Primary tabs

Fit 4 Life

ထူးအောင်လို့ ဆိုလိုက်ရင် အရပ်မြင့်မြင့်၊ body structure အမိုက်စားနဲ့ မော်ဒယ်လ် မင်းသားလို့ သိကြပြီးသားပါ။
သူရဲ့မြင့်မားတဲ့ အရပ်အမောင်းနဲ့ လိုက်ဖက်ညီတဲ့ ကိုယ်အလေးချိန်ဖြစ်လာဖို့၊ ကျစ်လျစ်လှပတဲ့ ကြွက်သားတွေကို အချိုးတကျ တည်ဆောက်နိုင်ဖို့ သူဘယ်လိုတွေ ကြိုးစားလေ့ကျင့်ခဲ့ရ သလဲဆိုတာနဲ့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို သိရဖို့ People ရဲ့ Cele Health & Fitness ကဏ္ဍက ခုလို မေးခွန်းလေးတွေနဲ့ အဖြေရှာကြည့်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ လက်ရှိကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ဆိုရင် - အရပ်အမြင့်က ၆ ပေ၊ ခုလက်ရှိ ကိုယ်အလေးချိန်က ၁၇၅ နဲ့ ၁၈ဝ ကြားမှာ ရှိပါတယ်။ ကျွန်တော်လိုချင်တဲ့ ကိုယ်အလေးချိန်ဖြစ်တဲ့ ပေါင် ၁၈၅ ၊ ၁၉ဝ လောက်ထိသွားဖို့ လေ့ကျင့်နေပါတယ်။

ဘယ်လို စတင်ကြိုးစားလေ့ကျင့်ခဲ့လဲဆိုတော့ - ၂ဝ၁၄ ကစ ကစားခဲ့တယ်။ စကစားတုန်းက ကိုယ်အလေးချိန်က ၁၃ဝ ပဲရှိတယ်။ အရပ်နဲ့စာရင် ပိန်တယ်။ အဲဒီတော့ တက်ချင်စိတ်နဲ့ ကစားခဲ့တယ်။ အစားတွေဆိုလည်း နဂိုက သိပ်မစား
နိုင်တာကိုတောင် အများကြီးတွေ စားခဲ့လို့ ပြန်အန်ထွက်တဲ့အခါမျိုးတောင်ရှိတယ်။ ဖြစ်ချင်စိတ်က များနေတာဆိုတော့လေ။

နောက်ပိုင်းမှာ ကစားရင်းနဲ့ ပိုပြီးနားလည်လာတယ်။

အစားအသောက်၊ အအိပ်နဲ့ Gym ကစားတာကို မျှတအောင်လုပ်တယ်။ ကစားခဲ့တဲ့ကြားကာလတွေမှာ နာကျင်ရတဲ့ အခိုက်အတန့်တွေတော့ ရှိတာပေါ့။ ခြေထောက်တွေ နာတုန်းကဆို လှေကားတက်ရမယ့်နေရာတွေ လှေကားတွေဆို မမြင်ချင်လောက်အောင် ဖြစ်ခဲ့တာ။ ဒါပေမဲ့ အဲဒီအရာတွေကို ကျော်ဖြတ်လိုက်တဲ့အခါမှာ အေးဆေးပါပဲ။

ဘယ်အရာမဆိုစစချင်းမှာ ကိုယ်မကျွမ်းကျင်တဲ့ အရာတစ်ခုစလုပ်တဲ့အချိန်မှာ ကြုံရမယ့် အခိုက်အတန့်လေးတွေရှိတဲ့ သဘောပါပဲ။ Gym စဆော့တဲ့နေ့ရဲ့ နောက်နေ့မနက် အိပ်ရာက နိုးလာချိန်မှာ အရမ်းနာတယ်။ မထနိုင်ဘူး။ ဒါပေမဲ့ ခေတ္တခဏအချိန်ယူတယ်။ ပြန်ထတယ်။ အဓိက က စိတ်ဓာတ်ပဲပေါ့။ ကိုယ့်စိတ်နဲ့ပဲ ဖြတ်သန်းရတာပဲ။

