Primary tabs

အဆိုးပြီးမှ အကောင်းလာတတ်တဲ့ ကံတရားနဲ့ ဘီလီ

“ဖူးရဲ့ကံက အဆိုးပြီးမှ အကောင်းလာတယ်။ ဘယ်အရာမှ လွယ်လွယ်နဲ့ မရဘူး၊ ခက်ခက်ခဲခဲနဲ့ လုပ်ယူရတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီအရာတစ်ခုကို ဆုပ်ကိုင်နိုင်ဖို့၊ ဒီအရာတစ်ခုကို တန်ဖိုးထားတတ်အောင်၊ အရာအားလုံးကလွယ်လွယ်နဲ့ ရတာမဟုတ်လို့ ရလာတဲ့အရာအားလုံးကို တန်ဖိုးထားတတ်အောင် ဘုရားသခင်က သင်ပေးတယ်လို့ ထင်ပါတယ်” ဆိုတဲ့ Myanmar Idol Season 2 ရဲ့ 1st Runner Up ရခဲ့သူ၊ အတိုက်အခိုက်တွေ၊ ဝေဖန်မှုတွေကြားထဲက ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သူ၊ လတ်တလောမှာ “အရှုံးမပေးတဲ့ ဝိဥာည်”တစ်ကိုယ်တော် တေး အယ်လ်ဘမ် ထွက်ရှိထားသူ တေးသံရှင် ဘီလီလမင်းအေးရဲ့ သူမဖြတ်သန်းခဲ့တဲ့ဘဝ၊ လျှောက်လှမ်းနေတဲ့ အနုပညာ၊ အတွေ့အကြုံ၊ မိသားစုနဲ့ ဘဝရဲ့အမှတ်တရ... စတာတွေကို ပရိသတ်အ တွက် တွေ့ဆုံမေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။

အနုပညာခရီးအစ
ဇာတိက တောင်ကြီးကပါ။ အနုပညာ အလုပ်တွေလုပ်ဖို့က ရန်ကုန်က ပိုပြီးအဆင်ပြေတော့ မိသားစုအကုန်လုံး ရန်ကုန်ကို အခုတော့ ရွှေ့လာခဲ့ပါပြီ။ အနုပညာသက်တမ်းကလာမယ့် ဧပြီဆို တစ်နှစ်ပြည့်ပါပြီ။

အရှုံးမပေးတဲ့ ဝိဥာည်
ပြိုင်ပွဲက မတ်လ ၂ဝ၁၇ မှာပြီးတာဆိုတော့ ပြိုင်ပွဲပြီး ဧပြီသင်္ကြန်ပြီးကတည်းက ဆရာတို့နဲ့တိုင်ပင်ပြီး သီချင်းတွေစစုတယ်။ အဲဒီအချိန်ကတည်းက စပြီး လုပ်ဖြစ်တာပါ။ ကိုယ်က ဆရာမတစ်ယောက်လည်းဖြစ်တယ် အနုပညာ အသိုင်းအဝိုင်းကလည်း မဟုတ်တော့ သီချင်းခွေ စပြီးတည်ကတည်းက ဆရာတို့၊ ဆရာမတို့နဲ့ ဘယ်လိုသီချင်းပုံစံမျိုးတွေလုပ်မလဲ၊ ဘယ်တေးရေးဆရာတွေက အဆင်ပြေမလဲဆိုပြီး တိုင်ပင်တယ်။ အဲဒီလိုနဲ့ပဲ ဆရာတို့က တေးရေးဆရာတွေနဲ့ မိတ်ဆက်ပေးတယ်။ ကိုဆောင်းဦးလှိုင်ဆိုလည်း ဒီမှာရှိမနေပေမဲ့ ဆရာကိုယ်တိုင်ပဲ သီချင်းရေးပေးဖို့ လှမ်းပြောပေးတယ်။ သီချင်းပုံစံလေးတွေကျတော့လည်း ကိုယ်က ပြိုင်ပွဲကနေပြီးလာတဲ့ Mood က ကျန်ခဲ့တယ်၊ ပြိုင်ပွဲတုန်းကလည်း မတူတဲ့သီချင်းပုံစံတွေ ဆိုခဲ့ရတာဆိုတော့၊ ပြီးတော့ Experience အရလည်း အပတ်တိုင်း၊ အပတ်တိုင်းမှာ မတူဘဲ ပြောင်းသွားတာဆိုတော့ ခွေထဲမှာလည်း မတူတဲ့ပုံစံတွေ ထည့် ကြမယ်ဆိုပြီး တစ်လိုင်းတည်းမသွားဘဲ သီချင်းပုံစံအစုံ ထည့်ထားပါတယ်။ 

