Primary tabs

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကိုလိုလားတဲ့ သူတွေနဲ့ပဲ တွေ့ဆုံရတယ်... Jewel

ငယ်ငယ်ကတည်းက ဂီတကိုဝါသနာပါခဲ့ သူမ၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပြီး ဂီတနဲ့ပတ်သက်တဲ့ သင်တန်းတက်ပြီး Scholarship ရတဲ့အထိ ထူးချွန်ခဲ့တဲ့သူမ၊ သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ရင်း ၂၀၁၂ ခုနှစ်ရဲ့ Melody World မှာ ဒုတိယဆုရရှိခဲ့တဲ့သူမ၊ ပရိသတ်ရင်ဘတ်ထဲကိုလည်း သူမရဲ့ "Message" သီချင်းလေးနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့သူမ၊ သူမရဲ့ ပတ်ဝန်းကျင်မှာလည်း သူမကို လိုလားတဲ့သူတွေနဲ့ပဲ တွေ့ဆုံရတဲ့အတွက် ကံကောင်းတယ်လို့ဆိုတဲ့ သူမ၊ သူမကတော့ တေး သံရှင် Jewel ပါ။ Jewel က သူမရဲ့ ဂီတအကြောင်း၊ ပြိုင်ပွဲအကြောင်း သူမရဲ့ စိတ်နေစိတ်ထား၊ သူမ ဖြတ်သန်းခဲ့တဲ့ အနုပညာအကြောင်းတွေကို ဒီလို ပြောပြခဲ့ပါတယ်။

Jewel ရဲ့ ဂီတခရီးအစ
၅ တန်းတုန်းက ကျောင်းမှာ ဆို၊ က၊ ရေး၊ တီးတွေ ဝင်ပြိုင်တယ်။ ဇာတိက ပြင်ဦးလွင်ကပါ။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို နယ်ကနေပြိုင်တယ်။ ပြီးတော့မှ အဆင့်ဆင့်တက်ပြီး ရန်ကုန်မှာ ပြိုင်ရတယ်။ ၂ဝ၁ဝ မှာ Myanmar Beer ကလုပ်တဲ့ Singing Contest မှာ ပြိုင်ဖူးတယ်။ အဲဒီတုန်းကတော့ Top Ten List ထဲပဲ ဝင်တယ်။ အဲဒီတုန်းကလည်း နယ်မှာ အဆင့်ဆင့်ပြိုင်ပြီး နောက်ဆုံး Top Ten စာရင်းဝင်တော့ ရန်ကုန်မှာ လာပြိုင်ဖြစ်တာပါ။ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာပါတယ်။ မန္တလေးမှာ ဂီတမိတ်သီချင်းဆိုသင်တန်းကို တက်ပြီး ဂီတမိတ်ကပေးတဲ့ Scholarship ကိုရပြီး ရန်ကုန်ကိုလာရတယ်။ အဲဒါနဲ့ပဲ ၂ဝ၁၂မှာ Melody World ကို ဝင်ပြိုင်ဖြစ်တာပါ။ ကျောင်းမှာက Classical Music တို့၊ Jazz Music တို့ကို နုတ်စ်နဲ့ တွဲသင်ရတာ အများဆုံးဆိုတော့ အဲဒီသီချင်းတွေရယ်၊ ဒီဘက်က Pop ၊ Rock Music တွေရယ် မျှပြီးနားထောင်ဖြစ်တယ်။ သီချင်းပုံစံအကုန်လုံးကိုလည်း ကြိုက်ပါတယ်။

