Primary tabs

လွတ်လွတ်လပ်လပ်နေတတ်တဲ့ အဖေနဲ့ သား

ပရိသတ်တွေကို ပျော်ရွှင်မှုတွေ၊ စိတ်အပန်း ပြေမှုတွေဖြစ်အောင် တင်ဆက်တတ်တဲ့၊ သရုပ်ဆောင်တတ်တဲ့၊ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင်လည်း ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံး သရုပ်ဆောင်တတ်တဲ့ သရုပ်ဆောင်ခင်လှိုင်၊ အနုပညာအမွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ပရိသတ်ချစ် အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ သရုပ်ဆောင် နေရဲ... သားအဖနှစ်ယောက်တို့ရဲ့ ရှားရှားပါးပါးနှစ်ယောက်စလုံးရဲ့ အားလပ်ရက်မှာ သူတို့ဘယ်လိုစိတ်အပန်းဖြေလဲ ဆိုတာကို People ပရိသတ်အတွက် ရိုက်ကူးပုံ ဖော်တင်ဆက်ပေးလိုက်ပါတယ်။

ခင်လှိုင်
အိမ်ကမိသားစုရဲ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပဲ နေတတ်ကြတယ်။ အကုန်လုံး လုံးလုံးထွေးထွေးပဲ နေကြတယ်။ သားအကြီးဆိုလည်း အိမ်ထောင်ကျပြီး ကလေးရပေမဲ့ အိမ်မှာပဲနေတယ်။ မိသားစုက ဆုံခဲတယ်၊ ဆုံရင်လည်း ချစ်ချစ်ခင်ခင် ပျော်ပျော် ရွှင်ရွှင်ပဲ။ သားအဖနှစ်ယောက်က ဘောလုံးပွဲတွေ၊ လက်ဝှေ့ပွဲတွေကြည့်ရင်တောင် ဟာသကား ဖြစ်သွားတယ်။ ကိန်းကြီး ခမ်းကြီးနဲ့ နေတာမရှိဘူး။ သားတွေဆိုလည်း ဖအေမို့လို့ ငါပြောတာပဲ လုပ် ရမယ်မရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ။
အိမ်မှာ ရှူတင်နားတဲ့ရက်ဆို ကာရာအိုကေ ဆိုဖြစ်တယ်။ ဂစ်တာတီးပြီး သီချင်းဆိုတယ်။

နေရဲ
အားတဲ့ရက်ဆို မုန့်လုပ်စားဖြစ်တယ်။ အဖေက မုန့်လုပ် ကျွေးရင် အရမ်းသဘောကျတယ်။ ဒီနေ့တော့ အိမ်မှာ မုန့်ဟင်းခါးချက်စားတယ်။ 

နေရဲ
အဖေက မဆူတတ်ဘူး၊ အိမ်မှာတောင် မဆူတာဆိုတော့ လူကြား၊ သူကြားထဲဆို ပိုပြီးတော့ မဆူတတ်ဘူး။ တကယ်လိုအပ်လို့ပြောမယ်ဆိုရင် စိတ်အေးလက်အေးဖြစ်တဲ့အချိန်၊ ကျွန်တော်လည်း စိတ်ရှင်းတဲ့အချိန်မျိုးကျမှ အေးအေးဆေးဆေး ထိုင်ဦးဆိုပြီး စကားပြောတယ်။

ခင်လှိုင်
သားကို သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး သင်ပေးသလို စိတ်ထားတတ်ဖို့လည်း သင်ပေးတယ်။ ဥပမာ- ပန်းကန်တစ်လုံးခွဲလိုက်ရင် ဆိုင်ရှင်အတွက် ပန်းကန်တစ်လုံးဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးထားလိုက်ရင် သူပန်းကန်ကို သေချာကိုင်မှာပဲ။ အဲဒီလိုပဲ သရုပ်ဆောင်တဲ့ နေရာမှာလည်း ကိုယ်ချင်းစာစိတ်လေးထည့်ပြီး ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရင် ဆရာဝန်တစ်ယောက်ရဲ့ ကိုယ်ချင်းစာစိတ်၊ စစ်သားတစ်ယောက်ရဲ့ကိုယ်ချင်းစာစိတ် စသဖြင့် ကာရိုက်တာတိုင်းကို ၀င်စားပြီး ကိုယ်ချင်းစာစိတ်လေးတွေ ထည့် သရုပ်ဆောင်ဖို့ သင်ပေးတယ်။ ရှူတင်မှာဆိုလည်း ကိုယ်နောက်ကျနေရင် ကျန်တဲ့သူတွေအားလုံးက ထိုင်စောင့်နေရမှာပဲဆိုတဲ့ အလုပ်ထဲမှာလည်း ကိုယ်ချင်းစာစိတ်လေးထားမယ်ဆိုရင် ဒီကျေးဇူးတရားလေး ပြန်ရမယ်ဆိုတာမျိုး သားကို အမြဲဆုံးမဖြစ်တယ်။

ခင်လှိုင်
မဟာပဋ္ဌာန်းဆီမီးပူဇော်တာ ၃ နှစ်လောက်ရှိ ပြီ။ အကျိုးကျေးဇူးလည်း အများကြီးရှိတယ်။ ရက်လည်းမှတ်လို့လွယ်အောင် ကိုးန၀င်းနဲ့ တွဲပြီး ပူဇော်ဖြစ်တယ်။ ဒီမဟာပဋ္ဌာန်းဆီမီးကို စပြီး ပူဇော်ဖြစ်ဖို့ လမ်းပြပေးခဲ့တာ ကိုခန့်စည်သူပါ။ ဘုရား တရားလုပ်တာ တကယ်လည်းအကျိုးကျေးဇူးရှိ တာကြောင့် သားကိုလည်း ဘုရားတရားကို ယုံယုံကြည်ကြည်နဲ့လုပ်ဖို့ အမြဲတိုက်တွန်းတယ်။ ဘုရားဖူးသွားတိုင်း ဘယ်နေရာရောက်ရောက် ဘုရားဆင်းတုတော်တွေ ပင့်တက်တဲ့အကျင့်ရှိတာကြောင့် ဘုရားစင်မှာလည်း ဘုရားဆင်းတုတော်တွေ အများကြီးပဲ။ ဘုရားဆင်းတုတော်လေးတွေကိုလည်း ပင့်လာပြီး သူများကို လက်ဆောင်ပေးတတ်တယ်။


Photo - Nay Min Tun (Amazing Grace)
Starring - Khin Hlaing & Nay Ye