စိတ်အားငယ်တတ်တယ်
ဖူးက ခွေစလုပ်ကတည်းက အနုပညာအသိုင်းအဝိုင်းကလည်းမဟုတ်ဘူး၊ အနုပညာလမ်းကြောင်းမှာ စလျှောက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသီချင်းခွေကို စပြီးလုပ်ဖြစ်တာပါ။ စလုပ်ကတည်းက ကိုယ့်ဘေးမှာ ဘယ်သူမှမရှိဘူး၊ သီချင်းခွေတစ်ခွေလုံးလုပ်တဲ့အချိန်မှာ တေးရေးဆရာ အပ်တဲ့အပိုင်းမှာ ကိုယ့်ကိုကူညီပေးတဲ့ ဆရာရှိတော့ အခက်အခဲမရှိပေမဲ့ ရှေ့ဆက်သွားမယ့် အချိန်မှာ ဘယ်လိုမျိုးဆက်သွားရမလဲ၊ ကိုယ့်ကိုဘယ်သူက ကူညီပေးမလဲဆိုတာ တွေးပြီး စိတ်ပူခဲ့တယ်။ ပြီးတော့ တစ်ကိုယ်တော်သီချင်းခွေအတွက်ကို နယ်တွေမှာ သီချင်းတွေသွားဆိုပြီး ရတဲ့ပိုက်ဆံနဲ့ သီချင်းခွေအတွက် အစအဆုံးလုပ်ရတာဆိုတော့ ကြောက်စိတ်လည်းဖြစ်တယ်၊ အားလည်းငယ်မိတယ်၊ သီချင်းတွေကရော ပရိသတ်နားထဲစွဲပါ့မလားဆိုပြီး စိတ်ပူတာတွေဖြစ်တယ်။ ပြိုင်ပွဲမှာကတည်းက ဖူးက သူများထက်စာရင် ကြံ့ခိုင်တဲ့ပုံစံမျိုး TV မှာ မြင်ရပေမဲ့ ဆရာ၊ ဆရာမတွေရှေ့ရောက်ရင် စိတ်အားငယ်တတ်တယ်။ အရင်ကတည်းကလည်း မိသားစုနဲ့ခွဲပြီး မနေဖူးဘူး၊ မိသားစုကိုလည်း လွမ်းတယ်ဆိုတာ၊ အမြဲတမ်းအားငယ်နေတဲ့ သူဆိုတာ တီချယ်ထရေစီတို့က ပိုသိတယ်။ 

