Primary tabs

Short Interview

အနုပညာရှင်များ မျိုးဆက်သစ် အနုပညာရှင်လေးတွေနဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို တင်ဆက်လိုက်ပါတယ်။


ဆိုင်စံ
ဆိုင်စံက ဘယ်အနုပညာရှင်ရဲ့ မျိုးဆက်သစ်ဆိုတာ ပရိသတ်ကိုထပ်မံမိတ်ဆက်ပေးပါဦး။
မင်္ဂလာပါ။ ကျွန်မကတော့ ဆိုင်စံပါ။ တေးသံရှင် စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်ပါတယ်။

ဒီအတွက် ညီမလေးမှာ ဘယ်လိုဂုဏ်ယူရတဲ့ အားသာချက်တွေရှိပြီး အားနည်းချက်တွေ ရောရှိလား။
ဖေကြီး သမီးဖြစ်ခွင့်ရတာ ဝမ်းသာဂုဏ်ယူစရာတွေ အများကြီးပါပဲ။ နိုင်ငံကျော်အဆိုတော် ကြီးတစ်ယောက်ရဲ့ သမီးမဟုတ်ဘဲ သာမန်မိသားစုက အဖေလို့ပဲ တွက်ဆရင်တောင် ဖေကြီးက အရမ်းစိတ်ထားကောင်း၊ ဖြူစင်တယ်၊ ရိုးသားတယ်၊ 
အေးချမ်းတယ်၊ စည်းကမ်းရှိတယ်။ အလုပ်ကြိုးစားတဲ့ အဖေတစ်ယောက်ရဲ့ သမီးဖြစ်ရတဲ့အတွက် ဒါတင်ကိုပဲ အရမ်းဂုဏ်ယူရပါပြီ။ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်တဲ့အတွက် ပိုပြီးတော့ ဂုဏ်ယူရတာပေါ့။ အားနည်းချက်ကတော့ အစစအရာရာ ဂရုစိုက်ရတာပေါ့။ စိုင်းထီးဆိုင် သမီးဖြစ်တဲ့အတွက် ကိုယ့်လုပ်ရပ်တိုင်းက အဖေ့နာမည်အပေါ် သွားဦးတည်နေတာ။ အရမ်းဂရုစိုက်နေခဲ့တယ်။ ဖေကြီးသီချင်းတွေ ပြန်ဆိုတဲ့အခါမှာလည်း ဖေကြီးက အရမ်းကောင်းပြီး အောင်မြင်ခဲ့တဲ့အတွက် ဖေကြီးကို မှီဖို့မနည်းကြိုးစားဆိုရတယ်။ မှီဖို့ဆိုတာထက် အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆိုရတာပေါ့။

အနုပညာအလုပ်များစွာထဲကမှ ဂီတကို ဘာကြောင့်ဝါသနာပါလာတယ် ထင်လဲ။
မှတ်မှတ်ရရပြောရရင် သုံးလေးနှစ်သမီးထဲ က သီချင်းတွေကြိုက်တတ်နေပြီ။ စင်ပေါ်တက်ပြီး သီချင်းဆိုချင်တဲ့ရောဂါက တော်တော်တက်နေပြီဆိုတာ ငါးနှစ်လောက်ကတည်းကသိပါတယ်။ ဖေကြီး သီချင်းဆိုရင်လည်း လူမှန်းသိပ်မသိခင် 
ကတည်းက စင်ပေါ်မတင်ပေးရင် ငိုခဲ့တာတဲ့။ စင်အောက်မှာ သောင်းကျန်းခဲ့တာတွေက ကိုယ့်ဝါသနာကြီးတာ သိသာပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဖေကြီးရဲ့ ဆုံးမသွန်သင်မှုတွေ အောက်မှာ သီချင်းတွေကို ကြိုးစားနားထောင်ခဲ့တယ်။ ဘယ်လို သီချင်းတွေ နားထောင်ရမယ်ဆိုတာကို ဖေကြီးက နည်းပေးလမ်းပြလုပ်ပေးခဲ့တယ်လေ။ဒီလို ကြိုးစားပြီး နားထောင်ခဲ့တယ်ဆိုတာလည်း ဝါသနာကြောင့်ပါပဲလေ။

