Primary tabs

ကိုယ့်ဝန်ထမ်းတွေကို မိသားစုလိုပဲ အုပ်ချုပ်တယ်

“ကိုယ့်ဝန်ထမ်းတွေကို မိသားစုလိုပဲ အုပ်ချုပ်ပါတယ်။ သူတို့အခက်အခဲရှိရင် အတတ်နိုင်ဆုံး ဖြေရှင်းပေးတယ်။ ကိုယ့်ဆိုင်မှာ အလုပ်လုပ်တယ် ဆိုရင် သူတို့စိတ်ပျော်ရွှင်မှ ကိုယ့်ဆီမှာလုပ်နိုင်မယ်၊ အလုပ်ထဲမှာ စိတ်ဝင်စားနိုင်မယ်” ဆိုတဲ့ Yes I Do Wedding Studio ရဲ့ ပိုင်ရှင် မဥမ္မာကြူနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ကိုယ်ရေးအကျဉ်း
ကျွန်မနာမည်က မဥမ္မာကြူပါ။ အထက်တန်းကျောင်းက အ.ထ.က (၂) လသာမှာ တက်ခဲ့ပြီး ၂ဝဝ၁ခုနှစ်မှာ B.Sc (Physics) နဲ့ ဘွဲ့ယူခဲ့ပါတယ်။

ပထမဆုံးလုပ်ငန်းစတင်လုပ်ဖြစ်ခဲ့ပုံ
ကျောင်းပြီးသွားတဲ့အချိန်မှာ အိမ်ထောင်ကျတာဆိုတော့ ပထမဆုံးကိုယ်ပိုင် အလုပ်လုပ်မယ်ဆိုပြီး အမျိုးသားနဲ့ တိုင်ပင်ဖြစ်တယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်၊ စိတ်လည်းဝင်စားတဲ့ အလုပ်လည်းဖြစ်၊ နောက်ပြီး အမျိုးသားဘက်က မိရိုးဖလာအလုပ်လည်းဖြစ်တဲ့အတွက် လုပ်ငန်းပိုင်းကိုလည်း၊ နားလည်နေတဲ့အတွက် ဒီအလုပ်ကိုပဲ ရွေးပြီးလုပ်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ Yes I Do နာမည်နဲ့ မင်္ဂလာဝတ်စုံဆိုင်ကို စတင်ပြီးဖွင့်ခဲ့ပါတယ်။ အစပိုင်းကတော့ ဂါဝန်ပဲငှားတဲ့ ဆိုင်စလုပ်ခဲ့တယ်။ ဆိုင်ဖွင့်ပြီး ၂ နှစ်လောက်မှာ ခေတ်ရေစီးကြောင်းအရ Photo Studio ကိုပါ တိုးချဲ့ပြီး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အစ်မတို့ မင်္ဂလာဆောင်တုန်းက ထိုင်ပေဆိုတဲ့ ဆိုင်လေးရှိတယ်။ နောက်ပိုင်းကျတော့ ဝေဝေဆိုပြီး နာမည်ပြောင်းသွားတယ်။ အဲဒီတုန်းကတော့ ခေတ်ပြိုင်ပေါ့။ One Stop Service ကတော့ သူပဲပေါ့။ နောက်ပြီး စိုင်းဘုန်းထူးတို့ ရှိတယ်။ 

လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်း
Yes I Do Wedding Studio ဆိုင်ကို ၂ဝဝ၅ ခုနှစ်ကတည်းက ဖွင့်ခဲ့တာ ခုဆိုရင် ၁၈နှစ် ရှိပါပြီ။ 

