Primary tabs

ကျွန်မက မကြောက်တတ်ဘူး

“အဓိက ကတော့ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သိလာတယ်။ သိတော့ သိတဲ့အတိုင်း မရရအောင်လုပ်တယ်။ အရင်ကဆိုရင် သူများက ဒါလေးကောင်းတယ်ဆိုလည်း သြော်... ကောင်းမလား ဆိုပြီး စိတ်ကလည်ချင်တယ်။ ကိုယ်ဘာဖြစ်ချင်
တယ်ဆိုတာကို သိလာတဲ့အချိန်မှာ သူများက မဖြစ်နိုင်ဘူးပြောလဲ လုပ်တယ်။ ကိုယ်လုပ်ချင်တာကို လုံးဝသိတယ်လေ။ ဘဝမှာ မသေခင် ကိုယ်ဘာလုပ် သွားချင်တယ်ဆိုတာ ပြတ်ပြတ်သားသားသိတယ်။ အဲဒီတော့ မရရအောင်လုပ်တယ်။ ကျွန်မက မကြောက်တတ်ဘူး” လို့ ဆိုလာသူကတော့ Brand You - The Image Training Co,.Ltd. ရဲ့ တည်ထောင်သူ ဒေါ်ထက်ရည်ဝင်းပါ။ သူမရဲ့ ဖြတ်သန်းမှုများကတော့...

ငယ်ဘဝ
ကျွန်မကို မွန်ပြည်နယ်၊ သံဖြူဇရပ်မှာ မွေးပါတယ်။ ဒါပေမဲ့ မိဘတွေက ဝန်ထမ်းတွေ ဖြစ်တာကြောင့် တစ်နှစ်တစ်ကြိမ် နှစ်နှစ်တစ်ကြိမ်လောက် နယ်ပြောင်းနေခဲ့ရတယ်။ မွေးချင်း နှစ်ေ ယာက်မှာ ကျွန်မက အကြီးပါ။ အငယ်က မောင်လေး။ အဖေက အရမ်းစည်းကမ်းကြီးတယ်။ သမီး မိန်းကလေးကို မိန်းကလေး ကျောင်းမှာပဲ ထားချင်တယ်။ ယောက်ျားလေး သူငယ်ချင်းထားတာကို မကြိုက်ဘူး။ ငယ်ငယ်ကဆို အတန်းထဲမှာ အဆင့် (၁) ကနေ (၃) အတွင်းဝင်ရတယ်။ မဝင်ရင် ဆူခံရတယ်။ ပညာရေးကို အရမ်းအလေးပေးတဲ့ မိဘတွေနဲ့ နေခဲ့ရတယ်။ ၂ဝဝဝ ခုနှစ်မှာ အ.ထ.က (၂) စမ်းချောင်းက ဆယ်တန်း အောင်ခဲ့တယ်။ ငယ်ဘဝမှာ အမှတ်တရဆိုရင်တော့ စည်းကမ်းကြီးတဲ့ မိဘနဲ့ နေရတာမို့ စိတ်ညစ်တာတွေ ရှိခဲ့တယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားချင်လည်း မသွားရဘူး။ သူငယ်ချင်းတွေ ခရီးတွေဘာတွေ သွားကြလဲ ကိုယ်က မလိုက်ရဘူး။ ဒါပေမဲ့ ကောင်းတာက ဘာရှိလဲဆိုတော့ စည်းနဲ့ ကမ်းနဲ့ နေတတ်သွားတယ်။ တစ်ခုခုကိုပဲ အာရုံစိုက်ပြီး ကြိုးစား
တတ်တဲ့ အကျင့်လည်း ရသွားတယ်။ အားနည်းချက်ကတော့ သူငယ်ချင်းတွေ အများကြီးမရှိဘူး။ ကျွန်မ ဆယ်တန်းအောင်တဲ့အချိန်မှာ ဆေးတက္ကသိုလ်အမှတ်မမီလို့ ဆေးဝါးကျွမ်းကျင်ယူခဲ့တယ်။ ဒါပေမဲ့ ဆေးဝါးကျွမ်းကျင်တက်နေရင်းနဲ့ ဝါသနာမပါဘူးဆိုတာ သိလာတယ်။ (၄) နှစ်ကျောင်းတက်ပြီး ကျောင်းပြီးတဲ့အချိန်မှာ အဲဒီ့ ဘွဲ့နဲ့ အသက်မွေးဝမ်းကျောင်းမလျှောက်ခဲ့ဘူး။ Admin ပိုင်းကို ဝင်လုပ်ခဲ့တယ်။ နောက်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဖွင့်တဲ့ MBA (စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့) ကို ဆက်တက်ခဲ့တယ်။ တက်နေရင်းနဲ့ စင်ကာပူကို ထွက်သွားတယ်။ စင်ကာပူက James Cook University မှာ MBA (Marketing) ကို ဆက်တက်တယ်။ ကျောင်းပြီးတော့ စင်ကာပူမှာ အလုပ်လုပ်တယ်။ အိမ်ထောင်လည်း ကျတယ်။ ၂ဝ၁၅ ဒီဇင်ဘာမှာ မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်။ 

အလုပ်ခွင်
ကျွန်မက အလုပ်လုပ်ရတာကြိုက်တော့ ဒီမှာ အဖေ နဲ့ အဒေါ်ရဲ့ အလုပ်တွေမှာ ဝင်လုပ်ခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာဘူး။ စင်ကာပူမှာ ကျောင်းပြီးတဲ့နောက် ၂ဝ၁ဝ လောက်မှာမှ အလုပ်ကို သေသေချာချာစလုပ်ဖြစ်ခဲ့တယ်။ ဘယ်လောက်ပဲ Master ပြီးပြီး အလုပ်သင် ဘဝက စခဲ့ရတယ်။ ပြီးတော့မှ ရာထူးတဖြေးဖြေးတက်လာတာ။ ကြားထဲမှာ ကုမ္ပဏီ သုံးလေးခုလောက်တော့ ပြောင်းခဲ့တယ်။ နောက်ဆုံးအလုပ်မှာတော့ သုံးနှစ်လောက် ကြာခဲ့တယ်။

အခက်အခဲ
ကျွန်မက စင်ကာပူမှာ ကျောင်းတက်ပြီးမှ အလုပ်ခွင်ထဲရောက်တာမို့ အလုပ်ခွင်မှာ အရမ်းမခက်ခဲဘူး။ ဒီမှာတုန်းကဆို သူငယ်ချင်းမရှိဘူး။ ပေါင်းသင်းဆက်ဆံရေးလည်း မကောင်းဘူး။ ဒါပေမဲ့ ဟိုမှာ ကျောင်းတက်တဲ့အခါ ကိုယ့်အတန်းမှာ မြန်မာဆိုလို့ ကိုယ်တစ်ယောက်တည်း။ အဲဒီ့တော့ မဖြစ်မနေပြောဆို ဆက်ဆံရတယ်။ အဲဒီ့တော့ ပေါင်းသင်းဆက်ဆံရေးလည်း အရင်ထက်ကောင်း လာတယ်။ ကိုယ့်ဘေးနားက သူငယ်ချင်းတွေဆီကလဲ သင်ယူရတာတွေရှိတယ်။ 

အမှတ်တရ
စစချင်းအလုပ်ဝင်တဲ့အချိန်မှာ သူများနိုင်ငံလည်းဖြစ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက သိပ်မရှိဘူး။ အလုပ်ကို အရမ်း ကြိုးစားပြီးလုပ်တယ်။ ဒါပေမဲ့ Personality ကောင်းအောင်ကိုယ့်ကိုယ်ကို Development လုပ်ရကောင်းမှန်းနားမလည်ဘူး။ အလုပ်ကိုရိုးရိုးပဲ လုပ်တတ်တယ်။ အဲဒီ့တော့ ကိုယ့်ရလဒ်က နည်းတယ်။ အလုပ်လုပ်ကြတာချင်း တူတူမှာ သူများက ရာထူးတိုးသွားတယ်။ ကိုယ်က ကျန်ခဲ့တယ်။ အဲဒီ့မှာ ကိုယ့်ကိုယ်ကို သတိထားမိ လာတယ်။ ငါတော့ တစ်ခုခုလုပ်ဖို့လိုပြီဆိုပြီး ရုံးအားတဲ့ စနေ၊ တနင်္ဂနွေတွေမှာ Personal Development သင်တန်းတွေကို စပြီး တက်ဖြစ်လာတယ်။ အဲဒီ့ကနေအစပြုပြီး Training လောကကို ရောက်လာခဲ့တယ်။ 

