Primary tabs

Give and Take ဆိုတဲ့အတိုင်း ကျွန်တော်ရဲ့ဆောင်ပုဒ်က “စ ပေးပါ”

“Give and Take မှာ Give ပေးပြီးတော့မှ Take လုပ်ရမယ်လို့ ပြောထားတယ်။ ကိုယ်ပေးပြီးမှ ယူရမယ်။ အခုလူတွေတော်တော်များများက အရင်ယူဖို့ပဲ စဉ်းစားနေတယ်၊ ပေးတာက နောက်မှ ဖြစ်နေတယ်။ မြန်မာစကားနဲ့ ပြောမယ်ဆိုရင် အပေး၊ အယူလို့ပြောရင် အရင် စပေးရမယ်။ Give အရင်မလုပ်ဘူး၊ မပေးဘူးဆိုရင် သူတို့ဆီက စေတနာဆိုတာ ပြန်မပါလာတော့ဘူးဆိုတော့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ကတော့ စပေးပါလို့ပဲ ပြောချင်ပါတယ်” ဆိုတဲ့ မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ ဖွင့်လှင့်ထားပြီး Customer တွေကြားမှာ အောင်မြင်တဲ့ ဂုဏ်သတင်းတဲ့ ရပ်တည်လျက်ရှိတဲ့ Feel Group (Feel Myanmar Restaurant) ပိုင်ရှင် ဦးစိုးညီညီနဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

အစားအသောက်လုပ်ငန်း စတင်ဖြစ်ပုံ
အစားအသောက်လုပ်ငန်းကို ဝင်မယ်ဆိုတဲ့အခါမှာ ပထမဆုံးတော့ အစ်ကိုအကြီးဆုံးက နိုင်ငံခြားကပြန်လာတော့ အိမ်မှာ ဟမ်ဘာဂါတို့၊ မလေးရှားဆာတေးတို့ လုပ်ကျွေးတယ်။ သူလုပ်ကျွေးတာအရမ်းကောင်းတော့ အဲဒါလေးကို မှတ် ထားပြီး အဲဒီနှစ်ခုကို စရောင်းတယ်။ ပထမဆုံးအခြေခံတာက အဲဒီနှစ်မျိုး။ အခုနောက်ပိုင်းမှာတော့ ဟမ်ဘာဂါလိုမျိုးမဟုတ်တော့ဘဲ တရုတ်စာတွေချက်မယ်ဆို နာမည်ကြီးတဲ့ တရုတ်ဆိုင်တွေသွားစား၊ ပါဆယ်ယူလာ၊ ချက်နည်း၊ ပြုတ်နည်းစာအုပ်တွေဖတ်၊ အဲဒီအချိန်တုန်းက အင်တာနက်မပေါ်သေးတော့ တက်ကြည့်လို့လည်းမရ၊ နည်းပညာရဖို့က သိပ်ခက်တယ်။ ကိုယ့်ဘာသာကိုယ်ကြိုးစားပြီး အိမ်မှာချက်၊ အောင်မြင်တဲ့ဟာက အောင်မြင်၊ ကျရှုံးတဲ့ဟာက ကျရှုံး။ ဒီလိုနဲ့ပဲ အခု လို ၂၅ နှစ် ကြာသွားတယ်။ နောက်ပိုင်းကျတော့ နိုင်ငံခြားတွေသွားပြီး Certificate တွေယူ၊ အခုကျတော့ Youtube တွေကနေ ကြည့်ပြီးတော့ ချက်တယ်။ အခုနောက်ပိုင်းကလေးတွေကျတော့ ကိုယ်ကဖုန်းနဲ့ လှမ်းပြောရင်တောင်မှ အချိုးအစား ပြောစရာမလိုအောင် ချက်နိုင်တဲ့အဆင့်တွေအထိ ဖြစ်လာတယ်ဆိုတော့ အခုခေတ်မှာ စမယ်ဆိုရင် လူငယ်တွေအနေနဲ့ ကျွန်တော်တို့လောက် အချိန်တွေမကြာနိုင်တော့ဘူး၊ ဆုံးရှုံးမှုတွေ မရှိနိုင်တော့ဘူး။ ကျွန်တော်တို့တုန်းကလို ၂၅နှစ်ကြာမှ ဒီလိုအခြေအနေမျိုးရောက်တာ မဟုတ်တော့ဘဲ ၄၊ ၅၊ ၁ဝ နှစ်နဲ့ ရဖို့ဆိုရင် လူငယ်တွေက အတွေ့အကြုံရှိတဲ့လူတွေနဲ့ မေးမြန်းစကားပြောတာမျိုးတွေ လုပ်လို့ရတယ်။ အခုဆိုရင်လည်း တချို့လူငယ်တွေ  လာမေးမြန်းရင်းနဲ့ ကိုယ့်သားတွေ၊ သမီးတွေလိုကနေ ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်တာတွေ ရှိလာတယ်။ အခုဆိုရင် နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ မြန်မာအစားအသောက်ဆိုင်တွေ အများကြီးရှိလာတယ်။ နောက်ထပ်လည်း မြန်မာပြည်နေရာအနှံ့မှာ သန့်ပြန့်တဲ့ဆိုင်တွေ၊ မသန့်မှာ စိတ်ပူဖို့မလိုအောင် ဖြစ်ရတဲ့ဆိုင်တွေ အများကြီး လိုနေသေးတဲ့အတွက် Feel က လိုနေတဲ့နေရာတွေမှာ လိုက်ဖွင့်တယ်။ နောက်ဆုံး ကိုယ်မဖွင့်နိုင်ရင်တောင် ဖွင့်နိုင်တဲ့သူတွေကို Franchise လုပ်ပြီး ဖွင့်ဖို့အထိ၊ နောက်ပြီး အစားအသောက် အချက်အပြုတ်နဲ့ပတ်သက်ပြီး လာသင်ချင်တဲ့လူငယ်တွေအတွက်လည်း သင်ပေးပြီး Feel က Certificate ထုတ်ပေးတာမျိုး၊ ဒီ Certificate နဲ့ပဲ ကိုယ့်ရဲ့ စီးပွားရေးကို လုပ်နိုင်တာမျိုး အဲဒီလိုမျိုး ပညာဒါနတွေလည်း လုပ်သွားဖို့ရှိပါတယ်။

Feel လုပ်ငန်းရဲ့ အဓိကထားတဲ့ ခံယူချက်၊ ရပ်တည်ချက်
အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဘာသာတရားနဲ့ ကင်းလို့မရဘူးဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း ကောင်းတဲ့စိတ်ထား၊ ကောင်းတဲ့အလုပ်လုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ဟာကို အခြေခံပြီး ဝန်ထမ်းတွေအနေနဲ့လည်း စားသုံးသူအပေါ်မှာ စေတနာထားဖို့၊ ကိုယ်လုပ်တဲ့လုပ်ရပ်ပေါ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့၊ မကုန်ကျသင့်တဲ့နေရာမှာ မကုန်ကျအောင် ထိန်းသိမ်းခြင်းအားဖြင့် ကုန်ကျစရိတ်နည်းရင် လုပ်ငန်းအ မြတ်ရရင် သူတို့ကိုယ်တိုင်ရမယ်ဆိုတဲ့ အသိတရား
ရှိအောင် ရှင်းပြတယ်။ တစ်ခါတုန်းက ဂျပန်က သူဌေးတစ်ယောက်က ကျွန်တော့်ကို အင်တာဗျူးတဲ့အခါ သူပြောသွားတာတစ်ခုက သူတို့နဲ့ ကျွန်တော့်ရဲ့အုပ်ချုပ်ရေးက ဆန့်ကျင်ဘက်ဖြစ်နေတယ်တဲ့။ ဂျပန်တွေက Fine နဲ့ အပြစ်ပေးတယ်။ မနက်ဘယ်နှနာရီရောက်ရမယ် မရောက်ဘူးဆိုရင် ဘယ်နှမိနစ်ဆိုရင် ဘယ်လို၊ ဘယ်နှခါဆိုအလုပ်ထုတ်တယ်ဆိုတာမျိုးတွေနဲ့ သွားတယ်။ Feel မှာက အဲဒီလိုမရှိဘူးဆိုတာက ဂျပန်မှာ မနက် ၉ နာရီအရောက် အလုပ်ဆင်းရမယ်ဆိုရင် အဲဒီအချိန်
မှာ မြေအောက်ရထား၊ ကားတွေ၊ Taxi တွေကအစ သေချာလုပ်ပေးထားတယ်။ နောက်ကျတဲ့သူဆိုတာ အိပ်ရာထနောက်ကျမှပဲ အလုပ်နောက်ကျပြီး ရောက်တာမျိုး။ မြန်မာနိုင်ငံမှာကျတော့ အဲဒီလိုမဟုတ်ဘူး၊ ဝန်ထမ်းတစ်ယောက်က စောစောထပြီးထွက်ပေမဲ့လည်း လိုင်းကားကြပ်လို့၊ တွယ်စီးလို့မရလို့ စတာတွေဖြစ်နေတဲ့အခါကျတော့ အဲဒီလိုအပြစ်ပေးတာမျိုး မရှိဘူး။ တချို့ စည်းကမ်းမလိုက်နာတဲ့ ကလေးတွေကိုတောင် အလုပ်မထုတ်ဘဲ သူတို့နားလည်လာအောင် စည်းရုံးတယ်။ အဲဒီတော့ အဲဒီကလေးက နောက်ပိုင်း ကိုယ်အားကိုးရတဲ့ ဝန်ထမ်းဖြစ်နေပြီ။ အဲဒီလိုမျိုးဆိုတော့ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ ပြစ်ဒဏ်ပေးမယ်၊ ဆူမယ်၊ ကြိမ်းမယ်၊ အာဏာပြမယ်ဆိုရုံလောက်နဲ့တော့ မရဘူး၊ ကိုယ့်ရဲ့အလုပ်ကို စည်းနဲ့ ကမ်းနဲ့သွားတယ်၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ နေတယ်ဆိုတာနဲ့သွားနေတယ်။ နောက်တစ်ခုက ဆိုင်တစ်ခုဖွင့်တော့မယ်ဆိုရင် ပထမဦးဆုံးက “Employee First, Customer Second (EFCS)” ဆိုတာက အမေရိကမှာ ဆူရှီဆိုင်တွေ အများကြီးဖွင့်ထားတဲ့ ကို Philip Maung ရဲ့ နည်းကို ကြိုက်တော့ အဲဒီလိုမျိုးသွားတယ်။ လုပ်ငန်းမှာ ကိုယ့်ဝန်ထမ်းပျော်ရမယ်၊ မန်နေဂျာတွေ အကုန်လုံးကိုလည်း ကောင်းကောင်းမွန်မွန်၊ ချိုချိုသာသာပြောဆိုတာတွေ တိုက်တွန်းထားတယ်။ ကိုယ်တိုင်လည်း ရှေ့ကနေဦးဆောင်ပြီး ချိုချိုသာသာပြောဆိုဆက်ဆံတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် အပြစ်ပေးမယ်၊ လစာလျှော့မယ်ဆိုတာမျိုးတွေ မလုပ်ဘဲနဲ့ အဲဒီမူနဲ့ သွားနေပါတယ်။

