Primary tabs

Thingyan Feeling

နန်းဆုရတီစိုး
မေး - ဧပြီ feeling လေး သိပါရစေ။
ဖြေ - သင်္ကြန်ဆိုတော့ အားလုံးပျော်ကြတယ်ပေါ့နော်။ နန်းဆုလည်း သင်္ကြန်ရောက်တော့မယ်ဆိုရင် ပျော်လည်းပျော်တယ်။ ရင်လည်းခုန်တယ်။ သင်္ကြန်ရောက်တိုင်း ဟိုးငယ်ငယ်လေးကနေ အခုချိန်ထိ အမှတ်တရတွေအများကြီးနဲ့ပဲ ဖြတ်သန်း ခဲ့တာပေါ့နော်။ အနုပညာအလုပ်စလုပ်တဲ့ အချိန် မှာတော့ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းရတာများတယ်။ ပရိသတ်တွေနဲ့ အတူတူ နှစ်သစ်ကူးကြတယ်ပေါ့။

မေး - April Fool လုပ်ဖူးလား။ ကြုံဖူးလား။
ဖြေ - ကြုံဖူးတယ်။ ခဏခဏခံရတယ်။ ကိုယ်က တစ်ခါတော့ လုပ်ဖူးတယ်။ ငယ်ငယ်တုန်းကလေ ကျောင်းတက်တဲ့ဘဝတုန်းက ဧပြီ fool စပြီးခေတ်စားတာ။ အဲ့အချိန်တုန်းက သူငယ်ချင်းတွေ ကို နန်းဆုလုပ်ဖူးတယ်။ အဲ့တုန်းက game city မှာ ဆော့မယ်ဆိုပြီး ချိန်းထားတာ။ နန်းဆုရောက်နေပြီဆိုပြီး ပြောလိုက်ကြတော့ တစ်အုပ်စုလုံးရောက်သွားကြတာ။ အမှန်တော့ နန်းဆုက အိမ်မှာပဲ လှမ်းနောက်တာလေ။ သူငယ်ချင်းတွေ အကုန်လုံး စိတ်တွေကောက်ကြတာ။ အဲ့တစ်ခေါက် တော့ တစ်ခါလုပ်ဖူးတယ်။ ပြီးတော့ လွန်ခဲ့လေးနှစ် ငါးနှစ်လောက်က တစ်ခါလုပ်ဖူးတယ်။ နန်းဆုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေကို ဘယ်နေ့ကျရင် မင်္ဂလာဆောင်မှာ ဘာညာလိုက်ပြောဖူးတယ်။ သူတို့တွေက တကယ်ထင်ပြီး ဘာလုပ်ပေးရမလဲ ဘာညာမေးကြတယ်။ အဲ့တုန်းက တစ်ခါလုပ်ဖူးတယ်။ သူငယ်ချင်းတွေလုပ်တာတော့ ခဏခဏခံရတယ်။ အရမ်းအရေးကြီးလို့ လာကယ်ပါဦး။ ရဲဖမ်းထားလို့ အဲ့လိုမျိုးတွေ လျှောက်ပြီးပြောတယ်။ ကိုယ်ကလည်း တကယ်မှတ်ပြီး စိတ်တွေပူပြီးတော့ လိုက်သွားတယ်။ တကယ်မဟုတ်တော့ စိတ်ဆိုးရလည်းခက်၊ ဒေါသထွက်ရလည်း ခက်နဲ့ အမှတ်တရတော့ ဖြစ်ပါတယ်။

မေး - သင်္ကြန်ဖီလင်နဲ့ အမှတ်တရရှိဆုံးသင်္ကြန်။
ဖြေ - နှစ်တိုင်းတော့ အမှတ်တရရှိပါတယ်။ နှစ်တိုင်းတော့ အမှတ်တရရှိပါတယ်။ မြို့တွေလည်း မတူဘူး နှစ်တိုင်းက ။ ပဲခူးမှာလည်း သင်္ကြန်ကျဖူး တယ်။ မန္တလေးမှာလည်း ကျဖူးတယ်။ မြစ်ကြီးနားမှာ သင်္ကြန်ကျဖူးတယ်။ ရန်ကုန်မှာလည်း သင်္ကြန်ကျဖူးတယ်။ မြိတ်သင်္ကြန် ကျဖူးတယ်။ အများကြီးတယ်။ တော်တော်တော့ စုံသွားပြီ။ သူ့နယ်နဲ့ သူပေါ့နော်။

မေး - သင်္ကြန်မှာ ဘာလုပ်ရတာကိုကြိုက်လဲ။
ဖြေ - သင်္ကြန်မှာက ကားနဲ့ လျှောက်လည်ရတာ အကြိုက်ဆုံးပဲ။ မဏ္ဍပ်မှာ ရေပက်ရတာတော့ ကြိုက်တော့ ကြိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ပူလည်းပူတော့ အကြာကြီးလဲ မပက်နိုင်ဘူးဆိုတော့လေ။ ငယ်ငယ်တုန်းကကျတော့လည်း အဖေအမေတွေ မောင်နှမတွေနဲ့ ကားနဲ့ ရေပက်ခံထွက်တယ်။ အဲ့ဒါကိုတော့ အမြဲတမ်း အမှတ်ရတယ်။ ပြန်မရနိုင်တော့ဘူးလေ အခုချိန်မှာ...။ တစ်ခါတစ်လေတော့လည်း ကားနဲ့ ရေပက်ခံ ထွက်ချင်တဲ့စိတ်အမြဲဖြစ်တယ်။ အခုတော့ ပရိသတ်တွေအတွက် သီချင်းဆိုတယ်ဆိုတော့ ပရိသတ်တွေနဲ့ ဖြတ်သန်းရတယ်ဆိုတော့ ပျော်တယ်။

