Primary tabs

Cobra ရဲ့ ပျော်ရွှင်ခြင်းကမ္ဘာငယ်

အခုဆိုရင် အဆိုတော် Cobra နဲ့ ခင်မဉ္ဇူခိုင် (ခ) မြလေးတို့ရဲ့အိမ်ထောင်သက်တမ်း ၉ နှစ်ကျော်ပါပြီ။ စစ်မှန်သော ချစ်ခြင်းမေတ္တာနဲ့ ရွှေလက်မြဲမြဲတွဲလို့ ချစ်စရာ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲက ပျော်ရွှင်ကြည်နူးစရာပုံရိပ်လေးများကို အမှတ်တရတင်ဆက်လိုက်ပါတယ်။

မြလေး - သမီးအကြီးလေးနာမည်က မှူးမြတ်သခင်ပါ။ အိမ်မှာတော့ ကာရာ လို့ခေါ်တယ်။ အသက် ၄ နှစ် ၂ လရှိပါပြီ။ အငယ်လေးက ၆ လပြည့်တော့မယ်။ နာမည်က မှူးမြတ်ယသော်၊ အိမ်နာမည်က နိုရာပါ။ ကလေးနှစ်ယောက်လုံးကတော့ အမေ၊ အဖေကိုပဲ ကပ်တယ်။ တခြား ဘယ်သူ့လက်မှ မလိုက်ဘူး။

အခုကြီးလာတော့ သမီးကြီးလေးက အရမ်းလိမ္မာတယ်။ သမီးလည်းဖြစ်တော့ အရမ်းအားကိုးရတယ်။ အိမ်မှာ သူ့အဖေခရီးသွားနေတဲ့အချိန်မျိုးဆို ကိုယ်တစ်ယောက်တည်း ကလေးအငယ်နဲ့ အိမ်အလုပ်ကိစ္စနဲ့မနိုင်ဘူးဆိုရင် ကလေးကြည့်ခိုင်းထားလည်းရတယ်။ ကလေးချော့ခိုင်းထား လည်းရတယ်။ ပစ္စည်းတွေ ဘာတွေယူဆိုလည်း အကုန်လုံးဝိုင်းလုပ်ပေးတယ်။

အငယ်လေးကတော့ နည်းနည်းဂျစ်တယ်။ ကြီးလာရင်တော့ ဘယ်လိုလာမလဲမသိဘူး။ အခုတော့ အမေကိုအရမ်းကပ်။ ကျန်တဲ့သူဆို အချီမခံ။ အာပြဲစိန် တစ်ချိန်လုံးရစ်နေတာပေါ့နော်။

Cobra - ကလေးထိန်းတာကတော့ အဖေရော အမေရော တစ်ယောက်တစ်လှည့်စီ အားတဲ့သူလုပ်ကြတာပေါ့နော်။ မြလေးဟင်းချက်နေတဲ့ အချိန်ဆို ကျွန်တော် ကလေးထိန်းတယ်။ ကျွန်တော်အပြင်သွားရင် မြလေး ကလေးထိန်းတယ်။ သူအငယ်ကိုထိန်းနေချိန် သမီးကိုရေချိုးပေးလိုက်ဆို ကျွန်တော်ချိုးပေးတယ်။ အဲလိုရေချိုး သွားတိုက် ကျောင်းပို့တာကအစ တစ်ယောက်တစ်လှည့် အားတဲ့သူလုပ်ပေးတယ်။ ