေးရတာပဲ။ဆိုလိုတာက လိုအပ်ရင် ကျရာနေရာကို အားလုံးဝင်လုပ်နိုင်ရမယ်။ ဘာအလုပ်ဆိုရင်တော့မလုပ်နိုင်ဘူးဆိုတဲ့ စိတ်ရှိတဲ့သူကို  ကိုယ့်အလုပ်မှာ လက်ခံထားလို့မရဘူး။ အလုပ်ထဲမှာလည်းစားစရာရှိတာစား၊ သွားစရာရှိတာသွား၊ အားလုံး တက်ညီလက်ညီပဲ။ နွေးနွေးထွေးထွေးနဲ့ မိသားစုလို ဖြစ်နေရမယ်။ ကိုယ်တိုင်လည်း သင်တန်းတွေ တက်သလို၊ ၀န်ထမ်းတွေကိုလည်း သင်တန်းတွေ ပေးတက်တယ်။ နောက်တစ်ခု ပြဿနာတစ်ခုဖြစ်လာပြီဆို သူ့ကြောင့်၊ ငါ့ကြောင့်ဆိုပြီး မပြောနဲ့။ မကြိုက်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပုံချတာထက် ပြဿနာရဲ့ အရင်းအမြစ်ကိုရှာ။ ဒီပြဿနာဖြစ်တာ ဘာကြောင့်လဲဆိုတာကို အဖြေရှာတယ်။ အဲဒါမှ ဖြေရှင်းရမယ့် အဖြေတစ်ခုကိုတွေ့တာ။ 

ဝန်ထမ်းအင်အားကလည်း အရမ်း မများတဲ့အပြင် အလုပ်သဘောသဘာဝအရ အားလုံးစည်းစည်းလုံးလုံးပဲသွားကြတယ်။ ကိုယ့်ဝန်ထမ်းတွေမှာ အချင်းချင်း တွက်ကပ်တဲ့စိတ်မရှိဘူး။ ရှိလာရင်လည်း သေသေချာချာတစ်ယောက်ချင်း နားလည်အောင်ရှင်းပြပြောပြတယ်။ အဲဒါကိုမှ မရဘူး။ ဆက်လုပ်နေတယ်ဆိုရင်တော့ အဲဒီ့လူက ဒီလုပ်ငန်းအတွက် ဗိုင်းရပ်စ်ပဲ။ သူ့စိတ်က ဒီအလုပ်မှာရှိနေတဲ့သူတွေကို ကူးစက်သွားနိုင်တယ်။ အဲဒီတော့သူ့ကိုအလုပ်နားလိုက်တယ်။ သူ့တစ်ယောက်
တည်းအတွက်နဲ့ ကိုယ့်အလုပ်ခွင်ရဲ့အသက်ကို ပျက်စီးမခံနိုင်လို့။ ပွဲတစ်ခုစီစဉ်လို့ ပြီးသွားခဲ့ရင်တောင် နောက်ဆုံးမိနစ်အထိ ကိုယ့်ကလေးတွေနဲ့ အတူ အမြဲရှိနေပေးတယ်။ အဲဒီတော့သူတို့မှာ အလုပ်ပင်ပန်းပေမဲ့ အားရှိတယ်။ 

အခက်ခဲဆုံးကာလ
Prestige မှာ အခက်ခဲဆုံးကာလတွေလည်း ရှိခဲ့တယ်။ အခုချိန်ထိလည်းခက်ခဲနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒီလုပ်ငန်းကို အလယ်ကနေ ဖြတ်ဝင်သလိုဖြစ်နေတယ်။ အများကြီးအားစိုက်ရတယ်။ အများကြီးပင်ပန်းခဲ့တယ်။ ဆိုလိုတာက သူများတွေ ပွဲစီစဉ်သူလုပ်တယ်ဆိုတာ ပန်းထိုးတယ်၊ ပန်းဆိုင်ဖွင့်တယ်၊ နောက်အဲဒီ့ကမှ တဆင့်တက်ပြီး ပွဲတွေပြင်တယ်၊ စီစဉ်တယ် ဒီလိုမျိုး အဆင့်ဆင့်ဖြစ်လာတယ်။ ကိုယ်ကျတော့ မဟုတ်ဘူး။ Advertising လုပ်ရာက ချက်ချင်းကြီး Wedding Decoration ဘက်ကို ပြောင်းလိုက်တော့ တော်တော်ကို ခက်ခဲခဲ့တယ်။ လုပ်ငန်းကို စလုပ်တဲ့အချိန်တုန်းက ကိုယ် ပန်းမထိုးတတ်ဘူး။ အဲဒီတော့ဘာလုပ်ရလဲဆိုတော့ ပန်းထိုးသင်တန်းပြေးတက်ရတယ်။ ကိုယ့်ဗီဇကလည်း စိတ်မြန်လက်မြန်ဆိုတော့ ပန်းထိုးသင်ရတာ ကိုယ့်အတွက် အတော်ခက်တဲ့အလုပ်ပဲ။ အခုတော့ ကိုယ့်ဆီမှာ Florist နှစ်ယောက်ရှိပြီ။ မရှိခင်အထိက ပွဲတစ်ခု ရှိပြီဆို ရုံးမှာ ရုံးရှိလူကုန်ပန်းထိုးကြပြီ။ သူများတွေအတွက် လွယ်တဲ့အလုပ်တွေကို ကိုယ်တွေက နှစ်ဆ အားစိုက်လုပ်ကြရတယ်။ ကျေးဇူးတင်တာက ဒီနေ့ ဒီချိန်အထိ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်ခဲ့တဲ့ လူတိုင်းကိုပါ။ သူတို့အလုပ်တွေအပ်ခဲ့လို့ ကိုယ်တွေလုပ်ပြခွင့်ရခဲ့တယ်။ ကိုယ်နဲ့ တွဲလုပ်ရတဲ့ သူတွေ အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်က အရမ်းအသေးစိတ်တော့ ကိုယ်နဲ့ အလုပ်တွဲလုပ်ရတဲ့သူတွေမှာ ပိုပင်ပန်းရတယ်။ 

ကျော်လွှားမှု
အခက်အခဲက လူတိုင်းမှာရှိတယ်။ နယ်ပယ်တိုင်းမှာ ရှိတယ်။ ကိုယ့်တစ်ယောက်တည်းမှာ ဖြစ်နေမှာ မဟုတ်ဘူး။ ကိုယ်ဆို ငယ်ငယ်တည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားခဲ့ရတာဖြစ်လို့ ပုံမှန်ထက် ပိုပင်ပန်းခဲ့တယ်။ 
ဘ၀တိုတိုလေးမှာ ခရီးအဝေးကြီး လျှောက်ခဲ့ရသလိုပဲ ကြုံသမျှ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်သလဲဆိုရင် ကိုယ့်ဆီလာနေတဲ့ အခက်အခဲတွေကို ထိုင်စောင့်မနေဘူး ပြေးတွေ့လိုက်တယ်။ ပြဿနာ တစ်ခုဖြစ်လာရင် ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဖြစ်ရတယ်လို့ အပြစ်မတင်ဘူး ဘာလို့ဖြစ်ရတာလဲပဲ အဖြေရှာတယ်။ ကိုယ်မှားနေရင်လည်း ပြန်ပြင်တယ်၊ သူများမှားနေရင်လည်း ထောက်ပြတယ်။ စိတ်ဓာတ်တက်ကြွနေတယ် motivation ကောင်းနေရင် ဘာမဆိုလုပ်နိုင်တယ်လို့ ယူဆပြီးလုပ်တယ်။ စိတ်ဓာတ်ကျသွားရင်လည်း အိပ်ရာထဲမှာပဲ နေနေလေ့ရှိတယ်။ မုန့်တွေလဲ အများကြီးစားလေ့ရှိတယ်။ အခုအသက် (၃၀) ကျော်သွားချိန်မှာတော့ စိတ်ဓာတ်ကျပြီလို့ သိလိုက်ချိန်မှာ စာအုပ်တွေဝယ်တယ်။ စာအများကြီးဖတ်တယ်။ တစ်အုပ်နဲ့ မရရင် နှစ်အုပ်၊ သုံးအုပ် ဖတ်တယ်။ အဲ့ဒီတော့ စိတ်ဓာတ်ကျတာ ပျောက်သွားတယ်။ အစားတွေလဲအများကြီး မစားမိတော့ဘူး။ အဓိက “စိတ်” ပါပဲ အောင်မြင်အောင်လုပ်နိုင်တယ်လို့ တွေးတာလဲ ဒီ စိတ်ပဲ၊ မအောင်မြင်ဘူးလို့ တွေးတာလဲ ဒီ စိတ်ပါပဲ။ လူတွေက ကိုယ်တွေးထင်ထားတဲ့ အတိုင်းပဲ လုပ်နေကျတာပါ။ အဲ့တော့ ကျွန်မတို့ ဘာလို့ မအောင်မြင်နိုင်ဘူးလို့ တွေးမှာလဲ။