မိဘတွေကရော အားပေးတာတွေ၊ ကူညီမှုတွေရှိလား။
ဖေကြီးရော မေကြီးရောက သိပ်အားမပေးပါဘူး။ ဖေကြီးက သူကိုယ်တိုင်အဆိုတော်ဖြစ်တဲ့အတွက် ဒါဟာ ဘယ်လောက်ပင်ပန်းဒုက္ခရောက်လဲဆိုတာ သူတို့က အသိဆုံးပဲလေ။ ပြီးတော့ အနုပညာသမားဆိုတာ လုပ်တော့သာ အနုပညာအလုပ် သူတို့လျှောက်လှမ်းရတဲ့လမ်းက အရမ်းကြမ်းတမ်းလွန်းပါတယ်။ အဲဒါကြောင့် အဖေရော အမေရောက အဆိုတော်မလုပ်စေချင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တိုင်က ပိုးသတ်လို့မရတော့ ကြိုးစားပြီး ဒီလမ်းကြောင်းပေါ်ရောက်တော့ အဲဒီအချိန်မှာတော့ အဖေက မရှိတော့ဘူးပေါ့။ အမေကတော့ အရမ်းလည်းအားပေးတာမရှိသလို အရမ်းလည်း မထိန်းချုပ်ခဲ့ဘူး။ ဘယ်လောက်လုပ်နိုင်လဲ ကြည့်မယ်ဆိုတဲ့ သဘောနဲ့ ထားခဲ့တာပါ။ ကိုယ်ကြိုးစားလို့ရလာတဲ့ ရလဒ်တွေကို ကြည့်ပြီးတဲ့အခါမှာတော့ အမေက အခု ကိုယ့်ကို အားပေးတဲ့ အမေ ဖြစ်သွားပါပြီ။

လက်ရှိလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အသစ်တွေရော ဘာတွေလုပ်ဦးမလဲ။
အခုလက်ရှိမှာတော့ ဆုတောင်းတေးဆိုတဲ့ တေးစီးရီးထွက်ထားပါတယ်။ ဒါက သီချင်းအသစ်လေးတွေနဲ့ ကိုယ့်ကိုယ်ကို ပရိသတ်ဆီ ထပ်မိတ်ဆက်ရတာပါ။ အရင်က အဆုံးအဖြတ်ဆိုတဲ့ အခွေထွက်ထားပေမယ့် ဖေကြီးသီချင်းတွေ ပြန်ဆိုထားခဲ့တာပါ။ နောက်ပြီး ရှိုးပွဲတွေ၊ နယ်တွေ ဆိုဖြစ်နေပါတယ်။ အခွေသစ်လည်း ထပ်လုပ်နေသလို သေချာတဲ့အချိန်ကျရင်လည်း ပရိသတ်ကို ပြောပါ့မယ်။

အနုပညာအလုပ်ကို ဘယ်လောက်အထိ အောင်မြင်ဖို့ မျှော်မှန်းချက်ထားလဲ။
အနုပညာမျှော်မှန်းချက်က ရင်ထဲက အနုပညာကို ပြန်ဖန်တီးချင်စိတ်က ပိုများတာပေါ့နော်။ အဲဒီလို သီချင်းတွေ ရေးနိုင်အောင်လည်း ကြိုးစားနေပါတယ်။ ဒီထက်ကြီးမားတဲ့ အောင်မြင်မှုဆိုတာကြီးကို မျှော်မှန်းထားတာတော့ မရှိပါဘူး။ သီချင်းတွေဆိုမယ်၊ ကိုယ်တိုင်ရေးတဲ့ သီချင်းတွေကိုဆိုပြီး အနုပညာလမ်းပေါ်လျှောက်ချင်တယ်။ ကိုယ်ပိုင်သီချင်းတွေလည်း ဆိုချင်သလို ဖေကြီးသီချင်းတွေကိုလည်း ပြန်ပြီးသီဆိုချင်ပါတယ်။

