Primary tabs

အနုပညာချစ်သူတို့ရဲ့ကမ္ဘာ

အဘိုးဖြစ်သူ နိုင်ငံကျော်တေးသံရှင်နဲ့ သရုပ်ဆောင် ၀ါးခယ်မဦးရဲမောင်က စတင်လာခဲ့တဲ့ အနုပညာချစ်သူ အနုပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ မော်ဒယ်လ် ဆန်းသစ်လတို့ရဲ့ ပျော်ရွှင်ကြည်နူးစရာ အနုပညာမိသားစုကမ္ဘာလေးကို  ချစ်ပရိသတ်များ အတွက် ရိုက်ကူးတင်ဆက်လိုက်ပါတယ်။

ဆန်းသစ်လရဲ့ မိသားစုမှာတော့ အဘိုးဖြစ်သူရဲ့အနုပညာအမွေကို ဆက်ခံအောင်မြင်ခဲ့တဲ့ မိခင် တေးသံရှင်မေရွက်ဝါ၊ ဖခင်ဖြစ်သူ တေးရေးဆရာနဲ့တေးစီးရီးထုတ်လုပ်ဖြန့်ချိသူ နွေထိန်ဝင်း (အဆိုတော် ကိုင်ဇာတို့၊ စိုးလွင်လွင်တို့ ခေတ်ကာလ 
မှာ သီချင်းတွေရေးဖွဲ့ခဲ့သူဖြစ်ပါတယ်)၊ သီချင်းတွေသီဆိုနေတဲ့ သူမနဲ့ လတ်တလောမှာ တက္ကသိုလ်ဝန်တမ်းအောင်မြင်ထားပြီး အနုပညာခြေလှမ်းတွေ စတင်ဖို့ အားယူလုပ်ဆောင်နေပြီဖြစ်တဲ့ မောင်ငယ်လေး နေညီလတို့ရှိပါတယ်။

ခုလို အနုပညာသွေးတွေ တူတူညီညီစီးဆင်းနေတဲ့ အနုပညာမိသားစုကမ္ဘာလေးနဲ့ပတ်သက်ပြီး

"ဒီ Generation က ၀ါးခယ်မမိသားစုလို့ အမည်တပ်ရင်ရပါတယ်။ မြန်မာပြည်မှာ မြန်မာလူမျိုးစစ်စစ်တွေက မြန်မာသီချင်းတွေကို ပီပီသသသီဆိုလာရာကနေ ခေတ်နဲ့အညီ သမီးမေရွက်ဝါ၊ တေးရေးဆရာ နွေထိန်ဝင်း၊ မြေးလေးဆန်း
သစ်လနဲ့ နေညီလတို့က သူတို့ခေတ်နဲ့အညီ သရုပ်ဖော်သီဆိုလာကြတယ်။ အဓိကအခြေခံကတော့ မြန်မာသီချင်းကို အခြေခံလာတယ်ဆိုတာ သိစေချင်တဲ့ဆန္ဒ အဘရင်ထဲမှာ ကိန်းအောင်းနေပါတယ်။ ဒီနေ့ခေတ်ကလေးတွေ နိုင်ငံတကာနဲ့အ
ညီ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားသီဆိုဖျော်ဖြေကြတယ်။ ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ်ပွဲကြီးတွေလုပ်ကြတာ အင်မတန်အားရစရာ ကောင်းသလို ဂုဏ်လည်းဂုဏ်ယူထိုက်ပါတယ်။ အဘတို့ခေတ်တုန်းက အဘအသက် ၂၆ နှစ်ရောက်မှ စန္ဒယားကို မြင်ဖူးတယ်။ ဒီစန္ဒယားနဲ့ သီချင်းလေးတစ်ပုဒ်လောက်ဆိုရရင်ဖြင့် ငါ့နှလုံးသားထဲက တောင်းဆိုချက်တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေကျေနပ်နပ်ဖြစ်လိမ့်မယ်ဆိုတဲ့ဆန္ဒ ကနေ့ထိအောင်းနေပါတယ်။ ဒီအသိတရားကို ဘယ်တော့မှမမေ့
ဘူး။ ဒါကြောင့်မို့လို့လည်း ကိုယ်ဘယ်တော့မှ အနုပညာနဲ့ပတ်သက်လာလို့ရှိရင် သူများတကာ အပြောအဆိုလည်း မခံခဲ့ရပါဘူး။ ကြိုးလည်းကြိုးစားခဲ့ပါတယ်။ ဒါဟာ အဘရဲ့ခံယူချက်ပါ။ ဒီခံယူ ချက်ကို သမီးမေရွက်ဝါနဲ့အတူ မြေးလေးတွေကိုလည်း လက်ဆင့်ကမ်းပြီးတော့ ဝေယူသွားစေချင် ပါတယ်"လို့ အဘိုးဖြစ်သူ တေးသံရှင်၊ ဗီဒီယိုနဲ့သရုပ်ဆောင် ၀ါးခယ်မဦးရဲမောင်က ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး

"ကျွန်တော်က သီချင်းရေးဆရာ နွေထိန်ဝင်းလို့တော့ ကိုယ့်ကိုယ်ကို မခံယူထားပါဘူး။ ၀ါသနာပါလို့ သီချင်းရေးဖြစ်တာပါ။ တကယ်တမ်းမှာ ထုတ်လုပ်ဖြန့်ချိတာကို လုပ်ပါတယ်။ ကျွန်တော်အသက် ၁၈၊ ၁၉ လောက်မှာ ကိုင်ဇာရဲ့ "အထီးကျန် အတ္ထုပ္ပတ္တိ" ကိုစဖြန်ချိခဲ့ပါတယ်။ နောက်တော့ စိုးလွင်လွင်ရဲ့ ပထမဆုံးစီးရီး "မင်း ထက်သာတဲ့လူ"ကို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ "မောင်မျက်ရည်ဝိုင်း" ကိုထုတ်လုပ်ခဲ့ပါတယ်။ ဖြန့်ချိတာကိုအဓိက လုပ်ရင်းနဲ့ သီချင်းတွေလည်း ဟိုတုန်းက အတော်များများရေးခဲ့ပါတယ်။ နောက်ထပ် တေးသံရှင် အောင်ကိုကိုအတွက် "ရိုင်းတဲ့ဇင်ယော်" ၆ ခွေစာအစအဆုံး စီစဉ်ထုတ်လုပ်ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာ အနုပညာလောကနဲ့ အဆက်ပြတ်သွားခဲ့တယ်။ နောက်ဆုံးတစ်ခွေတော့ ထွက် ခဲ့ပါတယ်။ မေရွက်ဝါရဲ့ Old Service စီးရီး "ချစ်သောကမ္ဘာ"မှာ တစ်ခွေလုံးရေးခဲ့ပါတယ်။ Old Service ကတော့ တော်တော်အောင်မြင်ခဲ့ပါတယ်။  ထုတ်လုပ်ဖြန့်ချိတဲ့နေရာမှာ ကျွန်တော်ငယ်ငယ်ကတည်းက ကြုံတွေ့ဖြတ်သန်းလာတဲ့အရာတွေ အားလုံးကို စုစည်းပြီးတော့ ကျွန်တော်သားလေး နေညီလ လုပ်ချင်တဲ့စီးရီးကို သေသေချာချာ ထုတ်လုပ်ဖြန်ချိဖို့ ခေါင်းထဲမှာ စဉ်းစားဆုံးဖြတ်ထားပါတယ်။ ကြိုးစားသွားပါမယ်။ သမီးကတော့ သူတို့သားအမိနှစ်ယောက်က အရမ်းစည်းလုံးပြီး တစ်ပါတီလိုဖြစ်နေတဲ့အတွက် အဲဒါကိုနားလည်မှုအပြည့်ပေးထားပါတယ်" လို့ ပြောပြခဲ့တဲ့ စကားလေးရဲ့အဆုံးမှာ မိသားစုအားလုံး သဘောတကျ ရယ်မောခဲ့ကြပါတယ်။ ဆန်းသစ်လရဲ့မေမေ တေးသံရှင်မေရွက်ဝါကတော့-

"တေးသံရှင် မေရွက်ဝါဖြစ်လာဖို့အတွက် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်၊ တေးသံရှင်ဝါးခယ်မဦးရဲမောင်မရှိဘဲနဲ့ ဖြစ်မလာပါဘူး။ အခုတေးသံရှင်ဆန်းသစ်လဖြစ်လာဖို့လည်း တေးသံရှင် မေရွက်ဝါမရှိလို့မဖြစ်ပါဘူး။ Generation အဆင့်ဆင့်ဖြစ်လာတာပါ။ ကျွန်မတို့အဖေ ၀ါးခယ်မဦးရဲမောင်ရဲ့ သားသမီး ငါးယောက်မှာ မေရွက်ဝါက သမီးအကြီးဆုံးပါ။ အနုပညာကို ကျွန်မတို့မိသားစု အားလုံး ၀ါသနာပါခဲ့ကြပါတယ်။ အနုပညာက ကျယ်ဝန်းတယ်။ နက်ရှိုင်းတယ်။ ကံ၊ ကံ၏အကျိုး၊ 
စန်း... ဒါတွေနဲ့လည်းဆိုင်ပါတယ်။ အောင်မြင်ကျော်ကြားခြင်း၊ မကျော်ကြားခြင်း၊ တစ်တိုင်းပြည်လုံးသိဖို့အတိုင်းအတာထက်စာရင် မောင်နှမငါးယောက်လုံးက သီချင်းဆိုတတ်တယ်ရှင့်။ အနုပညာကို လှိုက်လှိုက်လှဲလှဲ ၀ါသနာပါကြတယ်။ ကျွန်မညီမလေးလေးဆိုရင်တစ်ချိန်က တေးသံရှင် မေသက်ဝါဆိုတာ မေရွက်ဝါနဲ့တွဲတွဲပြီး ပရိသတ် တွေသိခဲ့ကြပါတယ်။ 

