Primary tabs

တွန်းချမယ့်သူ၊ ဆွဲခေါ်မယ့်သူ ဘယ်သူဖြစ်ဖြစ် တပြေးတည်းစိတ်ပဲ ထားပါတယ်

“ကျွန်တော်ကတော့ ကျွန်တော့်ကိုလက်တွဲခေါ်တဲ့သူပဲဖြစ်ဖြစ်၊ တွန်းချမယ့်သူပဲဖြစ်ဖြစ် ကျွန်တော့်ဘက်က စေတနာ၊ မေတ္တာအမှန်ထားပေးလိုက်တယ်။ တွန်းချမယ့်သူလည်း တွန်းချချင်တွန်းချ ကျွန်တော့်ဘက်က အကောင်းမွန်ဆုံး ဆက်ဆံတယ်။ တွန်းချမယ့်သူပဲဖြစ်ဖြစ်၊ ဆွဲခေါ်မယ့်သူပဲ ဖြစ်ဖြစ် တပြေးတည်းစိတ်ပဲ ထားပါတယ်” ဆိုတဲ့ရွှေထူးရဲ့ အနုပညာ၊ စိတ်ထွက်ပေါက်၊ ငယ်ငယ်တုန်းကစိတ်ကူး၊ Business Plan စတဲ့အကြောင်း အရာတွေနဲ့အတူ...

ရွှေထူးနဲ့ လတ်တလော အနုပညာ
ကျွန်တော် ၃ လပိုင်းမှာ စရိုက်မယ့် ကျွန်တော်ရယ်၊ ရွှေမှုန်ရတီရယ်၊ နေခြည်ဦးရယ်နဲ့ ဧည့်သည်ဆိုတဲ့ကား ရိုက်ဖို့ရှိပါတယ်။ ကျွန်တော့်ရဲ့ ဒုတိယ အယ်လ်ဘမ် “I” ဆိုတဲ့ ခွေ ဖေဖော်ဝါရီ ၂၄ ရက် နေ့က ထွက်ထားပါတယ်။ 

အဲဒီခွေအတွက် သီချင်းတွေကို ကျွန်တော့်ရဲ့ စိတ်ကူးယဉ်စာအုပ်အယ်လ်ဘမ်ပြီးကတည်းက စစုတယ်။ ကျွန်တော်လုပ်ချင်တဲ့ပုံစံလေးတွေ စစုတယ်။ ကျွန်တော်သွားချင်တဲ့ပုံစံလေးတွေ၊ ရေးထားတာတွေကို လုပ်လာတာ တစ်နှစ်ကျော်ကျော် လောက် ရှိသွားပြီ။

သီချင်းနဲ့ ဇာတ်ကားရိုက်ခြင်း
ဒီနှစ်ခုကြားမှာ အဓိကက အချိန်ကို Manage လုပ်ရတာပေါ့နော်။ ကျွန်တော်သီချင်းလုပ်မယ့်အချိန်ဆို၊ သီချင်းလုပ်ဖို့ကို သီးသန့်ထားတယ်၊ ရုပ်ရှင်ရိုက်မယ့်အချိန်ဆို ရုပ်ရှင်အတွက်အချိန်၊ Show ဆိုမယ့်အချိန်ဆို Show ဆိုမယ့်အချိန် အဲဒီ
လိုမျိုးလေးတွေ ကန့်သတ်ထားတယ်။ အဓိကကတော့ ကျွန်တော့်ဘေးနားက ကျွန်တော့်သူငယ်ချင်းတွေ၊ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ကောင်မလေးကို တိုင်ပင်ပြီး လုပ်ဖြစ်ပါတယ်။

စိတ်တွေအရမ်းမွန်းကြပ်လာရင်
စိတ်အရမ်းမွန်းကြပ်လာရင် တစ်ယောက်တည်းနေတာထက် သူငယ်ချင်းတွေနဲ့ နေဖြစ်တာများတယ်။ သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။ ပြောပြ ပြီး ဝမ်းနည်းနေရင် ငိုချပြစ်တယ်။ အဲဒီလိုမျိုး စိတ်ထွက်ပေါက်ပေးလိုက်တယ်။

အနုပညာအားဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှုအတိုင်းအတာ
ကျေနပ်အားရမှုကတော့ ကျွန်တော့်ကိုယ် ကျွန်တော် သတ်မှတ်ထားတဲ့ အတိုင်းအတာအလျောက် တိုးတက်လာတယ်လို့ ထင်တယ်။ အားမရတဲ့အပိုင်းတွေလည်း ရှိသေးတယ်။ သရုပ်ဆောင်ပိုင်းမှာဆိုရင် အားကတော့ လုံးဝမရသေးဘူး။ အဆိုပိုင်းမှာလည်း အဲဒီလိုပါပဲ။ အားမရတဲ့အပိုင်းတွေ ရှိသေးတဲ့အတွက် အများကြီးပြင်ဆင်ပြီးတော့ လုပ်နေပါတယ်။

သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဖြစ်တဲ့အကြောင်း
သရုပ်ဆောင်တာလည်း အနုပညာပဲဆိုတော့ ကျွန်တော်ကလည်း သရုပ်ဆောင်တာ ဝါသနာပါတော့ ဒီသရုပ်ဆောင်အလုပ်ကို စမ်းကြည့်ချင်တယ်။ ပြီးတော့ ကျွန်တော့်မိသားစုနဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကလည်း ဝိုင်းဝန်းပံ့ပိုးပေးကြ
တယ်။ လုပ်စေချင်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အစ်ကိုလိုခင်နေတဲ့ Media 7 က ကိုဝေမင်းမောင်တို့ကအစ ကျွန်တော့်ကို ရိုက်စေချင်တယ်။ အဲဒီတော့ အကုန်လုံးရဲ့ ဆန္ဒရော၊ ကျွန်တော့်ရဲ့ ဝါသနာအရရောကြောင့် ရိုက်ဖြစ်သွားတာပါ။

ကိုယ့်ရဲ့ကံတရားနဲ့ ကြိုးစားမှုရာခိုင်နှုန်း
အနုပညာနဲ့ပတ်သက်ရင် ကျွန်တော့်ရဲ့ ကံတရားက ၆ဝ% လောက်ရှိမယ်ထင်ပါတယ်။ ကျွန်တော်ကံကောင်းတယ်။ ကျွန်တော့်ကို ဝိုင်းဝန်း Support ပေးကြတဲ့သူတွေ၊ ဖြစ်စေချင်ကြတဲ့သူ တွေ၊ ကျွန်တော့်ကိုဒီထက်ပိုပြီး တိုးတက်အောင်မြင်စေချင်ကြတဲ့သူတွေ၊ ပရိသတ်တွေ၊ အသိုင်းအဝိုင်းတွေ၊ မိသားစုတွေရှိတယ်ဆိုတော့ ကျွန်တော်ကံကောင်းပါတယ်။ ကျန်တဲ့ ၄ဝ% ကတော့ ကိုယ့်ရဲ့ကြိုးစားမှုကြောင့်လို့ ပြောလို့ရပါတယ်။

သရုပ်ဆောင်ပိုင်းအခက်အခဲ
သရုပ်ဆောင်ပိုင်း စစချင်းမှာတော့ အခက်အခဲတွေရှိပါတယ်။ ကျွန်တော်က MTV တွေမှာပဲ သရုပ်ဆောင်ဖူးတာဆိုတော့ အဲဒီမှာက ဒိုင်ယာလော့ခ်မပါဘူး၊ ပါတယ်ဆိုလည်း နည်းနည်းပဲပါတယ်၊ မျက်နှာ Emotion နဲ့ပဲ သရုပ်ဆောင်တာ။ MTV မှာ လွယ်ပေမဲ့ သရုပ်ဆောင်မှာကျတော့ ဒိုင်ယာလော့ခ်တွေမှတ်ရတယ်၊ ဒိုင်ယာလော့ခ်အတိုင်းသရုပ်ဆောင်မှုက သွားရတာဆိုတော့ ကျွန်တော့်အတွက် ခက်ခဲပါတယ်။ ကျွန်တော့်ကို ပက်ပက်စက်စက်ညှို့မှာ အားလုံးက သင်ပေးကြတယ်။ ကိုယ့်ရဲ့စီနီယာတွေနဲ့ တွဲပြီးသရုပ်ဆောင် တဲ့အခါမှာလည်း ရှိန်တာမျိုးတွေ ရှိတယ်။ အထူးသဖြင့် ကိုနေတိုးပေါ့။ ဦးရဲအောင်၊ အန်တီချိုပြုံးတို့ ကိုယ်ငယ်ငယ်လေးကတည်းက ကြည့်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တဲ့အခါမှာ ရှိန်တယ်ဆိုပေမဲ့လည်း ကိုယ်မလုပ်လို့မရဘူးဆိုတော့ ကိုယ်ဘယ်လောက်ရှိန်ရှန် ကိုယ့်ကြောင့် ကျန်တဲ့သူတွေ အနှောင့်အယှက်မဖြစ်အောင်၊ အချိန်တွေ မကြန့်ကြာအောင် ကြိုးစားခဲ့ရပါတယ်။