လုပ်ငန်းအစ
ဝတ်စုံတွေကို အဲဒီခေတ်တုန်းကတော့ ထိုင်ဝမ်မှာသွားဝယ်တာများတယ်။ အခုနောက်ပိုင်းကျတော့ ခေတ်ကတိုးတက်ပြောင်းလဲလာတဲ့အခါ ထိုင်ဝမ်စက်ရုံတွေက တရုတ်ပြည်ဘက်တို့၊ ဟောင် ကောင်ဘက်တို့မှာ စက်ရုံသွားထောင်ထားကြတာ ရှိတယ်။ အဲဒီအခါကျတော့ အထည်များများ ယူချင်တယ်၊ စက်ရုံဈေးနဲ့လည်း ရချင်တယ်ဆိုတော့ ထိုင်ဝမ်ကနေ ဟောင်ကောင်တို့၊ တရုတ်ပြည်တို့ အထိကို လေ့လာပြီးသွားဝယ်တယ်။ အထူးသဖြင့် သူများနိုင်ငံမှာ ဘယ်လိုမျိုးလေးတွေ ခေတ်စားနေတယ်၊ ဘယ်လိုတွေလုပ်နေတယ်ဆိုတာ လေ့လာတယ်။ ပြီးတော့ သူတို့နိုင်ငံက ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လေ့လာဖို့ ဝယ်လာတယ်။ လုပ်ငန်းကိုစတင်မလုပ်ကိုင်ခင်မှာ လုပ်ငန်းနဲ့ ပတ်သက်တဲ့စာအုပ်တွေကို ဝယ်ဖတ်တယ်။ အဲဒီအချိန်က Internet တွေ ခုချိန်လောက် မတွင်ကျယ်သေးတော့ နိုင်ငံခြားထွက်ရင် အလုပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေ ဝယ်ပြီးလေ့လာတယ်။ သူများနိုင်ငံမှာ ဘာတွေခေတ်စားနေပြီ၊ သူတို့ရဲ့ Culture တွေ ဘယ်လိုဆိုတာ လေ့လာပြီး ကိုယ့်နိုင်ငံရဲ့ Culture နဲ့ လိုက်တာတွေကို ပြန်ဆွဲယူသုံးပြီး Upgrade လုပ်ပါတယ်။ လက်တွေ့ပိုင်းကတော့ အလုပ်လုပ်ရင်းနဲ့ အလုပ်ကပဲ တဖြည်းဖြည်း သင်ပေးသွားပါတယ်။ ဝတ်စုံတွေဝယ်တဲ့အခါ တချို့ဝတ်စုံတွေက ဆိုင်တွေအများကြီးကနေ ရွေးတာရှိတယ်။ တချို့နောက်ပိုင်းကျတော့ Supplier ဖြစ်သွားတဲ့အခါ စက်ရုံက Direct ထုတ်ပြီး ကိုယ်ကြိုက်တဲ့ ဒီဇိုင်းတွေပေးပြီး သူတို့ကို ချုပ်ခိုင်းတာတွေရှိတယ်။ ပြီးတော့ သူတို့ဆီမှာရှိတဲ့ဒီဇိုင်းတွေထဲက လှတာတွေကို ပြန်ဝယ်တာတွေ ရှိတယ်။

ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းအပေါ်ထားတဲ့ ခံယူချက်၊ ရပ်တည်ချက်
ကိုယ်လုပ်တဲ့လုပ်ငန်းက တစ်သက်မှာ တစ်ခါဆောင်တဲ့ မင်္ဂလာလုပ်ငန်းဖြစ်တဲ့အတွက် တာဝန်ကြီးတယ်။ အဲ့အတွက် မင်္ဂလာမောင်နှံတွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးဖို့လိုအပ်တယ်လို့ စိတ်ထဲမှာ အမြဲခံယူထားပါတယ်။

ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများ
အလုပ်တစ်ခုစရင်တော့ အခက်အခဲတွေ ရှိတာပေါ့။ အတိုက်အခံတွေလည်း ရှိတယ်။ အဲဒါတွေကို အစ်မအမျိုးသားနဲ့ နှစ်ယောက်တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ စိတ်ရှည်၊ လက်ရှည်နဲ့ ဖြေရှင်းပြီးတော့ လုပ်သွားတယ်။ အခက်အခဲကတော့ တစ်နှစ်နဲ့ တစ်နှစ်မတူဘူး။ ဝန်ထမ်းပိုင်းနဲ့ ပတ်သက်ရင် တချို့ဝန်ထမ်းတွေက Experience မရှိဘူး။ အဲဒါကိုသင်ပေးတယ်။ သင်လို့တတ်သွားရင် ခုန်သွားတာမျိုးတွေ ရှိတယ်။ အရင်တုန်းကတော့ Competitor တွေ သိပ်မရှိဘူး၊ အခုနောက်
ပိုင်းကျတော့ များလာတယ်၊ ဈေးကွက်တွေ ပြောင်းလဲလာတော့ အဲဒီအပိုင်းတွေမှာ အခက်အခဲလေးတွေ ရှိလာတယ်။ ကိုယ့်ဘက်ကတော့ တခြား  Competitor နဲ့ ယှဉ်ရင် ကိုယ့်ဆိုင်ကို ရွေးချယ်တဲ့ Customer တွေအတွက် သူများတွေနဲ့ မတူတဲ့ Service အပိုင်းတွေ အကောင်းဆုံးလုပ်ပေးပါတယ်။