မေး - နှစ်သစ်ဆုတောင်းစကားလေး ပြောပေးပါဦး။
ဖြေ - နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အသစ်အသစ်တွေများစွာကို ဖန်တီးနိုင်ကြပါစေ။ စီးပွားတွေလည်း တိုးတက်အောင်မြင်ကြပါစေ။ နှစ်သစ်မှာ လုပ်ကိုင်သမျှလုပ်ငန်းတွေ အားလုံးလည်း အဆင်ပြေကြပါစေ။ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေလို့ အလုပ်အကိုင်တွေလည်း အောင်မြင်ကြပါစေလို့။


Nay Win (Snare)
မေး - ဧပြီလဆိုတာနဲ့ ဘယ်လိုခံစားမှုရလဲ
ဖြေ - ဧပြီဆိုတာနဲ့တော့ ကျွန်တော့်မွေးလရောက် ပြီဆိုတော့ ကိုယ့်ပိုင်နက်ထဲရောက်သလိုပါပဲ။ ပျော်တယ်။

မေး - April Fool နဲ့ ပက်သက်တဲ့ အမှတ်တရတွေ
ဖြေ - ကိုယ်တိုင် မကြုံဖူးဘူး။ သတိထားတယ်။ ဒါတွေက ကိုယ်တွေကဖြစ်လာတာ ဟားဟား။ သူများကိုတော့ စတယ်၊ အိမ်ကလူတွေကိုလည်း စတယ်။ ကြီးကြီးမားမား ဒုက္ခရောက်အောင်စတာမျိုးမရှိပါဘူး။ ဟေ့ရောင်တွေ ထထ ခရီးသွားမယ် အဝတ်အစားတွေ ထည့်ဆိုပြီး ကျပ်လိုက်တယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်တင် သွားပြီး ပြန်လာတော့ ဒီကောင်တွေ တင်းသွားတယ်။

မေး - သင်္ကြန်မှာဘာလုပ်ရတာ ကြိုက်လဲ
ဖြေ - လည်ရတာ မကြိုက်ဘူး။ မဏ္ဍပ်ထိုင်ရတာတော့ ကြိုက်တယ်။

မေး - သင်္ကြန်မှာရှိတဲ့ အမှတ်တရတွေ
ဖြေ - သင်္ကြန်တိုင်းကတော့ အမှတ်တရပဲ။ သင်္ကြန်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးပွဲပဲလေ။ အမှတ်တရက နှစ်တိုင်းကို ရှိပါတယ်။

မေး - အမှတ်တရအဖြစ်ဆုံးသင်္ကြန်
ဖြေ - အမှတ်တရအဖြစ်ဆုံးဆိုတာထက် အခုမေးလိုက်တဲ့အချိန်မှာ ပေါ်လာတဲ့ အမှတ်တရလေးပေါ့။ ကျွန်တော့်အစ်ကို ဝမ်းကွဲတစ်ယောက်ရှိတယ်။ သူက သောက်တာစားတာ နည်းနည်းများတယ်။ သူနဲ့ သင်္ကြန်လည်ကြရော။ သူက နည်းနည်းများသွားတယ်။အဲ့မှာ ဖြစ်ချင်တော့ ကျွန်တော်က သူ့ဆီ ကားသော့တွေ၊ ပိုက်ဆံတွေ၊ အခွေတွေအပ်ပြီး နောက်တစ်မဏ္ဍပ်မှာ သွားဆိုနေတာ။ ပြန်လာတော့ သူမရှိတော့ဘူး။ ကျွန်တော့်ကားကြီးကို ပြည်လမ်းပေါ်မှာ ဒီတိုင်းရပ်ထားခဲ့ပြီး ပြန်သွားတာ။ အဲဒါကတော့ တကယ်အမှတ်တရ ဖြစ်ပါတယ်။

မေး - ဒီနှစ်သင်္ကြန်ဘာလုပ်မလဲ
ဖြေ - ဒီနှစ်ကတော့ ဖျော်ဖြေရေးရှိမယ်။ ရန်ကုန် မှာရှိမယ်။ မဏ္ဍပ်စဉ်းစားနေတယ်။

မေး - မြန်မာနှစ်သစ် ဆုတောင်း
ဖြေ - ကျွန်တော်တို့ မြန်မာနှစ်ကူးမှာ မြန်မာပြည်က လူတွေအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ အန္တရာယ်ကင်းကြပါစေ။ လျှောက်လည်တဲ့အခါလည်း သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။


ထွန်းကိုကို
မေး - ဧပြီ feeling လေး သိပါရစေ။
ဖြေ - မြန်မာလူမျိုးမှန်ရင် သင်္ကြန်ရောက်တော့ မယ်ဆိုတော့ ပျော်ကြတဲ့လတစ်လလို့ ပြောလို့ရတယ်။ ကျွန်တော်တို့လည်း ပျော်တယ်။ ဒါပေမယ့် သင်္ကြန်ကို ရေကစားတာတို့ လည်တာတို့ဆိုတာ က ငယ်ငယ်တုန်းကဆို မလုပ်ဖြစ်ဘူး။ အိမ်ထဲ
မှာပဲ နေရတယ်။ ငယ်ငယ်တုန်းကဆို သင်္ကြန် ရောက်ပီဆိုဖျားတာများတယ်။ အဲ့တော့ အိမ်ထဲမှာပဲနေရတယ်။ ရေမကစားရဘူး။ ကြီးတော့လည်း ပြောရမယ်ဆိုရင် တရားစခန်းဝင် ဖြစ်တာများတယ်။ သင်္ကြန်ကို သီချင်းလိုက်ဆိုဖြစ်တာ လည်း ဖြစ်တာဆိုလို့ ၅နှစ်လောက်ပဲရှိသေးတယ်။ အရမ်းလည်း ပျော်ဖို့ကောင်းပါတယ်။