ကစားနေရင်းကြားကနေ လက်လျှော့ချင်စိတ်ဖြစ်မိလားဆိုတော့ - တစ်ခါမှ အဲလိုမဖြစ်ဖူးဘူး။ ကျွန်တော့်ပင်ကိုစိတ်က တစ်ခုခုကိုလုပ်ပြီဆို မဖြစ်ဖြစ်အောင်လုပ်ချင်တယ်။ ဆော့လို့နာတယ်ဆိုရင် အဲဒီနာတာကို ကျော်သွားတဲ့ထိဖြစ်အောင် ကျွန်တော်ထပ်ဆော့တယ်။ ဥပမာ - ပြဿနာတစ်ခုခုဖြစ်လို့ အဆိုးဖြစ်တယ်ဆိုရင်တောင် အဲဒီအဆိုးထဲက ဘာတွေရနိုင်မလဲဆိုတာကို လေ့လာတယ်။

စတင်ကစားချိန်ကနေ ဘယ်လောက်အကြာမှာ သိသိသာသာပြောင်းလဲလာလဲဆိုတော့- ခြောက်လကြာတဲ့အခါမှာ သိသာတယ်။ ကိုယ်က နည်းစနစ်တကျလည်း ဆော့မယ်။ အစားအ သောက်လည်းမှန်မယ်ဆိုရင် ငါးလ ခြောက်လနဲ့တင် လူတစ်ယောက်ကို အများကြီးပြောင်းလဲစေမယ်ဆိုတာ ကျွန်တော်အာမခံတယ်။ 

အဓိကက ကိုယ့်ကိုသင်ကြားပေးတဲ့ဆရာနဲ့ နည်းစနစ်က အရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်လည်း လေ့လာရမယ်။ ကိုယ်ဆော့နေတဲ့ အပိုင်း/ပုံစံက ဘာအကျိုးသက်ရောက်မှုရှိလဲဆိုတော့ ကိုယ်တိုင်သေချာသိရမှာပေါ့နော်။ ဥပမာ- ရင်ဘတ်ပိုင်းကို ကစားတယ်ဆိုရင် - ရင်ဘတ်ပေါ်မှာ အစိတ်အပိုင်းတွေ အများကြီးရှိတယ်။ ကိုယ်ဆော့တဲ့ကစားနည်းက ဘယ်အစိတ်အပိုင်းကိုထိတာလဲ ဘယ်လိုအကျိုးသက်ရောက်မှုရှိတာလည်းဆိုတာသိမှ အဆင်ပြေတယ်။ ကစားနေရဲ့သားနဲ့ မဖွံ့ဖြိုး မတိုးတက်ဘူးဆိုရင်တော့ နည်း စနစ်သော်လည်းကောင်း၊ အစားအသောက် ပုံစံသော်လည်းကောင်း တစ်ခုခု မှားနေလို့ပါပဲ။

ကစားတဲ့ပုံစံကတော့ - ကျွန်တော်တစ်ခါ ကစားရင် ဘယ်နှစ်နာရီဆိုတာ ကျွန်တော့် စိတ်အာသီသပေါ်မူတည်တာပေါ့နော်။ အလုပ်များပြီး ပင်ပန်းတဲ့ရက်မျိုးတွေဆိုရင် အလေးကို အဓိက မ တယ်။ ဗိုက်လေ့ကျင့်ခန်း နည်းတယ်ပေါ့နော်။ တချို့ရက်တွေဆိုရင်တော့လည်း ဗိုက်လေ့ကျင့်ခန်းကို အကြိမ်ရေတိုးပြီး လုပ်တယ်ဆိုရင် Gym မှာချည်းပဲ နှစ်နာရီ သုံးနာရီလောက်ကြာတယ်။ ကစားတာက အချိန်အရမ်းကြာရင်လည်း မကောင်းဘူး။ လူကို ပင်ပန်းနွမ်းနယ်စေတာပေါ့နော်။ 
ကျွန်တော်ကစားတဲ့ပုံစံကတော့ လေးရက် ကစား၊ တစ်ရက်နား ပုံစံနဲ့ဆော့ပါတယ်။ အဲဒီလေး ရက်မှာ ခန္ဓာကိုယ်တစ်ခုလုံးအကုန်စုံအောင် ကစားတယ်။ တစ်ပတ်မှာ ခြောက်ရက်ကစား  တစ်ရက် နားတဲ့သူတွေလည်းရှိတယ်။ ဒါကတော့ ကိုယ်ယူထားတဲ Program အလိုက်ကွာခြားမှုရှိပါတယ်။