ကျွန်မအနေနဲ့က  သီချင်းတွေဆိုတယ်။ ပရိသတ်တွေနဲ့အများကြီးထိတွေ့တယ်။ သင်္ကြန်မိုးဇာတ်ကားရိုက်တယ်။ ကျွန်မငယ်ငယ်က ဖေဖေကအစိုးရ၀န်ထမ်းပေါ့။ ဖေဖေကသူ့တပည့် တွေကို အိမ်ခေါ်ပြီး သီချင်းဆိုသင်ပေးတယ်။ ကျွန်မက အိုးပုတ်လေးတွေနဲ့ ကစားတဲ့အရွယ်မှာ ဖေဖေတပည့်တွေကို သင်ပေးနေတာကြားပြီး တပည့်တွေသီချင်းတစ်ပုဒ်ကို မရခင်မှာ ကလေးလေးပဲရှိသေးတဲ့ ကျွန်မက သီချင်းအရှည်တွေကို နှစ်ခေါက်သုံးခေါက်နဲ့တင် အလွတ်ရနေပြီလို့ မေမေ၊ ဖေဖေတို့က ပြောပါတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့အနုပညာအရည်အသွေးက ဖျောက်ဖျက်လို့မရဘူးပေါ့။ အိမ်ထောင်ကျတဲ့ အခါမှာလည်း ကိုယ့်ရဲ့အမျိုးသားက တေးရေးဆရာ။ သူကတော့ ကိုင်ဇာ၊ အောင်ကိုကို၊ စိုးလွင်လွင်တို့ ခေတ်တုန်းကတော့ အပီအပြင်ရေးတဲ့ တေးရေးဆရာပါ။ နောက်ပိုင်းတော့ မလုပ်ဖြစ်တော့ဘူးပေါ့နော်။ ဒါပေမဲ့ သူ့ရင်ထဲမှာလည်း သီချင်းတွေရှိနေတယ်။ ကိုယ်တွေက မွေးလာတဲ့ကလေးနှစ်ယောက်ကလည်း အနုပညာသွေးနဲ့ ဘယ်လိုမှ သွေဖီလို့မရဘူးဆိုတာ ထင်ထင်ရှားရှားကြီးပေါ်တယ်။ သားသမီးနှစ်ယောက်ကို ဖြစ်စေချင်တာကတော့ ပညာရေးနဲ့ပတ်သက်ပြီး ဖြစ်စေချင်တာပဲ။ ဒါပေမဲ့ အဘိုးကနေစပြီး ဆင်းသက်လာတဲ့ အမေ၊ အဖေကတစ်ဆင့် ကလေးတွေက အနုပညာစိတ်ကို ဘယ်လိုမှ ကွယ်ဝှက်ထားလို့မရတော့ သူတို့လုပ်ချင်တဲ့အနုပညာကို နောက်ကနေ ပံ့ပိုးပေး မြေတောင်မြှောက်ပေးပါတယ်။ ဘာပဲပြောပြော သမီးဆန်းသစ်လဆိုရင်လည်း တချို့သောပရိသတ်များ သိနေပါတယ်။ လာမယ့်  မျိုးဆက်သစ် ဆန်းသစ်လရဲ့မောင်လေး နေညီလဆိုရင်လည်း အိမ်မှာသီချင်းတွေဆိုလွန်းလို့ တားတောင်ယူရပါတယ်။ ရေချိုးဖို့လည်း ပြောရတယ်။ ထမင်းစားဖို့လည်းပြောရတယ်။ တစ်ခါတစ်ခါကျတော့လည်း မဆူချင်ဘူး.. ငါငယ်ငယ် တုန်းကလည်း ဒီလိုပါပဲလားဆိုပြီးတော့လေ။ ပြောသာပြောနေရတယ်။ ကိုယ်ရင်ထဲမှာတော့ ကျေနပ်ပီတိဖြစ်ရပါတယ်။ ဆရာထက် တပည့် လက်စောင်းထက်မှ ဒီ Generation က ပိုပီပြင်မှာပေါ့နော်။ အခုဆိုရင် ဆန်းသစ်လ အနုပညာလှုပ်ရှားမှုတွေလုပ်နေတာလည်းပဲ အမေတစ် ယောက်အနေနဲ့ အားမသေးပါဘူး။ ဒီ့ထက်အများကြီး ကြိုးစားရပါဦးမယ်။ ဒီလိုပဲနောက်ထပ်တက်လာမယ့် အငယ်လေးကိုလည်းပံ့ပိုးပေးသွားမှာပါ။ အနုပညာအပေါ်တကယ်ရိုးသားပြီး တကယ်ချစ်တဲ့ မိသားစုစိတ်ဓာတ်ပေါ့။ အနုပညာနဲ့ပတ်သက်ရင် တကယ်ဝါသနာပါမှလုပ်ပါ။ အရိုးသားဆုံး၊ အဖြူစင်ဆုံးနဲ့ ရိုးရိုးကျင့်မြင့်မြင့်ကြံဖို့ သားသမီးနှစ်ယောက်လုံးကိုလည်း မှာထားတယ်။  အဘိုးတို့ခေတ်တုန်းကဆို မြန်မာ့အသံဓာတ်ပြားကိုပဲ အားကိုးရတာ။ အဲလိုခေတ်မှာတောင် အဘိုးက သူ့စွမ်းအားနဲ့ နေရာတစ်နေရာရအောင် ခိုင်ခိုင်မာမာရိုးရိုးသားသားနဲ့ကြိုးစားလာခဲ့တာ။ ပရိသတ်တွေကပေးလိုက်တဲ့ အသိအမှတ်ပြုခြင်းတွေက တကယ်တန်ဖိုးရှိတယ်။ အဲဒီလိုပဲ လူကြီးသူမတွေကို နမူနာထားပြီး သားသမီးနှစ်ယောက်ကို
လည်း အနုပညာနဲ့ပတ်သက်ရင် Guideline ကောင်းကောင်းပေးပါတယ်"လို့ မိသားတစ်စုလုံးရဲ့အနုပညာချစ်မြတ်နိုးစိတ်ကို မျှဝေပေးသွားခဲ့ပါတယ်။