မေး - April Fool လုပ်ဖူးလား။ ကြုံဖူးလား။
ဖြေ - April Fool လုပ်ခံရဖူးတယ်။ ကိုယ်တိုင်လည်း အဲ့လိုမျိုး သူငယ်ချင်းတွေကို လျှောက်စဖူးတယ်။ တစ်ယောက်ကိုပုံစံတစ်မျိုးနဲ့ ဖုန်းဆက်ပြီး လျှောက်နောက်တာပေါ့နော်။ အဲ့လိုမျိုးလေးတွေတော့ လုပ်ဖူးတယ်။ နည်းနည်းပဲ။ အရမ်းကြီးကြီးမားမား တွေတော့မဟုတ်ပါဘူး။ 

မေး - သင်္ကြန်ဖီလင်နဲ့ အမှတ်တရရှိဆုံးသင်္ကြန်။
ဖြေ - အမှတ်တရအရှိဆုံး သင်္ကြန်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်လည်း မှတ်မှတ်ရရပါပဲ။ အရမ်းပျော်ဖို့ ကောင်းတယ်။ မြိတ်မှာပေါ့နော်။ မြိတ်မှာ သီချင်းဆိုတာပေါ့နော်။ ကျွန်တော်တို့မြိတ်က Sea View Condo ပေါ့နော်။ အဲ့ဒီမှာ မဏ္ဍပ်က ပင်လယ်ပြင်ကြီးရှေ့တည့်တည့်မှာ ဆောက်ထားတာပေါ့နော်။ သီချင်းဆိုရင်လည်း ပင်လယ်ပြင်ဘက်ကို လှည့်ပြီး ဆိုရတဲ့အတွက် feel ကတော့ တခြားသောနှစ်တွေနဲ့ မတူတဲ့ feeling တစ်မျိုးခံစားရတယ်ပေါ့နော်။ ပင်လယ်ပြင်ကြီးကို ကြည့်ပြီး သီချင်းဆိုရတယ်။ အောက်မှာလဲ ပရိသတ်တွေက အများကြီးပဲဆိုတော့ အရမ်းပျော်ဖို့ကောင်းပါတယ်။

မေး - သင်္ကြန်မှာ ဘာလုပ်ရတာကိုကြိုက်လဲ။
ဖြေ - အရင်တုန်းကတော့ တရားစခန်းဝင်ဖြစ်တယ်ပေါ့နော်။ တရားစခန်းကျတော့လည်း ဝင်တဲ့လူအရမ်းများတယ်ပေါ့နော်။ ဒါပေမယ့် ဝင်တာကတော့ ကောင်းပါတယ်။ သင်္ကြန်မှာက သင်္ကြန်ရေလေး နဲနဲထိလိုက်မှ ကျန်းမာရေးကောင်းတယ်လို့ ထင်တယ်ပေါ့နော်။ သင်္ကြန်ရေလေးတော့ နဲနဲစိုခံ ချင်သေးတယ်ဗျ။ 

မေး - နှစ်သစ်ဆုတောင်းစကားလေး ပြောပေးပါဦး။
ဖြေ - နှစ်သစ်မှာ အားလုံးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်မှာ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာဆေးကြော ပြီးတော့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။


နေခြည်ဦး
မေး - ဧပြီ feeling လေး သိပါရစေ။
ဖြေ - ဧပြီနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ နေခြည့်မှာ သင်္ကြန်ဖီလင် အဲ့လောက်ကြီး မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်လေး ကတည်းက ၁ဝတန်းလောက်ကတည်းကလည်း အိမ်က သင်္ကြန်ဆိုရင်မလွှတ်ဘူး။ နေခြည့်မေမေက အရမ်းကြပ်ခဲ့တာပေါ့။ ကြီးလာတော့လည်း သင်္ကြန်ဆိုရင် နေခြည်က မဏ္ဍပ်တွေ ဘာတွေလည်း မထိုင်ဖြစ်ဘူး။ အလုပ်စလုပ်တော့လည်း သင်္ကြန်ဆိုနေခြည်က ခရီးသွားဖြစ်တာများတယ်။ သင်္ကြန် ဖီလင်အနေနဲ့ကတော့ သင်္ကြန်ဆိုရင် သင်္ကြန်မိုးကားကြည့်တယ်။ အဲ့ဒါကတော့ သင်္ကြန်မှာ နေခြည့်အတွက် အကောင်းဆုံး feeling ပေါ့နော်။ အခုသင်္ကြန်နားနီးလာပြီဆိုရင် အရင်တုန်းက ဂန္တဝင်သင်္ကြန်သီချင်းတွေကို အမြဲတမ်းနားထောင် ဖြစ်တယ်။ တကယ်ကို ငယ်ငယ်တုန်းက သင်္ကြန်
ပေါ့နော်။ ခွက်စောင်းအုပ်ခဲ့တဲ့ သင်္ကြန်ကို ပြန်ရောက်သွားသလို ခံစားရတယ်ပေါ့နော်။ အခုနောက်ပိုင်းမှာတော့ သင်္ကြန်ပွဲတော်က လူငယ်တွေအတွက် အများကြီးလုပ်လာကြတယ်။ ဒီနှစ်မှာလည်း မဏ္ဍပ်တွေ ပြန်လုပ်မယ်လို့ ကြားတဲ့အတွက် သင်္ကြန်ကို အရမ်းပျော်တဲ့သူမဟုတ်တာတောင် နေခြည့်ရင်ထဲမှာ သြော် ငါတို့ ငယ်ငယ်တုန်းက ပျော်ခဲ့ရတဲ့ ရေပက်ရတဲ့ သင်္ကြန်ကို ပြန်ပျောက်သွားသလို ခံစားရပါတယ်။ ဒီနှစ်မှာတော့ နေခြည်ခရီးသွားဖြစ်မယ်လို့ စဉ်းစားထားတဲ့အတွက် တကယ်လို့ မသွားဖြစ်ရင်လည်း မဏ္ဍပ်တွေ ထိုးပြီဆိုရင်တော့ ရေပက်ခံထွက်တာလေးတော့ နေခြည်လုပ်ချင်ပါတယ်။