အနုပညာရှင်တစ်ယောက်ရဲ့ အပြောင်းအလဲ
အပြောင်းအလဲကတော့ အကြီးကြီး ဖြစ်သွားပါတယ်။ အရင်တုန်းက ကလေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဆရာမတစ်ယောက်၊ အခုကျတော့ အနု ပညာရှင်တစ်ယောက် ဖြစ်သွားတဲ့အခါကျတော့ ပရိသတ်တွေက ကိုယ့်ကိုအားပေးတယ်။ ကိုယ်တင်လိုက်တဲ့ ပို့စ်လေးတစ်ခု၊ စာလေးတစ်ကြောင်းက အစ လိုက်ကြည့်တယ်။ အရင်တုန်းက ဘီလီလမင်းအေးကို မသိဘူး၊ Myanmar Idol ကြောင့်မို့ ကိုယ့်ကို လူတွေ စပြီးသိတာပဲ ရှိသေးတယ်။ သီချင်းခွေကလည်း အနုပညာလမ်းကြောင်းမှာ စလျှောက်မယ့် အနုပညာမှတ်တိုင်သစ်တစ်ခုလည်း ဖြစ်တယ်၊ ဒီလမ်းကြောင်းကို ဆက်လျှောက်သွားနိုင်ဖို့ ခြေလှမ်းတစ်ခုလည်း ဖြစ်တယ်ဆိုတော့ အပြောင်းအလဲတွေက အများကြီးပါပဲ။ နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာက အစ အများကြီး ပြောင်းလဲသွားတယ်။ ပြီးတော့ ဒီသီချင်းတွေကိုလည်း လူတွေနားစွဲပြီး ကိုယ့်သီချင်းတွေကို လိုက်ဆိုနိုင်ဖို့ အများကြီး ကြိုးစားရပါဦးမယ်။ ဖူးအနေနဲ့ အပြောင်းအလဲအကြီးကြီးကိုလည်း လက်ခံထားပါတယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင် အတွေ့အကြုံကနေတဆင့် ပြင်ဆင်မှုအပိုင်း
အရင်တုန်းက Life ဆိုရင် မနက်အိပ်ယာထတယ်။ ကလေးတွေကို စာသင်မယ်၊ ကလေးတွေနဲ့ ဂိမ်းတွေဆော့မယ်၊ ပျော်ပျော်နေမယ်ဆိုတော့ Life က အဲဒီလိုမျိုးလေး။ အခု ဒီအနုပညာ အသိုင်းအဝိုင်းထဲကို ဝင်လာတဲ့အချိန်ကျတော့ Myanmar Idol မှာပဲ ကိုယ့်ကို လူတွေ စသိတယ်။ ကိုယ့်ဘက်ကကြည့်ရင်တော့ လူတွေ အများကြီးကို ကြည့်ရပေမဲ့ ကိုယ့်ကိုကျတော့ လူတွေအများကြီးရဲ့ စောင့်ကြည့်ခြင်းကို ခံရတယ်။ ကိုယ့်ကိုကြိုက်တဲ့သူရှိ သလို မကြိုက်တဲ့ သူတွေလည်း ရှိတယ်။ ကိုယ့်ကို မကြိုက်တဲ့သူတွေရဲ့စကားကို ကိုယ့်ဘက်က လိုက်ပြီး အရမ်းခံစားခဲ့ရတာ Myanmar Idol မှာလည်း အတွေ့အကြုံတွေ ရခဲ့တယ်။ စစချင်းတုန်းကဆို ကိုယ့်ကိုတစ်ယောက်ပြောလိုက်ပြီဆို ရင်ထဲမှာမကောင်းဘူး၊ လိုက်ပြီးခံစားတယ်၊ ပြီးရင် တစ်ပတ်လောက် မပျော်တော့ဘူး နောက်အပတ်လောက်အထိ ဆိုလို့လည်းမရတော့ဘူး။ အဲဒီမပျော်ရွှင်မှုက ကိုယ်ရှေ့ဆက်ရမယ့်အရာတွေကို ထိန်းချုပ်မှုဖြစ်စေတယ်။ အဲဒီဟာကို ခံစားပြီးတော့ နောက်လုပ်မယ့်အလုပ်တွေ အဆင်မပြေတော့ဘူး။ အဲဒီတော့ အဲဒီထဲကနေ သင်ယူစရာရှိတာတွေလည်း သင်ယူတယ်၊ ပြင်စရာရှိတာတွေပြင်တယ်။ သင်ပေးတဲ့ ပရိသတ်တွေရှိလာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘီလီက မျက်နှာ အရမ်းမာတယ်လို့ ပြောလာရင် မှန်ရှေ့မှာ ပြန်ကြည့်မိတဲ့ အခြေအနေကို ရောက်လာတယ်။ ဖူးသတိမထားမိတဲ့အရာတွေကို ပရိသတ်က ပြောပြ၊ ထောက်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အဲဒီစိတ်ခံစားချက်ကြီးကို ယူသွားမယ့်အစား နောက်လုပ်မယ့်အရာတွေအတွက် ပြင်စရာရှိတာတွေ ပြင်တယ်။ အရမ်းကြီးဆိုးဆိုးဝါးဝါးပြောတဲ့အရာတွေကိုကျတော့ ဦးနှောက်ထဲ မထည့်ဗတာ့ဘဲ စိတ်ထဲက ထုတ်လိုက်တယ်။ ဘာသာတရားလည်း လူတိုင်းမှာ ရှိကြတယ်ဆိုတော့ ဘုရားရှိခိုးတယ်၊ ကျမ်းစာဖတ်တယ်။ မိသားစုကလည်း ဘေးနားမှာ ရှိနေတယ်ဆိုတော့ အရမ်းကို အားဖြစ်စေတယ်ဆိုတော့ မိသားစုရဲ့အားတွေ၊ ဖူးကို အားပေးနေတဲ့ ပရိသတ်နဲ့ ညီအစ်ကို၊ မောင်နှမတွေရဲ့ အားတွေ၊ ဆုတောင်းခြင်းတွေနဲ့ ရှေ့ဆက်နေပါတယ်။

အနုပညာအလုပ်သာ မလုပ်ဖြစ်ခဲ့ဘူးဆိုရင်
ဖူးက ကိုယ်ပိုင်ကျောင်းဖွင့်ချင်တာ။ Education နဲ့ ကျောင်းပြီးသွားကတည်းက ဖူးရဲ့ ရည်မှန်းချက်က ကိုယ်ပိုင် ကျောင်းဖွင့်ရင်ဖွင့်၊ ကလေးတွေကို စာသင်တဲ့ ဆရာမတစ်ယောက်၊ မဟုတ်ခဲ့ရင်တောင်မှ Trainer တစ်ယောက်ဖြစ်ချင်ခဲ့တာ။ မြန်မာပြည်မှာရှိတဲ့ ကလေးတွေကို English နဲ့ ပတ်သက်ပြီးတော့ အများကြီး ရသွားစေချင်တယ်။ နေ့တိုင်းနေ့တိုင်းမှာ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး Upgrade လုပ်ရမလဲ၊ ကလေးတွေကို ဘယ်လိုစာသင်ရမလဲ၊ ဘယ်လို Activities တွေ 
လုပ်ပေးရမလဲ အဲဒီလိုမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက်ဆိုတော့ အဆိုတော်တစ်ယောက်သာ မဖြစ်ခဲ့ဘူးဆိုရင် ပညာရေးနဲ့ပတ်သက်ပြီး သေသေချာချာလေး လုပ်ဖြစ်မယ်။ အနယ်နယ်အရပ်ရပ်မှာ အင်္ဂလိပ်စာကို ပိုက်ဆံပေးပြီး သင်ရတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အခုခေတ်က ရွှေအိုးနဲ့ ပညာကို လိုက်နေရသလိုမျိုး ဖြစ်နေတာဆိုတော့ ရွှေအိုးရှိမှ ပညာရဆိုသလိုမျိုး မဖြစ်စေချင်ဘူး။ ပိုက်ဆံမတတ်နိုင်တဲ့ ကလေးတွေ အားလုံးကို ရသွားစေချင်တယ်ဆိုတော့ ပညာရေးနဲ့ ပတ် သက်တာကို သေသေချာချာ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်။

အနုပညာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မိမိကိုယ်ကိုယ် သုံးသပ်မိသလောက်
ပြိုင်ပွဲ အစကနေ အလယ်၊ အဆုံးအထိ သုံးသပ်မိတာဆိုရင် အပြင်ပန်းအားဖြင့် ကြည့်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာအားဖြင့် အများကြီး ပြောင်းလဲသွားတယ်လို့ ပရိသတ်တွေ မြင်ကြ တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အများကြီး ပြောင်းလဲသွားတာမျိုးတွေ ရှိတယ်။ အရင်တုန်းက ကိုယ်က ပေါ့ပေါ့ပါးပါးပဲ။ သူများကိုယ့်ကို ကြည့်လည်း ဂရုစိုက်စရာမလိုဘူး။ အခုကျတော့ သေးသေးလေးကအစ ဂရုစိုက်ရတယ်။ တချို့ ဖူးကိုအရမ်းချစ်တဲ့ Fan တွေဆိုရင် အဝတ်အစားဝတ်တာကအစ ပုံတင်လိုက်ရင် ဘယ်နားမှာ ဘာဖြစ်နေပြီဆိုပြီး လိုက်သတိပေးတာမျိုး ရှိတယ်။ အားလုံးက ဖူးကိုကြည့်နေတဲ့အတွက်ကြောင့်မို့လို့ အစစအရာရာ ဂရုစိုက်ရတယ်။ အရင်တုန်းကလို နေချင် သလိုနေ၊ သွားချင်သလိုသွား၊ စားချင်သလို စားလို့ မရတော့ဘူး။ အရင်တုန်းကဆို ဝချင်လည်းဝ စားချင်တာတွေ စားလို့ရတယ်၊ အခုကျတော့ ကင်မရာထဲရောက်ရင် အရမ်းဝနေတော့မှာပဲ ဆိုတဲ့ အသိစိတ်နဲ့ အစားတွေရှောင်ရတယ်။ သီချင်းဆိုမယ်ဆိုရင်လည်း ဆီကြော်စာတွေရှောင်တာမျိုး၊ ရေခဲရေတွေ ရှောင်တာမျိုး ပြောင်းလဲခဲ့ရတဲ့ အရာတွေလည်း ရှိတယ်။ နေရာတစ်ခုကို သွားလိုက်လို့ ကိုယ့်ကိုထိခိုက်မယ့်အရာမျိုးတွေ ရှိလာတယ်။ အဆိုပိုင်းနဲ့ ပတ်သက်ရင်တော့ စစချင်း သီချင်းပြိုင်တုန်းကတော့ ပြိုင်ပွဲဝင်ပြိုင်မယ်၊ ဆုရခဲ့ရင် မိသားစုအတွက်ဆိုတာမျိုး၊ သီချင်းကြိုက်တော့ ပါးစပ်ဖျားထဲမှာ ဆိုတယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ Level တက်လာတာနဲ့အမျှ ဖူးတို့ကို ဆရာ၊ ဆရာမတွေက သီချင်းဘယ်နေရာမှာဆို ဘယ်လိုဆိုရမယ် ဆိုတာမျိုးတွေသင်ပေးတယ်။ Week အလိုက်ကို ခံစားချက်ဘယ်လိုမျိုး ထည့်ဆိုရမယ် ဆိုတာမျိုး သင်ပေးတယ်ဆိုတော့ ဆရာတို့၊ ဆရာမတို့ သင်ပြလိုက်တဲ့ လမ်းညွှန်ချက်တွေအတိုင်း သီချင်းအလိုက် ခံစားပြီးဆိုရတဲ့ဟာလေးတွေ သိလာတယ်။ စီနီယာတွေလိုမျိုးတော့ မဟုတ်ပေမဲ့ အရင်ကထက်စာရင်တော့ အများကြီး ပြောင်းလဲလာတယ်။

အကြိုက်ဆုံးသီချင်းပုံစံ
ဖူးက အနေအေးတဲ့သူ တစ်ယောက်လည်းဖြစ်တော့ ဆူညံတဲ့ သီချင်းတွေထက် သီချင်းချိုချိုအေးအေးလေးတွေ ပိုကြိုက်တယ်။ Rock ဆိုရင်လည်း Slow Rock ဘက်ကို သွားတာလေးတွေ ကြိုက်တယ်။

ကြုံတွေ့ရတဲ့ အတိုက်အခိုက်နဲ့ ကိုယ့်ရဲ့ကံတရား
ကံတရားလို့ပြောမယ်ဆိုရင်တော့ ဟိုးအရင်ကတည်းက အခုအချိန်အထိ ပြန်သုံးသပ်ကြည့်ရင် ဖူးရဲ့ကံတရားက အဆိုးပြီးမှ အကောင်းလာ တဲ့သဘော ရှိတယ်။ လိုချင်တဲ့ဟာတစ်ခုကို ဆုတောင်းရင် အဲဒီဟာကို မရသေးဘူး။ ရှေ့မှာ စမ်းသပ်မှုမျိုးစုံ ကြုံခဲ့ရတယ်။ ဘုရားသခင်ကပဲ ကိုယ့်ကို စမ်းသပ်တာလားတော့ မသိဘူး။ အခုဆိုရင်လည်း သီချင်းခွေထွက်တော့မယ်။ ဒီသီချင်းခွေ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ မသိဘူး။ ခွေအတွက် အစ၊ အဆုံး အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ပြိုင်ပွဲ တုန်းကဆိုရင်လည်း လူတိုင်းပြောဆိုတာ ခံရတယ်၊ ကဲ့ရဲ့တာတွေ ခံရတယ်။ အခက်အခဲတွေအများကြီးပဲ။ အဲဒီလို မျိုးဖြစ်ပြီးမှ 1st Runner Up ကို ရခဲ့တယ်။ ဖူးရဲ့ကံက အဆိုးပြီးမှ အကောင်းလာတယ်။ ဘယ်အရာမှ လွယ်လွယ်နဲ့ မရဘူး၊ ခက်ခက်ခဲခဲနဲ့ လုပ်ယူရတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီအရာတစ်ခုကို ဆုပ်ကိုင်နိုင်ဖို့၊ ဒီအရာတစ်ခုကို တန်ဖိုးထားတတ်အောင်၊ အရာအားလုံးကလွယ်လွယ်နဲ့ ရတာမဟုတ်လို့ ရလာတဲ့အရာအားလုံးကို တန်ဖိုးထားတတ်အောင် ဘုရားသခင်က သင်ပေးတယ်လို့ ထင်ပါတယ်။

