Primary tabs

မင်းသားလုပ်မယ့် မင်းသားရဲ့ သားလေး

People ရဲ့ Cele ကဏ္ဍတွေမှာ သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ ရိုက်ကူးဖြစ်ခဲ့တာ မင်းသား Single ဘဝတောက်လျှောက်ပါပဲ... ခုချိန်မှာတော့ ချစ်စရာကောင်းတဲ့သားလေးရဲ့ ဖေဖေအနေနဲ့ ပထမဆုံးရှုတင်လေး ရိုက်ကူးဖြစ်ခဲ့ပါတယ်။

"သားနာမည်က ဂုဏ်ပြည့်စုံဖြိုး။ အားလုံးက ဂုဏ်ဂုဏ် လို့ခေါ်ကြတယ်။ သားရဲ့အသက်က အခုဆို ၃ နှစ်ရှိပြီ။ ကျွန်တော့်သားလို့မပြောရဘူး အငြိမ်တော့မနေဘူး။ မိုးလင်းမျက်စိနှစ်လုံးဖွင့်ပြီးကတည်းက ဆော့လိုက်တာ အရုပ်ကိုင်ပြီးတော့ အိပ်သွားတဲ့အထိပဲ။ ကျွန်တော်ရှုတင်မရှိတဲ့နေ့ဆိုရင် အိမ်မှာနံနက်စာစားပြီး ၁၀ နာရီ ၁၁ နာရီလောက်ဆို ကစားကွင်းမှာ လာကစားကြတယ်။ ကျွန်တော်တို့ ဒီမှာကစားနေချိန် သူ့အမေက သူစားဖို့အတွက် အိမ်မှာ ချက်ပြုတ်နေခဲ့တယ်။  ဒီကပြန်ရင် အိမ်မှာ သူစားဖို့အတွက် ချက်ပြုတ်ပြီးချိန် ကွက်တိပဲ။ အဲဒီတော့ ရှုတင်မရှိတဲ့ရက်တွေ မနက်ပိုင်းတွေဆို ကျွန်တော်တို့သားအဖ ဒီမှာ လာကစားဖြစ်တာ များတယ်။ 

သားနဲ့ပတ်သက်ပြီး ထူးခြားတာလေးတွေက သူ့ကိုငယ်ငယ်ကတည်းက သီချင်းဆိုသိပ်ပေမဲ့ အိမ်မှာကလည်း သီချင်းဆိုတတ်တဲ့သူက သိပ်မရှိ ဘူး။ အဲဒါကို သူနည်းနည်းလေးကြီးလာတော့ ပြောတယ်။ မဆိုပါနဲ့တော့တဲ့... သူဘာ့သူပဲဆိုပြီး အိပ် တော့မယ်တဲ့။ ညဆိုရင် သူ့ဘာသူသီချင်းဆိုပြီး အိပ်သွားတယ်။ သူ့ကိုမသိပ်ရတော့ဘူး။ သူဆော့တဲ့နည်းလမ်းကလည်းတစ်မျိုးပဲ။ ကျွန်တော်လည်း ငယ်ငယ်တုန်းက အဲလိုမဆော့ဖူးပါဘူး။

သူက အိမ်မှာရှိတဲ့သူတွေကို ဘယ်သူကဘယ်နေရာမှာနေ... ဘယ်သူကဘာလုပ်ပေါ့... ဘယ်သူက လူဆိုးလုပ်၊ ရဲလုပ်လည်းမဟုတ်ဘူး။ ဘယ်သူက ဦးလေးလုပ်၊ ဘယ်သူက အဒေါ်လုပ်၊ ဘယ်သူက တပည့်လုပ်၊ ဘယ်သူက ဘာပြော.. ပြောတာကိုလည်း သူပြောခိုင်းတဲ့အတိုင်း အတိအကျပြောမှ။ အဲဒီမှာ စကားမှားလို့ရှိရင် အော်ပြီ။ တစ်ခါတလေကျရင် ကျွန်တော့်အမေလည်း သူ့တပည့်တွေ ဘာတွေလုပ်ရတယ်။ သူချပေးတဲ့စကားကို မှန်အောင်ပြော။ မှားရင်ပြဿနာတက်ပြီ။ အဲဒါ သူ့ကစားနည်းပဲ။ 

သားရဲ့အမူအကျင့်လေးတွေ မြင်ရသလောက်က သူက စည်းကမ်းတအားရှိတယ်။ သူ့ အရုပ်တွေကို ကစားပြီးရင် သူနေရာသူပြန်ထားတယ်။ သူ့ပစ္စည်းတွေကို မှတ်မှတ်သားသားလည်းရှိတယ်။ စည်းကမ်းရှိတာက ကျွန်တော်နဲ့မတူတာ။ နောက်ပြီး အသန့်တအားကြိုက်တယ်။ အဲဒါကျတော့ ကျွန်တော့်ထက်ဆိုးတယ်။ ကြမ်းပေါ်မှာ သဲတွေဘာတွေရှိရင် လုံးဝအောက်မဆင်းတော့ဘူး။ အမှိုက်တွေ့ရင် တွေ့တဲ့နေရာမှာကောက်တယ်။ အိမ်မှာ သူများတွေဆူရင် ပြန်အော်တယ်။ ကျွန်
တော်ဆူရင် ငြိမ်သွားပြီးတော့ တစ်နေရာရာမှာ စိတ်သွားကောက်နေရော။ တစ်ယောက်တည်းဆိုတော့ ဗိုလ်ကျတာပေါ့။

သားကြီးလာရင် ဘာလုပ်မှာလဲလို့မေးရင် မင်းသားပဲ။ အခုကြော်ငြာတစ်ခု နှစ်ခုရိုက်ထားတယ်။ သူ့အသက်အရွယ်လေးနဲ့ လိုက်ဖက်တဲ့ အားဆေးကြော်ငြာတွေ ဘာတွေပေါ့။ ကျွန်တော်  ကတော့ ရိုက်စေချင်ပါတယ်။ အသက်ကြီးလာလို့ ဒီအလုပ်လုပ်တာ မလုပ်တာက တစ်ပိုင်းလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနုပညာအလုပ်ဆိုတာက လူတွေနဲ့ တအားထိတွေ့ရတယ်။ ကျွန်တော့်သားက အရင်တုန်းကဆို လူအရမ်းကြောက်တယ်။ အိမ်မှာလည်း ကလေးတစ်ယောက်တည်းဆိုတော့ အရင်ကဆို လူကြားထဲရောက်လို့ရှိရင် ငိုတယ်။ ပြဿနာရှာတယ်။ အခုကြော်ငြာ လေးနှစ်ခုရိုက်လိုက်တဲ့အချိန်မှာ နည်းနည်းလေးလူတွေနဲ့ရဲသွားတယ်။  စကားတွေပြောလာတယ်။ အရင်ကဆို လုံးဝမပြောဘူး။ အိမ်ကိုဧည့်သည် လာ
ရင်လည်း အခန်းမှာပဲနေတယ် အပြင်မထွက်တော့ ဘူး။ ခုမှသာ အားလုံးနဲ့တော်တော်လေး အဆင်ပြေသွားတာဆိုတော့ ကျွန်တော်တို့အတွက်က သူပင်ပန်းမယ့်ဟာမျိုးမဟုတ်ရင် အဆင်ပြေပါတယ်"

ဒီကဏ္ဍလေး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း www.people.com.mm/videos မှာ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။

Photo - Amazing Grace
Venue - Orange