Primary tabs

အနုပညာထက်ပိုပြီး အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ် ကြိုးစားနေသူ

သရုပ်ဆောင်ဆိုတဲ့ အနုပညာအမွေကို ဖခင်ဆီကနေ လက်ဆင့်ကမ်းခဲ့သူ၊ သရုပ်ဆောင်သက်တမ်း အနှစ် ၂၀ ကျော် အတွင်းမှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အ၀ရရှိခဲ့သူ၊ သရုပ်ဆောင်အပြင် 
သီချင်းဆိုခြင်း အနုပညာမှာလည်း ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့သူ၊ အနုပညာလောကကနေ ခဏအဆက်အသွယ် ပြတ်သွားခဲ့ပေမဲ့ ခုအချိန်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်uိုင်ရင်း အနုပညာထက် ပိုပြီးတော့ အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်ဖြစ်အောင် ရှေ့ဆက်ပြီး ကြိုးစားနေတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှု
မန္တလေးမှာ ဒါရိုက်တာ ညွန့်မြန်မာညီညီ အောင်ရိုက်တဲ့ မင်းသမီးခိုင်သင်းကြည်၊ ကိုလူမင်း၊ ခင်ဝင့်ဝါတို့နဲ့ အမေမဖြစ်ခင် အပျိုတစ်ခေတ်မှာ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ထားပါတယ်။ မြေပဲယိုသီချင်းခွေကိုလည်း အဆိုတွေ အပြတ်ဖြတ်ဖို့ လုပ်နေပါတယ်။ အတီးတွေအကုန် ပြီးသွားပါပြီ။ သီချင်း စရေးကတည်းက အခုအချိန်အထိ ဘယ်ခွေထဲမှာမှ ထည့်မရေးဘဲ သိမ်းထားတဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ထည့်မှာပါ။

မြေပဲယိုစီးရီး
မြေပဲယိုရဲ့ ထူးခြားမှုတစ်ခုက သီချင်းတွေ အကုန်လုံးက Direction လေးတွေသာ ကွဲရင်ကွဲသွားမယ်၊ ခေါင်းစဉ်လေးတွေသာ ကွဲရင်ကွဲသွား မယ် အကြောင်းအရာတစ်ခုတည်းပဲ။ အဲဒါကြောင့်မို့ Title ကိုတောင်မှ “ငါ ငါ ငါ” ဆိုပြီးတော့ ပေးထားပါတယ်။ သီချင်းစရေးတတ်ကာစကတည်းက ရေးဖြစ်တဲ့ဟာလေးတွေကို ခွေထဲမထည့်ဖြစ်ဘဲ ဖယ်ထားတာလေးတွေရှိပါတယ်။ အဲဒီဟာလေးတွေကို တစ်ခွေစုပြီး လုပ်တာပါ။ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေရယ်၊ ကျွန်တော့်အ ကြောင်းကိုသိပြီးတော့၊ ကျွန်တော့်စိတ်ခံစားမှုကို သိပြီးတော့ ကျွန်တော့်ကို တည်ရေးပေးပြီး မဆိုဖြစ်သေးတဲ့ သီချင်းတစ်ပုဒ်၊ ကျွန်တော့်ညီရေးထားတဲ့ သီချင်းတစ်ပုဒ် ပါပါတယ်။ ကျွန်တော်မြေပဲယို စမလုပ်ခင်ကတည်းက ပထမဆုံးရေးထားတဲ့ သီချင်းတစ်ပုဒ်ပါပါတယ်။ ၁၀ တန်းကျောင်းသားလောက်တုန်းက ရေးထားတဲ့သီချင်းပါ။ Version တွေကိုလည်း အခုလတ်တလော ကြိုက်နေတဲ့ Music ပုံစံမျိုးတွေ ပြောင်းထားပါတယ်။

