Primary tabs

Fit 4 Life

၁၄၉ ပေါင်... ဒီကိုယ်အလေးချိန်ကြောင့် သူငယ်ချင်းတွေ ဖက်တီးမ ...ဖက်တီးမနဲ့ ပြောတာ မခံချင်တော့တာက တွန်းအားဖြစ်လာတယ်ဆိုတဲ့ အဆိုတော် ပိုပိုက လက်ရှိမှာ အချိုးအစားကျန ကျစ်လစ်တဲ့ အမိုက်စားဘော်ဒီနဲ့ ၁၂၄ ပေါင်ဆိုတဲ့ ဘော်ဒီဝိတ်ကိုထိန်းသိမ်းထားပါတယ်။ ဒီလို ကျန်းမာလှပခြင်းကို ပိုင်ဆိုင်နိုင်ဖို့အတွက် သူမဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို စာဖတ်ပရိသတ် များအတွက် ခုလိုမေးခွန်းလေးတွေကို ဖြေကြား ပေးခဲ့ပါတယ်။

Gym ကစားတဲ့ကာလ
အိမ်မှာပဲ Trainer ဆရာမ ခေါ်ကစားခဲ့တာ တစ်နှစ်ဝန်းကျင်နဲ့ FX Fitness Centre မှာ ကစားတာ နှစ်နှစ်နီးပါးရှိပါပြီ။ ဆက်တိုက်တော့ မဟုတ်ပါဘူး။ 

အဓိကကစားတာက
အဓိကကတော့ ပေါင်တွေကျစ်ချင်တယ်။ ခါး၊ ဗိုက် Six Packs ဖြစ်ချင်တယ်။ မဖြစ်သေးဘူး။ ခန္ဓာကိုယ်ရှေ့ပိုင်းမှာ အဆီမရှိပေမဲ့ ကျောမှာ အဆီတွေရှိရင်လည်း အဝတ်အစားဝတ်ရင် ရုပ်ဆိုးတော့  ကျောအဆီတွေ ကျအောင်လည်း ကစားတယ်။

မကစားမီနဲ့ ကစားပြီး ကွာခြားချက်
မကစားခင်ကတော့ လူကပိန်နေရင်တောင် ပျော့တယ်။ ကျစ်ကျစ်လစ်လစ် မရှိဘူး။ ကစားပြီး တော့ ကျစ်ကျစ်လေးနဲ့ လှလာတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ တင်ပါးတွေကျစ်ပြီး လုံးလုံးလေးနဲ့လှတာကြိုက်တယ်။ ကစားပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်။ လှလာတယ်လို့ ခံစားရတယ်။ စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း ကစားတာ Stress အရမ်းလျော့တယ်။ ပြီးတော့ Gym လာကစားကြတဲ့သူတွေကို လိုက်ကြည့်ပြီး သူတို့လို ဖြစ်ချင်လာတယ်။
ပိုပို ၁၄၉ ပေါင်တုန်းက သူငယ်ချင်းတွေက ပြောကြသလို ကိုယ့်ကိုယ်ကိုလည်း ဝတုတ်ကြီးဖြစ်လာတယ်လို့ ခံစားမိလာတယ်။ ဝိတ်စချတဲ့အချိန် မှာ ၁ဝ ပေါင်ကျသွားတော့ ငါတော်တော်ဝနေပါလားဆိုပြီး ဆက်ချရင်း ပိန်သွားတဲ့အခါ လုံးဝ ပြန်မဝချင်တော့ဘူး။ စချတုန်းက ၁၅၅ ပေါင်ထိ ကျ သွားတယ်။ အခု ၁၂၄ ပေါင်မှာ ထိန်းထားတယ်။ အခုကျတော့ ပြည့်ပြည့်လေးလည်းဖြစ်နေတယ်။ ဒါပေမဲ့ ကျစ်ကျစ်လေးနဲ့ မျက်နှာလည်း မကျဘူးဆိုတော့ ကြည့်လို့ကောင်းတယ်လို့ ခံစားရတော့ ဒီဝိတ်လေးပဲထိန်းထားပါတယ်။

အစားအသောက်
အစားအသောက်ပိုင်းမှာလည်း ပုံမှန်အားဖြင့်ထိန်းတယ်။ မနက်ဆို အမြဲတမ်း ကွေကာအုပ်သောက်တယ်။ အခုနောက်ပိုင်း ကွေကာအုပ်ကိုအားရှိအောင် အစေ့အဆန်တွေပါတဲ့ဟာ သောက်တယ်။ ဒါပေမဲ့ Low Fat ပဲပေါ့နော်။ နေ့လယ်စာကို ထမင်းလျှော့စားတယ်။ အသီးအရွက်များ များစားတယ်။ ညပိုင်းဆို စားချင်တဲ့အခါစားပေမဲ့ မစားတာများတယ်။ ပိုပိုက ဝက်သား၊ အမဲသားလည်းမစားဘူး။ အသားမစားတော့ ကစားတဲ့အချိန်မှာ ပရိုတင်းသောက်ရတယ်။ အသီးအရွက် စားတာက အသားမဖြစ်ဘူး။ အသားမဖြစ်တော့ ဘယ်လောက် ကစားကစား ပျော့တိပျော့ဖတ်ဖြစ်နေမယ်လို့ ဆရာက လည်း ပြောတယ်။ ပရိုတင်းသောက်တော့ ဝလာမလား ပိုပိုကမေးတယ်။ မဝဘူးဆိုတော့ ကိုယ်မစားနိုင်တဲ့ အသားတွေ ကြက်ဥတွေနေရာမှာ ပရိုတင်းသောက်ပြီး ဖြည့်ရတယ်။