အစားအစာပိုင်းမှာဆိုရင် - ကျွန်တော် အစက မသိဘူး။ ဘော်ဒီကြီးချင်တဲ့စိတ်နဲ့ အဆီပါတဲ့ အစားအစာတွေလည်း ကျွန်တော် အများကြီး လျှောက်စားတယ်။ ဖြစ်သလိုစားတာပေါ့။ နံနက် ကို ၇ နာရီ ၈ နာရီလောက် အိပ်ရာထတယ်။ နံနက်
စာဆိုရင် မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ ကြာဆံသုပ် အဲလိုဟာလေးတွေစားရတာ သဘောကျတယ်။

ကိုယ်က ခန္ဓာကိုယ်လည်းကြီးဖို့လိုတယ်။ ဘာတွေစားရမယ်ဆိုတာလည်း သေချာမသိတော့ အသုပ်တွေကို ထမင်းများများနဲ့စားတယ်။ ပြီးတော့ ပေါင်မုန့်နဲ့ချိစ်၊ နို့တစ်ဘူးသောက်တယ်။ နေ့လယ်စာကို ထမင်း သုံးပန်းကန်လောက်ရ အောင်စားတယ်။ စကစားချိန်လည်းဖြစ်၊ တက်လည်းတက်ချင်တော့ ထမင်းကို ဟင်းအဆီအနှစ်တွေနဲ့ နယ်စားတယ်။ 

ညနေပိုင်းကို Gym ဆော့တယ်။ အစက ပရိုတိန်းသောက်ရမှန်းမသိပေမဲ့ နောက်ပိုင်းမှာ Trainer ရဲ့ ညွှန်ကြားချက်နဲ့ သောက်တယ်။ တစ်နေ့ ဘယ်နှစ်ခွက်သောက်လို့ရလဲလို့ ဆရာ့ကို ကျွန်တော်သေချာမေးတယ်။ သုံးခွက်ထိသောက်လို့ရတယ်ဆိုတော့ နံနက်၊ နေ့လယ်၊ ညအိပ်ခါနီး တစ်ကြိမ်စီသောက်တယ်။ 

အဲလိုနည်းနဲ့ ကစားလာပြီး သက်တမ်းနှစ်နှစ်လောက်ကြာတဲ့အခါမှာ ခန္ဓာကိုယ်ကကြီးလာတယ်။ အဆီတွေများလာတယ်။ အဲဒီအချိန်မှာ ကိုယ်က ဘယ်လိုပြောင်းစားရလဲဆိုတော့ နံနက် ပိုင်းကို နို့နဲ့ အုတ်ဂျုံစားပေးတယ်။ ကျွန်တော် ကြော်ငြာရိုက်ဖို့တွေ ကားရိုက်ဖို့တွေ ရှိနေလို့ ခန္ဓာကိုယ် ကျစ်လစ်ဖို့လိုတယ်ဆိုရင် နေ့လယ်စာကို ထမင်းမစားတော့ဘဲ ကြက်သားပြုတ်၊ အရွက်ပြုတ်နဲ့ ကြက်ဥပြုတ် ငါးလုံးလောက်စားတယ်။ ဒိန်ချဉ်သောက်တယ်။ ဒိန်ချဉ်ကတော့ မဖြစ်မနေအမြဲတမ်းသောက်တယ်။ ပြီးတော့ သစ်သီးဖျော် ရည်သောက်တယ်။ခန္ဓာကိုယ်မှာ အသားဓာတ်တွေချည်းများတဲ့အခါမှာလည်း ပြန်ဖြေဖို့အတွက် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ စားပေးရတယ်။ ညစာဆိုရင်လည်း ကြက်သားပြုတ်ရယ်၊ တစ်ခါတစ်ရံအရမ်းဗိုက်ဆာလို့ မနေနိုင်ရင် ကန် စွန်းဥပြုတ်စားတာလည်း ကောင်းတယ်။ သူက ကာဗိုဟိုက်ဒရိတ်ဆိုတော့ ထမင်းနဲ့တူတူပေမဲ့ သူကကျတော့ အဆီမပါဘူး။ ပြီးရင် အသီးအရွက်နဲ့ ကြက်ဥစားတယ်။