ပရိသတ်တွေကို အမှတ်တရစကား ပြောပေးပါဦး။
အခုချိန်ထိ ဖေကြီးကိုချစ်ပြီး ဖေကြီးသီချင်းတွေ နားထောင်ပေးကြတဲ့ ပရိသတ်တွေရော၊ ဖေကြီးကိုချစ်စိတ်ကြောင့် ညီမကို ဆက်ချစ်ပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်လည်း အများကြီးထပ်ကြိုး စားသွားပါဦးမယ်။ ဖေကြီးသီချင်းတွေ ဆိုစေချင်တဲ့ ပရိသတ်တွေရှိနေသလို၊ ကိုယ်ပိုင်သီချင်းတွေ ဆိုစေချင်တဲ့ ပရိသတ်တွေလည်းရှိတဲ့အတွက် နှစ်ဖက်လုံးကို မျှအောင်ကြိုးစားပါမယ်။ ဆက်ပြီးတော့လည်း ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

ကြည်ဖြူအောင်
ကြည်ဖြူအောင်က ဘယ်အနုပညာရှင်ရဲ့မျိုးဆက်သစ်ဆိုတာ ပရိသတ်ကို ထပ်မံမိတ်ဆက် ပေးပါဦး။
ကျွန်တော်က ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်ခင်စိုးပိုင်ရဲ့ ဒုတိယမြောက်သားပါ။ အစ်ကိုတစ်ယောက်ရှိပါတယ်။ အဖေကလည်း အနုပညာလုပ်ဖူးပေမယ့် စီးပွားရေးနဲ့ယှဉ်ရွေးရတဲ့အခါမှာ စီးပွားရေးကိုပဲ ရွေးချယ်ခဲ့တဲ့အတွက် အနုပညာရှင်မဖြစ်လာခဲ့တော့တာပါ။ အမေကတော့ သူတစ်ယောက်တည်း တစ်မိပေါက်တစ်ယောက်ထွန်း မင်းသမီးဖြစ်လာတာ။

ဒီအတွက် ညီမလေးမှာ ဘယ်လိုဂုဏ်ယူရတဲ့ အားသာချက်တွေရှိပြီး အားနည်းချက်တွေ ရောရှိလား။
သရုပ်ဆောင်တစ်ယောက်ရဲ့ သားသမီးဖြစ်လို့မှ မဟုတ်ဘူး။ လူတိုင်းကတော့ မိဘကိုချစ် ကြတာပဲ။ ကျွန်တော့်အမေက အနုပညာကောင်းတယ်။ သူ့အရည်အသွေးကကောင်းတယ်။ အနုပညာအစစ်ပေးတယ်။ ငိုခန်းဆိုလည်း ရိုက်နေရင်ကို ဘေးကကြည့်တဲ့ပရိသတ်ပါ လိုက်ငိုတာ မြင်ဖူးတယ်။ သူ့အနုပညာအတွက် ဂုဏ်ယူတယ်။ အားနည်းချက်ရယ်လို့လည်း မရှိဘူး။ ကျွန်တော်တို့မိသားစုက ဟန်ဆောင်တာ၊ ဟိတ်ဟန်ကြီးတာ မရှိဘူး။ ပေါ့ပေါ့ပါးပါးပဲ။ သာမန်ပဲနေထိုင်တယ်။ ဒီဘဝလေးကိုကျေနပ်တယ်။ အားသာချက်က အမေ့ကြောင့် တစ်ခါတလေ အခွင့်အရေးရတာလေးတွေရှိတယ်။ တစ်ခုခု တစ်နေရာရာမှာ ကိုယ့်ဘာသာလှုပ်ရှားလို့မရတာဆို အမေ့နာမည်လေးကြောင့် ချစ်ကြတဲ့သူတွေက ကူညီကြတယ်။ ဒီအခွင့်အရေးပေါ်မှာ သာယာတာမဟုတ်ပေမယ့် အမေ့ကိုချစ်ကြပါလားဆိုပြီး ဂုဏ်ယူရတယ်။ ဒါက အားသာချက်ပါပဲ။ ကျွန်တော်က အမေ့သားဖြစ်နေလို့ဆိုပြီး တော်တော်ကြီးဂရုစိုက်နေတဲ့ထဲမပါဘူး။ ငယ်ငယ်ကဆို တအားရန်ဖြစ်တာ။ ရုံးခန်းမှာ အမြဲရှိတယ်။ရုံးခန်းမှာ စာသင်ရဖူးတယ်။ မဟုတ်မခံစိတ်က ကျွန်တော်တို့ မိသားစုလေးယောက်လုံးမှာရှိတယ်။ ကျွန်တော်က စိတ်ထက် လက်မြန်တယ်။ စာသင်နှစ်တစ်ခုမှာဆို ငါးလ ကျောင်းနားရတယ်။ အရှက်တရားကင်းမဲ့တဲ့ ကိစ္စမျိုးတော့ မလုပ်ဖူး။ အမေ့ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးတယ်။