အကြံပြုချက်
တကယ်တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ရတာ ထင်သလောက်မလွယ်နေဘူး။ ၀န်ထမ်းဘ၀နဲ့ မတူဘူး။ လုပ်ငန်းရဲ့ ဖိစီးမှု အရပ်ရပ်ကို ကိုယ်တစ်ယောက်တည်း ခါးစည်းခံရတယ်။ ကောင်းတာတော့ လွတ်လပ်တယ်။ ကိုယ်စိတ်ကူးရှိသလောက် အကောင်အထည်ဖော်နိုင်တယ်။ တကယ်တမ်း စီးပွားရေးတစ်ခု စလုပ်တဲ့အခါ ပိုက်ဆံဘယ်လောက် ရင်းနှီးမယ်ဆိုတာထက် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ခိုင်ခိုင်မာမာရှိဖို့လိုတယ်။ လုပ်ငန်းရှင်လုပ်မယ်ဆို ဘယ်လောက်ခက်ခဲတယ် လို့ ရေးထားတဲ့ စာတွေရှိတယ်။ အပြင်မှာ အဲဒီ့ စာ တွေထဲကထက်ပိုခက်ခဲပါတယ်။ 

ဒါ့ကြောင့် ကိုယ်ပိုင်လုပ်ငန်း စလုပ်ချင်တဲ့သူတွေအတွက် အကြံပြုချင်တာကတော့ 
(၁) ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်။ ဘာမဆို ရင်ဆိုင်နိုင်တယ်၊ အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိဖို့လိုတယ်။
(၂) ကိုယ် ဘာကျွမ်းကျင်လဲဆိုတာသိရမယ်။ ငွေကြေးအလုံအလောက် ရှိတဲ့သူတွေအတွက်က ကျွမ်းကျင်ဝန်ထမ်းခန့်ထားပြီး လုပ်ငန်းလည်ပတ်လို့ရပေမယ့် ကိုယ်တွေလို စလုံးရေ စရမယ့် သူတွေအတွက်က ကိုယ်ကျွမ်းကျင်တာကနေစမှ ရမယ်။
(၃) Nework ကောင်းဖို့လိုတယ်။ မိတ်ဆွေ အပေါင်းအသင်း၊ ဆရာသမား၊ အကြံဥာဏ်ကောင်းနိုင်မယ့်သူလိုတယ်။ ကိုယ်ကိုတိုင်ကလည်း အမှားအမှန် အကောင်းအဆိုး ချင့်ချိန်နိုင်ရမယ်။
(၄) လူတိုင်းဘ၀မှာ (၃) ကြိမ်လောက် ကံကောင်းတတ်တယ်လို့ ပြောကြတယ်။ အဲ့ကံကောင်းခြင်းက ကိုယ့်ဆီကိုစာတန်း မထိုးပဲလာတာဖြစ်လို့ ကိုယ့် တံခါးကို လာခေါက်သမျှက ကံကောင်းခြင်းလား ကံဆိုးခြင်းလား ဘယ်သူမှ မသိနိုင်ကြဘူး။ အဲ့လိုနဲ့ပဲ ဘ၀မှာ တစ်ခါမှ ကံမကောင်းလိုက်တဲ့လူတွေ အများကြီးပဲ။ ကျွန်မအတွက်ကတော့ ကံကောင်းခြင်း တံခါးခေါက်တာ (၃)ကြိမ် မကတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မဆီတံခါးလာခေါက်တဲ့ အရာတွေတိုင်းကို ကံကောင်းခြင်း၊ ကံဆိုးခြင်း မခွဲဘဲ ကျွန်မဘက်ကလုပ်နိုင်တာထက် အမြဲပိုလုပ်ခဲ့တယ်။ ပိုဖန်တီးခဲ့တယ်။ အဲ့အရာတွေ အကုန်လုံးက ကျွန်မအတွက် ကံကောင်းခြင်း ဖြစ်ခဲ့တယ်။ 

အားလုံးလည်း ကံကောင်းခြင်းကို (၃) ကြိမ် ထက်မက ပိုင်ဆိုင်နိုင်ကြပါစေ။