Feel ရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်
အဲဒီအတွက်ကို The Sun Institute မှာ Sustainable Business ဆိုတဲ့ Training ကို ဆိုင်ကဝန်ထမ်း ၂ဝဝ၊ ၃ဝဝ လောက် သွားတက်ကြတယ်။ Strategy တွေ၊ Management တွေ၊ Motivation ဘယ်လိုဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ သင်တန်းတွေ၊ Team Work ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်တန်းတွေတက်ကြတာမျိုး၊ အဲဒီလိုမျိုးပေးနိုင်တဲ့ သင်တန်းတွေကိုလည်း ခေါ်သင်ပေးတာမျိုးတွေ လုပ်တယ်။ ကျွန်တော်စိတ်ပူတဲ့ အပိုင်းကလည်း ကိုယ်မရှိတော့တဲ့နောက်ပိုင်းမှာ ဒီလုပ်ငန်းကကျသွားမှာ၊ ဝန်ထမ်းတွေ စည်းလုံးမှုမရှိတော့ဘဲနဲ့ အချင်းချင်းမသင့်မြတ်တာတွေ ဖြစ်လာနိုင်တော့ အဲဒီအတွက် တစ်ခုပြီးတစ်ခု ရှေ့ကိုတက်လာပြီးတော့ စည်းရုံးမယ်၊ ပြန်ထိန်းမယ် စသဖြင့်ပေါ့။ အဓိကရည်ရွယ်ချက်ကိုက ကိုယ့်ဆိုင်မှာလာလုပ်တဲ့ ကလေးတွေ သူတို့ဆိုင်မှာ လုပ်နေရာကနေ သူတို့ဘဝ၊ သူတို့မိဘကိုပြန်ပြီး ထောက်ပံ့နိုင်အောင် ဆိုပြီးတော့ လုပ်သက်များတဲ့ ဝန်ထမ်း ၆၅ ယောက်စလုံးကို မေတ္တာဖြင့်ပေးကမ်းခြင်းစာချုပ်ကို ချုပ်ဆိုပေးပြီး သူတို့အတွက် လုပ်ပေးဖြစ်တယ်။ Feel Group မှာ ဝန်ထမ်းပေါင်း ၂ဝဝဝ ကျော်ရှိသွားပြီ။ အဲဒါက ဝန်ထမ်းတွေထဲက လုပ်သက် ၅ နှစ်ပြည့်တဲ့သူတွေကို သိန်းနှစ်ဆယ် ရှယ်ယာထည့်ပေးလိုက်တယ်။ အဲဒီတော့ ဒီလုပ်ငန်းမှာ သူတို့က သိန်းနှစ်ဆယ်ရှယ်ယာပါသွားတယ်။တစ်နှစ်ပြည့်တိုင်း ငါးသိန်းတိုးပေးတဲ့အတွက် လုပ်သက်များတဲ့သူတွေက သိန်းရာကျော်ရသွားတယ်။ ဝန်ထမ်းကလေးတွေရဲ့ အသက်ကြီးတဲ့မိဘစာရင်းတွေကောက်၊ ရွာအရောက် တစ်ယောက်ကို ပိုက်ဆံ တစ်သိန်းစီ လှူမယ်ဆိုတဲ့ အစီအစဉ်တွေ၊ ဝန်ထမ်းတွေနေတာ၊ ထိုင်တာကအစ အဆင်ပြေပြေဖြစ်အောင်လုပ်ပေးတယ်။ တတ်ကျွမ်းတဲ့ပညာရှင်တွေက Feel မိသားစုတွေကို သင်ကြားပေးတာတွေနဲ့အတူ ဘက်ပေါင်းစုံကတော့ Sustainable Business ဖြစ်ဖို့အတွက် Food ရဲ့ 
Taste ကအစ Constance ဖြစ်နေဖို့အတွက် ဘန်ကောက်နဲ့ စင်္ကာပူတွေမှာ သွားသင်တာမျိုးတွေ လုပ်တယ်။ ဥပမာ- သင်္ဘောသီးထောင်းလုပ်ဖို့ အတွက် ငံပြာရည်ထည့်၊ သံပုရာရည်ထည့် အဲဒီလို မျိုးလုပ်စရာမလိုတော့ဘဲ စပ်ထားတဲ့အရည်ကိုပဲ ဘယ်နှဇွန်းထည့်၊ သံပုရာသီးညှစ်လိုက်ဆိုတဲ့ System တွေနဲ့ လုပ်တယ်။ ဒီလိုမျိုးတွေကိုပဲ ကျွန်တော်တို့ မရှိတော့တဲ့အချိန်မှာ နောက်လူတွေ အုပ်ချုပ်တဲ့အချိန်မှာ ဖရိုဖရဲနဲ့ ပြန်လျော့သွားတာမျိုး မဖြစ်စေချင်တဲ့အတွက် သိကျွမ်းနားလည်တဲ့ သူတွေရဲ့ အကူအညီနဲ့ International မှာ ဘယ်လိုစနစ်တွေနဲ့ သွားလဲဆိုတာမျိုးတွေ ထပ်လုပ်ရဦးမှာပါ။

Feel လုပ်ငန်းရဲ့ ရှေ့ဆက်လုပ်ဆောင်နေမှုများနှင့် လူမှုရေးလုပ်ဆောင်မှုများ
အခုနောက်ပိုင်းမှာ ကိုယ်မယူတော့ဘူး၊ ကိုယ့်ဟာမဟုတ်တော့ဘူးဆိုတဲ့ အချိန်မှာ အများအတွက်ဆိုတဲ့ဆန္ဒနဲ့ နာထားတဲ့ အရှင်ဆေကိန္ဒရဲ့ တရားတော်တွေအတိုင်း အချိန်ရှိတိုင်းမှာ ကုသိုလ်စိတ်နဲ့ သူများကို ဘယ်လိုကူညီရမလဲ၊ လူတွေကို
ဘယ်လိုအကျိုးပြုရမလဲဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ခဲ့တယ်။ မှတ်မှတ်ရရ ၂ဝဝ၉ခုနှစ် မွေးနေ့မှာ မျိုးကြီးရဲ့ အရိုးရှင်းဆုံးဘဝဆိုတဲ့ သီချင်းကိုဆိုရင်း မိုက်ကိုင်ပြီး အခုလိုမျိုး ဝန်ထမ်းတွေကို ပေးမယ်ဆိုပြီး ကြေငြာလိုက်တယ်။ အခုကျတော့မှ ရှေ့နေ 
နဲ့ တရားဝင်လွှဲပေးဖြစ်တယ်။ ကျွန်တော်သေသွားပြီးနောက်ပိုင်းမှာ သူတို့တွေအားလုံး ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြစ်အောင် လုပ်ပေးခဲ့တာပါ။ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်က ဆိုင်ဖွင့်ရင် နိုင်ငံတော်အခွန်ရတယ် အဲဒါ Win တစ်ခု၊ ပြည်သူတွေ အလုပ်ရမယ် Win တစ်ခု၊ ကျွန်တော်တို့တွေလည်း အဲဒီအထဲက သုံးစွဲစားသောက်ရမယ် အဲဒါ Win တစ်ခု၊ Customer တွေစားတဲ့အခါ အစားအသောက်ထဲမှာ Chemical ပါတာတွေ၊ မှိုတက်တာတွေ၊ ကျန်းမာရေးနဲ့မသင့်တော်တာတွေ၊ မကောင်းတဲ့ဆီတွေ မသုံးတဲ့အတွက် ဆိုင်သက်တမ်း၂၅ နှစ်အတွင်းမှာ ကျွန်တော့်ဆိုင်မှာ အစဉ်တစိုက် စားသုံးတဲ့သူတွေက တချို့ကျန်းမာရေးနဲ့မညီညွတ်တဲ့အပြင် ဆိုင်မှာ စားတဲ့သူတွေထက် ကျန်းမာရေးက မဆိုးရွားသွားဘူး အဲဒါက Win တစ်ခုဆိုတော့ Win Win Situation အရလုပ်နေတာဆိုတော့ အခုဝန်ထမ်းတွေကိုလည်း ထိုက်သင့်တဲ့ အချိုးပေးပြီးတဲ့အခါ  ပိုအောင်မြင်ပြီး ပိုလျှံလာရင် တိုင်းပြည်ရဲ့လိုအပ်တဲ့နေရာတွေကိုလည်း ပြန်ပြီးလှူနိုင်တယ်။ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံကြီးရဲ့ ကင်ဆာဆောင်တွေမှာ သိန်းနှစ်ရာကျော်ကိုကမကထလုပ်ပြီး ပြင်ပအလှူရှင်တွေနဲ့အတူ လိုအပ်တဲ့နေရာတွေမှာ လှူခဲ့တယ်။ ပြီးတော့ တော်ဝင်ဂုံးတံတား၊ ဆွံ့အနားမကြား ဂုံးတံတား စတဲ့ ဂုံးတံတားတွေမှာ ဆေးအကောင်းစား လိုက်သုတ်ပေးတာ၊ ဓာတ်တိုင်တွေမှာ ညဘက်ကားမီးထိုးတဲ့အခါ တွေ့ရတဲ့ ရောင်ပြန်ပြားတွေတပ် တာမျိုး၊ ကွမ်းတံတွေးထွေးထားတာတွေကို ဆေးတဲ့ အဖွဲ့တွေခန့်တာမျိုးတွေ ကျွန်တော်တို့စလုပ်ခဲ့တယ်။ အဲဒီလိုမျိုးလုပ်တဲ့အချိန်မှာ လူအင်အားကို အများကြီးသုံးထားတဲ့အတွက် ကုန်ကျစရိတ်မြင့်တာကြောင့်ရော၊ တခြားစရိတ်တွေ မြင့်တက်လာတာကြောင့် Feel က ဈေးကြီးတယ်ဆိုပြီးဖြစ်တဲ့ အနေအထားမျိုးနဲ့ ကြုံနေရတယ်။

တိုးတက်လာတဲ့ခေတ်နဲ့အညီ လူငယ်တွေရဲ့ အခွင့်အလမ်းတွေအပေါ် မြင်တဲ့အမြင်