အနုပညာအလုပ်များစွာထဲကမှ ဂီတကို ဘာကြောင့်ဝါသနာပါလာတယ် ထင်လဲ။
ကျွန်တော်က အရင်က ဝါသနာပါတာက သီချင်းတွေ။ သီချင်းတွေရေးတယ်။ ဥပမာ-နိုင်ငံခြားသီချင်းတစ်ပုဒ်နားထောင်ရင် မြန်မာစာသား တွေ ထည့်ဆိုတယ်။ ငယ်ငယ်လေးကတည်းက လုပ်တာ။ ၇တန်းနှစ်လောက်မှာ သူငယ်ချင်းတွေစုပြီး Band လုပ်ကြတယ်။ ကျောင်းမှာ Sample ခွေတွေ ဝေတယ်။ သီချင်းကတော့ ငယ်ငယ်က တည်းက ဝါသနာပါတယ်။ အရင်ကတော့ သရုပ်ဆောင်လုပ်မှာ ဘာညာ စိတ်ကူးမရှိဘူး။ ပြီးတော့ ကျွန်တော်ကျောင်းပြီးတော့ Mister ပြိုင်တယ်။ 
အဲ့တာက Mister ဆိုတဲ့ဂုဏ်၊ တခုခုကို ကိုယ်စားပြုတယ်ဆိုတဲ့ ဂုဏ်ကိုသဘောကျတာ။ နောက်ပိုင်း အမေကလည်းခေါ်ပြီး လုပ်ခိုင်းကြည့်တယ်။ လုပ်ရဲလားဆိုပြီး။ အဲဒီကနေ ပထမဆုံးကားမှာ ကတည်းက လုပ်နိုင်တယ်။ မိဘသွေးကပါပြီး
သားဆိုတော့။ ခက်ခဲတဲ့အချိန်တွေကိုလည်း ပျော်ပြီးဖြတ်သန်းနိုင်ခဲ့တယ်။ ဒါကိုလုပ်ရတာ ပျော်တယ်။ ဒီမှာ စသိခဲ့တာပေါ့။ ဒါပေမယ့် ငယ်ငယ်ကတည်းက ဝါသနာပါတာကတော့ Rock ဂီတကို ဖန်တီးချင်တာ။