ငယ်ငယ်တုန်းကစိတ်ကူးနဲ့ လက်ရှိအနေအထား
ငယ်ငယ်တုန်းကစိတ်ကူးကို အကောင်အထည်မဖော်နိုင်သေးဘူး။ အခုမှ အကောင်အထည်ဖော်နေတုန်းပါ။ အများကြီးတော့ကြိုးစားရဦးမှာပါ။ ကျွန်တော်လုပ်ချင်တာတွေ၊ ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေ အများကြီးရှိပါသေးတယ်။ အခုမှ အစပဲ ရှိပါသေးတယ်။

အနုပညာရှင်တစ်ယောက်သာ ဖြစ်မလာခဲ့ဘူးဆိုရင်
အနုပညာရှင်တစ်ယောက်ဖြစ်မလာဘူးဆိုရင် ကျွန်တော်နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင် ၁ဝ၉၊ ၁၁ဝ ပဲ ဖြစ်နေမှာပါ။

ရွှေထူးနဲ့ Business Plan
အခုလောလောဆယ် ကျွန်တော်ရယ်၊ Little Z ရယ်၊ ချမ်းငြိမ်းကိုရယ်၊ စည်သူချိုကြီးရယ်ပေါင်းပြီးတော့ မန္တလေးမှာ Classic Collection ဆိုတဲ့ ဖက်ရှင်ဆိုင်လေးဖွင့်ထားတယ်။ အဓိကကတော့ BTTF(Back to the future) ဆိုတဲ့ Brand ကို စတင်ပြီးတော့ မိတ်ဆက်တယ်။ အခုစပြီး ဖြန့်ချိနေပါပြီ။

ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ အတိုက်အခိုက်တွေအပေါ်
အဓိကက ယောက်ျားစိတ်ပေါ့နော်။ ကျွန်တော်က ပညာရေးလည်း မထူးချွန်ဘူး၊ ဘာမှလည်းမလုပ်တတ်ဘူး၊ ကိုယ်လုပ်တတ်တာ သီချင်းဆိုတတ်တာတစ်ခုပဲရှိတယ်၊ ဒီအနုပညာပဲ ဝါသနာပါတဲ့အတွက်ကြောင့် အနုပညာပဲ ဇောက်ချလုပ်မယ်။ ကျွန်တော်ပြောနေကျအတိုင်းပဲ ကျွန်တော်သူဌေး ဖြစ်ရင် ကျွန်တော့်ဘာကျွန်တော် စံမယ်၊ ခွေးဖြစ်ရင်လည်း ကိုယ့်ဘာသာကိုယ်ခံမယ်ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်လာခဲ့တယ်။ စိတ်ဓာတ်ကျစရာတွေလည်း အများကြီး ကြုံခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော်က လွယ်လွယ်နဲ့နောက်မဆုတ်ချင်ဘူး။ ကိုယ်အများကြီး စတင်လာတဲ့အရာတစ်ခုကို လွယ်လွယ်နဲ့ နောက်မဆုတ်ခဲ့လို့ပဲ ဒီအချိန်အထိကို ရောက်လာတာပါ။ ကျွန်တော်အခုဆိုရင် အနုပညာသက်တမ်း ၈ နှစ်လောက်ရှိပါပြီ။

ရွှေထူးကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတာက
အခုနောက်ပိုင်း ကျွန်တော်လိမ္မာလာတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် သုံးသပ်မိတယ်။ အရင်တုန်းက ကျွန်တော်ဆိုးတယ်၊ အရက်တွေဘာတွေလည်း သောက်တယ်၊ ဆိုးသွမ်းတာတွေလည်း အများကြီးရှိတယ်။ အသက်တွေတစ်နှစ်ပြီး တစ်နှစ်ကြီးလာတယ်၊ မွေးနေ့တွေ တစ်နှစ်ပြီးတစ်နှစ် ဖြတ်ကျော်လာတယ်။ တချို့မဖြစ်သင့်တဲ့အရာလေးတွေ ကျွန်တော့်ဟာကျွန်တော် စဉ်းစားချင့်ချိန်ပြီးတော့ ရင့်ကျက်သင့်တယ်ထင်တာလေးတွေ ရင့်ကျက်လိုက်တယ်။ ကိုယ့်ကိုယ့်ကိုယ်ပဲ ပြန်ပြီးဆုံးမတယ်။ နည်းနည်းတော့ရင့်ကျက်လာပြီလို့ ထင်ပါတယ်။ အရင်တုန်းကဆိုရင်ဒေါသထွက်လာရင် နံရံကိုထိုးတာမျိုး၊ ခေါင်းနဲ့နံရံကိုတိုက်တာမျိုးတွေ လုပ်တယ်။ အရမ်းဒေါသကြီးတယ်။ အခုနောက်ပိုင်းတော့ ဒေါသထွက်လာရင် မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေက ဝိုင်းပြောကြတယ်။ ဒေါသထွက်လာရင် အချိန် ၃ မိနစ်လောက် ခဏ လေးပေးလိုက်ဆိုပြီးတော့။ အခုနောက်ပိုင်း ကျွန်တော်စမ်းသပ်တာအောင်မြင်တယ်။ ၃ မိနစ်ပြီးသွားရင် ဒေါသက ငြိမ်သွားတယ်။

ရွှေထူးနဲ့ မိတ်ဆွေအပေါင်းအသင်း
ကျွန်တော်ဒီအလုပ်ကို ဆက်လုပ်နိုင်တယ်ဆိုတာကလည်း ကျွန်တော့်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ အပေါင်းအသင်းကောင်းတွေကြောင့်ပါ။ ကျွန်တော်က သူငယ်ချင်းနည်းတယ်၊ ဒါပေမဲ့ ရှိတဲ့သူငယ်ချင်းကလည်း ကျွန်တော့်အပေါ်မှာ ၁ဝဝ% ထက်ကျော်လွန်ပြီးတော့ သေရဲ၊ ရှင်ရဲတဲ့သူတွေချည်းပါပဲ။ သူတို့ကြောင့်လည်း ကျွန်တော်ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်တယ်လို့ ထင်ပါတယ်။

ရွှေထူးပြောတဲ့ အောင်မြင်မှုဆိုတာ
ကျွန်တော်က အောင်မြင်မှုကို သိပ်ပြီးတော့မကြိုက်ဘူး။ အနုပညာကို လွတ်လွတ်လပ်လပ် လုပ်နေရတာကိုပဲ ကြိုက်တယ်။ အခုနောက်ပိုင်းဆိုရင် ကျွန်တော်ဆိုတဲ့ Music Style လေးတွေ ပြောင်းထားတဲ့အပေါ် ပရိသတ်မကြိုက်တာတွေရှိတယ်။ ဟိုးအရင်ကတည်းက အားပေးတဲ့ပရိသတ်တွေက အရင်လိုပုံစံမျိုးလေးတွေပဲ ပြန်ဆိုစေချင်ကြတယ်။ အဲဒါမျိုးတွေလည်း အတွက်လည်း အခုဒုတိယ အယ်လ်ဘမ်မှာ အရင်ကဆိုခဲ့တဲ့ ပုံစံလေးတွေပါသလို၊ ကျွန်တော်လုပ်ချင်တဲ့ ပုံစံလေးတွေလည်း ထည့်ထားပါတယ်။ ကျွန်တော်ဖြစ်ချင်တဲ့အရာလေးတွေလည်း မျှဝေခံစားပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်အောင်မြင်မှုတွေ ဘာတွေကို မတွေးထားဘူး၊ ကျွန်တော်လုပ်ချင်တဲ့ အနုပညာကိုပဲ ကျွန်တော်လုပ်ထားတယ်။ အဲဒီအတွက် လိုက်ပြီးလေ့လာကြည့်ပေးပါလို့ ပြောချင်ပါတယ်။

ရေရှည်အောင်မြင်ဖို့ဆိုတာ
ကိုယ်လုပ်နေတဲ့အလုပ်ကို ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ သူများလုပ်နေတာကို လိုက်မကြည့်နဲ့၊ သူများဘာတွေလုပ်နေလဲ၊ သူများဘာတွေ ဖြစ်နေလဲဆိုတာကို လိုက်မကြည့်နဲ့၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်၊ ကိုယ့်အလုပ်ကိုပုံမှန်လုပ်၊ ကိုယ့်လမ်းကိုယ် ဖြည်းဖြည်းလျှောက်ရုံပဲ၊ ဘယ်သူဘာလုပ်လုပ် ကောင်းတယ်ထင်ရင် မုဒိတာပွားပေးနိုင်ရမယ်လို့ ကျွန်တော်ကတော့ အဲဒီလိုပဲ အကောင်းဘက်က တွေးပါတယ်။ အဓိကကတော့ ကိုယ့်အလုပ် ကိုယ် လုပ်တာပါ။

