Primary tabs

Family Life လေးတစ်ခု တည်ဆောက်ချင်တဲ့ စိတ်ခံစားချက်နဲ့ နေတိုး

အနုပညာသက်တမ်းအားဖြင့် အနှစ် ၂ဝ ကျော်ကြာ ဖြတ်သန်းခဲ့ပြီးဖြစ်တယ်၊ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝ ရရှိလျက်ရှိတယ်၊ အောင်မြင်မှုအားဖြင့်လည်း အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်တယ်၊ အနုပညာအပေါ်မှာလည်း စေတနာအပြည့်နဲ့ ကောင်းသထက်ကောင်းအောင် အမြဲကြိုးစားလျက်ရှိတယ်၊ ကိုယ်ရပ်တည်တဲ့ လမ်းကြောင်းပေါ်မှာ ပိုင်နိုင် ကျွမ်းကျင်စွာနဲ့ အကောင်းဆုံး တည်ငြိမ်စွာ လုပ်ကိုင်နိုင်တယ်… သူကတော့ လက်ရှိမှာ အကယ်ဒမီဆု ၃ ဆု နဲ့အတူ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုးပါ။ သူ့ရဲ့ အနုပညာအပေါ်ထားတဲ့စိတ်၊ အနုပညာစိတ်ကူးတွေ၊ ဖန်တီးမှုတွေ၊ ၂ဝ၁၈ အတွင်းမှာ သူဖြတ်သန်းချင်တဲ့ သူ့ရဲ့ Life Style 
အစရှိတာတွေကို ပရိသတ်တွေအတွက် မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။ 

လတ်တလောမှာ
၂ဝ၁၈ထဲမှာတော့ အနုပညာနဲ့ ဆက်နွယ်နေတဲ့ တခြားလုပ်ငန်းတွေရှိပါတယ်။ အဲဒါတွေက Storybook Studio ကို မေအကုန်လောက်မှာ ဖွင့်သွားဖို့ရှိပါတယ်။ တခြား Production အနေနဲ့ ကိုယ်ကိုယ်တိုင် ထုတ်လုပ်တဲ့ ဇာတ်ကားတွေ ထွက်
လာဖို့ရှိပါတယ်။ Storybook ဆိုတာက Movie Workshop လို့လည်း ပြောလို့ရတယ်၊ Mini Studio လို့လည်း ပြောလို့ရတယ်။ ဥပမာအားဖြင့် ရုပ်ရှင်ရိုက်တဲ့နေရာတစ်ခုပေါ့၊ အဲဒီလိုမျိုး ဖွင့် သွားဖို့ ရှိပါတယ်။ သီချင်းကတော့ လောလောဆယ် လုပ်ဖို့မရှိပါဘူး။ ဇာတ်ကားထဲမှာ ပါဝင်မှသာ ဆိုဖြစ်တာပါ။ သပ်သပ်ဆိုဖြစ်ဖို့က အချိန်မပေးနိုင်သေးပါဘူး။ 

တိမ်ခိုမိုးရုပ်ရှင်ဇာတ်ကားအကြောင်း
တိမ်ခိုမိုး ဆိုတဲ့ ဆရာမင်းခိုက်စိုးစံရဲ့ ဆေး ကျောင်းတက်နေတဲ့ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်း၊ ချစ်သူကောင်လေးနဲ့ ကောင်မလေးတို့အကြောင်း True Story လေးကို အခြေခံပြီးတော့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ထားတဲ့ ရုပ်ရှင်ကားလေးပါ။ ဇာတ်လမ်းကတော့ အချစ်ဇာတ်ကားလေးပါပဲ။ ဆေးကျောင်းတက်တဲ့ အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲစရာအဖြစ်အပျက်လေးကို ရိုက်ထားတာပါ။ မင်းသမီးက ရွှေမှုံရတီပါ။ ဒီကားက အဓိက မင်းသား၊ မင်းသမီးတွေကို အခြေခံပြီးတော့ ရိုက်ထားတဲ့ကားပါ။ မင်းသား၊ မင်းသမီးတွေရဲ့ သရုပ်ဆောင်မှု၊ ချစ်ခြင်းတရားတွေရဲ့ နူးညံ့မှု၊ အဲဒီလို နူးညံ့မှုတွေကြားထဲမှာမှ အတိတ်ကအဖြစ်ဆိုးတွေ၊ ဝဋ်ကြွေးတွေကို ပြန်ပြီးပေးဆပ်ရတဲ့ အချိန်မျိုးတွေမှာ အချစ်နဲ့ဆက်နွယ်ပြီး ဖြစ်ပျက်တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်၊ ရင်နာစရာအဖြစ်အပျက်တစ်ခုကို ဇာတ်လမ်းဆင်ထားတာ ဆိုတော့ ပုံမှန်အားဖြင့် ပြောရရင် ဒီကားက Romance ဆိုတာထက်ကို Drama ဘက်ကို ပိုပြီးတော့ သွားထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ ရုံတင်မယ့်ရက်ကတော့ ဘယ်အချိန်လောက်ဖြစ် မလဲဆိုတာ မပြောတတ်သေးဘူး။ ဆေးကျောင်းသားတွေရဲ့ Life ကို ရိုက်ရတာဆိုတော့ Location က သိပ်အများကြီးမဟုတ်ဘူး၊ Trip သွားတဲ့ ဟာတွေရှိတယ်။ ဆေးကျောင်းသားတွေ ဖြစ်လေ့၊ ဖြစ်ထရှိတတ်တဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး မတူညီတဲ့ ဆေးပညာဆိုင်ရာနဲ့ ပတ်သက်ပြီး ခံစားမှုမတူညီတဲ့ ပုံစံမျိုးလေးတွေ မြင်ရမှာပါ။