ဒီနေရာမှာ ဝိတ်ချချင်တဲ့သူတွေ အနေနဲ့လည်း ဝိတ်ချချိန်မှာ အာဟာရလည်း မပြတ်သွားအောင် အဆီလည်းမတက်အောင်ကြက်ဥစားပေးသင့်ပါတယ်။ အနှစ်မစားဘဲ အကာတွေချည်းပဲ စားလို့ရပါတယ်။ ကျွန်တော်ကတော့ ၁ဝ လုံးကနေ 
၁၂ လုံးလောက်ထိပဲ စားနိုင်တယ်။ အလုံး ၂ဝ လောက်ထိလည်း စားနိုင်ရင်စားပေးလို့ ရပါတယ်။ နောက်ပြီး အသီးအရွက်စား၊ သစ်သီးဖျော်ရည် သောက်ပါ။ ရေကတော့ အမြဲတမ်း များများသောက်ပေးသင့်ပါတယ်။

ပရိုတင်းသောက်တဲ့သူတွေမှာ ဘေးထွက်ဆိုးကျိုးနှစ်ချက်ရှိတယ်။ အသားအရေကို ညစ်စေတယ်။ ဝက်ခြံပေါက်စေတယ်။ ဒါကြောင့် ပရိုတင်းမှာပါဝင်တဲ့ဓာတ်ကို ပြန်ဖြေပေးတဲ့အနေနဲ့ ရေများများသောက်ရင် ဘာမှမဖြစ်တော့ပါဘူး။ ကိုယ်သောက်တဲ့ ပရိုတင်းပမာဏအလိုက် ရေပမာဏကိုလည်း များများသောက်ပေးဖို့လိုပါတယ်။ ကျွန်တော်ဆို အရင်က တစ်နေ့ကို ရေ ၈ ဘူးထိရအောင်သောက်တယ်။ ခုဆို ၈ ဘူး မဟုတ်တောင် ၆ ဘူးလောက်ထိတော့ ရအောင်သောက်တယ်။ ရေအများကြီး မသောက်နိုင်ဘူးဆိုရင်လည်း Vitamin C ၊ Vitamin E တို့နဲ့ ပြန်ဖြည့်ပေးလို့ ရပါတယ်။

ဒီလိုကစားခြင်းကြောင့် ရရှိခံစားလာရတဲ့ အကျိုးကျေးဇူးတွေကတော့- ပိုပြီး ကျန်းမာရေးအရမ်းကောင်းလာတယ်။ တော်ရုံမဖျားတော့ဘူး။ အကြမ်းပတမ်းခံနိုင်တယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆို အရင်က လေးဘက်နာရှိတယ်။ Gym ကို လုံးဝခရေဇီဖြစ်ပြီးဆော့လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကြီးကလည်း အကြီးကြီးဖြစ်လာတယ်။ အဲဒီလေးဘက်နာရောဂါလည်း ပျောက်သွားတယ်။ ပြန်ရလာတဲ့ အကျိုးကျေးဇူးက အမေးဇင်းပေါ့နော်။ ဒီလေ့ကျင့်ခန်းနဲ့ ကိုယ်လုပ်လို့ ရတာတွေ အများကြီးဖြစ်နိုင်တယ်။ ပြီးတော့ စိတ်ဓာတ်လည်း တက်ကြွရွှင်လန်းတယ်။ 

ကျွန်တော်လည်း လူပဲဆိုတော့ စိတ်ညစ်တဲ့အခါတွေလည်းရှိတယ်။ စိတ်ညစ်ရင် Gym ပဲ သွားဆော့လိုက်တယ်။ အဲဒီအခါကျရင် အာရုံက ကစားတဲ့ဆီပဲရောက်ပြီး စိတ်ညစ်တာတွေ နောက်မှာကျန်ခဲ့တယ်။ ပညာရှင်တွေကလည်းပြောတယ်။ ဆော့တဲ့အခါမှာ ထွက်လာတဲ့ဓာတ်တစ်မျိုးက စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျနေတာတွေကို ပျောက်စေတယ်တဲ့။ အဲဒီတော့ ကောင်းကျိုးတွေအများ ကြီးရှိတာပေါ့နော်။ 