အိပ်ချိန်
အိပ်ချိန်ကိုလည်း ဂရုစိုက်တယ်။ ညဘက်ကို အရမ်းကြီးနောက်ကျအောင်မနေဘူး။ အလွန်ဆုံးနောက်ကျရင်လည်း ၁၁ နာရီ ၁၂ နာရီပဲ။ အိပ်ချိန် ကိုလည်း ၈, ၉ နာရီပြည့်အောင်အိပ်တယ်။ အဲလိုမှမအိပ်ရင် ကိုယ်တိုင်လည်း နေလို့မကောင်းဘူး။

အလှအပထိန်းသိမ်းမှု
အလှအပထိန်းသိမ်းမှုနဲ့ ပတ်သက်ရင် Skin Care တွေ အမြဲသုံးတယ်။ အသီးအနှံလေးတွေ စားပေးတယ်။ ဒိန်ချဉ်စားတယ်။ နွားနို့သောက် တယ်။ မနက်စာစားနေတဲ့အချိန်မှာ မျက်နှာကို အာလူးလေးတွေ ခွာပြီးကပ်တာတို့၊ ဒိန်ချဉ်လိမ်းတာတို့၊ ကြက်ဥ၊ ရှားစောင်းလက်ပပ်ကပ်တာတို့ စိတ်ရှည်လက်ရှည်လုပ်ဖြစ်တယ်။ ထူးခြားတာက ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်လေးတွေ လျော့ ကျလာတာ တော်တော်ကောင်းတယ်။

အသံထိန်းသိမ်းမှု
အဆိုတော်တစ်ယောက်အနေနဲ့လည်း အသံပိုင်းနဲ့ ပတ်သက်ပြီး Gym ကစားခြင်းက သက်လုံကောင်းစေတယ်။ အိမ်မှာလည်း Piano နဲ့ ဒိုရေမီဖာ အသံကျင့်တာမျိုးလုပ်တယ်။ ရေခဲရေလုံးဝ မသောက်ဘူး။ ပိုပိုက ရေနွေးကြိုက်တယ်။ ရေနွေးကို ဝိတ်ချကတည်းက သောက်တာ။ ပုံမှန်အားဖြင့် နှစ်အိုးလောက်သောက်တယ်။ တစ်ခါတလေ တစ်နေ့ကို လေးငါးအိုးသောက်ဖြစ်တယ်။ ပိုပိုက မွှေးရနံ့ ကြိုက်တော့ စံပယ်တို့ ကောက်ညှင်းတို့ ထည့် သောက်ရတာကြိုက်တယ်။

ကျန်းမာရေးစောင့်ရှောက်မှု
ကျန်းမာရေးက ဘဝမှာအရေးအကြီးဆုံးပဲလို့ ပိုပိုထင်တယ်။ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့မရဘူး။ ပိုပိုဆို ခါးနာတတ်တော့ ကြောက်တယ်။ ဆေးခန်းသွားပြတယ်။ နဂိုက လေးဘက်နာအခံရှိတဲ့လူတစ်ယောက်အနေနဲ့ အရိုးကင်ဆာတွေ ဂေါက်ရောဂါတွေဖြစ်သွားမဆိုပြီး စိုးရိမ်လို့ သွားပြကြည့်တော့ တော်သေးတယ်။ ဗီတာမင် ဒီနည်းတာ။ ပိုပိုက နေရောင်ခြည်လည်း သိပ်မခံဖြစ်တဲ့သူဆိုတော့ ဗီတာမင်ဒီနည်းနေတယ်။ အရိုးတွေ ပွမယ့်လက္ခဏာမျိုး ဖြစ်လာနိုင်တာ မြင်တော့ ဗီတာမင်ဒီသောက်တယ်။ ပိုပိုရဲ့ ခါးအနေအထားက နည်းနည်းလေး ကွေးနေပြီ။ ဒါပေမဲ့ တော်သေးတယ်။ အရမ်းကွေးတဲ့ အခြေအနေ မဟုတ်သေးဘူး။ အရမ်းကွေးသွားရင် ရေကူးရတယ် ပြောတယ်။ ခါးနာတာက လူတော်တော်များများ ဖြစ်တတ်တယ်။ ဒါပေမဲ့ မပေါ့ဆဘဲ သေချာစစ်ဆေး ကုသဖို့လိုပါတယ်။


ပရိသတ်များအတွက် စကားလက်ဆောင်
အဓိကကတော့ ကျန်းမာရေးဂရုစိုက်ပါ။ မိန်းကလေးတွေအနေနဲ့ အရမ်းလှချင်ပေမဲ့ ပိန်ဆေးတွေမသောက်ပါနဲ့လို့။ Gym ကစားပြီး ဝိတ်ချပါလို့ ပြောချင်ပါတယ်။

Po Po 
Makeup & Hair - Gucci Aung 
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)
Venue - FX Fitness Centre (Thingangyun)