Primary tabs

အတော်ဆုံးလူသာ ရှင်သန်နေလိမ့်မယ်

“ဂျပန်သွားပြီး အလုပ်စလုပ်တဲ့အချိန်၊ အနှိမ်ခံရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ခေါင်းရင်းမှာ စာလေးတစ်ခု ချိတ်ထားတယ်။ အဲဒီစာက ကိုယ်မွေးစားထားတဲ့စာလေးပါ။ “အတော်ဆုံး လူသာရှင် သန်နေလိမ့်မယ်” ကို အင်္ဂလိပ်လိုနားလည်သလို ဘာသာပြန်လိုက်တာ “Best are forever” လက်ကိုင်ထားကျင့်သုံးနေတဲ့ ဆောင်ပုဒ်ပါ။” ဆိုတဲ့ Atelier E & M International Co., Ltd ရဲ့ General Manager ဖြစ်သူ ဦးဝင်းဆွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ကိုယ်ရေးအကျဉ်း
Atelier E & M International Co., Ltd မှာ General Manager အဖြစ် လုပ်ကိုင်နေပါတယ်။ မိခင်ကုမ္ပဏီကတော့ ဂျပန်နိုင်ငံမှာရှိပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး နှစ်ပေါင်း ၃ဝ ကျော် အတွေ့အကြုံရှိတဲ့ အထည်ချုပ်လုပ်ငန်းပါ။ ၂ဝဝ၉ ခုနှစ်မှာ မြန်မာပြည်ကို စပြီးဝင်ခဲ့ပြီး Joint Venture အနေနဲ့ မြန်မာကုမ္ပဏီတစ်ခုနဲ့ လုပ်ခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့မှာ Foreign Investment အနေနဲ့ လုပ်ခဲ့ပါတယ်။ ကျွန်တော် ဒီကုမ္ပဏီကို ၂ဝ၁၄ ခုနှစ်မှာ General Manager အနေနဲ့ စတင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီကိုမရောက်ခင် ဂျပန်နိုင်ငံမှာ ၁၂ နှစ်ကြာ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းကို လုပ် ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ဂျပန်နိုင်ငံက ပြန်လာခဲ့ပြီး ရွှေပေါက္ကံစက်မှုဇုံမှာ ကုမ္ပဏီတစ်ခုထောင်ပြီး လုပ်နေတဲ့အချိန် ဒီကုမ္ပဏီရဲ့ MD ဂျပန်လူမျိုးနဲ့ အမှတ်မထင်ဆုံပြီး စကားပြောဖြစ်ရင်းကနေ မိတ်ဆွေဖြစ်သွားခဲ့တယ်။ နောက်ပိုင်း ကျွန်တော့်လုပ် ငန်းကိုမလုပ်တော့ဘဲ ဖြုတ်လိုက်တဲ့အချိန်မှာ သူတို့ဘက်က ကျွန်တော့်ကို ဒီလုပ်ငန်းမှာဝင်လုပ်ဖို့ကို အကူအညီတောင်းတယ်။ ဂျပန်စကားကိုနားလည်ပြီး ဂျပန်လူမျိုးတွေရဲ့စိတ်နေသဘောထားကို နားလည်တယ်၊ လုပ်ရည်ကိုင်ရည်ကိုသဘောကျတယ်ဆိုပြီးတောင်းဆိုတဲ့အတွက် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဓိကကတော့ ဒီမှာရှိတဲ့ ဝန်ထမ်းတွေ နဲ့ စကားကိုအပြန်အလှန် ဖလှယ်ပေးရမယ်။ သူတို့ ပြောစေချင်တဲ့၊ လုပ်စေချင်တဲ့ ဆန္ဒကို ဝန်ထမ်းေ တွ သဘောပေါက်အောင် လုပ်ပေးဖို့ပါ။ လာမယ့် ၂ဝ၁၈ ခုနှစ် ၈ လပိုင်းဆို ၄ နှစ်ပြည့်ပါပြီ။

ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများ
ဟိုတုန်းကအကြောင်းကို ပြန်ပြောရမယ်ဆို ၁၉၉၃ကနေ ၁၉၉၅ ထိကိုရီးယားမှာ ၂နှစ် ပလတ်စတစ်စက်ရုံမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီကနေ မြန်မာပြည်ပြန်လာပြီး ၆ လလောက်နေ ဂျပန်ကို  ပြန်ထွက်တယ်။ ဂျပန်မှာလုပ်ရတဲ့ အလုပ်က ပထမဆုံးစားသောက်ဆိုင်မှာ။ ဒါပေမဲ့ အလုပ်လုပ်ရတာမပျော်ဘူး။ မြေအောက်မှာ မွန်းကြပ်ပြီး လုပ်ကိုင်နေရတာကို မကြိုက်တဲ့အခါကျတော့ ဂျပန်မှာပဲအလုပ်လုပ်နေတဲ့ ညီကို လှမ်းဆက်သွယ်ပြီး သူလုပ်တဲ့အလုပ်ကို ပြောင်းတယ်။ အဲဒီလုပ်ငန်းက ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ အန္တရာယ်အရမ်းများတယ်။ မြေအောက်ကို ဆင်းရတယ်၊ တူးဆွရတယ်၊ ပိုက်လိုင်းနဲ့ မိလ္လာပိုက်တွေ ချရတယ်။ အဲဒီလုပ်ငန်းတွေကို ၁၂နှစ်လုံးလုံး လုပ်ခဲ့တယ်။ ရာသီဥတုဒဏ်တွေကိုခံရတယ်။ သူများနိုင်ငံမှာ သူများအလုပ်ကို လုပ်နေပေမဲ့ အလျှော့မပေးဘူး၊ အရှုံးမပေးဘူးဆိုတဲ့ စိတ်နဲ့ သင်ယူပြီးလုပ်ခဲ့တယ်။ နောက်ပြီးတော့ ဂျပန်ကို စသွားတဲ့အချိန်မှာ ဂျပန်စကားကိုတစ်လုံးမှ မတတ်ဘူး။ မသင်ခဲ့ဖူးဘူး။ တစ်နှစ်လောက်ကလှိမ့်ပိန့်ပြီး အနှိမ်ခံရတယ်။ တစ်အချက် အလုပ်မလုပ်တတ်ဘူး၊ နှစ်အချက် စကားမတတ်ဘူး။ စားသောက်ဆိုင်မှာ လုပ်တာက စကားသိပ်မပြောရပေမဲ့ ဆောက်လုပ်ရေး လုပ်တဲ့အခါမှာကျတော့ တစ်ယောက်နဲ့တစ်ယောက် စကားနားမလည်ရင် အန္တရာယ်အရမ်းများတော့ မခေါ်ချင်ကြဘူး။ မင်းဘာလာလုပ်တာလဲ၊ စကားလည်းမတတ်ဘူး၊ အလုပ်လည်းမတတ်ဘူး မလိုချင်ဘူးဆိုပြီး ပြောတယ်။ သူတို့ဆီမှာက ၅ ယောက်တစ်ဖွဲ့ အဖွဲ့လေးတွေ ခွဲပြီးသွားရတာဆိုတော့ ဘယ်သူမှ မလိုချင်ကြဘူး။ အဲဒီမှာကုမ္ပဏီရဲ့ သူဋ္ဌေးက သူခေါ်မယ်ဆိုပြီး တစ်နှစ်လုံးလုံးသင်ပေးတယ်။ ကိုယ်ကမခံချင်စိတ်နဲ့ ပင်ပန်းပေမဲ့ သင်ယူခဲ့တယ်။ ကျွန်တော့်ရဲ့ဆရာက TV ပဲ။ အလုပ်က ပြန်ရောက်လာရင် TV ကြည့်တယ်။ ပါးစပ်လှုပ်တာ ကြည့်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘာပြောလဲအမူအရာကြည့်တယ်။ သင်တော့ တဖြည်းဖြည်းနားလည်လာတယ်။ သတင်းတွေနားထောင်တယ်။ စကားလုံးတွေ ကြွယ်ဝလာတယ်။ ပြီးရင် အပြင်မှာ ပြောကြည့်တဲ့အခါ မှားရင် ဂျပန်လူမျိုးတွေက ပြင်ပေးတယ်။ အဲဒီလိုနဲ့ပဲလေယူလေသိမ်းတွေ သိလာခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာ တဲ့အခါမှာ ပလတ်စတစ်တွေကို Recycle လုပ်တဲ့ လုပ်ငန်းကို သမီးတွေနဲ့အတူ လုပ်တယ်။ ရောက်ခါစကတော့ ၁၂နှစ်လုံးလုံး ဂျပန်မှာ အသားကျလာခဲ့တာဆိုတော့ ဒီကလူတွေနဲ့ အလုပ်လုပ်တဲ့အခါ အသားမကျဘူး။ ဂျပန်နိုင်ငံမှာကျတော့ ပေးရတဲ့ ပိုက်ဆံနဲ့တန်အောင် အလုပ်လုပ်ရတယ်။ အလုပ်ချိန်မှာ ဆေးလိပ်သောက်တာတို့၊ စကားပြောတာတို့ မလုပ်ရဘူး။ စရောက်လာတုန်းက အဆင်မပြေပေမဲ့ နောက်ပိုင်းကျတော့ စေတနာကိုနားလည်လာတယ်။ ၆နှစ်၊ ၇နှစ်လောက်ကို ပလတ်စတစ် လုပ်ငန်းလုပ်ပြီး နောက်ပိုင်းကျ တော့အဆင်မပြေတော့တာနဲ့ ဖြုတ်ပစ်လိုက်တယ်။ တခြားလုပ်ငန်းပြောင်းမယ်ဆိုတဲ့ အချိန်မှာပဲ ဒီ ကုမ္ပဏီက MD နဲ့ ရင်းနှီးသွားပြီးတော့ သူကကမ်းလှမ်းတဲ့အတွက်ကြောင့် ဒီကိုရောက်လာခဲ့တယ်။ လုပ်ငန်းနားမလည်ပေမဲ့ သင်ယူရင်းနဲ့ပဲ လုပ်ခဲ့တယ်။ ဂျပန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံနဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံက ကွာဟနေတဲ့အခါကျတော့ အရှေ့တိုင်းသားချင်းလူပေမဲ့လည်း ဒီကလူမျိုးတွေက ကောင်းကောင်းနားမလည်ရင် အလုပ်မှာ အဆင်မပြေဘူး။ ပုလဲထိုးတဲ့နေရာမှာ သင်ရင်သင်တဲ့အတိုင်း ထိုးလို့ရပေမဲ့လည်း ကြည့်တဲ့သူတွေက ပန်းချီကားလေးတစ်ချက်လို ခံစားချက်နဲ့ ထိုးထားသလိုမျိုးဖြစ်အောင်ထိုးဖို့ ထိုးတဲ့သူတွေအပေါ်မှာ မူတည်တယ်။ အဲဒါကို မင်းရဲ့ခံစားချက်လေးထည့်ပြီး ထိုးလို့သွားပြောရင် ဗြုန်းကနဲနားမလည်ဘူး။ အဲဒါကိုနားလည်အောင် ပြောပြပေးရတယ်။ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ တာဝန်ယူတတ်အောင်၊ နားလည်လာအောင် သင်ပြပေးရတယ်။

လုပ်ငန်းအတွေ့အကြုံနဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့အပိုင်း
အလုပ်တစ်ခုနဲ့ တစ်ခုက သဘောသဘာဝချင်း မတူညီပေမဲ့ ဘယ်လုပ်ငန်းမဆို အောင်မြင်ချင်တာအဓိကပါ။ အောင်မြင်အောင်လုပ်ဖို့အတွက်ကို သူ့ရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတော့ လုပ်ငန်းကို မစခင်မှာ ဒီလုပ်ငန်းကို ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဘာတွေလိုအပ်သလဲ၊ ပြင်ဆင်စရာရှိတဲ့ဟာတွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာအဓိကပါ။ ဒီလုပ်ငန်းကို စတင်ဝင်ရောက်တဲ့အချိန်မှာ နားမလည်ဘူး၊ သို့သော် သင်ယူမယ်၊ ဒီလုပ်ငန်းမှာ ဘာတွေလိုအပ်သလဲဆိုတာကို မြင်အောင်ကြည့်တယ်။ လုပ်ငန်းကိုသွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန် ပြီးရမယ်။ ဥပမာအားဖြင့် ဒီကုမ္ပဏီကအထည်ချုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ တစ်လကိုအထည်အရေအတွက် ဘယ်လောက်ဖြစ်အောင် လုပ်ရမယ်။ ဝင်ကာစက အထည်အရေအတွက် Wedding Dress ၂ဝ ဝန်းကျင်လောက်ပဲ ထွက်တယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့တက်လာတာ အခုနောက်ပိုင်းဆို ၃နှစ်ကျော်အတွင်းမှာ ၁၁ဝ ထွက်တယ်။ အဲဒါဘာလဲဆိုတော့ လုပ်ငန်းတစ်ခုရဲ့ အဓိကအရေးကြီးတဲ့ အစီအစဉ်ကျနမှု၊ ဘယ်သူကဘာလုပ်မယ်၊ ပစ္စည်းကိုဟိုကနေ ဘယ်အချိန်မှာရောက်အောင်လုပ်ပေးရမယ်၊ ဒီကနေဘယ် အချိန်မှာ ပြီးအောင်လုပ်ပေးရမယ်ဆိုတဲ့ အစီအစဉ်ကအရေးကြီးတယ်ဆိုတဲ့ဟာတွေကို လုပ်ငန်းအတွေ့အကြုံအရ မရှိခဲ့ဘူးဆိုပေမဲ့ သင်ယူရင်းနဲ့ပဲ ဒီကုမ္ပဏီရဲ့ လုပ်ငန်းအားလုံးကိုသိသွားတယ်။ အဲဒီတော့ ဒီလုပ်ငန်းကို ဘယ်လိုအရှိန်နဲ့ တိုးတက်အောင် လုပ်ရမလဲဆိုတာကို အားလုံးနဲ့ တိုင်ပင်ပြီးလုပ်ပါတယ်။ ဒီကုမ္ပဏီရဲ့ အဓိကအသက်က လက်မှုပညာပါ။ ပုလဲထိုးတာ၊ စီးကွင့်ထိုးတာ အသက်။ ဒီဇိုင်းက ကိုယ်ပိုင်ဒီဇိုင်းဖြစ်တဲ့အတွက် တခြား Wedding Dress တွေနဲ့ မတူတာက ဒီမှာထိုးတဲ့ လက်မှုပညာက မြန်မာဝန်ထမ်းတွေကို သင်ပေးပြီးတော့မှ သူတို့ဥာဏ်စွမ်း၊ သင်ယူနိုင်စွမ်းအားပေါင်းစပ်ပြီး ဒီဇိုင်းဖြစ်လာတာဖြစ်တဲ့အတွက် တခြားနဲ့မတူအောင် အလေးထားပြီး လုပ်တဲ့အတွက်ကြောင့် အချိန်ကာလတစ်ခုအတွင်းမှာ အရမ်းကိုတိုးတက်အောင်မြင်လာတာပါ။ ဂျပန်လူမျိုးတွေက အလုပ်အရမ်းလုပ်တယ်။ ဂျပန်မှာ ၁၂ နှစ် နေခဲ့တဲ့ အတွေ့အကြုံတွေကို ဒီကဝန်ထမ်းတွေကို ဂျပန်လူမျိုးတွေလို ကြိုးစားချင်အောင်၊ သင်ယူချင်အောင် တွန်းအားပေးတယ်။ ကိုယ်ကျရာတာဝန်ကို ကျေကျေပွန်ပွန် လုပ်နိုင်အောင် သင်ပေးတယ်။ ဒါကြောင့်မို့ ဒီ ကုမ္ပဏီကတိုးတက်လာတယ်။ 

ဝန်ထမ်းတွေအပေါ်မှာ အုပ်ချုပ်ပုံ