အလုပ်ခွင်နဲ့အဝေးမှာ
နောက်ဆုံးအလုပ်ကနေ ထွက်ဖြစ်တာက ကလေးမွေးဖို့။ အဲဒီ့အလုပ်ကလည်း ခွင့်ယူလို့ရတယ်။ ပြန်လာလို့ရတယ် ပြောပေမဲ့ သားဦးဆို တော့ ရူးတာပေါ့။ ကိုယ်ပဲ ထိန်းမယ်ပေါ့။ အဲဒါနဲ့ အလုပ်ထွက်ပြီး မိခင်ဘဝ နဲ့ တစ်နှစ်နီးပါးလောက် 
အလုပ်ခွင် နဲ့ ဝေးခဲ့တယ်။ ဒါပေမဲ့ ကြာလာတော့ မနေနိုင်ဘူး။ ကိုယ့်ကိုယ်ကိုပဲ အလိုမကျသလို၊ သူများကိုပဲ စိတ်တိုင်းမကျသလိုတွေ ဖြစ်လာပြီး အချိန်ပိုင်းအလုပ်လေးတွေ ပြန်လုပ်ဖြစ်လာတယ်။ နောက်တော့ မြန်မာနိုင်ငံကိုပြန်လာပြီး အလုပ်
လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ စင်ကာပူကနေ အလုပ်လှမ်းလျှောက်တယ်။ ကိုယ့်အရည်အချင်းတွေ အားလုံးကို ကြိုက်တယ်၊ ဒါပေမဲ့  ကလေးက ငယ်သေးလို့ဆိုတဲ့အချက်နဲ့ အလုပ်မခန့်ခဲ့ဘူး။ ကိုယ်က အလုပ်လုပ်ချင်တဲ့သူဆိုတော့ စိတ်တွေဆိုးတာပေါ့ နော်။ နောက်ဆုံးတော့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်မယ်ဆိုပြီး ကုမ္ပဏီထောင်ဖြစ်ခဲ့တယ်။

Brand You ရဲ့အစ
Brand You ကို ၂ဝ၁၅ ဒီဇင်ဘာမှာ စခဲ့တယ်။ အလုပ်စမယ်ဆိုတော့ ဘာအလုပ် လုပ်မလဲပေါ့။ ခုနကပြောသလို ကိုယ့်ကိုယ်ကို ယုံကြည် မှုရှိအောင် Personality Development သင်တန်းတွေကို သင်တန်းသားအဖြစ်တက်ခဲ့တယ်။ နောက် တော့ ကိုယ်ကစာသင်တာဝါသနာပါတော့ သင်တန်းမှာ ကူညီသင်ပေးတာတွေ လုပ်ဖြစ်လာတယ်။ အဲလို လုပ်နေရင်းနဲ့ Image and Personal Branding ဆိုတဲ့ ဘာသာရပ်ကိုသွားတွေ့တယ်။ အဲဒီ့ ဘာသာရပ်က အရှေ့တောင်အာရှမှာတောင် 
နည်းနည်းသိသေးတယ်။ မြန်မာနိုင်ငံမှာဆို လုံးဝမရှိသေးဘူး။ ကိုယ်လည်းလုံးဝ မကြားဖူးဘူး။ အဲဒီ့ဘာသာရပ်နဲ့ ဒစ်ပလိုမာပေးနိုင်တဲ့ ကျောင်းဆိုရင် စင်ကာပူမှာပဲရှိတယ်။ အဲဒီ့သင်တန်းကို တက်နေရင်းနဲ့ ငါတစ်နေ့ လုပ်ငန်းတည်ထောင် ဖြစ် မယ်ဆိုရင် ဒါကိုလုပ်မယ်လို့စိတ်ကူးခဲ့တယ်။ အဲဒီလိုနဲ့ Brand You ကိုစတည်ထောင်တော့ Image Consulting ကို လုပ်ဖြစ်တယ်။ 