ဝန်ထမ်းအုပ်ချုပ်မှုအပိုင်း
ကိုယ့်ဝန်ထမ်းတွေကို မိသားစုလိုပဲ အုပ်ချုပ်ပါတယ်။ သူတို့အခက်အခဲရှိရင် အတတ်နိုင်ဆုံးဖြေရှင်းပေးတယ်။ ကိုယ့်ဆိုင်မှာ အလုပ်လုပ်တယ်ဆိုရင် သူတို့စိတ်ပျော်ရွှင်မှ ကိုယ့်ဆီမှာ လုပ်နိုင်မယ်၊ အလုပ်ထဲမှာ စိတ်ဝင်စားနိုင်မယ်။ အဲဒီအခါကျမှ Customer တွေနဲ့ စကားပြောတဲ့အခါမှာ အဆင်ပြေမယ်။ ကိုယ့်လုပ်ငန်းက Service ပေးတဲ့အပိုင်းဆိုတော့ Customer Service အရမ်းအရေးကြီးတယ်။ အဲဒီအတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ထားတဲ့အပိုင်း၊ ဆက်ဆံရေးအပိုင်းတွေ Manage လုပ်တယ်။ ပြဿနာတစ်ခုခုဖြစ်လာရင် ချက်ချင်းဖြေရှင်းရမယ်။ Customer ပေါ်မှာလည်း Response ပေးတာ မြန်အောင် သင်ပေးပါတယ်။

Yes I Do အောင်မြင်ဖို့ 
လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် အခက်အခဲ၊ အတိုက်အခံတွေကို အများကြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ အဲဒီအခက်အခဲတွေကို ကြံ့ကြံ့ခံပြီး တစ်ခုပြီးတစ်ခု ဖြေရှင်းလိုက်၊ ဖြတ်ကျော်လိုက်နဲ့ အခု Yes I Do Wedding Studio ကြီးဟာ ဆယ်စုနှစ်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အခုထိလည်း လုပ်ငန်းကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့နဲ့ ဒီထက်တိုးတက်အောင်မြင်ဖို့ ကြိုးစားနေပါတယ်။ အရင်တုန်းကဆိုရင်တော့ နိုင်ငံခြားထွက်တဲ့အခါ လုပ်ငန်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ Catalogue တွေ ဝယ်လာတယ်။ တဖြည်းဖြည်းနဲ့ အင်တာနက်ခေတ်စားလာတော့ အင်တာနက်ပေါ်မှာ တက်ကြည့်တယ်။ အဝတ်အစားတွေ၊ ဖက်ရှင်တွေ တက်လေ့လာတယ်။ နောက်ပိုင်း Social Media ခေတ်စားလာတော့ Social Media ပေါ်မှာ ဆိုင်နဲ့ပတ်သက်ပြီး ကြော်ငြာတာတို့၊ အဲဒီကနေ Customer တွေ စုတာမျိုးတို့၊ နိုင်ငံခြားထွက်ပြီး ဖက်ရှင်ပိုင်းနဲ့ပတ်သက်တာ၊ ဓာတ်ပုံပိုင်းနဲ့ပတ်သက်တာတွေ ဘယ်လိုမျိုးခေတ်စားနေပြီလဲဆိုတာ လေ့လာတာတို့ လုပ်ပါတယ်။

ဝန်ဆောင်မှုအပိုင်း
ကိုယ်တိုင်ဝန်ဆောင်မှု ပေးတာရှိသလို ကိုယ်တိုင်မရှိတဲ့အခါမှာလည်း ဆိုင်ကဝန်ထမ်းတွေကို အမြဲတမ်းပြောထားတာတစ်ခုက ဒီအလုပ်က  တခြားအလုပ်တွေနဲ့မတူဘူး။ အထူးသဖြင့် ကိုယ့်ရဲ့Customer တွေက မင်္ဂလာကိစ္စဆိုတာ တခြားကိစ္စတွေထက်ပိုပြီး Serious ဖြစ်တဲ့အချိန်ဆိုတော့ ဧည့်သည်ကို စိတ်တိုင်းကျအောင်၊ စိတ်ကျေနပ်အောင်၊ သူတို့လိုချင်တာကို ညွှန်ပြပေးနိုင်အောင် အမြဲပြောပြပါတယ်။

လုပ်ငန်းနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ အကောင်းဆုံး ကြိုးစားမှု၊ ပြင်ဆင်မှုအပိုင်းများ
အရင်ဆုံး အလုပ်သဘောတရားကို နားလည်အောင် လေ့လာတယ်။ သင်ယူတယ်။ အလုပ်အကြောင်းသိသွားပြီဆိုရင် ဒီအလုပ်ကို ဘယ်လို Stable ဖြစ်အောင် လုပ်မလဲ၊ နောက်တစ်ဆင့်ကို ဘယ်လို Improve ဖြစ်အောင်လုပ်မလဲဆိုတာ စဉ်းစားပါတယ်။ Problem တွေ ရှိရင်လည်း သူ့ရဲ့ အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းပါတယ်။