မေး - April Fool လုပ်ဖူးလား။ ကြုံဖူးလား။
ဖြေ - April Fool ကြုံဖူးတာပေါ့။ မိန်းကလေး သူငယ်ချင်းအချင်းချင်း လုပ်နေကျပေါ့နော်။ ဟာ ငါဗိုက်ကြီးနေပြီဆိုရင် နေခြည်တို့မှာ စိတ်ပူလိုက်ရတာ။ နေခြည်တို့ကို တကယ်ဆေးရုံတွေမှာ ချိန်း ပြီးရင် April Fool ဆိုပြီးလုပ်။ ဒေါသတွေ ထွက်။ ပြီးရင် ငါ့ကောင်လေးနောက် လိုက်သွားပြီဆိုရင် ပြေးရပြန်ပြီ သူ့အိမ်ကို ၂ခါလောက် ကြုံဖူးတယ်။ တစ်ခါမှလည်းမမှတ်ဘူး။ ဒီနေ့ဟာ April Fool ဆိုပြီး မှတ်ထားလည်း ဖုန်းဆက်ရင် ပါသွားတာပဲ။ နေခြည်ကတော့ တော်တော်လေး ကို Troll လုပ်ခံရပါတယ်။

မေး - သင်္ကြန်ဖီလင်နဲ့ အမှတ်တရရှိဆုံးသင်္ကြန်။
ဖြေ - အမှတ်တရအဖြစ်ဆုံးဆိုရင် နေခြည်တို့ ၈တန်း ၉တန်းလောက်ကပေါ့နော်။ အဲ့ချိန်ကျမှပဲ ကိုယ့်အိမ်က လူတွေနဲ့ ကားတွေဘာတွေနဲ့သွား။ ရေပက်ခံထွက်တယ်ဆိုတာ ရိုးရိုးရေပက်ခံထွက်တာမဟုတ်ဘူး။ မီးသတ်ပိုက်တွေရော ကားတွေမှာ ဦးလေးတွေလည်းပါတော့ နေခြည်တို့ မီးစက်တွေလည်းတင် ပြီးတော့ မဏ္ဍပ်တွေကို ပြန်ပတ်ရတာပေါ့။ အဲ့ဖီလင်မျိုးက နေခြည်အရမ်းကြိုက်ပါတယ်။

မေး - သင်္ကြန်မှာ ဘာလုပ်ရတာကိုကြိုက်လဲ။
ဖြေ - နေခြည် သင်္ကြန်မှာခရီးသွားရတာကြိုက်ပါတယ်။ အရင်တုန်းကတော့ ကိုယ်ကမိသားစုစီးပွား ရေးဝင်လုပ်နေတော့ သင်္ကြန်မှာဆိုပိတ်တယ်လေ။ အဲ့တော့ခရီးသွားတာပေါ့။ သင်္ကြန်မှာ တရားစခန်းတွေဘာတွေလည်းဝင်ဖူးပါတယ်။ ခရီးသွားရတာကို ပိုကြိုက်တယ်။ အားလပ်ရက်ဆိုတဲ့ စိတ်က ဝင်နေတော့ ကိုယ်က လွတ်လွတ်လပ်လပ်ပဲပေါ့နော်။ 

မေး - နှစ်သစ်ဆုတောင်းစကားလေး ပြောပေးပါဦး။
ဖြေ - မြန်မာ့နှစ်သစ်မှာ မြန်မာပြည်သူပြည်သားတွေ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ နေခြည်က ရင်ထဲ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ ဆုတောင်းပေးလိုက်ပါတယ်။


Nyi Htut Khaung
မေး - ဧပြီလဆိုတာနဲ့ ဘယ်လိုခံစားမှုရလဲ
ဖြေ - ဧပြီကတော့ အရမ်းမိုက်တယ်လေ မိုက်ဆို ကျွန်တော်က April Born လေ။ အရမ်းကို ပျော်စရာတွေနဲ့ အမြဲပြည့်နှက်တဲ့လပါ။ သင်္ကြန်မှာ လည်းပျော်။ ပျော်ပြီး သိပ်မကြာခင် ၂၆ မှာ မွေးနေ့လေးကရောက်။သင်္ကြန်မှာလည်း ကုသိုလ်လုပ်၊ မွေးနေ့မှာလည်း ကုသိုလ်လုပ်နဲ့ဆိုတော့ တကယ်ကို ကောင်းတဲ့လပါ။

မေး - April Fool နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ
ဖြေ - သူများကိုတော့ အဲ့လို မစဖူးဘူးဗျ။ ကိုယ်က အရင်က နယ်မှာနေတာဆိုတော့ စကြတယ်ဆိုတာလောက်တော့ ကြားဖူးတယ်။ ဒါပေမယ့် တကယ်လည်းကြုံရော ကိုယ့်မိသားစုနဲ့သက်ဆိုင်တဲ့ စိုးရိမ်စရာလိုကိစ္စကိုစတော့ နားမလည်တုန်းက တအားစိတ်ဆိုးတယ်။ ဒါက အနောက်တိုင်းဘက်က ဝင်လာတဲ့ အလေ့အကျင့်ပါ ကျွန်တော့်အနေနဲ့ မကြိုက်ပေမယ့် ခေတ်ရေစီးကြောင်းအရတော့ တွင်တွင်ကျယ်ကျယ် လက်ခံလာကြတာပဲ။ ဒါပေမယ့် သူများစိတ်အနှောင့်အယှက်၊ စိုးရိမ်သောက ဖြစ်အောင်စတဲ့အထိကတော့ အပျော်ကနေ အပျက်ဘက် ပိုရောက်မယ်ထင်တယ်။ ကျွန်တော် လည်းမစဘူး ကျွန်တော့်ကို စရင်လည်း မခံချင်ဘူး။