ဖြတ်သန်းမှု
စီးပွားရေးကို နားလည်လို့ တတ်ကျွမ်းလို့ သေချာပြင်ဆင်ပြီး ဒီအလုပ်ကိုလုပ်တာတော့ မဟုတ်ဘူး။ ကိုယ်က စာသင်ရတာကို ဝါသနာပါတယ်။ နောက်ပြီး ဒီနိုင်ငံကလူတွေနဲ့ ဒီဘာသာရပ်ကို မိတ်ဆက်ပေးချင်တယ်။ သိစေချင်တဲ့အတွက် ဒီအလုပ်ကိုလုပ်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံက Professional တွေရဲ့ Image တက်လာအောင်၊ မြန်မာနိုင်ငံရဲ့ Image တက်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်က ရှိတယ်။ ဒါပေမဲ့ လုပ်ငန်းဆိုတာက သိတဲ့အတိုင်း ငွေရေးကြေးရေးတွေရှိတယ်၊ ဈေးကွက် ရှာရတာတွေရှိတယ်၊ ဝန်ထမ်းတွေကို စီမံခန့်ခွဲရတာတွေရှိတယ်။ အဲဒါတွေ အားလုံးကို လုပ်ရင်း နဲ့သင်ယူခဲ့ရတယ်။ ဒါက လုပ်ငန်းရဲ့ အတွင်းပိုင်း။ အပြင်ပိုင်းကျပြန်တော့ Image and Personal Branding ဆိုတဲ့ ဘာသာရပ်ကို တော်တော်ကို မိတ်ဆက်ပေးခဲ့ရတယ်။ တစ်ခါမှ မကြားဖူးတာကိုး။ လုပ်ငန်းကို ပထမဆုံးမိတ်ဆက်ပွဲ လုပ်တဲ့အချိန်မှာ ဘာမေးခံရလဲဆိုတော့ ဓာတ်ပုံပညာ သင်တာလားပေါ့။ အဲဒါကို လူတွေသိအောင် လုပ်ရတာကအနည်းဆုံး (၆)လကနေ (၈) လ အထိ ကြာခဲ့တယ်။ Brand You က နေဦးစီးပြီးစီစဉ်တဲ့ ဟောပြောပွဲကြီးတွေ အခုအချိန်ထိ (၅) ပွဲလောက်လုပ်ပြီးခဲ့ပြီ။ နောက်ပြီး အသင်းအဖွဲ့တွေမှာ ပါဝင်ဖြစ်တယ်။ Myanmar Young Entrepreneurs Association မှာပါဝင်ဖြစ်တယ်။ အဲဒီလိုပါဝင်လိုက်ခြင်းအားဖြင့် ပိုကောင်းတဲ့ အသိုက်အဝန်းထဲကို ရောက်သွားစေတယ်။ 