ကစားတာရပ်လိုက်လို့ရှိရင် ဝလာတယ်ဆိုတာ - ကျွန်တော်လည်း အဲဒီမေးခွန်း ခဏခဏ အမေးခံရတယ်။ ကျွန်တော်က ခန္ဓာကိုယ်ကြီးချင်တော့ အများကြီးစားတယ်။ အများကြီးစားပြီး ကြီးလာတဲ့အချိန်မှာ ခန္ဓာကိုယ်က အဆီတွေကို ဖယ်ထုတ်ပစ်ဖို့ အစားအသောက်ကို လျှော့ရတယ်။ နောက်တစ်ခုက လိုချင်တဲ့ ခန္ဓာကိုယ်ကိုရပြီး ပုံမှန်လည်းမကစားတော့ဘဲ ကစားနေတုန်းကလိုပဲ ဆက်စားနေမယ်ဆိုရင် ဝလာမှာပဲ။ မကစားတော့ဘူးဆိုရင် စားတာလည်းလျှော့ရမယ်။ အစားကို မလျှော့နိုင်ဘူးဆိုရင် စားသုံးပုံကို လျှော့ရမယ်။ အဲဒီမှာ အဆီမပါတာတွေ စားဖို့က အရေးကြီးတယ်။ အဆီတက်စေမယ့်အရာတွေကို ရှောင်ပြီး အသား၊ အသီးအနှံ၊ အရွက်၊ သံလွင်ဆီစသဖြင့် အရသာရှိရှိလေးတွေ လုပ်စားလို့လည်းရပါတယ်။

ကျွန်တော်စားတဲ့ပုံစံဆိုရင် - ကျွန်တော်က ကံကောင်းတယ်ပေါ့နော်။ အမေက ချက်ပြုတ်ပေးတယ်။ အမေကလည်း ဗမာဆိုတော့ ဆီကြိုက်တဲ့ သဘောသဘာဝရှိတယ်။ ကျွန်တော်က ပြောရတာ ပေါ့နော်။ စားနေကျထဲက တစ်မျိုးကို ပြောပြရမယ်ဆိုရင် ဆီမထည့်ဘဲ တခြားအဆာပလာတွေ အများကြီး မပါဘဲ ကြက်သားနဲ့ပဲကို ရောပြုတ်ပြီး စားပါတယ်။ တချို့တွေဆို အားဖြစ်ချင်လို့ ပဲပြုတ်ရည်ကိုသောက်ကြတယ်။ အဲလိုစားတာ အရမ်း အားဖြစ်ပါတယ်။

ကိုယ်ခန္ဓာ ကျန်းမာကြံ့ခို င်လှပဖို့အတွက် ကစားချင်တဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်ဆိုရင် - Gym ကစားတဲ့အခါမှာ ကျွန်တော့် ခံယူချက်တစ်ခုရှိတယ်။ No pain, no gain ပေါ့ နော်။ ဘယ်အရာမှ နာကျင်မှုမရှိဘဲ အလွယ် မရရှိဘူးပေါ့နော်။ တချို့က နာကျင်လို့ဆိုပြီး ကိုယ့်ဘာသာကိုယ်ဖျက်စီးလိုက်တာ။ ဘာကြောင့် နာကျင်ရလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်ဖြေပေးပါမယ်။ လူမှာ ပုံမှန်ရှိနေတဲ့ ဆဲလ်တွေက ကစားတဲ့အခါ အလေးတွေ မတယ်၊ ပြေးလွှားလှုပ်ရှား ကစားတဲ့အတွက် ပျက်စီးသွားပြီး နာတယ်။ အဲဒီအခါမှာ အစားအစာတွေပြန်စားသုံးတယ်။ ညဘက်အိပ်လိုက်တယ်။ အိပ်ချိန်မှာ ပျက်စီးသွားတဲ့ဆဲလ်တွေ ပြန်တည်ဆောက်ပြီး ခန္ဓာကိုယ်က ကြီးထွားလာတယ်။ ဒါမှမဟုတ် ကျစ်လာတယ်။ ဒါကြောင့် ဒီခန္ဓကိုယ်ကြီးကို အသုံးချလို့ နာကျင်တယ်ဆိုရင် အအိပ် အစားလေးတွေနဲ့ ပြန်ဖြည့်လိုက်ရင် အဆင်ပြေပါတယ်။ စတောင် မစရသေးတဲ့အချိန်မှာ အလွယ်တကူ လက်လျှော့ လိုက်ဖို့ အတွေးတွေဝင်လာမယ်ဆိုရင် ဖယ်ထုတ်လိုက်ပြီး အဆုံးထိအောင်သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီအရာက မလုပ်လို့လည်းရပါတယ်။ မလုပ်လည်း ကိုယ့်ကိုဘာမှပြောမယ့်သူမရှိဘူး။ ဒါပေမဲ့ လုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်ပါ။ အဲဒီ တစ်ခုပဲပြောချင်ပါတယ်။

Model - Htoo Aung
MUA - Ci Ci 
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)