မေး - သင်္ကြန်မှာ ဘာလုပ်ရတာ ကြိုက်လဲ
ဖြေ - ကျွန်တော်က သီဆိုဖျော်ဖြေရတာလည်း ကြိုက်တယ်။ လမ်းလျှောက်လည်ရတာလည်း ကြိုက်တယ်။ စတုဒီသာ ကျွေးရတာလည်း ကြိုက်တယ်။ စင်ပေါ်ကနေ မီးသတ်ပိုက်နဲ့ ပက်ရတာလည်း ကြိုက်တယ်။ အကုန်လုပ်ချင်တယ်။ မစုံမှာတောင် စိုးရိမ်ရတယ်။ အခုဆို နောက်တစ်မျိုးတိုး သွားတယ် ။ EDM ပွဲတွေ သွားရတာပါ ကြိုက်သွားပြီ။

မေး - သင်္ကြန်မှာရှိတဲ့ အမှတ်တရတွေ
ဖြေ - မနှစ်ကပေါ့ဗျာ။ လျှောက်လည်ကြမယ်ဆိုပြီး ကျော်ကျော်ရယ်၊ ဆုမြတ်နိုးဦးရယ် နဲ့ ချိန်းထားတာ။ EDM ရှိုးမှာချိန်းတာ။ ဆုမြတ်နိုးဦးက ခေါင်းတွေမူးနေလို့ဆိုပြီး မလာဘူး။ ကျော်ကျော်လည်း ရောက်မလာဘူး။ ကျွန်တော်တစ်ယောက်တည်းဗျာ ယောင်လည်လည်နဲ့။ ဒီကိစ္စကိုတော့ နည်းနည်း တင်းတယ်။

မေး - အမှတ်တရအဖြစ်ဆုံးသင်္ကြန်
ဖြေ - ငယ်ငယ်တုန်းက အမှတ်တရရှိတယ်။ သင်္ကြန်ဆိုတာကြီးကို မလည်ဖူးတဲ့အချိန်က သိပ်လည်ချင်တာ။ ဆိုင်ကယ်လည်းမရှိတော့ စက်ဘီးနဲ့ လည်ရတာ။ သင်္ကြန်ဆိုတော့ ဂျင်းဘောင်းဘီဝတ် ပြီး ရှိုးထုတ်ရတယ်ဆိုတာလောက်ပဲ သိတော့ ဂျင်းတွေဝတ်ပေါ့ စက်ဘီးနဲ့လည်ကြတာ။ စစ်တပ်ဘက်မှာ အရမ်းကိုစည်တယ် ပြောကြတော့ သွားရတာ အဝေးကြီးပဲ။ နင်းရင်း နင်းရင်း နဲ့ ပေါင်တွေပွန်းလာတာ နောက်ဆုံးဘယ်လိုမှ မရတော့ စက်ဘီးရပ်ပြီး အဲဒီ့ဂျင်းဘောင်းဘီတွေ ချွတ်ပြီး လမ်းဘေးမှာ ပက်လက်လေးတွေ လှဲပြီး နေခဲ့ရတယ်။ နယ်ကတော့ မြစ်ကြီးနားပါ။

မေး - ဒီနှစ်သင်္ကြန်ဘာလုပ်မလဲ
ဖြေ - မသိသေးပါဘူးဗျာ အခုထက်ထိကို ။ ဒီ ကောင်တွေ (ကျော်ကျော်၊ ဆုမြတ်နိုးဦး) နဲ့ပဲ ပေါင်းရဦးမယ် ထင်ပါတယ်။

မေး - မြန်မာနှစ်သစ် ဆုတောင်း
ဖြေ - နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင် ကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ ဖယ်ခွာနိုင်ပြီး နှစ်သစ်မှာ အသစ်အသစ်သော အရာ တွေနဲ့ ပျော်ရွှင်နိုင်ကြပါစေ။


L Bauk Nu
မေး - ဧပြီလဆိုတာနဲ့ ဘယ်လိုခံစားမှုရလဲ
ဖြေ - ဧပြီဆိုတာနဲ့ အရမ်းပူတယ်ဆိုတဲ့ ခံစားမှုကိုရလိုက်တယ်။ ပြီးတာနဲ့ သင်္ကြန်ရယ် ကျမ်းစာ သင်တန်းရယ်ကို ပြေးမြင်မိတာပဲ။

မေး - April Fool နဲ့ ပက်သက်တဲ့ အမှတ်တရတွေ
ဖြေ - သူများကိုတော့ မစဖူးဘူး။ ကိုယ့်ကိုတော့ သူငယ်ချင်းတွေက သေးသေးလေးတွေတော့ လျှောက်စဖူးတယ်။ အရမ်း seriously ဖြစ်တဲ့ ကိစ္စမျိုးတော့ မစဖူးဘူး။ April Fool စတာကိုတော့ စိတ်မဆိုးပါဘူး။ စတာ ကြိုက်တာပဲ။

မေး  -သင်္ကြန်မှာ ဘာလုပ်ရတာ ကြိုက်လဲ
ဖြေ - သင်္ကြန်မှာ ရေစိုတာ မကြိုက်ဘူး။ ရေပက်တာ မကြိုက်ဘူး။ ပူတာ မကြိုက်ဘူး။ သင်္ကြန်သီချင်းတွေ နားထောင်ပြီး အိမ်ထဲမှာ အေးအေးဆေးဆေးပဲ နေချင်တာ။ ကျမ်းစာသင်တန်းမှာ အေးအေးဆေးဆေး နေရတာလည်း ကြိုက်တယ်။

မေး - သင်္ကြန်မှာရှိတဲ့ အမှတ်တရတွေ
ဖြေ - သင်္ကြန်ကို ရန်ကုန်ရောက်တာ အသက်ဆယ့်သုံးနှစ်ပေါ့နော် အဲဒီလောက်ကစပြီး သိတယ်မြင်တယ်ပေါ့။ တကယ် ကြီးမားတဲ့ ပွဲကြီးပေါ့နော်။  ဒါပေမယ့် ကိုယ်တိုင်ပါဝင်ဆင်နွှဲတာတော့ 2015 ၊ 2016 လောက်မှ ပါဖူးတာ။ သင်္ကြန်ရဲ့  အမှတ်တရကတော့ ရေစိုပြီး အိုင်းလိုင်နာတွေ အကုန်ပြန့်ကုန်တာပဲ။