မှတ်တိုင်များ
၂ဝ၁၆ နိုဝင်ဘာမှာ 1st Myanmar Entrepreneurship Summit ကို နေပြည်တော်မှာ လုပ်တယ်။ အဲဒီ့မှာ ကျွန်မတို့ Brand You က Myanmar Young Startup Award မှာ ဒုတိယဆုရခဲ့တယ်။ အဲဒီ့ကစပြီး Brand You ကို လူတွေပိုသိလာခဲ့ 
တယ်။ ၂ဝ၁၇ ဇန်နဝါရီရောက်တော့ တစ်ကမ္ဘာလုံး ဆိုင်ရာ Association of Image Consultants International က အသိအမှတ်ပြုတဲ့ သင်ရိုးဖြစ်အောင်၊ ဒီက Brand You မှာ သင်နေတဲ့ နည်းစနစ်တွေက နိုင်ငံတကာမှာ သင်နေတဲ့ နည်းစနစ်တွေ အတိုင်း ဖြစ်အောင်၊ London Image Institute ရဲ့ ပုံစံအတိုင်းဖြစ်အောင် ယူလိုက်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက Brand You သည် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာ တယ်။ ၂ဝ၁၇ မြန်မာအမျိုးသမီးများ နေ့တုန်းက Myanmar Young Inspirational Woman Award ဆိုတာကို ရခဲ့တယ်။ ၂ဝ၁၇ စက်တင်ဘာက ဖိလစ် ပိုင်မှာ ကျင်းပတဲ့ ASEAN Business Awards 2017 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Woman Entrepreneur of the Year ကိုရခဲ့တယ်။ 

Brand You စတင်တဲ့အချိန်ကနေ ခုချိန်ထိ Image and Personal Branding ကို သင်ကြားပေးခဲ့ရသူပေါင်း (၁၇ဝဝ) ကျော်သွားပြီ။ အဲဒီ့အထဲမှာ ရာထူးကြီးကြီးတွေရော၊ ငယ်ငယ်တွေရော၊ လွှတ်တော်အမတ်တွေရောပါတယ်။ 

အခက်ခဲဆုံးအချိန်
အခက်အခဲဆိုတာကတော့ အမြဲတမ်းရှိနေမှာပါပဲ။ ဟာ... ဒါကြီးက ခက်လိုက်တာဆိုပြီး တွေးမိတာတော့မရှိဘူး။ ခက်တယ်။ ဟုတ်တယ်။ တစ်ခါတလေ လုပ်ငန်းမှာ ငွေရေးကြေးရေး စီမံခန့် ခွဲဖို့ လိုအပ်တဲ့ အချိန်တွေလည်းရှိခဲ့တယ်။ အဲဒါကို ပြဿနာလို့မတွေးဘဲ ငါဘယ်လိုကျော်လွှားမလဲလို့ပဲ တွေးတယ်။ တစ်ခါတလေ မနက်ဖြန်မှာ လူ (၁ဝဝ) လောက်ဖိတ်ထားတဲ့ Seminar တစ်ခု လုပ်ဖို့ရှိတယ်။ ဒီနေ့မှာ ဝန်ထမ်းအားလုံးထွက်သွားတယ်။ အဲဒါမျိုးတွေလည်းရှိခဲ့တယ်။ အဲဒီ့အချိန် မှာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ စဉ်းစားတယ်။ အခက်အခဲလို့ မစဉ်းစားဘဲ ကျော်လွှားသွားရမယ့်အရာတစ်ခုလို့ပဲ သတ်မှတ်တယ်။ 

ဖြေရှင်းမှု
ကိစ္စတစ်ခုဖြစ်လာတိုင်းမှာ ဖြေရှင်းပုံတွေက မတူနိုင်ဘူး။ ကျွန်မမှာ Mentor တွေရှိတယ်။ နောက်ပြီး ကျွန်မနဲ့ အလုပ်တူတဲ့ အရှေ့တောင် အာရှနိုင်ငံတွေက သူငယ်ချင်းတွေရှိတယ်။ သူတို့တွေနဲ့ တိုင်ပင်တယ်။ သူတို့တွေသည်လည်း သူတို့နိုင်ငံမှာ ဒီဘာသာရပ်ကို မိတ်ဆက်နေကြတဲ့သူတွေ ဖြစ်တဲ့အတွက် ကိုယ်ကြုံရတဲ့ အခြေအနေတွေက တစ်ခါတလေ သူတို့လည်း ကြုံနေရတာ၊ ကြုံပြီးသွားတာတွေဖြစ်နေတတ်တယ်။ သူတို့ရဲ့အကူ အညီတွေရတယ်။ နောက်ပြီး မိသားစုပေါ့။ မိသားစုက အရမ်း ကို ပံ့ပိုးပေးတယ်။ အမျိုးသားရော၊ အဖေ၊ အမေရော၊ ယောက္ခမတွေရော။ ကိုယ်လုပ်ချင်တာ ကိုလုပ်နိုင်ဖို့ ပံ့ပိုးပေးကြတယ်။ နောက်ပြီးစာဖတ်တယ်။ 