ဆေးကျောင်းသားကာရိုက်တာ
ဆေးကျောင်းသားကားတွေလည်း အများကြီး ရိုက်ခဲ့ဖူးတယ်၊ True Story တွေလည်း ရိုက်ခဲ့ဖူးတယ်။ အရှေ့မှာရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်း အများကြီးရိုက်ဖူးပေမဲ့ ဒီဟာကတော့ ဆေးကျောင်းသားတွေရဲ့ Life ထဲမှာမှ နှလုံးသားရေးရာနဲ့ပတ်သက်တဲ့ အချစ်တစ်ခုကို ဆွဲထုတ်ပြီး သူတို့ဘဝမှာ လူငယ်တွေရဲ့ စိတ်ခံစားမှု၊ တစ်ယောက်နဲ့ တစ်ယောက်ချစ်တဲ့ ချစ်ခြင်းအပေါ်မှာပဲ Focus ထားပြီးတော့ ဇာတ်ညွှန်းရော၊ ဇာတ်လမ်းကိုပါ တည်ဆောက်ထားတာပါ။

နေတိုးနဲ့အကယ်ဒမီ
အကယ်ဒမီက စုစုပေါင်း ၃ ခု၊ ဒီ အကယ်ဒမီကလည်း ပရိသတ်တွေတကယ်ကို အားပေးတဲ့ဇာတ်ကောင်တွေလည်းဖြစ်တယ်၊ ကျွန်တော်ရခဲ့တဲ့ ဇာတ်ကောင်ပေါ်မှာ တကယ်လည်း ကျေနပ်မှုရှိခဲ့တယ်ဆိုတော့ ပိုပြီးတော့လည်း အမှတ်တရဖြစ်တယ်။ အကယ်ဒမီတစ်ခုကနေ တစ်ခု ပိုပြီးရလာခဲ့တဲ့အတွက် တာဝန်ဆိုတာထက်ကို စေတနာပေါ့နော် အဓိကကတော့။ အခုလို ရေရှည်လိုမျိုး နှစ် ၂ဝ ကျော် အားပေးခဲ့ကြတဲ့ ပရိသတ်တွေက အခုချိန်အထိကို ကျွန်တော့်ကိုမပြောင်းလဲဘဲ အားပေးနေတုန်း၊  ဖြတ်သန်းတဲ့တလျှောက်လုံးမှာ အားပေးမှုလျော့သွားတယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတော့ ကိုယ့်ဘက်ကလည်း အနုပညာကို တာဝန်တစ်ခုအနေနဲ့ ပရိသတ်အပေါ်မှာ အကောင်းဆုံးဖန်တီးပေးရမယ်ဆိုတဲ့ စိတ်တွေ၊ ရည်ရွယ်ချက်တွေနဲ့ပဲ ဘဝကို ဖြတ်သန်းဖြစ်တယ်။ ဘဝမှာ စဉ်းစားဖြစ်တဲ့အရာတွေကလည်း ကိုယ့်ရဲ့အနုပညာတစ်ခုကို ပရိသတ်ကလည်း ချစ်တယ်ဆိုတော့ ကိုယ်ကလည်း အနုပညာကို ပြန်ပြီးတော့ တန်ဖိုးထားပြီးတော့ ဒီအနုပညာကို ဒီထက်မက ကြီးမားအောင် တည်ဆောက်နိုင်မယ့်အရာတွေပေါ့။ ဥပမာအားဖြင့် Studio ကိစ္စတွေ၊ Camera Crew တွေ၊ Lighting Team တွေဖွဲ့တာတို့၊ ဇာတ်လမ်း Team တွေ ဖွဲ့တာတို့၊ ဒီလိုမျိုး Post Production တွေ တည်ထောင်ပေးတာတို့ကို ကျွန်တော့်ရဲ့ အနုပညာကြေးတွေကနေ စုပြီးတော့ ၂ဝ၁၈၊ ၂ဝ၁၉မှာ အရှိန်အဟုန် တော်တော်ပြင်းပြင်းနဲ့ လုပ်ဖြစ်ပါမယ်။