ဇာတ်ကားရိုက်ကူးခြင်း
၂၀၁၈ ထဲမှာ ကျွန်တော်စဉ်းစားထားတာက အနုပညာကိုရော၊ ပရိသတ်ကိုရော ဒီထက်ပိုပြီး သစ္စာရှိစွာနဲ့ ဇာတ်ကားကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း၊ ဒါရိုက်တာကောင်းကောင်းတွေကိုပဲ ရွေးချယ်ပြီးတော့ပဲ ရိုက်ကူးတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။

သီချင်းခွေနဲ့ ဇာတ်ကားရိုက်ကူးခြင်း Balance ညီအောင်
သီချင်းလုပ်တယ်ဆိုတာ စိတ်ရဲ့ထွက်ပေါက်ပေးလိုက်တာပါပဲ။ ကျွန်တော်လုပ်ချင်တာတွေ အကုန်လုံးကို လုပ်ခွင့်ရတယ်။ ကားရိုက်ကကျတော့ ကျွန်တော်တို့က သရုပ်ဆောင်ဖြစ်နေတဲ့အတွက် ဒါရိုက်တာရဲ့ စိတ်ကူး၊ ဇာတ်လမ်းရဲ့ ပေးသလောက်၊ အသင်းအဖွဲ့နဲ့လူတွေအများကြီးနဲ့ ပူးပေါင်းပြီးလုပ်ရတဲ့အလုပ်ဆိုတော့ ကိုယ့်ခြေ၊ ကိုယ့်လက်နဲ့ စိတ်တိုင်းကျတဲ့ အလုပ်တော့ ဖြစ်မနေဘူးပေါ့။ အဲဒါကြောင့်လည်း ကျွန်တော်လုပ်နိုင်တဲ့ အနုပညာတစ်ခုအပေါ် ကျွန်တော့်ရဲ့စိတ်ထွက်ပေါက်
ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ရှေ့ပိုင်းမှာ ဇာတ်ကားတွေ တောက်လျှောက်ရိုက်လာပြီး ကြားကာလမှာ အနုပညာလှုပ်ရှားမှု ကျဲသွားတဲ့အကြောင်းရင်း
အဓိကက အရင်တုန်းက ဇာတ်ကားတွေ ဆက်တိုက်ရိုက်ရတဲ့နေရာမှာ အားနာမှုတွေ၊ မလွန်ဆန်နိုင်မှုတွေနဲ့ စိတ်မပါဘဲ ရိုက်လိုက်ရတာတွေရှိတယ်။ ကြာလာတော့ အနုပညာသမားဆိုတာ ငြီးငွေ့လာတယ်၊ ရင်ခုန်မှုမရှိတော့ဘူး၊ လတ်ဆတ်မှုတွေ ပျောက်လာတယ်။ အဲဒီအချိန်မှာ ရိုက်သာ ရိုက်နေရတာ စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေ ဖြစ်ဖြစ်လာတော့ ကျွန်တော် ၂ နှစ်ခွဲ၊ ၃နှစ်နီးပါးလောက် ဘာမှမရိုက်ဘဲ နားပစ်လိုက်တယ်။ နားပစ်လိုက်ပြီးတော့မှ အခု အသစ်ပြန်ပြီးတော့ လုပ်ဖြစ်တယ်။ လုပ်တဲ့အချိန်မှာလည်း စိတ်တိုင်းကျတာတွေရော၊ မကျတာတွေရော မျှတပြီးတော့ ရိုက်ရတဲ့ အနေအထားပေါ်မှာ ကြာလာတော့ နည်းနည်းပြန်ပြီး ငြီးငွေ့လာတယ်။ အဲဒါကြောင့်ပဲ ဇန်န၀ါရီလမှာ လုံးဝကားမရိုက်ဘဲ နားတယ်၊ ခရီးထွက်တယ်။

အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အပြောင်းအလဲ
အပြောင်းအလဲလေးတွေတော့ ရှိပါတယ်။ နဂိုတုန်းက တွဲနေကျသူတွေနဲ့ သိပ်မတွေ့ရတော့ဘဲ နောက်အသစ်ပေါ်လာတဲ့ လူငယ်တွေနဲ့ တွေ့ရတဲ့ အတွက် သူတို့ဆီက လတ်ဆတ်မှုလေးတွေတော့ ပြန်ပြီးခံစားလို့ရပါတယ်။ တချို့ဟာလေးတွေကျ တော့လည်း ညှိနှိုင်းရတာလေးတွေတော့ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမျိုးဆက်သစ်တွေ၊ လူငယ်တွေ အသစ်အသစ်ပေါ်လာတာကို ကျွန်တော်တို့က လက်ခံဝမ်းသာပြီးတော့ ကြိုဆိုပါတယ်။

Forever Star Programme မှာ Judge လုပ်ဖြစ်တဲ့ အကြောင်း
အဓိကကတော့ မျိုးဆက်သစ်အနုပညာရှင်လေးတွေ ပေါ်ပေါက်လာရေးအတွက် MRTV-4 ကနေ ဒိုင်အဖြစ်နဲ့ ကျွန်တော့်ကို ကမ်းလှမ်းပါတယ်။ ကျွန်တော့်အနေနဲ့ လုပ်နိုင်မလားလို့ ပြန်စဉ်းစား တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အသက် အရွယ်၊ 
ကျွန်တော့်အတွေ့အကြုံနဲ့ဆိုရင် သရုပ်ဆောင်သက်တမ်းက အနှစ် ၂၀လောက်ရှိပါပြီ။ ဒီလောကထဲမှာပဲ မွေးပြီးတော့ ကျွန်တော် ၅နှစ်သားကတည်းက စပြီး သရုပ်ဆောင်လုပ်ခဲ့တာဆိုတော့ ကျွန်တော့်ဆရာတွေ သင်ပေးခဲ့တဲ့ အတွေ့အကြုံလေးတွေနဲ့ ပေါင်းပြီးတော့ မျိုးဆက်သစ်တွေအပေါ် ပြန်လည်သင်ကြားပေးနိုင်မယ်၊ အတွေ့အကြုံတွေ ပြောပြနိုင်မယ်၊ ဒီအထဲကနေပြီးတော့မှ မျိုးဆက်သစ်တွေထွက်လာခဲ့ရင် အနာဂတ်အတွက်ကို ကောင်းတဲ့အလားအလာပါပဲ။

TV Channel ရဲ့ Programme တွေကနေတဆင့် ပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင် ပြန်လည်ထိတွေ့ရတဲ့အခါ
ကျွန်တော်တို့ မြန်မာပြည်အနေအထားအရ စဉ်းစားရတဲ့ပြဿနာက အဲဒါပါပဲ။ သူများနိုင်ငံတွေမှာဆိုရင် တစ်နှစ်မှ တစ်ကားလောက်ရိုက်ရင် ရိုက်တယ်၊ ရိုက်ချင်မှလည်း ရိုက်တယ်၊ ဒါပေမဲ့ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားမလားဆိုတဲ့ ပြဿနာကို ခေါင်းထဲထည့်ပြီး စဉ်းစားနေစရာ မလိုဘူး။ ဇာတ်ကားတစ်ကားကောင်းပြီဆိုတာနဲ့ ပရိသတ်က ချက်ချင်းအားပေးတယ်၊ ပြီးရင် ကားဆက်မရိုက်လည်းရတယ် ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ဆီမှာကျတော့ ကျွန်တော်တို့ရတဲ့ ငွေကြေးနဲ့ ဇာတ်ကားအတွက် ပြန်သုံးစွဲရတဲ့ ပမာဏနဲ့၊ နောက်တစ်ခုက ပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင်ဆိုတဲ့ ကိစ္စကို အမြဲတမ်း ထည့်စဉ်းစားရတဲ့အခါကျတော့ တချို့ကားတွေ ကိုယ့်ကို တော်ရုံတန်ရုံ နုတ်မသွားဘူးဆိုတဲ့ကားတွေကို လက်ခံပြီးတော့ ရိုက်ကူးရတယ်။ တစ်ခါတလေ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် လုပ်နေရတာတွေရှိတယ်။ အဲဒါတွေကလည်း အနုပညာသမားတွေအတွက် အဓိက ပြဿနာ တစ်ရပ်ပါပဲ။

