Primary tabs

အောင်မြင်မှုတွေရှိလာတိုင်း ကိုယ်နဲ့အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်ရခဲ့တာလို့ သဘောထားတယ်

“Problem က ကိုယ့်အတွက် အခွင့်အရေးပါပဲ။ ပြဿနာတစ်ရပ်ကို ကျော်ဖြတ်ပြီးသွားတိုင်းမှာ ကိုယ့်အတွက်က အခွင့်အရေးတစ်ရပ် ထပ်ရပြန်ပြီဆိုပြီးတော့ ဖြေရှင်းပါတယ်။ ပြီးတော့ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ၊ ဒီပြဿနာက ကိုယ့်အတွက် အရေးကြီးလား၊ မကြီးဘူးလား၊ အလျင်စလို ဖြေရှင်းဖို့လို၊မလို ဒါတွေကို ခွဲခြားပြီးတော့ ဖြေရှင်းပါတယ်။ အောင်မြင်မှုတွေရှိလာတိုင်း ကိုယ့်နဲ့အတူတူ လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ က တော်လို့ရခဲ့တာလို့ပဲ သဘောထားပြီးတော့ ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်ရဲ့ဘယ်အမှားတွေကြောင့်လို့ သုံးသပ်ပြီး အခက်အခဲတွေကို ဖြတ်သန်းခဲ့ပါတယ်” ဆိုတဲ့ Knowledge House Trading ရဲ့ Director တစ်ဦးဖြစ်သူ ဒေါက်တာဇွန်နှင်းဝေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ်ရေးအကျဉ်းလေး ပြောပြပေးပါ။
ရန်ကုန်ဇာတိပါ။ မိဘ (၂) ပါးက ဆရာဝန် တွေပါ။ မွေးချင်းမရှိပါဘူး။ တစ်ဦးတည်းသော သမီးပါ။ ၂ဝဝ၃ခုနှစ်မှာ အ.ထ.က (၂) လသာ၊ ရန်ကုန်က ၁ဝ တန်းအောင်ပါတယ်။ ၂ဝ၁ဝ မှာ ဆေးတက္ကသိုလ် (၁) ရန်ကုန်ကနေ MBBS ဘွဲ့ ရပါတယ်။ ၂ဝ၁၃ မှာ YIE ကနေ MBA ဘွဲ့ယူပါတယ်။

ပထမဆုံး လုပ်ငန်းစတင် လုပ်ဖြစ်ခဲ့ပုံနဲ့ ကြုံတွေ့ ရတဲ့ လုပ်ငန်းအကြောင်း ပြောပြပေးပါ။
အလုပ်သင် ဆရာဝန်ဘဝမှာပဲ မြန်မာနိုင်ငံမှာ ဆေးဝါးတွေ လိုအပ်နေသေးတယ်ဆိုတာ သိခဲ့တယ်။ အလုပ်သင်ဆရာဝန် ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးတွေကို သင့်တင့်လျောက်ပတ်မယ့် ဈေးနှုန်းနဲ့ မြန်မာပြည်သူလူထုကို သုံးစွဲစေချင်တဲ့ စေတနာ၊ ဝါသနာလည်းပါလို့ ဆေးကုမ္ပဏီကို ၂ဝ၁ဝခုနှစ်ကစပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ မိဘတွေကလည်း ပံ့ပိုးပါတယ်။ ကြုံတွေ့ရတဲ့ လုပ်ငန်းကတော့ ဆေးဝါးတွေကို နိုင်ငံခြားကနေ Import, Marketing, Distribution လုပ်တာပါ။ အလုပ်သင်ဆရာဝန်ဘဝမှာတော့ ပညာလည်းသင်ရင်း၊ ဆေးလည်းကုရင်း၊ ကိုယ့်ရဲ့စီနီယာတွေကိုလည်း ကူညီရင်းနဲ့ ဆရာဝန်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ တကယ်လုပ်ငန်းစလုပ်တဲ့အချိန်မှာတော့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လုပ်ငန်းတစ်ခုကို စတင်မလုပ်ကိုင်ခင်မှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး စာတွေ့၊ လက်တွေ့ လေ့လာမှုအပိုင်းတွေ ရှိခဲ့ရင်လည်း ပြောပြပေးပါ။
စာတွေ့အနေနဲ့ဆိုရင်တော့ Management ကိုလည်း ဝါသနာပါတယ်။ ကောင်းတယ်လို့ နာမည်ကြီးတဲ့ Management နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ career နဲ့ ပတ်သက်တဲ့စာအုပ်တွေ ဖတ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်တာတွေ လေ့လာဖြစ်ပါတယ်။ လုပ်ငန်းစတင်ပြီး သိပ်မကြာခင်မှာပဲ MBA တက်ဖြစ်ခဲ့ပါတယ်။ MBA မှာ သင်ကြားရတဲ့စာတွေမှာ ကိုယ့်လုပ်ငန်းအကြောင်းကို ထည့်သွင်းစဉ်းစားပြီး သင်ဖြစ်ခဲ့တော့ စာတွေကို ပိုလည်း နားလည်လာတယ်။ လုပ်ငန်းအတွက်လည်း MBA က အထောက်အကူအများကြီး ဖြစ်ခဲ့ပါတယ်။ လက်တွေ့ဆေးဝါးအမျိုးအစား ရွေးချယ်မှု၊ Supplier တွေရဲ့ သဘောသဘာဝ၊ ကိုယ့်ရဲ့ဆေးတွေ ဝယ်ယူသုံးစွဲတဲ့ ဆေးဆိုင်၊ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ Customer တွေရဲ့ သဘောသဘာဝ စတာတွေကို လက်တွေ့လိုက်လေ့လာခဲ့ပါတယ်။