စိတ်အပြောင်းအလဲနဲ့ ရင့်ကျက်မှုအပိုင်း
ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင်တော့ လူတွေက နိစ္စဓူဝ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ စိတ်မပါတော့တဲ့ဟာမျိုး၊ မပျော်တော့တဲ့ဟာမျိုးတွေ ရှိတတ်တယ်။ နံပါတ်တစ်က ဘာလဲဆိုတော့ လူတစ်ယောက်က အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ့်အလုပ်ကို စိတ်ဝင်တစားဖြစ်နေနိုင်အောင် ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့လိုတယ်။ ကိုယ့်ရဲ့ Schedule တွေကို ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ စိတ်ဝင်တစားဖြစ်အောင် ပြန်ပြီးတော့ ပြောင်းလဲယူရတာမျိုး ရှိတယ်။ ဥပမာအားဖြင့် Romance ကားတွေ ရိုက်ပြီးရင် Action ဆန်ဆန်ကားတွေ ပြန်ရိုက်တာမျိုး၊ ပရိသတ်အတွက် စဉ်းစားနေတာမျိုး၊ လက်ရှိကမ္ဘာပေါ်မှာ Current ဖြစ်နေတဲ့ လမ်းကြောင်းတွေထဲမှာ ကိုယ်နဲ့ဘယ်လိုကာရိုက်တာမျိုးက လိုက်ဖက်မလဲဆိုတာကို ပြန်တွေးနေတာမျိုး၊ ဒီဇာတ်ကောင်တွေက ကိုယ့်ကိုစိန်ခေါ်မှုတစ်ခုအနေနဲ့ တစ်ခုပြီးတစ်ခု ပြန်ခိုင်းနေတာမျိုး၊ ကိုယ်ပြန်ပြီးစိတ်ဝင်စားရတဲ့ ဇာတ်ကောင်ဖြစ်နေတာမျိုး။ အဓိကကတော့ သရုပ်ဆောင်အလုပ်မှာ သရုပ်ဆောင်တွေရဲ့ကဏ္ဍဟာ Range က အရမ်းကိုကျယ်တယ်။ လေ့လာလို့မဆုံးနိုင်ဘူးဆိုတော့ ဒီအလုပ်တစ်ခုအပေါ်မှာ နိစ္စဓူဝလုပ်နေတဲ့အခါကျတော့ မထပ်လာဖို့အတွက်ကို အဓိက ဂရုစိုက်ရတယ်ဆို။ အဲဒီတော့ ပတ်ဝန်းကျင်ကိုလေ့လာ နေဖို့လိုတယ်။ နောက်တစ်ခုက ပရိသတ်ကို အမြဲတမ်း အသစ်၊ အသစ်ပေးချင်တဲ့ စိတ်ခံစားမှုကို တစ်ခါတလေလွတ်သွားတဲ့အခါကျ ပြန်မွေးယူရတယ်။

ဇာတ်ကားရွေးချယ်မှုအပိုင်းနဲ့ တည်ဆောက်မှုအပိုင်း
ဇာတ်ကားတွေရိုက်တဲ့အပိုင်းမှာ ၃မျိုး၊ ၄ မျိုးလောက်ရှိတယ်။ တစ်ခါတလေကျရင် ကိုယ်ကြိုက်တဲ့ဇာတ်လမ်းတစ်ခုကို ပြောပြတဲ့အခါ Production က Choice လုပ်တာမျိုး၊ ဒါရိုက်တာ ဆီကနေ ကျွန်တော့်ဆီကို ပြတဲ့ ဇာတ်လမ်းမျိုး၊ တစ်ခါတလေ Production ကနေပဲ ပြတာမျိုး၊ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးကို ဒါရိုက်တာရယ်၊ မင်းသားရယ်၊ ပရိုဂျူဆာရယ် ထိုင်ပြီးတော့ ဘာဇာတ်မှမရှိဘဲ ဆွေးနွေးပြီးတော့ ရိုက်တာမျိုးတွေ ရှိတယ်။ ဥပမာ -ဗီယက်နမ်က ငုယင်နဲ့ရိုက်တာဆိုရင် ဇာတ်လမ်းမရှိဘဲ တည်ဆောက်ပြီးရိုက်တာမျိုး တွေရှိတယ်။