အခုနောက်ပိုင်း အင်တာနက်တွေပေါ်လာတဲ့အခါ ဥပမာ- Youtube ပေါ်မှာတက်ပြီး လေ့လာတာမျိုးတွေလုပ်တဲ့အခါ သိရမယ့်အသိတစ်ခုက သူတို့လုပ်ပြနေတာကို ကြည့်ရင်တော့ လွယ်သယောင်ရှိပေမဲ့ ကိုယ့်ဘာသာကိုယ်လုပ်တဲ့အခါ လွယ်ချင်မှလွယ်မယ်။ အဲဒါကို Smart ဖြစ်တယ် ဆိုတဲ့နေရာမှာ ၂ မျိုးခွဲထားတယ်။ Book Smart နဲ့ Experience Smart ဆိုပြီးတော့။ Book Smart ကတော့ စာအုပ်တွေဖတ်ပြီး သိတဲ့အသိ။ ကျွန်တော်တို့တုန်းကတော့ Experience Smart ပေါ့။ တွေ့ကြုံလာတဲ့ဟာတွေ၊ စာအုပ်ထဲမှာ ရေးထားပေမဲ့ တကယ်လုပ်တဲ့အခါ လက်တွေ့မှာ ဒီလိုမဟုတ်ဘဲ ဒီလိုပြောင်းလိုက်ရတယ်၊ ပြင်လိုက်ရတယ်ဆိုတာနဲ့ Smart ဖြစ်လာတာ။ ဝန်ထမ်းအုပ်ချုပ်တာဆိုလည်း ဒီအတိုင်းပါပဲ၊ စာအုပ်ထဲမှာ ဝန်ထမ်းအုပ် ချုပ်နည်း၊ အောင်မြင်အောင်လုပ်နည်းစာအုပ်တွေထွက်တယ်။ စာအုပ်ဖတ်ပြီးပဲ လုပ်လို့မရဘူး၊ တချို့ဟာတွေက စာအုပ်ထဲကအတိုင်းမဟုတ်ဘူး၊ လက်တွေ့မှာဒီလိုရှိတယ်ဆိုတဲ့ လှည့်စားမှုတွေ၊ ပညာတွေပါလာတယ်။ ဒါကလည်း ကိုယ့် Talent ဖြစ်ဖို့လိုတယ်။ အခုခေတ်ကလေးတွေ၊ လူငယ်တွေအနေနဲ့ အင်တာနက်တက်ကြည့်ရုံ၊ စာအုပ်ဖတ်ပြီး လေ့လာရုံနဲ့မရနိုင်ဘူး၊ လက်တွေ့မှာ လူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ ဖြစ်လာမယ့်ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ လူဖြစ်ဖို့ဆိုတာ ကိုယ်တိုင် Experience ရအောင်၊ ဒီလို Experience ရှိပြီး လုပ်နိုင်တဲ့သူဆီမှာ လေ့လာတာမျိုးတွေ လုပ်သင့်ပါတယ်။

ကိုယ်ပိုင်စီးပွားရေးကို ဦးတည်ပြီး လုပ်ချင်တဲ့ လူငယ်တွေအတွက် အကြံပေးစကား
ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူမှာ မိဘက ငွေကြေးအရ မတောင့်တင်းဘူး၊ ကိုယ့်အခြေအနေက ခြစ်ခြစ်ကုပ်ကုပ်နဲ့ လုပ်ရမယ့်သူက များမယ်လို့ထင်ပါတယ်။ အဲဒီလိုမျိုး မရှိတဲ့သူအနေနဲ့ဆိုရင် အကြံပေးချင်တာကတော့ အောင်မြင်တဲ့လုပ်ငန်းတစ်ခုမှာ ပညာသင်အနေနဲ့၊ ဝန်ထမ်းအနေနဲ့ အရင်ဆုံး ဝင်လုပ်သင့်တယ်လို့ ထင်တယ်။ ဥပမာ- အစားအသောက် လုပ်ငန်းလုပ်ချင်တယ်ဆိုပါစို့ Feel မှာ အလုပ်လာလုပ်၊ အလုပ်ဆင်း၊ နေ့တိုင်းပင်ပန်းတဲ့ဟာဆိုတာက အချင်းချင်း ဆက်ဆံတဲ့အခါ ရန်ဖြစ်တာ၊ စကားများတာ၊ ပြောတိုင်းမပါတာ၊ နောက်ပြီး အစားအသောက်အတွက် ဈေးဝယ်တဲ့နေရာမှာ လိုချင်တဲ့ quality အမြဲရဖို့မဖြစ်နိုင်တာ၊ ဈေးဝယ်တတ်တဲ့ပညာ စတဲ့ အခက်အခဲတွေက လက်တွေ့လုပ်မှ အတွေ့အကြုံတွေရတယ်။ အဲဒီလိုမလွယ်တဲ့အရာတွေကို လက်တွေ့သိဖို့ဆိုတာ ပညာသင်အနေနဲ့ဖြစ်ဖြစ်၊ ဝန်ထမ်းအနေနဲ့ဖြစ်ဖြစ် အချိန်ကာလတစ်ခုအထိတော့ လုပ်သင့်တယ်။ အဲဒီကနေမှတဆင့် အသေးဆုံး Investment အနေနဲ့ Small Business စသင့်တယ်လို့ အကြံပေးချင်ပါတယ်။

Customer Feedback