အနုပညာရှင်နဲ့ Social Media
Social Media ဆိုတာ Social Media အစိတ်အပိုင်းတစ်ခုလောက် အနေနဲ့ သုံးတာပဲ ကောင်းပါတယ်။ ဒီအပေါ်မှာ ဘ၀ တစ်ခုလုံးနှစ်မြှုပ်ပြီးတော့ လုပ်နေမယ်ဆိုရင်တော့ အစစ်အမှန်လို့မထင်ပါဘူး။ လူတစ်ယောက်အောင်မြင်ဖို့ဆိုတာက Real Life မှာ အများကြီးပဲ သင်ယူရတယ်၊ အများကြီးပဲ လေ့လာရတယ်၊ အများကြီးပဲ ပေးဆပ်ရတယ်၊ အရမ်းကြိုးစားရတယ်။ Social Media လေးပေါ်မှာ ဓာတ်ပုံလေးတွေတင်၊ Cele လေးဖြစ်ပြီးတော့ နာမည်ကြီးလာတာကိုတော့ အစစ်အမှန်လို့ ကျွန်တော်ကတော့ မထင်စေချင်ပါဘူး။ အဲဒီလိုထင်နေတဲ့ လူမျိုးတွေကိုလည်း အဓိကပြောချင်တာက ဒီဟာက ယာယီအားဖြင့်၊ အခိုက်အတန့်အားဖြင့် ခဏလေးအောင်မြင်မှု ရကောင်း ရပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်အနေနဲ့ကတော့ ကိုယ့် Real Life မှာပဲ အများကြီး ကြိုးစားအားထုတ်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

မိမိကိုယ်ကိုယ် သုံးသပ်မိတာ
အခုသုံးသပ်မိတာကတော့ အပျင်းကြီးတယ်လို့ပဲ ပြောရမယ်။ အလိုလောဘနည်းတယ်၊ ခံစားမှုကို ဦးစားပေးတယ်။ ဥပမာ- ရိုက်ချင်တဲ့ ဇာတ် မျိုးမဟုတ်ရင်၊ ကိုယ်ရိုက်ချင်တဲ့ အနေအထားမဟုတ်ရင် စိတ်မပါတော့တာမျိုး၊ ရိုက်နေရင်းနဲ့ ငြီးငွေ့ပြီး အင်မတန် ပင်ပန်းနေတာမျိုးတို့ပေါ့။ ကိုယ်တကယ် ရိုက်ချင်တဲ့ဇာတ်မျိုး၊ ရင်ခုန်တဲ့ ဇာတ်မျိုးတွေကို ရိုက်ခဲ့တာ များတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မျှတပြီးလုပ်ရတဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် မလတ်ဆတ်တော့သလိုမျိုး၊ အလုပ်လုပ်ရတာ ရင်မခုန်တော့သလို ခံစားရတယ်။ နောက်ပိုင်းကို ကျွန်တော်ကားရိုက်တွေ ဒီထက်ပိုပြီး နည်းသွားချင်နည်းသွားပါလိမ့်မယ်။ ကျွန်တော် သေသေချာချာရိုက်ရတဲ့ ဇာတ်မျိုးကိုပဲ ရွေးပြီး ရိုက်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။

စိတ်ခံစားမှုအပြောင်းအလဲ
စိတ်ခံစားမှုလည်း အပြောင်းအလဲရှိပါတယ်။ မနေ့ကထက်စာရင် ဒီနေ့က ပိုပြီးတော့ အသက်ကြီးလာတာနဲ့အမျှ လူတစ်ယောက်က နည်း နည်းချင်းတော့ ပိုပိုပြီးရင့်ကျက်လာတာပါပဲ။