Myanmar Idol ပြီး နောက်ပိုင်း ကမ်းလင့်လာတဲ့ အခွင့်အရေးများ
အခွင့်အရေးတွေကတော့ Myanmar Idol ပြီးနောက်ပိုင်းမှာ အများကြီးအားပေးမှု ရခဲ့ပါတယ်။ ပြိုင်ပွဲပြီးတာနဲ့ တောက်လျောက် သီချင်းတွေဆိုဖို့အတွက် နယ်အသီးသီးကနေ ပရိသတ်အများကြီးက ဖိတ်တယ်။ Idol ကနေ လမ်းကြောင်းဖောက်ပေးလိုက်တဲ့အတွက်ကြောင့် လူတွေအများကြီး သိသွားတယ်။ သီချင်းတွေအများကြီး ဆိုရတယ်။ ကြော်ငြာတွေလည်း ရိုက်ဖို့ လာခေါ်ကြတယ်။ ဒီ Myanmar Idol ကနေပဲ Connection  တွေ အများကြီးရခဲ့ပါတယ်။ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေ အများကြီး ရခဲ့ပါတယ်။

အောင်မြင်မှုဆိုတာ
အောင်မြင်မှုဆိုတာ ကိုယ့်အတွက်တော့ အရမ်းကိုခက်ခဲတဲ့ မှတ်တိုင်တစ်ခုပါ။ “No Pain No Gain” ဆိုတဲ့ စကားပုံလိုပဲ အနာမခံရင် အသာမစံရဘူး။ အောင်မြင်မှုဆိုတဲ့အရာကလည်း ဖူးအတွက်လည်း အဲဒီစကားပုံကနေ အခြေခံပါတယ်။ အောင်မြင်မှုလို့ပြောလိုက်ရင် နောက်ကွယ်မှာ ကြိုးစားမှုဆိုတာလည်း ပါရတယ်။ အောင်မြင်မှုဆိုတာ ဘယ်တော့မှ လွယ်လွယ်နဲ့မရဘူး၊ ဖြတ်လမ်းနည်းနဲ့ မရဘူး။ အဲဒီအရာကို ရဖို့အတွက် ကြိုးစားရမယ်၊ ဝီရိယရှိရမယ်၊ အားထုတ်ရမယ့် အရာ တစ်ခုလို့ မြင်ပါတယ်။

မိသားစု
အနုပညာလမ်းကြောင်းပေါ် လျှောက်ကတည်းက ဖူးအသက် ၂၃ နှစ်ဆိုတော့ အသက်ငယ်သေးတဲ့လူတစ်ယောက်လည်း ဖြစ်နေတဲ့အတွက်ကြောင့် မိသားစုကလည်း ဖူးကို အမြဲတမ်း Supporting ပေးတယ်။ ဂရုစိုက်ပေးတယ်၊ အဓိက ကျန်းမာရေးပေါ့။ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် ခရီးတွေအရမ်းသွားရတယ်၊ အစားအသောက်ဆိုရင်လည်း အမေကိုယ်တိုင်ပဲ လိုက်ပြီးတော့ Control လုပ်ပေးတယ်ဆိုတော့ မိသားစုက ဖူးအတွက်အရေးပါတယ်။ ပြိုင်ပွဲပြီး
တာနဲ့ အနုပညာလမ်းကြောင်းပေါ် စလျှောက်ပြီဆိုကတည်းက အဖေရော၊ အမေရောက သူတို့အလုပ်တွေအားလုံး ပစ်ပြီးတော့ ဖူးနောက်ကိုလိုက်ခဲ့တာ။ မိသားစုကဖူးအတွက် အရမ်းအရေးပါတယ်။ ညီမလေးဆိုရင်လည်း အစ်မကြီး အမိရာတစ်ယောက်၊ မိသားစုအတွက်လည်း သမီးကြီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မိသားစုအတွက် ကြိုးစားနေတယ်။