Customer ဆီက Feedback ကောင်းတွေ ပြန်ကြားရလို့လည်း မီဒီယာတွေကနေတဆင့် အခုလိုမျိုးချပြရတဲ့အတွက် လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ဆိုတာက ကော်ဖီတောင် သကြားနဲ့ မသောက်နိုင်လို့ ထန်းလျက်နဲ့သောက်ခဲ့ရတဲ့ဘဝကနေ ဒီဘဝရောက်အောင်ကြိုးစားခဲ့ရတာတွေကို အောင်မြင်ချင်တဲ့လူငယ်တွေ၊ ကြိုးစားနေတဲ့လူငယ်တွေကို အခုလိုမျိုး ပြန်ပြောပြရတာ၊ ဒီလိုကြိုးစားရင် ဒီလိုဖြစ်နိုင်တယ်ဆိုတာကို ပြန်ပြောပြရတဲ့အတွက် ဝမ်းသာပါတယ်။ ကိုယ်တိုင်က Chef ဖြစ်တဲ့အတွက် ဟင်းတွေချက် တယ်၊ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးမှာ သူတို့တွေက ကျွန်တော့်ကိုချစ်ကြတယ်ဆိုတော့ လုပ်ငန်းမှာလည်း ဝန်ထမ်းက သူတို့ပိုင်ရှင် (သို့) လူကြီးကို လေးစားဖို့လိုတယ်။ တော်တော်များများက ချစ်တာ
မပါဘူး၊ အလုပ်သဘောအရ သွားကြတာဆိုတော့ မအောင်မြင်တာ၊ အုပ်ချုပ်ရခက်တာ၊ ဝန်ထမ်းတွေကလည်း ကိုယ့်အလုပ်လို သဘောမထားဘူးဆို တာမျိုးတွေရှိပေမဲ့ Feel မှာက အဲလိုမျိုး မဟုတ်ဘူး။ Synergy လို့ခေါ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်း၊ ညှိနှိုင်း၊ စည်းလုံး၊ လက်တွဲခေါ်ဆိုတဲ့ အားကိုးရသွားတော့ တစ်အပေါင်း တစ်က နှစ်ဖြစ်ပေမဲ့ Feel က သုံးလည်းဖြစ်တယ်၊ လေးလည်းဖြစ်တယ်ဆိုတော့ Feel ရဲ့ လူနှစ်ထောင်ကျော်အားကြီးရလာတဲ့အခါမှာ ဝန်ထမ်းအဆင့်အတိုင်းက သူ့တာဝန်သူကျေအောင်လုပ်ကြတယ်။ အားလုံး Perfect တော့ မဟုတ်ပေမဲ့ တချို့လုပ်ငန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ Motivation ရတယ်၊ တစ်ယောက်နဲ့တစ်ယောက် မိသားစုစိတ်လေးနဲ့ သွားဖြစ်ကြတယ်။ ဆိုင်ခွဲပေါင်း ၃ဝ ဝန်းကျင် ဖွင့်ထားနိုင်ခဲ့ပြီး တချို့ Customer Feedback အနေနဲ့လည်း မကောင်းတဲ့ Feedback ကြားရတာက တချို့ဆိုင်က ဝန်ထမ်းကလေးတွေက ဆက်ဆံရေးမကောင်းဘူး၊ ခေါ်ရင်မလာဘူး၊ မကြားချင်ယောင်ဆောင်နေတယ်၊ မျက်နှာတည်တယ်ဆိုတာမျိုး အနည်းငယ်ကြားရတဲ့အတွက်လည်း Customer တွေကို တောင်းပန်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြောချင်တာက ဝန်ထမ်းကလေးတွေထဲမှာ တောကလာတဲ့ ကလေးတွေ၊ တိုင်းရင်းသား ကလေးတွေရှိတဲ့အတွက် သူတို့ဟာသူတို့ လူကိုကြောက်နေတာ၊ မြန်မာစကားကို လိမ့်ပတ်လည်အောင် မပြောတတ်တာ၊ အဲဒီကြားထဲကမှ English လို ညှပ်ပြောရင် ပိုဆိုးတယ်။ သူတို့ကိုယ်တိုင်က ရန်ကုန်ကိုမရောက်ဖူးဘဲနဲ့ Feel မှာ အလုပ်လုပ်  မှ ရန်ကုန်ကိုရောက်လာတာဆိုတော့ အဲဒီအခါမှ ဟမ်ဘာဂါဆိုတာဘာလဲ၊ ကြေးအိုးဆိုတာဘာလဲသိတယ်။ အဲဒီလိုမျိုးအခြေအနေ၊ အဲဒီလိုလူတွေနဲ့ ဆိုင် ၃ဝ ကိုဖွင့်တဲ့အချိန်မှာ Customer တွေက အရမ်းကို Feel ကို လာစားရင် မျှော်လင့်ထားတယ်၊ ဒါပေမဲ့ Customer တွေ လိုချင်တဲ့အနေအထားကို ရောက်နေတဲ့နေရာ အနေအထားကနေ အရမ်းကြိုးစားရတယ်။ Feedback ကောင်းတာက ပိုများတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ ကျွန်တော်တို့က ပီတိကိုစားနေရတာ၊ လူတွေအဆင်ပြေပါစေဆိုတဲ့ စိတ်နဲ့နောက်ပိုင်းကလုပ်နေရတာ၊ ကိုယ်ချမ်းသာဖို့ ကြီးပွားဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ပြီးတော့ ဆိုင်ကြီးတွေအပြင် ပြည်ထောင်စုရိပ်သာလမ်းဘေးမှာလည်း