၂ဝ၁၄ခုနှစ် ကျွန်တော်စဝင်တဲ့အချိန်မှာ ဝန်ထမ်း ၅ဝ ကျော်နဲ့ စခဲ့ပြီး အခုဆို ၇ဝ ကျော်လောက်ဆိုတော့ ဝန်ထမ်းအရေအတွက် ၂ဝ ကျော်လောက် တက်လာတယ်။ အလုပ်မှာပဲနေပြီး လုပ်တဲ့ဝန်ထမ်းရှိသလို၊ အပြင်ကနေ လာဆင်းတဲ့ ဝန်ထမ်းလည်းရှိတယ်။ များသောအားဖြင့် နယ်ကလာတဲ့သူများတော့ ဒီမှာပဲနေပြီး၊ စားပြီး အလုပ်လုပ်တဲ့သူကပိုများတယ်။ ထူးချွန်တဲ့ ဝန်ထမ်းတွေကို ၃လတစ်ကြိမ် ဂျပန်ကိုလွှတ်ပြီး ပညာသင်ပေးတယ်။ သူတို့မသိသေးတဲ့ ဒီဇိုင်းတွေကို သင်ပေးတယ်။ ဝန်ထမ်း ၁၂ ယောက်လောက်ကို ပညာသင်ပေးပြီး သူတို့ကနေတဆင့် ဒီကိုပြန်ရောက်တဲ့အခါ ကျန်တဲ့ဝန်ထမ်းတွေကို ပြန်သင်ပေးတယ်။ ဂျပန်လူမျိုးတွေဆိုတာ စည်းကမ်းအရမ်းကြီးတယ်။ သူ့နိုင်ငံမှာနေခဲ့တဲ့အချိန်မှာ သူ့နိုင်ငံက ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခဲ့တယ်။ အဲဒီလိုပဲ ကိုယ့်နိုင်ငံကိုလာပြီး လုပ်တဲ့အချိန်မှာလည်း ကိုယ့်နိုင်ငံရဲ့ အလုပ်သမားနဲ့ပတ်သက်တဲ့ ဥပဒေကိုပြတယ်။ ဒီထဲကအတိုင်းပဲ ဒီကဝန်ထမ်းတွေကို ခံစားခွင့်ပေးဖို့၊ အရင်တုန်းက စနေ၊ တနင်္ဂနွေပိတ်ရက်ဆိုရင် လစာမရဘူး အဖြတ်ခံရတယ်၊ ကျွန်တော်ရောက်လာတဲ့အချိန်မှာ လခစားဖြစ်တဲ့အတွက်ကြောင့်မို့ အခြေခံလစာ တစ်လစာကို ရက်၃ဝနဲ့ မြှောက်ပြီးပေးရမယ်၊ လုပ်သက်ခွင့်တွေ၊ ရှောင်တခင်ခွင့်တွေ ပေးရမယ်၊ နေ့ကြီး၊ ရက်ကြီး အစိုးရပိတ်ရက်တွေကို ပိတ်ပေးရမယ်၊ လစာပေးရမယ်။ ဒါတွေပေးရလို့ နစ်နာတယ်ထင်ရင် သူ့ဘက်၊ ကိုယ့်ဘက် မျှတအောင် အလုပ်ကြိုးစားပြီး လုပ်ပေးမယ်ဆိုတာမျိုးနဲ့ စီမံခန့်ခွဲတယ်။ အကြောင်းကြီးငယ် မရှိဘဲနဲ့ အလုပ်ထုတ်ခွင့် မရှိအောင်၊ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ လုပ်ကြဖို့ ပြောပြတယ်။

လုပ်ငန်းအောင်မြင်ဖို့အရေးကြီးတဲ့အချက်
လုပ်ငန်းရဲ့အစီအစဉ်က အရေးကြီးသလို၊ ဈေးကွက်လည်း အရေးကြီးပါတယ်။ Wedding Dress ဆိုတာ ဂျပန်နိုင်ငံမှာ လူဦးရေလျော့ကျနေ တဲ့အတွက် မင်္ဂလာဆောင်တဲ့သူနည်းတယ်။ ကုန်ကျစရိတ်များတော့ အိမ်ထောင်ပြုဖို့၊ သားသမီးမွေးဖို့ မလွယ်ဘူးဆိုတဲ့အခါ ဂျပန်နိုင်ငံလိုမျိုးမှာ မင်္ဂလာဆောင်မှ Wedding Dress လုပ်ငန်းတွေက အဆင်ပြေမှာဆိုပေမဲ့ ဂျပန်ဘက်ကလည်း ကြိုးစားတယ်၊ မြန်မာဘက်ကလည်း ဒီဇိုင်းပိုင်းဆိုင်ရာမှာ သူများထက်သာတဲ့ဒီဇိုင်းကို လုပ်နိုင်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့် အရမ်းရောင်းလာရတယ်။ ဒီဇိုင်းပိုင်း၊ quality ပိုင်းရောကို လူကြိုက်အောင် ဆက်ပြီးထိန်းနိုင်ရမယ်။ ကုမ္ပဏီတစ်ခု အဓွန့်ရှည်ဖို့က အကောင်းဆုံးကို ဝန်ဆောင်မှုပေးတာ၊ အကောင်းဆုံးပစ္စည်းကိုပေးတာပါ။ ကိုယ်ပိုင်စီးပွားရေးကို ဇောက်ချလုပ်ကိုင်ချင်တဲ့ လူငယ်တွေအတွက်အလုပ်ဆိုတာ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ ဝါသနာအားဖြင့်ရော၊ အသက်မွေးဝမ်းကြောင်း အနေနဲ့ရော ကိုယ်နဲ့အဆင်ပြေတဲ့ သမာအာဇီဝ အလုပ်တိုင်းကို လုပ်စေချင်ပါတယ်။ ဒါပေမဲ့ ကိုယ် လုပ်နေတဲ့အလုပ်နဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေကိုလည်း သင်ယူစေချင်တယ်။ ဥပမာ- ပုလဲထိုးနေတဲ့ ဝန်ထမ်း စက်မချုပ်တတ်ဘူး။ အပ်ချုပ်စက်တွေရှိနေတဲ့အတွက် အားတဲ့အချိန်မှာစက်ချုပ်လို့ရတယ်။ ဒါကလုပ်ရင်းကိုင်ရင်းနဲ့ လုပ်တတ်သွားတဲ့အရာ။ နောက်ဆုံးဒီကုမ္ပဏီမှာ မလုပ်တော့ဘူးဆိုရင်တောင် ကိုယ့်အရပ် ဒေသ ပြန်ဦးတော့ အပ်ချုပ်စက်တစ်လုံးထောင်ပြီး ချုပ်ရင် သူ့အသက်မွေးဝမ်းကြောင်းအတွက် လုပ်နိုင်တယ်။ လက်ရှိအချိန်မှာ ဒီအလုပ်တစ်ခုတည်းကို
လုပ်တာမှန်ပေမဲ့ နောင်တစ်ချိန်မှာ ကိုယ်နဲ့အသုံးဝင်မယ့်အရာတွေကိုလည်း သင်ယူထားပါလို့ အကြံပေးချင်ပါတယ်။ ကျောင်းနေတဲ့အချိန်မှာလည်း စာတစ်ခုတည်း သင်တာမျိုးမဟုတ်ဘဲ ကြုံတဲ့အချိန်မှာ ကြုံသလို အသက်မွေးဝမ်းကြောင်းတစ်ခုခုကို သင်ယူထားပါ။ နောက်မှ သင်မယ်ဆိုတာမျိုး မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။

ကိုယ်တိုင်လက်ကိုင်ထားပြီးကျင့်သုံးတဲ့ဆောင်ပုဒ်
ဂျပန်သွားပြီး အလုပ်စလုပ်တဲ့အချိန်၊ အနှိမ်ခံရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ခေါင်းရင်းမှာ စာလေးတစ်ခု ချိတ်ထားတယ်။ အဲဒီစာက ကိုယ်မွေးစားထားတဲ့စာလေးပါ။ “အတော်ဆုံးလူသာရှင်သန်နေလိမ့်မယ်” ကို အင်္ဂလိပ်လိုနားလည်သလို ဘာသာပြန်လိုက်တာ “Best are forever” လက်ကိုင်ထားကျင့်သုံးနေတဲ့ ဆောင်ပုဒ်ပါ။

လူငယ်တွေအတွက်အကြံပေးစကား
ကျွန်တော်လည်း ဘဝစုံပါတယ်။ သူများနိုင်ငံမှာ တော်တော်များများနေခဲ့ပြီး သူတို့ရဲ့ မြန်မာတွေနဲ့မတူတဲ့ စိတ်နေသဘောထားတွေလည်း နားလည်ခဲ့ပြီးပြီ။ အတုယူစရာတွေ တော်တော်များများရှိသလို၊ သင်ခန်းစာ ယူစရာတွေလည်း ကြုံခဲ့ပြီးပါပြီ။ ဒီခေတ်လူငယ်တွေအနေနဲ့ ပေါ့ပေါ့တန်တန်မနေဘဲ အရာရာကို မျက်စိဖွင့်၊ နားစွင့်ပြီး သင်ယူစေချင်တယ်။ ဘာကိုမှ စိုးရွံ့မနေဘဲ ကိုယ်တတ်ထားတဲ့ပညာကို အသုံးချပါ။ ဘာမှကြောက်စရာမလိုဘူး၊ တစ်နေ့အောင်မြင်ပါလိမ့်မယ်။ တစ်ကြိမ်တစ်ခါ ကျရှုံးသွားရုံနဲ့ ပြီး သွားပြီလို့ မမှတ်ပါနဲ့။ ဆက်ပြီးကြိုးစားပါလို့ ပြောချင်ပါတယ်။