မေး - အမှတ်တရအဖြစ်ဆုံးသင်္ကြန်
ဖြေ -  2016 သင်္ကြန်ပေါ့။2015တုန်းကတော့ အလုပ်နဲ့ ဖြတ်သန်းဖူးတာ။ 2016 က ကိုစိုင်းစိုင်းက ပြည်လမ်းမှာ သူမဏ္ဍပ်ထိုးတော့ လာဖို့ဖိတ်လို့ တစ်ရက်ပါပဲ သွားဖူးတာ။

မေး - ဒီနှစ်သင်္ကြန်ဘာလုပ်မလဲ
ဖြေ - ဒီနှစ် တောင်ကြီး မဟုတ်ရင် မြစ်ကြီးနားက ကျမ်းစာသင်တန်းတစ်ခုခုမှာ ရှိနေပါမယ်။

မေး - မြန်မာနှစ်သစ် ဆုတောင်း
ဖြေ - နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ နှစ်သစ်မှာ စတင်မယ့် လုပ်ငန်းဆောင်တာတွေ အားလုံးလည်း အဆင်ပြေချောမွေ့ အောင်မြင်ပါစေ။ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေပြေနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ။


G-Fatt
မေး - ဧပြီလဆိုတာနဲ့ ဘယ်လိုခံစားမှုရလဲ
ဖြေ - ဧပြီဆိုတာနဲ့တော့ ပျော်တာပဲ ။ ဘာလို့လဲဆိုတော့ သင်္ကြန်ရောက်ဖို့ ကြိုရင်ခုန်ရသလို သင်္ကြန်ကျပြီးရင်လည်း လွမ်းပြီး ကျန်ခဲ့ရတာ မိုက်တယ်။

မေး - April Fool နဲ့ ပက်သက်တဲ့ အမှတ်တရတွေ
ဖြေ -  ဟားဟား ကိုယ့်ကို april fool လုပ်တာတော့ မခံရဖူးဘူး အဲဒီရက်တွေဆို သတိထားတယ်။ သူများကိုတော့ မန္တလေးက သူငယ်ချင်းတွေကို လုပ်ဖူးတယ်။ ဘယ်လိုလဲဆိုရင် အဲဒီ့ ဧပြီလ ၁ရက်နေ့ စဖို့အတွက်ကို ဆယ်ရက်လောက်ကြိုပြီး ငါ မန္တလေး သင်္ကြန်လာကျမှာဆိုပြီး ပြောထားလိုက်တယ်။ ပြီးလည်းပြီးရော ၃၁ရက်နေ့ကျ ငါ ကားနဲ့ လာနေပြီ လေယာဉ်လတ်မှတ်တွေ မရဘူးဆိုပြီးပြောပြီး ၁ရက်နေ့ လာကြိုခိုင်းလိုက်တယ် မနက်အစောကြီး။ ကိုယ်က ရန်ကုန်မှာ။ တင်းသွားတာပေါ့ ဟိုက။ ဒီလို လွယ်လွယ်ကူကူလည်း မဟုတ် ဘူး ဝေးတော့ မနက်အစောကြီး ၅နာရီလောက်ကတည်းက ထပြီး လာကြိုရတာ။ ကိုယ်က အိပ်ရာ တောင်မနိုးသေးဘူး ။ အဲဒီလိုတော့ စဖူးတယ်။

မေး - သင်္ကြန်မှာ ဘာလုပ်ရတာ ကြိုက်လဲ။
ဖြေ - ကျွန်တော် ရေပက်ခံရတာ ကြိုက်တယ်။ မဏ္ဍပ်တွေဘာတွေထိုင်တာထက် ကျွန်တော်တို့ ဟိုးအရင်ကဆို ကားတွေနဲ့လည်ကြတယ်လေ။ ယောက်ျား လေးတွေစုပြီး ဒီနေ့ အဖြူဆို အဖြူပဲ၊ အမဲဆို အမဲ ပဲဝတ်ကြတာတွေ။

မေး - သင်္ကြန်မှာရှိတဲ့ အမှတ်တရတွေ
ဖြေ - သင်္ကြန်မှာက နှစ်တိုင်း နှစ်တိုင်း အမှတ်တရဆိုတာမျိုးက ဖြစ်ကျန်ခဲ့တော့ အရမ်းများလွန်းတယ်။ သင်္ကြန်အမှတ်တရဆိုရင် အများကြီးပဲ။

မေး - အမှတ်တရအဖြစ်ဆုံးသင်္ကြန်
ဖြေ - အမှတ်တရအဖြစ်ဆုံး... ရှိတယ် ရှိတယ်။ ဘုန်းကြီးဝတ်ခဲ့တဲ့နှစ်။ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ အတူပါ။ ဒီကောင်အဆွယ်ကောင်းလို့ ဝတ်တာ။ အမေဆို အံ့သြသွားတယ်။ တကယ်ကို ဝတ်တော့မှာလား ။ ဟုတ်တယ် တကယ်ဘုန်းကြီးဝတ်မှာ။ အဲဒီတုန်းက အဆိုတော်မဖြစ်သေးဘူး။ ဝတ်တော့ ပထမတစ်ရက်လည်း ဟုတ်တယ် ။ ဒုတိယတစ်ရက်အထိလည်း ဟုတ်နေသေးတယ်။ တတိယ တစ်ရက်လောက်ကျတော့ ဘုန်းကြီးကျောင်း အနောက်ဘက်က လူနေရပ်ကွက်၊ အိမ်တွေဆိုတော့ အဲဒီကကောင်တွေက ဆူညံနေတာပဲ။ ညနေ ပြန်လာကြပြီဆို ဟေး ဟား နဲ့ သင်္ကြန်ဘာဖြစ်ညာဖြစ် အော်ဟစ်နေကြတော့ မရတော့ဘူး ဘုန်းကြီးကို လျောက်ပြီးတော့ လူထွက်လိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေရှိတဲ့ မဏ္ဍပ်တွေကိုသွားတာ ဟိုကောင်တွေက ဝိုင်းစကြပါလေရော။