ကျန်းမာရေးအတွက်
အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ခရီးတွေ တောက်လျှောက်သွားနေရတာကြောင့် Gym တော့ နေ့တိုင်းမဆော့ဖြစ်ဘူး။ တစ်ပတ်မှာ နှစ်ရက်၊ သုံးရက်တော့ သွားတယ်။ မသွားနိုင်ရင် အိမ်မှာပြေးတဲ့စက်နဲ့ ပြေးတယ်။ အစားနဲ့ပဲ ထိန်းနေရတယ်။ ဆီကြော်စာတွေ ရှောင်ရတယ်။ Diet Food တွေ စားတယ်။ ဖျော်ရည်အရမ်းသောက်ချင်ရင် Gas ပါတာမသောက်ဘဲ အသီးကို ဖျော်တိုက်တာမျိုး အမေက လုပ်ပေးတယ်။ ကိုယ်ကဝလွယ်တယ်။ အစားစားပြီဆို မျက်နှာက ဖောင်းလာတယ်။ အိပ်ရေးပျက်ရင် မျက်နှာဖောင်းလာတယ်။ စားလိုက်ရင် တစ်ရက်၊ နှစ်ရက်နဲ့ ပြန်တက်လာပြီး ဝိတ်ချရင် ၃၊ ၄ လလောက် ကြာတတ်တယ်ဆိုတော့ တော်တော်လေးကို ဂရုစိုက်ရပါတယ်။

အနုပညာလှုပ်ရှားမှုများ
လှိုင်းရဲ့ နှစ် ၅ဝ ပြည့်အခွေမှာ ဆိုထားပါတယ်။ ပြီးတော့ Myanmar Idol အစ်ကို၊ အစ်မတွေနဲ့အတူ ဆိုထားတဲ့အခွေတွေနဲ့ အခုနောက်ပိုင်း အတွဲခွေတွေထဲမှာလည်း ဆိုဖို့ရှိပါတယ်။ ကြော်ငြာအနေနဲ့ လာပြီး ကမ်းလှမ်းတာမျိုးတွေရှိပေမဲ့ မရိုက်ဖြစ်သေးပါဘူး။ ဖူးက အနုပညာလမ်းကြောင်းကို သီချင်းတွေနဲ့ စခဲ့တာဆိုတော့ ပရိသတ်ကိုလည်း သီချင်းတွေနဲ့အရင်ဆုံးပြချင်သေးတယ်။ မှတ်တိုင်တစ်ခုအနေနဲ့ တစ်ကိုယ်တော်ခွေလေး အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ ပရိသတ်ကအဆုံးအဖြတ်ပေးမှာဆိုတော့ အဲဒီအတွက်လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အဲဒီတော့ သီချင်းတွေနဲ့ပဲ ပရိသတ်ကို အရင်ဆုံး ပြချင်သေးတယ်။ သရုပ်ဆောင်အလုပ်ကလည်း ကိုယ်စခဲ့တဲ့အလုပ်မဟုတ်တော့ သင်ယူစရာတွေအများကြီး ရှိသေးတဲ့အတွက် အခုလောလောဆယ်မှာ သီချင်းတွေနဲ့ပဲ ပရိသတ်ကို ပြချင်ပါသေးတယ်။

ပရိသတ်နဲ့ တစ်ထပ်တည်းကျမယ့် သီချင်း
သီချင်းတွေအကုန်လုံးက သေသေချာချာလုပ်ထားတဲ့ဟာတွေပဲဆိုတော့ အားလုံးကို ကြိုက်ပါတယ်။ ဒါပေမဲ့ ပရိသတ်နဲ့တစ်ထပ်တည်းကျမယ့် သီချင်းဆိုရင် အခုနောက်ပိုင်း နယ်တွေသွားရင် သီချင်းအသစ်ကလေးတွေ ဆိုဖြစ်တော့ အဲဒီထဲ
က တိုင်းရင်းသူလေး ကျွန်မဆိုရင် ပရိသတ်တွေ အရမ်းကြိုက်ကြပါတယ်။ အဲဒီသီချင်းလေးက ကိုယ့်ရဲ့အကြောင်းအရာလေးတွေကို ရေးထားတာဆိုတော့ သီချင်းစာသားလေးကို ကြားလိုက်တာနဲ့ ပရိသတ်တွေက သဘောကျကြတယ်။ အဲဒီသီချင်းလေးက ပရိသတ်နဲ့ ဖူးနဲ့ တစ်ထပ်တည်း အကြိုက်တူမယ်လို့ ထင်ပါတယ်။ တေးရေး ကိုဝေကြီးရဲ့လက်ရာသီချင်းလေးပါ။