ကြည်လင်ချိုသာတဲ့ အသံပိုင်ရှင်လေး ဆန်းသစ်လကတော့ လတ်တလောမှာ "မေမေ့ရဲ့အောက်စီဂျင်" စီးရီးထွက်ရှိထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အတိုင်းအတာတစ်ခုအထိ ခံယူရရှိထားပြီးဖြစ်သလို မိသားစုရဲ့ အငယ်ဆုံး လေးဖြစ်တဲ့ နေညီလ ကလည်း အဓိက R&B လိုင်းကိုသွားနေပြီး သီချင်းအဆို၊ အတီး၊ အရေး သုံးမျိုးလုံးကို ကြိုးစားလုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ခုလိုမိသားစု စုံညီကဏ္ဍလေးရိုက်ကူးဖြစ်ဖို့အတွက် အလုပ်ကိုယ်စီများကြတဲ့ မိသားစုဝင်တွေကို အချိန်တစ်လခွဲဝန်းကျင်လောက်ကြိုချိန်းဆိုပြီးမှ တစ်ရက်ဆုံဖြစ်ခဲ့ကြတာပါ။

အဘိုးဖြစ်သူက ဇာတ်ကားရိုက်ကူးရေးနဲ့ ခရီးတွေသွားနေရသလို ကိုယ်စီကိုယ်စီ အလုပ်နဲ့ ခရီးတွေရှိနေတဲ့ကြားက People နဲ့ဆုံဖြစ်အောင်အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးပေးခဲ့ကြတဲ့ အတွက် အမှတ်တရကျေးဇူးတင်သလို People ရဲ့ 
ဒီကဏ္ဍလေးရိုက်ကူးရေးမှာ လှပတဲ့နေရာတွေကအစ မိတ်ကပ်အပြင်အဆင်နဲ့ ဓာတ်ပုံရိုက်ကူးခြင်းအထိ အစစအရာရာမေတ္တာနဲ့ပါဝင်ကူညီရိုက်ကူးပေးခဲ့တဲ့ Aroma Zulu မိသားစုများ အားလုံးကိုလည်း အမှတ်တရ ကျေးဇူးတင်စကားပြောကြားပါရစေ။

People ရဲ့ချစ်ပရိသတ်များအားလုံးလည်း ဒီကဏ္ဍလေးရဲ့ ဗီဒီယိုဖိုင်ကို www.people.com.mm မှာ ၀င်ရောက်ကြည့်ရှုအားပေးပါဦးနော်။
Designer - Ma Gyi & Ma Lay (KOOL Fashion)