ကိုယ်တိုင်အကြော်ကြော်ပြီး ရောင်းတယ်။ ဘာလို့အဲဒီလိုလုပ်တာလဲဆိုတော့ မြန်မာပြည်တစ်ပြည်လုံးမှာ အကြော်၊ မုန့်ဟင်းခါး ဒီလိုအစားအစာလေးတွေကို နေကြာဆီလေးနဲ့ကြော်ပြီးတော့ အန္တရာယ်မရှိအောင် ဈေးသက်သက်သာသာနဲ့ ကြော်ဖို့ဆိုတာ နေရာတိုင်းမှာ မရှိနိုင်ဘူး။ အဲဒီတော့ ကိုယ်ကစပြီးလုပ်မှ နောက်လူတွေက လိုက်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ သွားတယ်။ ဥပမာ- အရင်တုန်းက ၁၁၅ မိုင်မှာ စားသုံးသူတွေဆီကကြားလိမ့်မယ် အိမ်သာတွေ ညစ်ပတ်တယ်တို့၊ စားပွဲတွေအောက်မှာ ပစ်ချထားတဲ့အမှိုက်တွေ မကောက်ဘူးတို့၊ ကွမ်းတံတွေးတွေနဲ့ ညစ်ပတ်တယ်တို့။ အဲဒါတွေကို Feel ရောက်သွားတဲ့အချိန်မှာ Feel က နမူနာအနေနဲ့ ဖြစ်အောင်လုပ်ပြတယ်။ အိမ်သာတစ်ခါတက်တယ်၊ ရှေ့ကသူက လုပ်သွားတဲ့ အညစ်အကြေးတွေ၊ မသန့်ဘဲ ညစ်ပတ်အောင်လုပ်ထားခဲ့တာတွေကို သန့်ရှင်းရေးမဝင်ခင်အချိန်မှာ  နောက်လူတစ်ယောက်က ဝင်မိတဲ့အခါ ညစ်ပတ်တယ်ဆိုတာမျိုးတွေ ဒီလိုအခက်အခဲတွေကြားကနေ လုပ်ရတာ မလွယ်ဘူးဆိုတာကိုလည်း တချို့ဝေဖန်နေတဲ့ လူတန်းစားတစ်ရပ်ကိုလည်း သိစေချင်ပါတယ်။ နောက်တစ်ခုက ဖြူးမှာရတဲ့ ရေက အဝီစိတွင်း ရေမဟုတ်ဘူး တောင်ကျချောင်းရေ၊ မိုးတွင်းမှာ ရေတအားနောက်တဲ့အခါ အိမ်သာရေဆွဲတဲ့ရေက အညိုရေဖြစ်နေတယ်။ အဲဒါကို ရေက ညစ်နေတယ်မထင်ဘဲနဲ့၊ ရွှံ့ရေလို့ မထင်ဘဲနဲ့ အိမ်သာညစ်ပတ်တယ်ထင်ပြီး Facebook မှာ တက်ရေးတာမျိုးတွေ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ဒီလိုအခက်အခဲတွေကြားထဲကနေ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ နောက်ပြီး Cost တွေ အရမ်းများတဲ့အတွက် ဈေးလျှော့ပြီးရောင်းဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် လမ်းဘေးမှာ ဈေးသက်သက်သာသာနဲ့ ရောင်းလို့ရမယ့်ဟာလေးကို လုပ်ကြည့်နေပါတယ်။ အရမ်းကြီး Expect မလုပ်ပါနဲ့လို့တော့ ပြောချင်ပါတယ်။

ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့ အစားအသောက်တွေအပေါ် လူတွေရဲ့ Feedback
ဒီဘက်မှာ Feel တွေ အများကြီး ဖွင့်ထားတယ်၊ တကယ်တမ်း ဟိုဘက်ကားလမ်းဘေးမှာ ဈေးသက်သက်သာသာနဲ့ ကောင်းတာစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ နောက်ထပ် ဆိုင်လေးဖွင့်ထားပေမဲ့ တကယ်လာတာက ပိုက်ဆံရှိတဲ့ လူတန်း
စားတွေပဲ ဖြစ်နေတယ်။ ဒါတောင် ရပ်ကွက်တွေထဲမှာရှိတဲ့ မုန့်ဟင်းခါးနဲ့ အကြော်တွေထက်စာရင် ဈေးကြီးနေသေးတယ်။ ဘာလို့လဲဆိုတော့ သုံးတဲ့ပစ္စည်းက ပစ္စည်းကောင်းဖြစ်တာရယ်၊ ဝန်ထမ်းတွေအတွက် စရိတ်ရယ်ဆိုတဲ့ စရိတ်တွေ ရှိနေသေး တာကြောင့်ပါ။

ကိုယ့်ရဲ့ Brand Name တစ်ခု တည်ဆောက်ဖို့ အဓိက လိုအပ်ချက်