Yes I Do ရဲ့ ခြေလှမ်းသစ်
အခုလောလောဆယ်မှာတော့ Wedding Service တွေလုပ်တယ်။ ဝတ်စုံတွေငှားတယ်၊ Pre Wedding Photo တွေရိုက်တယ်၊ Documentary Photo တွေ၊ Video တွေ ရိုက်တယ်။ Indoor ရိုက်ချင်တဲ့သူတွေဆို Indoor၊ Outdoor ရိုက်ချင်တဲ့သူဆို Outdoor၊ အခုနောက်ပိုင်းကျတော့ အလုပ်တစ်ဖက်နဲ့ အချိန်မရတဲ့သူတွေအတွက် One Stop Service အနေနဲ့ မိတ်ကပ်တွေ၊ Decoration တွေအနေနဲ့ အကုန်လုံးစီစဉ်ပြီး ရိုက်ကူးပေးနေပါတယ်။

ကိုယ်တိုင်လက်ကိုင်ထားပြီး ကျင့်သုံးနေတဲ့ ဆောင်ပုဒ်
Trust Me “You can make it”။ အဲဒါလေးက ဆောင်ပုဒ်ရယ်လို့တော့ မဟုတ်ဘူး။ ထိုင်ဝမ်သွားတဲ့အချိန်မှာ ကုမ္ပဏီတစ်ခုက ကြော်ငြာတဲ့ တစ်ခု။ သူတို့နိုင်ငံမှာတော့ Diet လုပ်တဲ့ မိန်း ကလေးတွေအတွက် အားပေးတဲ့ စကားလေး။ အဲဒါလေးက လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က တွေ့ခဲ့ တာ။ အဲဒါလေးက အခုထိ ဦးနှောက်ထဲမှာ စွဲနေတာ။ ကိုယ့်ကိုယ်ကိုယ် စိတ်အားငယ်တဲ့အခါ၊ အခက်အခဲရှိတဲ့အခါတွေမှာ အဲဒီဆောင်ပုဒ်လေးကို ပြန်ပြန်သတိရတယ်။ ငါလုပ်နိုင်တယ်၊ ကြိုး စားမယ်ဆိုတဲ့ စိတ်လေးပေါ့။

ကိုယ်တိုင်ခံယူထားတဲ့ အလုပ်လုပ်နေတဲ့ လူတစ်ယောက်မှာ အရေးကြီးဆုံးအချက်၊ စံထားရတဲ့ အချက်
ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ တာဝန်ယူစိတ်ရှိရမယ်၊ စိတ်ဝင်စားမှုရှိရမယ်၊ ကြိုးစားအားထုတ်မှုရှိရမယ်၊ အလုပ်အပေါ် စေတနာထားရမယ်၊ ကိုယ့်အလုပ်ကို ချစ်မြတ်နိုးရမယ်ဆိုတဲ့ အချက်တွေပါ။ အဲဒီလိုမျိုး စိတ်ထားပြီးလုပ်ရင် အလုပ်ထဲမှာလည်း တဖြည်းဖြည်းစိတ်ပျော်လာပြီး အလုပ်ပေါ်မှာ ချစ်တဲ့စိတ်ပေါ်လာမယ်လို့ ခံယူ ထားပါတယ်။ အောင်မြင်ချင်တဲ့လူငယ်လေးတွေကိုလည်း အဲဒီလိုမျိုးပဲ ပြောချင်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်မယ့် လူငယ်တွေအတွက် အကြံပေးစကား
အလုပ်တစ်ခုကိုစလုပ်မယ်ဆိုရင် သေချာဆုံးဖြတ်ပါ။ ဒီအလုပ်တစ်ခုက သူများလုပ်နေလို့၊ ခေတ်စားနေလို့ လုပ်ချင်တာလား၊ ကိုယ်တကယ်ဝါသနာပါလို့လုပ်ချင်တာလား၊ စိတ်ဝင်စားလား အဲဒါကို သေချာစဉ်းစားဆုံးဖြတ်ပါ။ ကိုယ် တကယ်
ဝါသနာပါတဲ့အလုပ်ဆိုရင် အလုပ်ထဲသေချာစိတ်ဝင်ပြီး နှစ်ပြီးလုပ်တဲ့အခါ ဆန်းသစ်တီထွင်နိုင်တဲ့အပိုင်းတွေရှိရင်လည်း ပိုပြီးဆန်းသစ်တီထွင်နိုင်တယ်။ ကိုယ်တကယ် ဝါသနာပါတဲ့အတွက်ကြောင့် တစ်ခုခုအခက်အခဲကြုံရမယ်ဆို ကိုယ်ဖြေရှင်းရဲတယ်။ အလုပ်လုပ်တဲ့အခါမှာ အလုပ်ရယ်လို့မသတ်မှတ်ဘဲ အလုပ်အပေါ်မှာ တာဝန် ယူတဲ့စိတ်နဲ့ လုပ်စေချင်ပါတယ်။