မိဘတွေကရော အားပေးတာတွေ၊ ကူညီမှုတွေရှိလား။
အမေက မဖြစ်စေချင်ဘူး။ သေသေချာချာ ကြီးတားခဲ့တာတော့ မရှိဘူး။ လုပ်ကြည့်တော့ခိုင်းပါတယ်။ ကျွန်တော်ပျော်နေတာတွေ့တော့ သူတို့လည်း အားရသွားတယ်ထင်ပါတယ်။ ရိုက်ကွင်းကို အမေ့ကို လိုက်ပို့၊ လိုက်ကြိုလုပ်တဲ့အခါ အမေက သူ့သားလေးဆိုပြီး ဒီအတိုင်းမိတ်ဆက်ပေးရုံပဲ မိတ်ဆက်ပေးလိုက်တာ။ ဒါပေမယ့် အမေ့ မိတ်ဆွေတွေက လုပ်ကြည့်မလား၊ လုပ်ကြည့်ပါလားဆိုပြီး ပြောကြရင် လုပ်ဖြစ်ခဲ့တာပေါ့။

လက်ရှိလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေ နဲ့ အသစ်တွေရော ဘာတွေလုပ်ဦးမလဲ။
ကျွန်တော်က Mister တွေ၊ Model တွေ ထပ်ပြိုင်ဖို့တော့ မရှိတော့ပါဘူး။ ပြီးသွားပြီ။ သရုပ်ဆောင်အနေနဲ့ကတော့ ဖြစ်ချင်တယ်။Supporting တစ်ခုသာရှိရင် ကြိုးစားချင်ပါတယ်။ မိဘကိုလည်း ဒီချွေးနဲစာနဲ့ ပြန်လုပ်ကျွေးချင်တယ်။ သရုပ်ဆောင် ကောင်းလည်း ဖြစ်ချင်တယ်။ ကြိုးစားနေပါတယ်။ သီချင်းတွေလည်း လုပ်မှာပါ။ ဇာတ်လမ်းတွဲက သုံးခုရှိပြီ။ နှစ်ခုက မြဝတီကပြတယ်။ ခေါင်းဆောင်နေရာက ရိုက်ခွင့်ရတယ်။ MRTV-4 က ဇာတ်လမ်းတွဲမှာလည်း ရိုက်သေးတယ်။ 
ဗီဒီယိုကတော့ ရှစ်ကား၊ ကိုးကားရှိပါပြီ။ နယ်ရုပ်ဆိုတဲ့ ကားလေးကတော့ ပရိသတ်တွေ သိလိုက်ကြတယ်။ မပိုင်ဖြိုးသုရယ်၊ ဥဿကျော်ရယ်နဲ့ ရိုက်ခဲ့တာပါ။ အခုနောက်ဆုံးရိုက်တာကတော့ ရင်သို့ တိုးဝှေ့ဆဲပါ ဆိုတဲ့ကားပေါ့။ ကိုဇေရဲထက်တို့နဲ့ပါ။ အားလုံးပေါင်းရင်တော့ ၁၂ကားလောက်ရှိပါပြီ။

အနုပညာအလုပ်ကို ဘယ်လောက်အထိ အောင်မြင်ဖို့ မျှော်မှန်းချက်ထားလဲ။
အကောင်းဆုံးတော့ဖြစ်ချင်တာပါ။ ဒီမှာကတော့ အကယ်ဒမီဆိုတာ အမြင့်ဆုံးမျှော်မှန်းချက်ပေါ့နော်။ ကျွန်တော် ကြိုးစားနေပါတယ်။ အမေ့ထက် မသာရင်လည်း အမေ့လောက်တော့ မှီရမှာပေါ့နော်။ နေရာတစ်ခုရအောင်တော့ လုပ်ရမှာပါ။

ပရိသတ်တွေကို အမှတ်တရစကားပြောပေးပါဦး။
ကျွန်တော့်ကို အားပေးတဲ့ အသိ၊ မိတ်ဆွေတွေကို Fan တွေကို ညီအစ်ကိုမောင်နှမတွေလို့ သဘောထားပါတယ်။ ဝေဖန်တာကိုလည်း ကျွန်တော်က သဘောကျပါတယ်။ေ ဝလည်းဝေဖန်ကြပါတယ်။ ကျွန်တော် ကြိုးစားနေပါတယ်။ သူတို့သာ 
ကျွန်တော့်အနောက်မှာရှိနေရင် ကျွန်တော်အားရှိတာပေါ့ဗျာ။