Melody World 2012
ပြိုင်ပွဲဆိုတော့ ပြိုင်ပွဲရဲ့စိတ်နဲ့ ယှဉ်ပြိုင်ခဲ့တာပါပဲ။ ပြိုင်ပွဲဆိုသလိုပဲ စင်ပေါ်မှာ အမှားကို ရှာရတာဆိုတော့ Stress တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါပဲ။ ကျွန်တော်က နယ်မှာနေတာဆိုတော့ နယ်ကလာပြိုင်ရတဲ့ အခက်အခဲတွေ၊ သီချင်းရွေးရတဲ့ အခက်အခဲတွေရှိတယ်။ ကိုယ်နဲ့လိုက်မယ်ထင်တဲ့သီချင်းကိုရွေးလိုက်၊ ဆရာကေအေတီကို အကူအညီတောင်းလိုက်နဲ့ ကိုယ်ကသီချင်းတွေလည်း သိပ်မသိတော့ ဆရာရှိတုန်းကဆို ဆရာက တော်တော်လေး ကူညီပေးခဲ့ပါတယ်။ Melody World 
2012 မှာ ဒုတိယဆု ရခဲ့ပါတယ်။ ခွေထွက်ဖို့အ တွက် နည်းနည်းစောင့်လိုက်ရပေမဲ့ ကိုယ့်စီနီယာတွေဖြစ်တဲ့ ကိုဖြိုးပြည့်စုံတို့ကလည်း တွဲခေါ်တယ်၊ ပြီးတော့ ကျောင်း Activities တွေမှာလည်း ပါရတယ်၊ Oversea ပွဲတွေလည်း သွားဖြစ်တယ်၊ ဆရာမြင့်မိုးအောင်တို့ကလည်း MRTV-4 က ပန်းနုသွေးစီးရီး Theme Songs တွေမှာလည်း ခေါ်ဆိုတယ်၊ ကြော်ငြာသီချင်းတွေ ဆိုဖြစ်တယ်ဆိုတော့ အဲဒီလိုမျိုးတွေ ဆက်လုပ်ဖြစ်ပြီး သီချင်းဆိုရတာ စိပ်သွားတယ်။ ပြီးတော့ The Four နဲ့လည်း ဆိုဖြစ်တယ်။ ပရိသတ်ဆီကို ရောက်တာ သီချင်းအပုဒ်၂ဝ လောက်တော့ ရှိပါပြီ။ 

ရန်ကုန်မှာတစ်ယောက်တည်း နေရတာဆိုပေမဲ့ မိသားစုကလည်း ကိုယ့်ကို ယုံကြည်တယ်၊ ရပ်တည်ရတာ အရမ်းတော့ အခက်အခဲမရှိပါဘူး။ အရင်ကတည်းကသာမန်ဘဝနဲ့ပဲ တက်လာတာဆို တော့ Music ကိုချစ်လို့လုပ်တယ်၊ ကိုယ်လည်း
ဝါသနာပါတဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်၊ ငယ်ငယ်တုန်းကတည်းက ပြိုင်ပွဲတွေပြိုင်ခဲ့ကတည်းက ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ အရမ်းကြီးလောဘ ကြီးတာမျိုးမရှိခဲ့ဘူး၊ ကိုယ်လုပ်နိုင်သလောက်ကို ပဲ အကောင်းဆုံးလုပ်တယ်။ ဘယ်သူနဲ့မှလည်း ယှဉ်မနေဘူး။ ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ နှလုံးသွင်းပြီးသွားဖြစ်တယ်။ ကျွန်တော့်ဘေးမှာတော့ ကောင်းတဲ့သူတွေနဲ့ပဲ တွေ့ရတယ်လို့ ခံစားရတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကိုလိုလားတဲ့သူတွေနဲ့ပဲ တွေ့ရတာဆိုတော့ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။

ဂီတနဲ့ပတ်သက်တဲ့စိတ်
ကိုယ်က ဒါပဲလုပ်တတ်တယ်၊ ဒါပဲလုပ်ချင်တဲ့စိတ် ရှိတာဆိုတော့ ကိုယ်ရောက်တဲ့နေရာ အကောင်းဆုံးတွေပဲ ဆက်လုပ်သွားမယ်လို့ ခံယူထားပါတယ်။

စင်ပေါ်ရောက်တဲ့အချိန်တွေမှာ
ငယ်ငယ်ကတည်းက စင်အတွေ့အကြုံတွေ ရှိခဲ့ပေမဲ့ စင်ပေါ်တက်ခါနီးရင် ရင်ခုန်တာ အခုအထိပဲ။ စင်ပေါ်ရောက်သွားရင်သာ Stable ဖြစ်သွားတာ။ စင်ပေါ်ရောက်ခါနီး ကြားကာလလေး မှာတော့ ရင်ခုန်တုန်းပဲ။