မိသားစု
ကျွန်တော့်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ၂ခုရှိပါတယ်။ တစ်ခုက အနုပညာ၊ တစ်ခုက Family နဲ့ နေတဲ့အပိုင်းပါ။ ကျွန်တော်အခုနောက်ပိုင်း အသက်အရွယ်ရလာတာနဲ့အမျှ မိသားစုနဲ့နေရ တာ ပိုပြီးတော့ ပျော်လာတယ်၊ မိသားစုအပေါ်ကို ပိုပြီးတော့ အလေးအနက်ထား တန်ဖိုးထားတတ်လာတယ်။ အခုဆိုရင် ကျွန်တော် ရုပ်ရှင်ပဲရိုက်ရိုက်၊ သီချင်းပဲ သွားဆို၊ သွားဆို၊ ခရီးသွားရင်ဖြစ်ဖြစ် ကျွန်တော့်သားနဲ့ အမျိုးသမီးကို အမြဲခေါ်သွားလေ့ ရှိတယ်။ အလုပ်ချိန်ပြီးတာနဲ့ မိသားစုကို အချိန်ပေးဖြစ်ပါတယ်။ သားကြီးကတော့ အခုအချိန်မှာ သူ့ဟာသူ ဘာလုပ်ချင်မှန်းမသိဘူး ဖြစ်နေသေးတယ်။ ပန်းချီဆွဲတယ်၊ ပန်းချီဆွဲတာလည်း ကောင်းပါတယ်၊ အခုကျတော့လည်း ပန်းချီဆွဲတာ မ ဟုတ်တော့ပြန်ဘူး ဂစ်တာဆိုပြီး ဖြစ်သွားပြန်ပြီ။ Music School မှာ ဂစ်တာနဲ့ Piano တက်တယ်။ သမီးကတော့ အနုပညာဝါသနာပါပေမဲ့ ပညာရေးကိုပဲ အရေးပေးပြီး လုပ်နေပါတယ်။ သားအငယ်ဆုံးလေးကတော့ အားလုံးထဲမှာ ၀ါသနာအပါဆုံး၊ အထူးခြားဆုံးလို့ပဲ ပြောရမလား မသိဘူး။ သီချင်းဝါသနာပါတယ်၊ ဓာတ်ပုံရိုက်ခံချင်တယ်၊ ရှူတင်လိုက်လာလို့ရှိရင် ဝင်ပါချင်တယ်၊ အကုန်လုံး အဖေနဲ့ တူတယ်လို့ ပြောလို့ရတယ်။ သား၊ သမီးတွေကို ပူပင်ရတာကတော့ တစ်ယောက်တစ်မျိုးစီ ပူပင် ရတာပါပဲ။ ယောက်ျားလေးဆိုလည်း ယောက်ျားလေးအလျောက်၊ မိန်းကလေးဆိုလည်း မိန်းကလေးအလျောက်ပေါ့။ အခု သားကြီးက အသက် ၁၉ နှစ်ဆိုတော့ သူ့ကျတော့တစ်မျိုးပူရတာပေါ့။ တစ်ခုခု မဟုတ်တာဖြစ်သွားမှာ၊ အပေါင်းအသင်းမှားသွားမှာ၊ သမီးကျတော့လည်း သူက ပညာရေးလေးတော်ပြီးတော့ သေသေချာချာလေး စည်းနဲ့ ကမ်းနဲ့ စနစ်တကျ နေတတ်တယ်ဆိုပေမဲ့လည်း မမျှော်လင့်ထားတဲ့ ချွတ်ချော်မှုလေးတွေ၊ တိမ်းစောင်းမှုလေးတွေ၊ အမှားအယွင်းလေးတွေ စိတ်ပူရတာပေါ့။ အငယ်ဆုံးကလေးကျတော့လည်း တစ်မျိုးပူရတာပေါ့။

ပရိသတ်
ကျွန်တော်ပရိသတ်ကို အနုပညာထက် ပိုပြီးတော့ အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်ဖြစ်အောင် ရှေ့ဆက်ပြီးတော့ ကြိုးစားပါဦးမယ်။ အားပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။

Photo & Retouch - Fred (Now Studio)