လမင်းခ
ညီမလေးက ဘယ်အနုပညာရှင်ရဲ့မျိုးဆက်သစ်ဆိုတာ ပရိသတ်ကို ထပ်မံမိတ်ဆက်ပေးပါဦး။
လမင်းက Iron Cross Band က အဆိုတော်  အငဲရဲ့ သမီးကြီးဖြစ်ပါတယ်။ လမင်းမှာ မိုးမခလို့ခေါ်တဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ သူကတော့ မန္တလေးမှာ ကျောင်းတက်နေပါတယ်။

ဒီအတွက် ညီမလေးမှာ ဘယ်လိုဂုဏ်ယူရတဲ့ အားသာချက်တွေရှိပြီး အားနည်းချက်တွေရော ရှိလား။
အဖေက အနုပညာရှင်၊ ဂီတမှာလည်း ဝါရင့်ပြီး အောင်မြင်တဲ့အနုပညာရှင်၊ ပညာအရလည်း လေးစားဖို့ကောင်းတယ်။ အဖေ့ကို ဘေးနားက ပရိသတ်တစ်ယောက်အနေနဲ့ပဲ ကြည့်ရင်ကို လေးစားထိုက်တဲ့ အနုပညာရှင်လို့မြင်တယ်။ ဒါကို အရမ်းဂုဏ်ပါတယ်။ အဖေ့ရဲ့   အနုပညာဝမ်းစာ၊ အနုပညာနဲ့ပဲ ရှာဖွေကျွေးမွေးပြီး လမင်းတို့ကြီးပြင်းခဲ့ရတာမို့ ဂုဏ်ယူတယ်။ အနုပညာရှင်ဆိုတာ ပရိသတ်ချစ်တဲ့သူမို့၊ အဖေ့ကိုလည်း ချစ်တဲ့မျက်စိ နဲ့ ကြည့်ပေးကြတာမို့ ငယ်ငယ်တည်းက ဘယ်
သွားသွား အငဲသမီးလေးဆိုပြီး ချစ်ပေးကြတယ်။ အားနည်းချက်ကလည်း အဖေနဲ့ပဲ တွဲတွဲမြင်ကြ တော့ ကောင်းတာလုပ်လည်း အဖေ၊ ကိုယ်ဆိုးတာလည်း အဖေ့နာမည်တပ်တာပဲ။ ဒီအလုပ်လုပ်တော့ ပိုသိသာတယ်။ Stress များတယ်။ တခြား
အလုပ်လုပ်ရင်တော့ ဒီလောက်အထိများမယ်မထင်ဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ရော၊ အဖေ့သမီး ကလေးတစ်ယောက်အနေနဲ့ရော အနေအထိုင်လည်းသတိထားရတာပေါ့။ တခုခုဆို အငဲနဲ့ဒေါ်သီတာ သမီး၊ မယဉ်ကျေးဘူး၊ အလိုက် မသိဘူး၊ ဘယ်လိုသင်ထားလဲ မသိဘူးဆိုတာဖြစ်နိုင်တာပေါ့။