၂ဝ၁၈ အလွန်
အခု Brand You အနေနဲ့ လုပ်နေတာက တစ်ဦးချင်းကို Personal Branding Consulting လုပ်ပေးနေတယ်။ ရုံးတွေမှာ သင်တန်းပေးတာမျိုးတွေရှိတယ်။ Seminar အကြီးကြီးတွေ လုပ်တာမျိုးတွေရှိတယ်။ ပြီးရင် Talk အသေးလေးတွေ လုပ်ဖြစ်တယ်။ ပိုပြီး ကျယ်ပြန့်အောင် မီဒီယာတွေကတဆင့် အသိပညာတွေ ဖြန့်ဖြူးပေးဖြစ်တယ်။ ပြီးတော့ Youth Image Hub ဆိုပြီး CSR Program လုပ်နေတာလည်းရှိတယ်။ ၂ဝ၁၈ ထဲမှာတော့ လုံးဝကို ပြောင်းလဲသွားစေမယ့် တစ်ဦးချင်း Personal Coaching တွေ ပိုလုပ်သွားဖို့ရှိတယ်။

ဟီးရိုးများ
အဖေ့ကိုတော့ လေးစားအားကျတယ်။ ဘာကြောင့်လဲဆိုတော့ အရမ်းတည်ငြိမ်တယ်။ ဘယ်လိုပြဿနာပဲလာလာ၊ အမြဲတည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်တယ်။ သူ့ကို ဘယ်လိုနေရာကိုပဲ ပစ်ချလိုက်ပါစေ၊ သူက အသက်ရှင်မယ်ဆိုတဲ့ လူမျိုး။ နောက်ပြီးတော့ အမျိုးသားပေါ့။ သူကတော့ ကျွန်မ ဘာပဲလုပ်ချင်လုပ်ချင်၊ အမြဲ ပံ့ပိုးပေးတယ်။ နားထောင်ပေးတယ်။ နောက် ကျွန်မရဲ့ Mentor ဖြစ်တဲ့ Christina Ong ။ သူက အရှေ့တောင်အာရှတစ်ခုလုံးမှာ ဒီဘာသာရပ်ကို မိတ်ဆက်ပေးခဲ့တဲ့သူ။ သူ့ကြောင့် အောင်မြင်လာတဲ့သူ တွေ အများကြီးရှိတယ်။ သူ့ကို အရမ်းအားကျတယ်။ အထူးသဖြင့်တော့ ကိုယ့်အတွက် အလုပ်လုပ်တာမဟုတ်ဘဲ ဒီ့ထက်ကြီးမားတာတွေအတွက် အလုပ်လုပ်နေတဲ့ သူတွေကိုပေါ့။ ဥပမာ လူ့အဖွဲ့
အစည်းအတွက် ဖြစ်ချင်ဖြစ်မယ်၊ ကြီးကြီးကျယ်ကျယ်ပြောရရင် ကမ္ဘာကြီးအတွက် ဖြစ်ချင်ဖြစ် မယ်။ ကိုယ့်အတွက်ချည်းဆိုတာထက် တခြားသူ တွေအတွက်ကိုကြည့်ပြီး ကောင်းအောင်လုပ်ပေးနိုင်တဲ့သူတွေအားလုံးကို လေးစားအားကျတယ်။
အားသာချက်နဲ့ အားနည်းချက်အားသာချက်ကတော့ နေ့တိုင်းနေ့တိုင်း တိုးတက်နေတယ်။ ရပ်မနေဘူး။ အမြဲကြိုးစားနေရတာကိုး။ ဖြစ်လာတဲ့အခြေအနေနဲ့ ကိုက်ညီအောင် ကိုယ့်ကိုယ်ကို အမြဲဆွဲတင်နေရတာလေ။ ခေတ်ကိုမျက်ခြေ မပြတ်ဘူး။ ကိုယ်က သူများတွေ လို လူတွေအတွက် ငွေကြေးအားဖြင့် အများကြီး ထောက်ပံ့မပေးနိုင်ဘူး။ ကိုယ်ဖြန့်ပေးနိုင်တာက ကိုယ်သိထားတဲ့ အသိပညာ ဗဟုသုတတွေ။ ဒါကို ဖြန့်ပေးတယ်။ ဒါတွေကိုသိသွားခြင်းအားဖြင့် သူတို့မှာ တစ်ခုခုပြောင်းလဲ တိုးတက်သွားတယ်ဆို ရင် ကျေနပ်တယ်။ အားနည်းချက်ကတော့ အချိန်ပဲ။ ကိုယ့်အတွက် အချိန်အရမ်းနည်းပါတယ်။ မိသားစုကိုလည်း အချိန်ပေးနိုင်အောင် Time Management ကို သတိထားပြီးလုပ်နေရပါတယ်။ အဲဒီ့အတွက် ပင်
ပန်းတယ်။ နောက်ပြီး အခု Ph.D အတွက် ကျောင်းလည်း ဆက်တက်နေတော့ ပင်ပန်းပါတယ်။ Assumption University က လာဖွင့်တဲ့ Organi-zation Development ဘာသာရပ်ကို Ph.D တက်နေတာပါ။ 

အကြံပြုချက်
အလုပ်တစ်ခုကိုလုပ်တဲ့နေရာမှာ Passion က အရေးကြီးတယ်။ ဥပမာ ကျွန်မက စာသင်ပေးရတာကို ကြိုက်တယ်။ ကိုယ်ကြိုက်တဲ့အလုပ်ကို ပိုက်ဆံမရလည်း လုပ်နေချင်တယ်။ အဲဒီလိုမျိုးပေါ့။ တစ်ခုခုကို မသေမချင်းလုပ်နေချင်တယ်ဆိုတာမျိုးပေါ့။ အဲဒါတစ်ခု ရှိဖို့လိုတယ်။ နောက်တစ်ခုက Possibility နဲ့ Reality ပေါ့။ ဒါကြီးကကောင်းတယ် ဖြစ်နိုင်တယ်ပေါ့။ ဒါပေမဲ့ တကယ့်အပြင်လောကမှာရော အဲဒီ့ကောင်းတယ်ဆိုတာ ကြီးကို လိုအပ်နေသလားပေါ့။ အဲဒါကိုလည်း သိဖို့ လို တယ်။ မျှော်လင့်ချက်ရော၊ လက်တွေ့ရောမျှဖို့လိုတယ်။ ကိုယ့်အိပ်မက်ကိုသွားရမယ့်လမ်းကအများကြီးရှိနေမှာပဲ။ အဲဒီ့ထဲကမှ လက်တွေ့အကျဆုံးလမ်းကို ရွေးဖို့လိုတယ်။ ကိုယ့်ကိုယ်ကို Evaluate အမြဲလုပ်ဖို့လိုတယ်။ အဲဒါကို တစ်ခါတစ် လ လူတွေက မေ့မေ့နေတတ်တယ်။ ကိုယ်နဲ့ လက်တွဲပြီး စိတ်တူကိုယ်တူလုပ်မယ့် Team ကောင်းကောင်း ကိုယ့်မှာရှိထားမယ်ဆိုရင်တော့ ပိုလွယ်လိမ့်မယ်။ ငါချမ်းသာဖို့၊ ငါအောင်မြင်ဖို့ ဆိုတာထက် ကိုယ့်ပတ်ဝန်းကျင်ကို၊ ကိုယ့်မိသားစုကို 
တစ်ခုခုကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့ စိတ်ထားနဲ့သွားမယ်ဆို ကိုယ့်တစ်ယောက်တည်းဆိုတာ ထက် ပိုပြီးမောင်းနှင် အားကောင်းမယ်လို့ ထင်ပါတယ်။