မေး - ဒီနှစ်သင်္ကြန် ဘာလုပ်မလဲ
ဖြေ - ဒီနှစ်ကတော့ သီချင်းဆိုမယ် ခင်ဗျာ။ ရန်ကုန်မှာပဲ ရှိမယ်။ ဘယ်မဏ္ဍပ်ဖြစ်မလဲဆိုတာကို သင်္ကြန်ရက်နီးတော့မှ ထပ်ပြောပါ့မယ်။

မေး - မြန်မာနှစ်သစ် ဆုတောင်း
ဖြေ - ကျွန်တော်တို့ မြန်မာအယူအဆကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်ကို ယူမသွားဘဲနဲ့ ဆေးကြောကြတယ်ပေါ့။ အိပ်မက် သစ်၊ စိတ်ကူးသစ်တွေ ပြန်စကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိကြတယ်။ အတာရေကြားထဲ ပျော်ပါးကြမယ့် လူငယ်တွေကလည်း သပ်သပ်ရှိတယ်။ ဒီတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ထိန်းရမှာ ဖြစ်သလို ကျွန်တော်တို့လူမျိုးတွေ အားလုံးလည်း ရိုးရာမပျက်ကြရအောင် ထိန်းသိမ်းဖို့လိုပါတယ်။ ကျွန်တော်ရော ပရိသတ်ကြီးအားလုံးရော ပျော်ကြမယ် ဒါပေမယ့် မပျက်အောင် ထိန်းကြမယ်။


Thar Thar
မေး - ဧပြီလဆိုတာနဲ့ ဘယ်လိုခံစားမှုရလဲ
ဖြေ - ဧပြီဆိုတာနဲ့အရင်ကတော့ သိပ်မပျော်ဘူး။ သင်္ကြန်ရောက်လည်း အေးဆေးပဲ။ ဒီနှစ်ကတော့ ဘာကြောင့်လဲမသိဘူး။ ပျော်နေမိတယ်။ အလုပ် ပဲလုပ်ရလုပ်ရ၊ ကဲပဲကဲရကဲရ ပျော်မယ်။

မေး - April Fool နဲ့ ပက်သက်တဲ့ အမှတ်တရတွေ
ဖြေ - လုပ်ဖူးတယ် သူများကို အမြဲလိုက်စနေကြ။ ကျွန်တော့်ကိုတော့ လုပ်လို့မရဘူး ကိုယ်က လူလည် ဟားဟား။ နောက်တာပါ။ သူငယ်ချင်းတစ်ယောက်ကို သူ့ကောင်မလေးနဲ့ ပြတ်သွားတဲ့အထိ စဖူးတယ်။ သူတို့နှစ်ယောက် တငိုငိုနဲ့ သတ်ကြ ချကြတာ။ ပြီးမှ ဧပရယ်လ်ဖူးပါဆိုပြီး ပြန်တောင်းပန်ရှင်းပြရတယ်။

မေး - သင်္ကြန်မှာဘာလုပ်ရတာ ကြိုက်လဲ
ဖြေ - သူငယ်ချင်းတွေနဲ့ ဆုံရတာပဲ ကြိုက်တယ်။ သူတို့နဲ့ ဆုံခဲတယ်လေ ပုံမှန်ဆို။

မေး - သင်္ကြန်မှာရှိတဲ့ အမှတ်တရတွေ
ဖြေ - ဟိုးအရင်ငယ်ငယ်ကတော့ရှိခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်ဘာမှမလုပ်ဖြစ်ဘူး။ သင်္ကြန်ဆို နေပူပါတယ်၊ အသားမဲတယ်ဆိုပြီး လူကများ၊ အန္တရာယ်များတယ်ဆိုပြီး မလုပ်တာ။ ဒီနှစ်မှ ပျော်ဖို့ ဆုံးဖြတ်ထားတာ။

မေး - အမှတ်တရအဖြစ်ဆုံး သင်္ကြန် 
ဖြေ - အဲ့လိုအမှတ်တရဆိုတာ ငယ်ဘဝမှာပဲ ရှိတယ်။ ကျွန်တော်တို့တွေ မိသားစုလိုက်ကြီး ဒိုင်နာကားကြီးနဲ့ ခရီးတွေပတ်ထွက်ကြတာ။ သူများတွေက ဝက်တင်တဲ့ကားကြီးဆိုပြီး စကြပေမယ့် ဘာမှမဖြစ်ဘူး။ အဲဒီ့အချိန်ကတော့ မိသားစုတွေ အစုံနဲ့ ပျော်စရာကောင်းတယ်။

မေး - ဒီနှစ်သင်္ကြန်ဘာလုပ်မလဲ
ဖြေ - ဒီနှစ်ကတော့ အလုပ်ရှိလည်း ပျော်မယ်။ အလုပ်မရှိလည်း ကဲမယ် ပျော်မယ်။

မေး - မြန်မာနှစ်သစ်ဆုတောင်း
ဖြေ - ပရိသတ်တွေ အားလုံးပျော်ကြပါ။ အန္တရာယ်ကင်းကင်းနဲ့ ပျော်နိုင်ကြပါစေ။ ကျွန်တော်လည်း ပျော်ပါမယ်။