အနုပညာအလုပ်များစွာထဲကမှ ဂီတကို ဘာကြောင့်ဝါသနာပါလာတယ် ထင်လဲ။
အဖေကလည်း ဝါသနာပါတယ်၊အမေကလည်း ဝါသနာပါတယ်။ဒီတော့ လမင်းတို့ ညီအစ်မမှာလည်း မိဘသွေးတွေက စီးဆင်းနေတာပေါ့။ ညီမလေးဆိုလည်း ဓာတ်ပုံရိုက်တာ၊ အနုစိတ်တာ၊ ပန်းချီဆွဲတာ ဝါသနာပါတယ်။ ခံစားကြတယ်။ ဒီအသိုင်းအဝိုင်းမှာပဲ ကြီးပြင်းခဲ့ရတော့ ဒါလည်းပါမယ်ထင်တယ်။ ပြီးတော့ ကိုယ့်ရဲ့ ဗီဇကိုကလည်း ဝါသနာပါတယ်။ ဝါသနာကို စသိတာက လေးတန်းမှာ ဆိုကရေးတီးပြိုင်တော့မှသိတာ။ ဆရာမကြီးက ပြိုင်စေချင်တော့ အမေက အတွေ့အကြုံရအောင် ပြိုင်စေချင်တယ်၊ အဖေက မြန်မာသံစဉ်ကျတော့ သူလည်း လမ်းမညွှန်တတ်တော့ မပြိုင်စေချင်ဘူး။ လမင်းဝင်ပြိုင်တယ် ပထမဆုရတယ်။ အဲဒီကနေ နှစ်တိုင်းပြိုင်ရင်း ဝါသနာပါတာကို သိလာတယ်။ နောက်ပိုင်းလည်း ဆယ်တန်းပြီးတော့ တက္ကသိုလ်တက်ရင်း အခွေလုပ်ဖို့ပြောတော့ အဖေက တက္ကသိုလ်ဘဝဆိုတာ နှစ်ခါပြန်မရနိုင်ဘူး။ လူငယ်ပီပီ  လွတ်လွတ်လပ်လပ်ကျောင်းတက်ပြီး ပျော်စေချင်တယ်။ ကျောင်းပြီးမှ အေးအေးဆေးဆေးလုပ်ပါဆို လို့ ဘွဲ့ရပြီးမှ အခွေထုတ်ဖို့ စီစဉ်ဖြစ်ခဲ့တာပါ။

မိဘတွေကရော အားပေးတာတွေ၊ ကူညီမှုတွေရှိလား။
မိသားစုတစ်ခုလုံးက လမင်းရဲ့ အမာခံတွေပဲ။ အသိုင်းအဝိုင်းထဲမှာလည်း ကန့်ကွက်သူ မရှိဘူး။ ဒါပေမယ့် တစ်ချို့ကျတော့လည်း အနုပညာက မသေချာဘူး၊ ကံ၊ ဥာဏ်၊ စန်း လိုတယ်ပေါ့။ တစ်လကို ဘယ်လောက်၊ ဘယ်နှသိန်းဝင်တဲ့
အလုပ်ဆိုတာကို လုပ်စေချင်တာပေါ့။ ဒီလောက က ဝင်တိုးရတာလည်း ခက်တယ်လေနော်။ မိသားစုကတော့ အမာခံပဲ၊ အားပေးကြတယ်။ ကူညီတာကတော့ လမင်းအခွေထုတ်ချင်တယ်ဆိုတော့ အဖေဆိုတာလည်း စီးရီးလည်း အများကြီးထုတ်လာတာ သူ့အတွက် ဒါကမခက်ခဲဘူး။ ဘာပြီး ဘာလုပ်ရမယ်ဆိုတာ သူသိတယ်။ သူလိုက်လုပ်ပေးတယ်။ အမေဆိုလည်း လိုအပ်တာမှန်သမျှ လိုက်လုပ်ပေးတယ်။ သီချင်းရွေးတာကအစ ကူပြီးရွေးပေးတယ်။ မိဘက ရာနှုန်းပြည့်နီးပါးကို ပံပိုးတယ်လို့ ပြောလို့ရပါတယ်။

