Primary tabs

Love & Flower

ချစ်တတ်တဲ့ နှလုံးသားရှိသူတွေရဲ့ ဘဝမှာ အချစ်ဦးဆိုတာ မလွဲမသွေရှိခဲ့ကြစမြဲပါ။ အချစ်ဦးဆိုတာ ဖူးစပွင့်စ ပန်းကလေးတွေလိုပါပဲ အလတ်ဆတ်ဆုံးသော နုနယ်မှုတွေနဲ့ပါ။ ဒါကြောင့် အနုပညာရှင်အချို့ရဲ့ အချစ်ဦးတွေကရော ဘယ်လို ပန်းလေးတွေနဲ့ အလားသဏ္ဌာန်တူမလဲဆိုတာ...


စိုးပြည့်သဇင်
စိုးပြည့်မှာ ပန်းနဲ့နှိုင်းပြဖို့ အချစ်ဦးရယ်လို့ အဲဒီလို ကိစ္စတွေမရှိပါဘူး။ ပန်းတွေကတော့ စိုးပြည့်က တော်တော်များများ ကြိုက်ပါတယ်။ နှင်းဆီပန်း၊ သဇင်ပန်းလေးတွေ ကြိုက်တယ်။ ပန်းဆိုရင်ကို တော်တော်များများ စိုးပြည့်ကချစ်ပါတယ်။ ကြာပန်းလေးတွေလည်း ချစ်တယ်။ အနံ့မွှေးတဲ့ ပန်းလေးတွေကို ကြိုက်တယ်၊ အနံ့မရှိလည်း လှနေတဲ့ ပန်းလေးတွေ ကြိုက်တယ်။ အရမ်းသွားချင်နေတဲ့ ပန်းခင်းတစ်ခုရှိတယ်။ လာဗင်ဒါ ပန်းခင်းကြီးပေါ့နော်။ အကြိုက်ဆုံးကို ပြောပါဆိုရင်တော့ ပန်းဖြူဖြူလေးတွေ အကြိုက်ဆုံးပဲ။ ပန်းဆိုတဲ့အရာက အရမ်း အပြစ်ကင်းစင်တယ်၊ ပန်းပန်ထားရင် နူးညံ့သိမ်မွေ့သွားတယ်လို့ ခံစားရတယ်။ ဒါက စိုးပြည့်ရဲ့  ဖီလင်ပါ။ နှင်းဆီပန်းဖြူဖြူဖွေးဖွေး အများကြီးရလိုက်ရင် အရမ်းပျော်တာ၊ ပန်းကို အရမ်းရွေးချယ်တယ်လို့ မဟုတ်ပေမယ့် စိုးပြည့်ရဲ့ ပင်ကိုယ်စိတ်ကိုက မိန်းမဆန်တဲ့အခါကျတော့ ပန်းလေးတွေမြင်ရင် သဘောကျပါတယ်။


မေမြတ်နိုး
မြတ်နိုးရဲ့ အချစ်ဦးလို့ ပြောရမယ့်သူက crush ပေါ့နော်။ သူက တောသစ်ခွနဲ့ တူတယ်။ အဝေးကြီးမှာလည်း ဖြစ်တယ်။ တကယ်ကို ခက် ခက်ခဲခဲနဲ့ မဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိတယ်။ အဲဒါက တကယ်ကို very first crush ၊ အချစ်ဦးပါ။ မြတ်နိုးကိုယ်တိုင်ကတော့ ပန်းကြိုက်ပါတယ်။ ဒါပေမယ့် မြတ်နိုးက ကိုယ်တိုင်ခူးယူပြီး နှစ်သက်တာမျိုးမဟုတ်ဘူး။ သူ့ဘာသာသူ ပေါက်နေတာကို အမြင်နဲ့ အဝေးက နှစ်သက်တာမျိုး၊ ကိုယ်ခူးလိုက်လို့ သူသေသွားလိမ့်မယ်၊ အဲဒါမျိုးမဟုတ်ဘူး။ အဝေးကပဲ နှစ်သက်တဲ့ လူတစ်မျိုးပါ။ ပန်းတွေထဲမှာတော့ သစ်ခွကိုကြိုက်တယ်။ သူ့ရဲ့ ရွက်ဖက်လေးတွေက လှတယ်။ အရောင်စုံတယ် ဖျော့ဖျော့လေးတွေရော၊ အရင့်လေးတွေရော။ သူ့ရဲ့ သဏ္ဍာန်ကိုလည်း ကြိုက်တယ်။  အနံ့လေးလည်းကြိုက်တယ်။


ချွန်းချွန်း
ချွန်းအတွက် အချစ်ဦးက ဘာပန်းနဲ့ တူလဲဆိုတော့ နှိုင်းယှဉ်ရရင် နှင်းဆီနဲ့တူတယ်လို့ ထင်တယ်။ ဘယ်လိုပြောရမလဲ သူ့ကိုချစ်ရတာ ချွန်းအတွက် နာကျင်တယ်။ အရမ်းလည်း လှပတယ်၊ အရမ်းလည်း လိုချင်တယ်။ ဒါပေမယ့် အနားကပ်ရမှာလည်း ကြောက်တယ်၊ အဲဒီလို ခံစားချက်ရှိပါတယ်။ ချွန်း ပန်းလေးတွေ ကြိုက်ပါတယ်။ ဘာပန်းကြိုက်လဲဆို ချွန်းကြိုက်တာ ကျူးလစ်၊ ရိုးရိုးရှင်းရှင်းနဲ့ တကယ်ကို Simple လေး၊ အရောင်လေးတွေလည်း စုံနေတာပဲ အဲဒါကို ကြိုက်တာ။ 


Y Zet
အချစ်ဦးကလား ကျွန်တော့်အတွက် ချယ်ရီပန်းနဲ့တူတယ်။ ဘာလို့ ချယ်ရီပန်းနဲ့တူလဲသိလား တစ်နှစ်ကိုမှ တစ်ခါပဲတွေ့ရတယ်၊ ပြီးတော့ အေးချမ်းတဲ့အချိန်မျိုးမှ တွေ့ရတာပေါ့နော်၊ အရမ်းကို အေးချမ်းမှ တွေ့ရတာလေ။ ကျွန်တော့်အချစ်ဦးက ကျွန်တော့်အတွက် အေးချမ်းတယ်။ အရောင်အဆင်းလေးကလည်း ပန်းရောင်လေး၊ အေးချမ်းတဲ့ အချိန်၊ အေးချမ်းတဲ့ နေရာမှာပဲ တွေ့ရတာ။ ကျွန်တော်က Rapper လေ အကြမ်းကြီးကို (ရယ်လျက်) သဘောကြတဲ့ ပန်းရယ်လို့ မရှိဘူး။ ဒါပေမယ့် ကျွန်တော်က မေမြို့သားဆိုတော့ ပန်းအားလုံးကို သဘောကျတယ်လည်းမဟုတ် မကျဘူးလည်းမဟုတ်။ ဒါပေမယ့် ချယ်ရီပန်း နဲ့ နှင်းဆီကိုတော့ ကြိုက်တယ်။ ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်။ အသက်ကြီးသွားရင် ပြင်ဦးလွင်မှာ ခြံအကျယ်ကြီး ဝယ်ပြီး နှင်းဆီတွေ၊ ချယ်ရီတွေ စိုက်ချင်တာ။ အဲဒါကြောင့် နှင်းဆီ နဲ့ ချယ်ရီကို ကြိုက်တယ်။


လှယဉ်ကျေး
အချစ်ဦးက ဘာပန်းနဲ့တူလဲဆိုရင် အချစ်ဦးဆိုတာ crush ပဲထားပါတော့။ သူ့ကို နှိုင်းပြဖို့အတွက်က အစ်မကြိုက်တဲ့ပန်းနဲ့ ဆက်နွယ်သွားတာပေါ့နော်။ အစ်မက နှင်းဆီလည်းကြိုက်တယ်။ လှတာလေးတွေဆို ကြိုက်ပါတယ်။ ပြီးတော့ အဓိက စကားပန်းပေါ့နော်။ စကားပန်းရဲ့  အပင်ပုံစံကိုလည်း ကြိုက်တယ်။ ပြီးတော့ မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ စကားပင်လေးပေါက်နေပြီး အဲဒီမြက်ခင်းပေါ် စကားပွင့်လေးတွေ ကြွေနေတာမျိုးကို အရမ်းသဘောကျတယ်။ ပိုပြီး ရူးသွပ်အောင် ကြိုက်သွားတာက ဆရာမဂျူးရဲ့ ဝတ္ထုကို ဖတ်လိုက်တော့ အဲဒီမှာ စကားပန်းတွေနဲ့ပက်သက်တဲ့ ဝတ္ထုလေးရှိတယ်လေ။ အဲဒီမှာ အရမ်းကြိုက်ပြီး ပြောရရင် စကားပန်းလေးတွေကို ချစ်တယ်လို့တောင် ပြောလို့ရတယ်။ ပန်းလှလှလေးတွေ လက်ဆောင်ရရင် အရမ်းပျော်ပါတယ်။ အဲဒီဝတ္ထုမှာ ပါတာပေါ့နော် စကားပန်းလေးတွေကို ဘယ်သူလာထား မှန်းမသိဘူး၊ ဥယျာဉ်ခြံမှာနေတဲ့ ကောင်လေးက ဘယ်သူမှန်းမသိဘူး။ ဝေဝါးနေတယ်။ အစ်မ crush ကလည်း အစ်မအတွက် အဲဒီလိုပဲ။ မရနိုင်၊ မဖြစ်နိုင်ဘဲ ဝေဝေဝါးဝါးနဲ့ ရှိခဲ့ရတာပေါ့နော်။