Brand Name တစ်ခု ဖြစ်လာဖို့၊ တည်ဆောက်ဖို့ဆိုတာ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆို ရင် ၄၊ ၅ နှစ်နဲ့ ဖြစ်မလာဘူး။ အစားအသောက်အနေနဲ့ Customer က ပိုက်ဆံပေးပြီးတော့ ဝယ်တာကိုရောင်းတဲ့ Service ပေးတဲ့အလုပ်အနေနဲ့ဆိုရင် Brand Name တစ်ခုဖြစ်ဖို့ဆိုရင် နံပါတ်တစ် အရသာကောင်းရမယ်။ နံပါတ်နှစ် ဆက်ဆံရေး၊ နံပါတ်သုံး ဈေးနှုန်း။ အဲဒီသုံးမျိုးစလုံးကောင်းတယ်ဆိုရင် လူတစ်ယောက်ကနေ ဆယ်ယောက်ပွားလာတာပဲ။ အဲဒီဆိုင်မှာ သွားစားကြည့် ကောင်းတယ်၊ အရမ်းတန်တယ် ဒီလိုမျိုးနဲ့ Feel က စခဲ့တယ်။ အစပိုင်းတုန်းကတော့ ဈေးသက်သာတယ်၊ နောက်ပိုင်းကျတော့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Cost တွေ အကုန်လုံးက တက်လာတယ်၊ လုပ်ငန်းကြီးထွားလာဖို့လိုတယ်။ တစ်ခုတည်းနဲ့ သေသွားလို့ မဖြစ်ဘူး။ ဒုတိယတစ်ဆိုင်ဖြစ်ဖို့အတွက်ကို ပထမတစ်ဆိုင်ရဲ့ အမြတ်က ရှိနေရမယ်။ ရှိနေဖို့အတွက် ကျွန်တော်တို့ဘက်က ဈေးအရမ်းပေါပေါနဲ့ လူအများကြီး စားနိုင်တဲ့ဆိုင်မျိုး လုပ်လိုက်မယ်ဆိုရင် နောက်တစ်ဆိုင်ဖြစ်လာမှာမဟုတ်ဘူး။ ဈေးအရမ်းသက်သာတဲ့ Feel လိုဆိုင်မျိုးလား၊ အဆင်ပြေတဲ့ Feel လို ဆိုင်မျိုးလား၊ ဒါမှမဟုတ် အဲဒီလိုဆိုင်မျိုးတွေ မြန်မာနိုင်ငံအနှံ့မှာ ပေါ်လာ ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အောက်ခြေကနေ တက်လာတာဆိုတော့ ပထမဆိုင်က အမြတ်ကိုယူပြီး ဒုတိယဆိုင်ကိုဖွင့်၊ ဒုတိယဆိုင်ကနေတဆင့် ဆိုင်တွေအများကြီးပွားလာအောင် လုပ်ရတဲ့အတွက်ကြောင့် အကုန်လုံးမျှော်လင့်ထားတဲ့ ကျန်းမာရေးအရ သင့်တော်တဲ့၊ Service လည်းကောင်းတဲ့၊ ဈေးလည်းသက်သာတဲ့ ဆိုင်မျိုးတော့ မဖွင့်နိုင်သေးပါဘူး။ တကယ်လို့သာ အစိုးရက တစ်နေရာမှာ ပြည်သူလူထုစားဖို့အတွက် ဖွင့်ပေးပါလို့ ခိုင်းလာခဲ့ရင် ကျွန်တော့်ကိုယ်ကျိုးလုံးဝမယူဘဲ ဖွင့်ပေးပါမယ်။ Bank က ငွေထုတ်ပေးရင် ပိုကြိုက်တယ်။ တစ်လအတွက် ဘယ်လောက်မြတ်တယ်ဆိုတာမျိုး စာရင်းဇယားနဲ့ လာကောက်ပေးတာမျိုး၊ ဝန်ထမ်းတွေအတွက် လခကောင်းကောင်းပေးတယ်၊ Customer တွေကိုလည်း ဈေးသက်သက်သာသာနဲ့ရောင်းပေးတယ်၊ အဲဒီက ပိုလျှံတာကို နိုင်ငံတော်ကလည်း အခွန်ရတယ်ဆိုတာမျိုး၊ ကျွန်တော်ကိုယ်တိုင် အမြတ်အစွန်း လုံးဝမယူဘူးဆိုတာမျိုးကို မသေခင်မှာ လုပ်သွားပေးချင်ပါတယ်။ ပြည်သူလည်းကောင်းကောင်းစားရမယ်၊ နိုင်ငံတော်အတွက် အခွန်လည်းရစေရမယ်၊ နိုင်ငံတကာအဆင့်မီဖြစ်စေရမယ်ဆိုတာမျိုး လုပ်ပေးချင်ပါတယ်။

ကိုယ်တိုင်လက်ကိုင်ထားပြီး ကျင့်သုံးနေတဲ့ ဆောင်ပုဒ်
Give and Take မှာ Give ပေးပြီးတော့မှ Take လုပ်ရမယ်လို့ ပြောထားတယ်။ ကိုယ်ပေးပြီးမှ ယူရမယ်။ အခုလူတွေတော်တော်များများက အရင်ယူဖို့ပဲ စဉ်းစားနေတယ်၊ ပေးတာက နောက် မှ ဖြစ်နေတယ်။ မြန်မာစကားနဲ့ ပြောမယ်ဆိုရင် အပေး၊ အယူလို့ပြောရင် အရင် စပေးရမယ်။ အောင်မြင်ဖို့အတွက်၊ ကြီးပွားဖို့အတွက်၊ နာမည်ကြီးဖို့အတွက်၊ လမ်းကြောင်းပေါ်ရောက်ဖို့အတွက် Customer ကို အရင်ပေးရတယ်။ Give အရင် မလုပ်ဘူး၊ မပေးဘူးဆိုရင် သူတို့ဆီက စေတနာဆိုတာ ပြန်မပါလာတော့ဘူးဆိုတော့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ကတော့ စပေးပါလို့ပဲ ပြောချင်ပါတယ်။