လက်ရှိလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေ နဲ့ အသစ်တွေရော ဘာတွေလုပ်ဦးမလဲ။
ဒီဇင်ဘာ ၁ရက်တုန်းက IC ရဲ့ မျိုးဆက်သစ်အနေနဲ့ ပထမဆုံးအကြိမ် ရှိုးမှာသီချင်းဆိုခဲ့တယ်။ မေမြို့ ပန်းပွဲတော်မှာလည်း သီချင်းဆိုခဲ့တယ်။ လမင်းအခွေကို Music Video ရိုက် မယ်။ IC က ဦးဗညားသားလေး ပြန်လာရင် IC က မျိုးဆက်သစ်တွေ လူစုံပြီ။ အဲဒီကျရင် Music Video ထပ်ရိုက်မယ်။ ဒါကိုပဲ Music Video အတွက်ပဲ လုံးပန်းနေရတာပေါ့။ ၁၂ပုဒ်လုံးတော့မရိုက်ပါဘူး။ အခွေထုတ်ဖြစ်ဖို့ပဲ များမယ်ထင်ပါ တယ်။ နောက်တစ်ခွေလည်း လုပ်မှာပဲ။ ပရိသတ်အားပေးတာလည်း လိုချင်သလို အများကြီးလည်း မမှန်းရဲသေးပါဘူး။ ဒုတိယအခွေကျရင်တော့ Own Tune သီချင်းတွေပါမှာပေါ့။ တစ်ခွေလုံး ဖြစ်မဖြစ်ပဲ မသေချာသေးတာ။ လမင်း သီချင်းတွေလည်း စုနေပါပြီ။

အနုပညာအလုပ်ကို ဘယ်လောက်အထိ အောင်မြင်ဖို့ မျှော်မှန်းချက်ထားလဲ။
အောင်မြင်ချင်တာပေါ့နော်။ ပရိသတ်အားပေးတာ လိုချင်တယ်။ အများကြီးလည်း မမှန်းရဲသေးပါဘူး။ လမင်းခဆိုတဲ့ နေရာတစ်နေရာလေးရရင်ကို ကျေနပ်ပါပြီ။ ဒီနိုင်ငံမှာ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်ချင်တယ်။ ဒါပေမယ့် ဒါက ကိုယ်ကလုပ်တိုင်းလည်းမရဘူး ပရိသတ်လက်ခံမှဖြစ်မယ်လေ။ ဒီအလုပ်လေးကို ဝါသနာပါတယ်၊ ပျော်မွေ့တယ် ဒါကြောင့် ဒီအလုပ်လေးနဲ့လည်း အသက်မွေးဝမ်းကြောင်းပြုချင်တယ်။ ဖြစ်နိုင်ရင်တော့ အငဲသမီးဆိုတာ မဖြစ်ချင်ဘူး။ လမင်းခပဲ ဖြစ်ချင်တယ်။

ပရိသတ်တွေကို အမှတ်တရစကားပြောပေးပါဦး။
အငဲသမီးတော့ အငဲသမီးမှန်ပေမယ့်လည်း ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်လို့ပဲ ခံယူထားတာဖြစ်လို့ အသစ်အနေနဲ့ အားပေးကြတာလည်းရှိပါတယ်။ အသံဆိုလည်း လမင်းခအသံပဲ နားထောင်ရတာလေ အငဲအသံမဟုတ်ဘူးလေ။ တစ် ချို့ကလည်း အဖေနဲ့ယှဉ်ကြတယ်။ ယှဉ်ရအောင် သားဆိုရင်လည်း ထားပါတော့။ အခုကျ အသံက အငဲလောက် အားမကောင်းဘူးဆိုတာမျိုးတွေ။ မိန်းကလေးပါ။ အဖေနဲ့သမီးတော့ ယှဉ်လို့မရဘူးလေနော်။ အဖေ၊ အမေတို့ကို ချစ်လို့ လမင်းကို ချစ်ကြတာလည်းရှိသလို လမင်းခရယ်လို့ သိပေး ချစ်ပေးကြတာလည်းရှိပါတယ်။ လမင်းအခွေလေးက City Mart သွားရင်းတွေ့ခဲ့တာ Best Seller ထဲမှာ Top Ten ကို နံပါတ် 10 နဲ့  ဝင်သွားတာ တွေ့တာ အရမ်းပျော်တယ်။ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း လမင်းကြိုးစားပါ့မယ်လို့လည်း ပြောချင်ပါတယ်။