သွန်းသစ္စာဇော် 
မေး - ဧပြီ feeling လေး သိပါရစေ။
ဖြေ - ဧပြီကတော့ သွန်းတို့မြန်မာအတွက်ဆိုရင် သင်္ကြန်ရှိတယ်ပေါ့နော်။ သွန်းတို့ငယ်ငယ်တုန်းကတော့ မြို့တော်ဝန်မှာ ကခဲ့ရတာတွေများတော့ လွတ်လွတ်လပ်လပ် ပျော်ရတယ်ဆိုတာ သိပ်မရှိခဲ့ဘူး။ ဒီဧပြီမှာတော့ MRTV -4 မှာ သွန်းတို့ ပေါင်းနေကျသူငယ်ချင်းတွေနဲ့ အတူတူ မန္တလေးသင်္ကြန် သွားဖို့ရှိပါတယ်။

မေး - April Fool လုပ်ဖူးလား။ ကြုံဖူးလား။
ဖြေ - April Fool တော့ သူများကို သွားမလုပ်ဖူးဘူး။ ဘာလို့လဲဆိုတော့ သူများကို စိတ်ဒုက္ခ မပေးချင်လို့။ စတာနောက်တာနဲ့တောင် စိတ်ဒုက္ခမပေး ချင်ဘူးပေါ့။ ဒါပေမယ့် လုပ်ခံရဖူးတယ်။ အရင်တုန်းကဆိုရင် ရည်းစားတွေ ဘာတွေထားရင်ပြတ်ပြီလို့ပြောခံရတယ်။ 

မေး - သင်္ကြန်ဖီလင်နဲ့ အမှတ်တရရှိဆုံးသင်္ကြန်။
ဖြေ - အမှတ်တရအရှိဆုံးသင်္ကြန်ဆိုရင် အမြဲတမ်းတော့အမှတ်တရက ရှိနေတာပါပဲ။ သင်္ကြန်တစ်နှစ်နဲ့ တစ်နှစ်ကလေ။ ငယ်ငယ်တုန်းကဆိုရင်လည်း ကျောင်းကိုယ်စားပြု မြို့တော်ဝန်မှာ ပြိုင်ပွဲတွေ ဝင်တယ်ပေါ့နော်။ အခုအသက်ကြီးသွားတော့ ကျောင်းသူဘဝ ပြန်လုပ်လို့မရတော့တဲ့ အမှတ်တရတွေပေါ့နော်။ အစပိုင်းကတော့ မဏ္ဍပ်တွေ ဘာတွေ ထိုင်လိုက်သေးတယ်။ ဒါပေမယ့် မနှစ်ကတော့ သွန်းတို့ Forever Group မဏ္ဍပ်မှာပေါ့နော်။ အဲ့မှာ သွန်းမြန်မာအကတွေပြန်ကခွင့်ရတယ်။ 

မေး - သင်္ကြန်မှာ ဘာလုပ်ရတာကိုကြိုက်လဲ။
ဖြေ - သင်္ကြန်မှာက လည်ရတာတော့ သွန်းသိပ်မကြိုက်ဘူး။ အသားအရည်အရမ်းပျက်စီးတယ်။ အခုက Traffic လည်း တစ်အားဖြစ်တယ်။ နေတွေတအားပူတော့လေ။ ကိုယ်တစ်ခေါက်လည် ပြီးရင် နှာခေါင်းတွေ အရေခွံတွေ လန်တဲ့အထိကိုဖြစ်တော့ မကြိုက်ဘူး။ မဏ္ဍပ်ထိုင်ရတာ ကြိုက်တယ်။ သူငယ်ချင်းတွေနဲ့ မုန့်စုစားရတာ ကြိုက်တယ်။ 

မေး - နှစ်သစ်ဆုတောင်းစကားလေး ပြောပေးပါဦး။
ဖြေ - အခုနှစ်သစ်မှသည် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ သွန်းက ဆုတောင်းပေးပါတယ်။


စုလင်းရှိန်
မေး - ဧပြီ feeling လေး သိပါရစေ။
ဖြေ - ဧပြီလရောက်ပြီဆိုပျော်တယ် ပိတောက်ပန်း ပွင့်မယ့်နေ့ကို စောင့်နေတာ...။

မေး - April Fool လုပ်ဖူးလား။ ကြုံဖူးလား။
ဖြေ - April fool အလုပ်မခံရဖူးဘူး... လုပ်လည်း မလုပ်ဖူးသေးဘူး။

မေး - သင်္ကြန်ဖီလင်နဲ့ အမှတ်တရရှိဆုံးသင်္ကြန်။
ဖြေ - အမှတ်တရအရှိဆုံး သင်္ကြန်ဆိုရင်တော့ ဟိုးငယ်ငယ်က ၁တန်း ၂တန်းလောက် အရွယ်ကို သတိရတယ် အဲ့တုန်းကဆိုရင် လမ်းထဲမှာ ရေပက်တယ်။ ပြီးတော့ မေမေက ကားမောင်းတယ် သူငယ်ချင်းတွေနဲ့ ရေပက်ခံထွက်တယ်... ဒါလေးတွေက ပြန်မရနိုင်တဲ့ အမှတ်တရပေါ့.., အခုကတော့ လူတွေ ကားတွေ အရမ်းများလာတော့ မေမေလည်း ကားပတ်မောင်းပေးမရဲတော့သလို ညီမလည်း ရေပက်ခံမထွက်ရဲတော့ဘူး။

မေး - သင်္ကြန်မှာ ဘာလုပ်ရတာကိုကြိုက်လဲ။
ဖြေ - သင်္ကြန်မှာ မုန့်လုံးရေပေါ်စားရတာ ကြိုက်တယ်။

မေး - နှစ်သစ်ဆုတောင်းစကားလေး ပြောပေးပါဦး။
ဖြေ - သင်္ကြန်နေ့တွေမှာ အားလုံးပဲ ဘေးအန္တရာယ်ကင်းကင်း ပျော်ပါးပြီး နှစ်သစ်ကို ကောင်းမွန်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ... ကြည်နူးစရာ မြန်မာ့နှစ်သစ်ကူး နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။