လက်ရှိမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းအကြောင်းကို ပြောပြပေးပါဦး။
Knowledge House Trading မှာ Director ရာထူးနဲ့ လက်ရှိလုပ်ကိုင်နေပါတယ်။ ဝန်ထမ်းစုစုပေါင်း ၇ဝ ကျော်ရှိပါတယ်။ ကိုယ်ကအကုန်လုံးကို သိဖို့၊ နှံ့စပ်ဖို့ဆိုတော့ ကုမ္ပဏီရဲ့ နေရာပေါင်းစုံက ကိုယ်တိုင်လိုက်ပြီးလုပ်ခဲ့ရတယ်။ ခရီးတွေထွက်ခဲ့တယ်။ လုပ်ငန်းစတင်စဉ်က ဆေး ၄ မျိုးတည်းနဲ့ ခက်ခက်ခဲခဲ စတင်ခဲ့တာပါ။ အခုအချိန်မှာ ဆေးအမျိုးအစားပေါင်း ၆ဝ ကျော်တင်သွင်းနေပါတယ်။ သင့်တော်တဲ့အရည်အသွေး ပြည့်မီတဲ့ ဆေးတွေကို ရွေးချယ်ပြီး FDA မှာ ဆေးဝါးမှတ်ပုံတင်ပါတယ်။ ရန်ကုန်၊ မန္တလေးအပြင် နယ်ပေါင်းစုံမှာ ဝန်ထမ်းတွေခန့်ပြီး မြန်မာတစ်ပြည်လုံး ဈေးကွက်တွေကို ဖြန့်ချိပါတယ်။ အခုလည်း FDA မှတ်ပုံတင်ရဖို့ လျှောက်ထားပြီးစီးတဲ့ နောက်ထပ်ဆေးမျိုးပေါင်း ၅ဝ ကျော်ကို ရှေ့နှစ်ထဲမှာ ထပ်တိုးပြီး လုပ်ငန်းထပ်တိုးချဲ့ဖို့ အစီအစဉ် ရှိပါတယ်။

လုပ်ငန်းလုပ်ကိုင်နေတဲ့ ကာလအတွင်းမှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကရော ဘယ်လိုရှိပါသလဲ။ အခက်အခဲတွေ ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းပါသလဲ။
Problem က ကိုယ့်အတွက် အခွင့်အရေးပါပဲ။ ပြဿနာတစ်ရပ်ကို ကျော်ဖြတ်ပြီးသွားတိုင်းမှာ ကိုယ့်အတွက်က အခွင့်အရေးတစ်ရပ် ထပ်ရပြန်ပြီဆိုပြီးတော့ ဖြေရှင်းပါတယ်။ ပြီးတော့ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ၊ ဒီပြဿနာက ကိုယ့်အတွက် အရေးကြီးလား၊ မကြီးဘူးလား၊ အလျင်စလို ဖြေရှင်းဖို့လို၊ မလို ဒါတွေကို ခွဲခြားပြီးတော့ ဖြေရှင်းပါတယ်။ အောင်မြင်မှုတွေရှိလာ တိုင်း ကိုယ့်နဲ့အတူတူ လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်တွေက တော်လို့ရခဲ့တာလို့ပဲ သဘောထားပြီးတော့
ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်ရဲ့ဘယ်အမှားတွေကြောင့်လို့ သုံးသပ်ပြီး အခက်အခဲတွေကို ဖြတ်သန်းခဲ့ပါတယ်။ အခုအချိန်မှာ အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။