ကြိုးစားနေတဲ့၊ လက်ရှိမှာ အောင်မြင်မှုရရှိနေတဲ့ အနုပညာရှင်မျိုးဆက်သစ်တွေအပေါ်
အခုလိုမျိုး မျိုးဆက်သစ်တွေ ပေါ်ထွက်လာတာ အဓိကက ကျွန်တော်တို့အနေနဲ့ ကြိုဆိုတာထက်ကို အရမ်းကိုပီတိဖြစ်တယ်။ အနုပညာလောကမှာ ပရိသတ်အတွက်ကို ခံစားမှုအသစ်တစ်ခု၊ ရင်ခုန်မှုအသစ်တစ်ခု ဖြစ်ပေါ်စေအောင် တည်ဆောက်နိုင်တဲ့သူ မှန်သမျှက အနုပညာတာဝန်ကိုကျေတဲ့ လူတစ်ယောက်လို့ ယူဆပါတယ်။  တကယ်တမ်းဆိုရင် နည်းနည်းတောင် နောက်ကျ နေပြီလို့ထင်တယ်။ ဒီထက်စောပြီးတော့ ပရိသတ်ဆီကို ရောက်နေသင့်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ၂ဝ၁၈ ဆိုတာက လက်ရှိသွား နေတဲ့ ပရိသတ်သွားနေတဲ့ Trend နဲ့ လက်ရှိရုပ်ရှင်ကို ဖန်တီးနေကြတာနဲ့က ကွာဟမှုနည်းနည်းလေး မြင်ရတယ်။ အနည်း ဆုံး ၃နှစ်လောက်စောပြီးတော့ ရောက်နေသင့်တယ်လို့မြင်တယ်။

လက်ရှိစိတ်အခြေအနေကို မိမိကိုယ်ကိုယ် သုံးသပ်မိသလောက်
လက်ရှိမှာ ကဏ္ဍ ၃ ခုလောက်ရှိတယ်။ နံပါတ်တစ်က ကိုယ်တွေလှုပ်ရှားနေရတဲ့ အနုပညာလမ်းကြောင်းမှာ သွားလာနေတဲ့ပုံစံကို Quality တစ်ခုနဲ့ တကယ်ကို ကိုယ်တွေသိသလောက်နဲ့ ပရိသတ် မထင်မှတ်ထားအောင် လုပ်နိုင်တဲ့ အနုပညာဖန်တီးမှုကို လုပ်ချင်နေတဲ့စိတ်ဖြစ်နေတယ်။ နောက်တစ်ခုက ဒါက ငါတို့ရုပ်ရှင်ရိုက်တဲ့နေရာ၊ Studio ဆိုတဲ့ ခံစားမှုမျိုး ကျွန်တော်တို့မခံစားခဲ့ရဘူးဆိုတော့ အဲဒီလိုခံစားမှုမျိုးကို နောက် Generation ကို ပေးချင်တယ်။ နောက်တစ်ခုက ဘဝဖြတ်သန်းမှုမှာ Family တစ်ခုကို တည်ဆောက်ချင်နေတဲ့စိတ် အဲဒီ၃ခုလုံးက လက်ရှိခံစားမှုမှာ တပြိုင်နက်တည်း ရှိနေပါတယ်။

ကျန်းမာရေးနဲ့ Body Fitness အပိုင်း
အားကစား ပုံမှန် လုပ်ဖြစ်တယ်။ ဆေးလိပ်ဖြတ်လိုက်တယ်။ ညစာကို ထမင်းမစားဖြစ်ဘူး။ အသီးအရွက်တို့၊ အသားတို့ စားဖြစ်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်းမှာ ခန္ဓာကိုယ် နည်းနည်းလေး ကြီးထွားအောင်လုပ်ပြီးတော့ ရိုက်ရမယ့် ဇာတ်ကားတွေရှိလာတော့ ဘော်ဒီကိုထွားအောင် ပြင်းပြင်းထန်ထန် ဆော့မယ့်အပိုင်းတွေရောက်လာရင် လုပ်ဖြစ်မှာပါ။ အခုအချိန်မှာတော့ တိမ်ခိုမိုးဇာတ်ကားမှာ Leukemia ဇာတ်ကောင်ဆိုတော့ ဝိတ်ချရထားရတယ်။ အဲဒါပြီးရင် ဝိတ်ပြန်တင်ဖို့ရှိတာ ၂ လလောက် အချိန်ယူရမယ်။ ဆရာနဲ့ သေချာ ပြန်ဆော့ရမယ်။