လတ်တလော
လတ်တလောမှာ အလွမ်းသီချင်းဆိုတဲ့ ကိုဝေကြီး ရေးပေးထားတဲ့ သီချင်းလေးထွက်ထားတယ်။ ကိုဖြိုးပြည့်စုံနဲ့ Valentine အတွက် သီချင်းအပျော်ပုံစံလေး လုပ်ထားတယ်။  ပြီးတော့ The Four နဲ့လည်း သီချင်းတွေ ဆိုဖြစ်တယ်။ 

တစ်ကိုယ်တော်ခွေ
တစ်ယောက်တည်းလည်း သီချင်းတွေ ဆိုဖြစ်ပါတယ်။ တစ်ကိုယ်တော်ခွေအတွက်လည်း စတော့စလုပ်နေပါပြီ။ ခွေတစ်ခြမ်းစာလောက်တော့ ရောက်နေပါပြီ။

Message သီချင်းနဲ့ ပတ်သက်တဲ့ အမှတ်တရ
ဒီသီချင်းလေးဆိုဖြစ်သွားတာ ကိုဖြိုးပြည့်စုံကြောင့်လည်း အများကြီး ပါပါတယ်။ ကိုဖြိုးပြည့်စုံက ကိုဝေကြီးနဲ့ သီချင်းတွေလုပ်နေတဲ့အချိန်မှာ ကျွန်တော်ကလည်း သီချင်းတွေအကြမ်း သွားဆိုဖြစ်တယ်။ ဒီ Message သီချင်းလေးကို အကြမ်းဆိုပြီးတဲ့အချိန်မှာ ကိုယ်လည်းသဘောကျတာနဲ့ ကိုဝေကြီးကို ဒီသီချင်းလေး ကျွန်တော်ဆိုပါရစေပြောပြီး ဆိုဖြစ်သွားတယ်။ ဒီသီချင်းက ကိုဝေကြီး ရေးထားပြီး ဘယ်သူမှမဆိုရသေးတဲ့သီချင်းလေး။ ဒီသီချင်းလေးက 2016 Valentine တုန်းက ဆိုပြီး ရိုက်ထားတာလေးပါ။ Shwe FM မှာလည်း ဆုရတယ်။ Valentine Day မတိုင်ခင်က ဂစ်တာလေးတီးပြီး ဆိုထားတာလေးကို အွန်လိုင်းမှာ Live လွှင့်တယ်။ ငါစာတွေရေးထားတယ် နင်ဖတ်မှ မဖတ်ကြည့်ဘဲဆိုတဲ့ စာသားလေးက ပရိသတ်သဘောကျတဲ့စာသားလေးလည်းဖြစ်သွားတော့ ပေါက်သွားတာပါ။

သီချင်းဆိုပြိုင်ပွဲများ
ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်ဘဝကနေ စခဲ့ရတာဆိုတော့ ပြိုင်ပွဲဆိုတာ ဘဝခြေလှမ်းလေးတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုပဲ ယှဉ်ပြိုင်နေတယ်လို့ သဘောထားပြီးပဲ ပြိုင်စေချင်တယ်။