လုပ်ငန်းတစ်ခုမှာ ကိုယ်တာဝန်ယူလုပ်ကိုင်ရတဲ့ အပိုင်းတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုမျိုးကြိုးစားပြင်ဆင်မှုတွေနဲ့ တည်ဆောက်ယူပါသလဲ။
ကိုယ်တာဝန်ယူလုပ်ကိုင်ရတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး လုပ်နိုင်သမျှ ကိုယ်စွမ်းသမျှ အကောင်းဆုံးလုပ်မယ်လို့ စိတ်မှာထားပါတယ်။ ကိုယ်ဘယ်ကိုသွားချင်တာလဲ၊ ဘယ်လိုသွားရမယ် ဆိုတဲ့ နည်းလမ်းကို အကောင်အထည်ဖော်ဖို့ လိုအပ်တာတွေကိုယ့်မှာရှိအောင် ပြင်ဆင်ပါတယ်။ Management က Top Down လည်း သွားတယ် Bottom Up လည်း သွားပါတယ်။ တကယ်တမ်း Field ထဲကိုသွားပြီး Customer နဲ့ တိုက်ရိုက် ထိတွေ့တာက Marketingနဲ့ Sales ပိုင်းက သူတွေဖြစ်တော့ သူတို့ဆီက သတင်းစကားကို အမြဲတမ်းနားစွင့်နေရပါတယ်။ ပြဿနာမှန်သမျှကို သေးတယ်၊ ကြီးတယ်လို့ မယူဆစေဘဲ Complaint မှန်သမျှကိုလည်း အရေးကြီးတယ်လို့ ယူဆပြီးတော့ ဖြေရှင်းခိုင်းတယ်။ Customer is always right ပေါ့နော်။ Customer ပြောတာတွေကို အမြဲအလေးအနက်ထားပြီးတော့ ပြောင်းလဲမှုတွေ လုပ်ပါတယ်။ Flexible ဖြစ်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ပဲ အသွင်ဆောင်ထားပါတယ်။ ပျော့လွယ်၊ ပြောင်းလွယ်တဲ့စနစ်မျိုး၊ ပြုပြင်စရာရှိရင်လည်း ပြုပြင်လိုက်ပါတယ်။ အစကတည်းက Quality ရှိတဲ့ ဆေးတွေပဲ တင်သွင်းထားတာဖြစ်တဲ့အတွက် Complaint ကလည်း နည်းပါတယ်။ 

ကိုယ်တိုင်လက်ကိုင်ထားပြီး ကျင့်သုံးနေတဲ့ ဆောင်ပုဒ်ရှိရင်လည်း ပြောပြပေးပါဦး။
လက်ကိုင်ထားတဲ့ဆောင်ပုဒ်က “အနာခံမှ အသာစံရ”ပါ။ အနာခံခဲ့ရတဲ့နောက်တော့ အသာစံရတယ်ဆိုတာလည်း မျက်ဝါးထင်ထင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မညှာဘူး။ ပင်ပန်းတယ်ဆိုတာမျိုး သိပ်မရှိခဲ့ဘူး။ ကုမ္ပဏီနဲ့ ပတ်သက်သမျှ သိမ်းကျုံးလုပ်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုက “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး၊  ကိုယ်ကကောင်းနေရင် ခေါင်းက ဘယ်ရွှေ့ရွှေ့ မရွေ့ဘူး” ဆိုတဲ့ ဆောင်ပုဒ်ပါ။ ကောင်းတာ လုပ်တယ်၊ ကောင်းအောင်နေတယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက် အကောင်းဆုံးလူသားတစ်ယောက်အဖြစ် ဆောင်ရွက်ပေးချင်တယ်။ ကြိုးစားနေဆဲပါ။ နောက်ပြီး “Every day is chance to be better” ပစ္စုပ္ပန်တိုင်းကို အကောင်းဆုံးလုပ်ရမယ်လို့ ခံယူထားတယ်။ မရောက်သေးတဲ့ အနာဂတ်ကို 
တွေးပြီးပူနေမယ့်အစား မနက်ဖြန်ဆိုတာလည်း ပစ္စုပ္ပန်ဖြစ်လာမှာပဲလေ။ နေ့တိုင်းအကောင်းဆုံး လုပ်နေသရွေ့ အမြဲကောင်းသွားမှာ။ သို့သော်လည်း Risk တော့ ယူရတာပေါ့။ အဲဒီ Risk က estimated risk ဖြစ်ဖို့ လိုပါတယ်။

အလုပ်လုပ်နေတဲ့ သူတစ်ယောက်အတွက် ဘယ်အချက်တွေက အရေးကြီးဆုံးလို့ ထင်ပါလဲ။ ကိုယ်တိုင်ခံယူထားတဲ့ အရေးကြီးတဲ့ အချက်တွေ၊ စံထားတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ။
အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဟာ ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ်နေတဲ့အလုပ်က မှန်ကန်သင့်လျော်တဲ့ အလုပ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးက အရေးကြီးပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယအပြင် အ မြော်အမြင်လည်း အရမ်းအရေးကြီးပါတယ်။ အမြော်အမြင်ရှိစွာ လုပ်ကိုင်နိုင်သူက သူများထက် အလုပ်လုပ်ရာမှာ သာပါတယ်။ အမြော်အမြင်ရှိဖို့ ဆိုတာကလည်း ကိုယ့်လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိမှ ဖြစ်မှာပါ။ ကိုယ်တိုင်ခံယူထားတဲ့ အရေးကြီး
တဲ့အချက်က ဘာသာတရားရဲ့ အဆုံးအမကို လိုက်နာဖို့၊ နောက် ကိုယ်ချင်းစာတရား။ ကိုယ်စံထားတဲ့အချက်တွေကတော့ မဆုတ်မနစ် ကြိုးစားနိုင်မှု၊ ကျင့်ဝတ်(Ethics)ကို အလေးထားမှု၊ ကျေးဇူးတရားကို သိတတ်မှုတွေ ဖြစ်ပါတယ်။