ရွှေထူးရဲ့ အချစ်အပေါ် သစ္စာရှိမှု
အရင်တုန်းကတော့ ကျွန်တော်က အရမ်းရှုပ်တာပေါ့နော်။ နောက်ပိုင်းကျတော့ အဓိကပရိသတ်တွေကြောင့်ပေါ့။ ပရိသတ်တွေထဲက ကိုယ့်ကိုလေးစားတဲ့သူတွေရှိတယ်၊ အထင်ကြီးကြတဲ့သူတွေရှိတယ်။ တချို့တွေဆို ကိုယ်တွေ Relationship ကို အားကျတဲ့သူတွေရှိတယ်။ သူတို့ကြောင့်ပဲ ကျွန်တော့်ကိုယ်ကျွန်တော် တဖြည်းဖြည်း ဆင်ခြင်လာနိုင်တယ်လို့ထင်တယ်။ ပြီးတော့ ကျွန်တော့် ကောင်မလေးအပေါ်မှာလည်း ပိုပြီး ဂရုစိုက်လာနိုင်တယ်လို့ ထင်တယ်။ အရင်တုန်းကဆို ကျွန်တော်က အပေါင်းအသင်းမက်တယ်။ နောက်ပိုင်းကျတော့ သူ့ကိုပဲအချိန်ပေးဖြစ်တယ်။ အဓိကကတော့ ကိုယ့်ဘဝမှာ ကိုယ်သေဆုံးသွားတဲ့အထိ ဘေးနားမှာ အတူရှိပေးနိုင်တာ ကိုယ့်ဘဝရဲ့ လက်တွဲဖော်လို့ မြင်တယ်။ မိဘတွေဆိုတာကလည်း အချိန်တန်ရင် ကိုယ့်ဘဝတွဲကထွက်ခွာသွားကြမှာပဲဆိုတော့ သူတို့စိတ်ချရမယ့်သူမျိုးနဲ့ ဖြစ်ရမယ်လို့တွေးတယ်။ အဲဒီအတွက် တတ်နိုင်သလောက်အရာအားလုံးကို ခြုံပြီးတော့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေကြောင့် ကျွန်တော့်
ကိုယ်ကျွန်တော် ကောင်းသထက်ကောင်းအောင် နေလာနိုင်တယ်။

အောင်မြင်တဲ့နောက်ဆက်တွဲ အဆိုး၊ အကောင်း ဒွန်တွဲနေတဲ့အပေါ်
ကျွန်တော်ကတော့ ကျွန်တော့်ကို လက်တွဲခေါ်တဲ့သူပဲဖြစ်ဖြစ်၊ တွန်းချမယ့်သူပဲဖြစ်ဖြစ် ကျွန်တော့်ဘက်က စေတနာ၊ မေတ္တာအမှန်ထားပေးလိုက်တယ်။ တွန်းချမယ့်သူလည်း တွန်းချချင်တွန်းချ ကျွန်တော့်ဘက်က အကောင်းမွန်ဆုံး ဆက်ဆံတယ်။ တွန်းချမယ့်သူပဲဖြစ်ဖြစ်၊ ဆွဲခေါ်မယ့်သူပဲဖြစ်ဖြစ် တပြေးတည်းစိတ်ပဲ ထားပါတယ်။

ပရိသတ်အတွက်
ကျွန်တော့်ကို ဟိုးအရင်ကတည်းက အားပေးတဲ့ ပရိသတ်တွေရော၊ အခုနောက်ပိုင်းအားပေးတဲ့ ပရိသတ်တွေရော ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အများကြီး အနုပညာအလုပ်တွေ လုပ်နေပါတယ်။ ကျွန်တော် Facebook တွေ၊ Social Network တွေ အများကြီးမသုံးဖြစ်ပေမဲ့ ကျွန်တော့်အနုပညာနဲ့ပတ်သက်ပြီး ဖြည့်တင်းဖို့ အများကြီးကြိုးစားနေပါတယ်။ ကျွန်တော်ဘာတွေလုပ်နေလဲဆိုတာကို စောင့်ကြည့်ပေးပါ။ ကျွန်တော်အများကြီး ကြိုးစားနေပါတယ်။
Photo & Retouch - Fred (Now Studio)