ပရိသတ်ရှိလာတဲ့ လူတစ်ယောက်ရဲ့ဘဝ
ကျွန်တော့်သူငယ်ချင်းတွေဖြစ်စေချင်တာနဲ့ ကျွန်တော့်ရဲ့စိတ်နဲ့က နည်းနည်းကွာတယ်။ သူငယ်ချင်းတွေက ကျတော့ ကိုယ့်ကိုကြည့်ပြီး အားကျရတဲ့သူတစ်ယောက်ဖြစ်အောင် နေစေချင်တယ်၊ ကျွန်တော်ကျတော့လည်း ပုံမှန်နေနေကျအတိုင်းပဲ နေတယ်၊ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပဲနေတတ်တော့ တစ်ခါတလေ သူငယ်ချင်းတွေ အကြံပေးသလိုလေး နည်းနည်းပြုပြင်ပြီး နေတာမျိုး ရှိပါတယ်။ ပရိသတ်တွေ ကြားသွားတဲ့အခါ ကိုယ့်ကိုသိတဲ့ ပရိသတ်တွေရှိတဲ့အခါ ကြိတ်ပြီးတော့ ပျော်တယ်။ အရင်တုန်းကတော့ မသိကြဘူး။ အခုကျတော့ သိတယ်၊ အဲဒါ Jewel လားမသိဘူးပေါ့ဆိုပြီးပြောတဲ့အခါ ကြိတ်ပြီးတော့ ဝမ်းသာမိပါတယ်။ အခုမှလည်း ပရိသတ်နဲ့က ထိတွေ့တာ များလာတာဆိုတော့ စင်ပေါ်မှာ  ပရိသတ်နဲ့စကားပြောရတာ သိပ်မပြောတတ်ဘူး။ စကားမပြောတတ်တာ အားနည်းချက်ဖြစ်နေတယ်။ ကြိုးစားပြီးတော့ ကျင့်နေပါတယ်။ ကျွန်တော် အရမ်းအားကျတာ ကိုဖြိုးပြည့်စုံတို့၊ အိမ့်ချစ်တို့ သူတို့က စင်ပေါ်ကနေ ပရိသတ်နဲ့စကားပြောရင် အရမ်းအပေးအယူမျှတယ်။ သူတို့တွေကိုကြည့်ပြီး ပြင်နေပါတယ်။ အခုထိတော့ မပြည့်စုံသေးဘူး။ ကျွန်တော်က သီချင်းအေးအေးလေးတွေပဲဆိုချင်တယ်။ ဒါပေမဲ့ ပရိသတ်က အမြူးလေးတွေလည်း နားထောင်ချင်မှာပဲလေ။ ပွဲလာကြည့်ရင်လည်း သီချင်းအေးတွေချည်းဆိုနေလို့အဆင်မပြေတော့ အမြူးလေး တွေလည်း ကြိုးစားပြီး ဆိုသွားပါမယ်။ Social Media ကြောင့်ပဲ ပရိသတ်သိလာတာ ဆိုတော့ အရမ်းသဘောကျပါတယ်။ ကျွန်တော်က အရင်ကတည်း က Facebook သိပ်မသုံးဖြစ်တော့ အခုကြိုးစားပြီးတော့ ပရိသတ်ကို Reply လေးတွေ လုပ်ပေးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော့် Facebook ကိုကြည့်ရင် အရမ်းကြီး Active ဖြစ်တာမျိုး သိပ်မရှိဘူး။ အခုတော့ ပရိသတ်အတွက် Post လေးတွေ တင်တော့ တင်ပေးနေပါတယ်။

မိမိကိုယ်ကိုယ် သုံးသပ်မိသလောက်
အသံပိုင်းနဲ့ ပတ်သက်လာရင်တော့ ဆိုပါများလာတော့ အရင်ထက်စာရင် နည်းနည်းတော့ တိုးတက်လာတယ်လို့ တော့ထင်မိပါတယ်။ အရင်တုန်းကဆိုခဲ့တဲ့အသံနဲ့ အခုဆိုတဲ့အသံကို ယှဉ်ပြီးနားထောင်ရင် အခုဆိုတဲ့အသံကို ပိုပြီးတော့ အား
ရတယ်။ အရင်တုန်းကယောက်ျားဆန်တယ်၊ မနူးညံ့ဘူး၊ အဲဒီလိုကနေ ၂ဝ၁၆၊ ၂ဝ၁၇ နောက်ပိုင်းမှာ နည်းနည်းလေး နူးညံ့လာတယ်လို့ ထင်မိပါတယ်။ 

ပရိသတ်အတွက်
ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆက်လုပ်သွားမယ့် အနုပညာလမ်းကြောင်းမှာလည်း ဆက်လက်ပြီးတော့ အားပေးပါဦး။ သီချင်းအေးအေး လေးတွေပဲဖြစ်ဖြစ်၊ အမြူးလေးတွေပဲဖြစ်ဖြစ် ဆက်
လက်ပြီးတော့ အားပေးပါဦးလို့ ပြောချင်ပါတယ်။
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)
Makeup & Hair - Lin Lin (Lanmadaw)