အချစ်ရေး
အခုအချိန်မှာ ဖူးအတွက်ချစ်ရမယ့်သူဆိုလို့ မိသားစုနဲ့ ပရိသတ်တွေပဲ ရှိပါသေးတယ်။ ခုထိ တစ်ယောက်တည်းပါပဲ။

သင်္ကြန်ဖီလင်နဲ့ အမှတ်တရ
၂ဝ၁၈ သင်္ကြန်က ဖူးအတွက် ဒုတိယမြောက်ကျဖူးတဲ့ သင်္ကြန်ပါ။ Myanmar Idol မတိုင်ခင်က သင်္ကြန်ကိုတစ်ခါမှ အပြင်ထွက်လည်လေ့မရှိဘူး။ ဖူးက ခရစ်ယာန်လည်းဖြစ်တာကြောင့် သင်္ကြန်ဆိုရင် Church ထဲမှာ Camp ဝင်တာမျိုး၊ ကျန်းစာ
သင်တာမျိုးတွေ လုပ်ဖြစ်တယ်။ ဘဝမှာတစ်ခါမှ သင်္ကြန်ကို လည်ခဲ့ဖူးတာ၊ ကြုံခဲ့ဖူးတာမရှိဘူး။ ပြီးခဲ့တဲ့နှစ် ၂ဝ၁၇ သင်္ကြန်မှာတော့ Myanmar Idol က ညီအစ်ကို မောင်နှမတွေနဲ့ Sky Net မဏ္ဍာပ်မှာ ဖျော်ဖြေခဲ့ကြပါတယ်။ သင်္ကြန်နဲ့ ပတ်သက်တဲ့အမှတ်တရဆိုရင် ၄တန်းလားမသိဘူး အဲဒီတုန်းက သင်္ကြန်ရေပက်မယ်ဆိုပြီးတော့ အိမ်ရှေ့မှာ ပုံးလေးချပြီး ရေပက်မယ်လုပ်တယ်။ အိမ်ရှေ့မှာ လမ်းကလည်းလူပျက်တယ်။ လူလာရင် ရေပက်ရမယ်ဆိုပြီး သိထားတာ။ အဲဒီမှာ လူကြီး ၂ယောက်လာတော့ သူတို့ကိုပက်မယ်ဆိုပြီး ခွက်လေးကိုင်ပြီး ကြည့်နေတာ၊ ကိုယ်က ရေကလည်း တစ်ခါမှ မဆော့ဖူးဘူး။ အဲဒီအချိန်မှာပဲ ကိုယ်ချထားတဲ့ ပုံးနဲ့ ကိုယ့်ကိုရေပြန်လောင်းသွားတာ။ အဲဒီမှာ ကြောက်ပြီးငိုတာ။ ကိုယ်ပက်မယ့်ရေနဲ့ ကိုယ့်ကိုလာလောင်းသွားပါတယ်ဆိုပြီး တောက်လျှောက်ငိုတာ။ အဲဒါက အမှတ်တရပါပဲ။ အဲဒီကစပြီး ရေလုံးဝ မဆော့တော့ဘူး။ သင်္ကြန်မှာ ကိုယ့်ကို ရေလာပက်တာ၊ ရေဆိုတဲ့အရသာကို ကြောက်ပြီး သင်္ကြန်တစ်ခါမှ အပြင်မထွက်တော့ဘူး။

ပရိသတ်အတွက်
ဖူးရဲ့ တစ်ကိုယ်တော်ခွေ “အရှုံးမပေးတဲ့ ဝိဥာည်” ခွေလေးကို ပရိသတ်အတွက် သေသေချာချာလေး ကြိုးစားပြီး လုပ်ထားတာဖြစ်တဲ့အတွက် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Photo- Kyaw Linn