ပရိသတ်တွေသိချင်နေတဲ့ Life ဖြတ်သန်းမှု
ခုနက ပြောသလိုမျိုး စိတ်ခံစားမှု ၃ မျိုးမှာ Family Life တစ်ခုကို တည်ဆောက်ချင်တယ်ဆိုတဲ့ စိတ်ကလည်း တစ်ချိန်တည်းမှာ ရှိနေတော့ ဘယ်တော့အိမ်ထောင်ပြုမလဲလို့မေးရင် ဖြေလို့မရသေး ဘူး။ အဲဒီစိတ်ခံစားမှုလေး ဒီနှစ်ထဲမှာ ရှိနေတယ်ဆိုတာကိုတော့ ပရိသတ်ကို Hint လေးပေးတဲ့ သဘောပါ။ ကျွန်တော်ဖွင့်ဟမယ့်အချိန်ကိုတော့ ပရိသတ်စောင့်ပေးပါ။ သိပ်တော့မကြာတော့ပါဘူး။

ပရိသတ်အတွက် နှုတ်ဆက်စကား
နှစ်သစ်မှာ ရုံတင်ဖို့ရှိတဲ့ မုန်းလို့ရရင် မုန်းချင်တယ်ဆိုတဲ့ ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး အဲဒီဇာတ်ကား Romance နဲ့ Music နဲ့ ရောထားတာဆိုတော့ တေးရေးဆရာတစ်ယောက်ရဲ့ Life ပေါ့။ မှတ်မှတ်ရရပြောရမယ်ဆိုရင် ကျွန်တော် စင်ပေါ်မှာ အငြိမ့်သီချင်းတွေဆိုတယ်၊ Cover Song တွေဆိုတယ် အဲဒီလိုဆိုရင် အသံကို တကယ့် Vocalist တစ်ယောက်လိုမျိုး အသံကို စနစ်တကျနဲ့ ဆိုနိုင်အောင် လေ့ကျင့်ပြီး၊ ခံစားပြီးဆိုတယ်။ အဲဒီလိုမျိုး ဆိုတဲ့အခါမှာ တေးရေးဆရာတစ်ယောက်ရဲ့ Life ကို ရိုက်ရတဲ့အချိန်ကျတော့ တေးရေးဆရာတွေ တော်တော်များများနဲ့ ဆုံတဲ့အခါ လေ့လာကြည့်သလောက်က တေးရေးဆရာတွေက အဆိုတော်လိုမျိုး မဆိုဘူး။ Demo ဆန်ဆန်လေးဆိုတယ်။ Demo ထဲမှာမှ သူလိုချင်တဲ့ ခံစားမှု Expression တွေပါအောင် ထည့်ပြီးဆိုတယ်။ ဒါပေမဲ့ ကွာဟမှုက အဆိုတော်နဲ့ တေးရေးဆရာနဲ့ သီချင်းဆိုတဲ့ပုံစံက ဘယ်နေရာကို မတူနေမှန်းမသိဘူး။ အဲဒီဟာကို တေးရေးဆရာဇာတ်လမ်းရိုက်တဲ့အချိန်မှာ တော်တော်လေ့လာယူရတယ်။ တေးရေးဆရာတွေကို Demo တွေ ဆိုခိုင်းတယ်။ 

သူတို့က ဘာတွေမတူတာလဲ၊ သူတို့ရဲ့ စိတ်ခံစားမှုတစ်ခုက သူတို့ရေးလိုက်တဲ့သီချင်းမှာ မြတ်နိုးတန်ဖိုးထားတဲ့ နေရာတွေကို တကယ်ခံစားတယ်။ သီချင်းကို နည်းပညာနဲ့ အနုပညာပေါင်းတဲ့အချိန်မှာ အဆိုတော်တွေလိုမျိုး အသံတွေကို အရမ်းကြီးလှအောင်မဆိုဘူး။ ခံစားမှုကိုပဲ ဦးစားပေးတယ်ဆိုတာတစ်ခုကို သွားတွေ့တယ်။ အဆိုတော်နဲ့ မတူအောင် ဆိုထားတယ်ဆိုတာမျိုးကို ပရိသတ်ကြည့်တဲ့အချိန်မှာ ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ထားတယ်ဆိုတာကို မုန်းလို့ရရင် မုန်းချင်တယ် ဇာတ်ကားမှာလုပ်ထားတယ်ဆိုတာကို ပရိသတ်ကို ပြောချင်ပါတယ်။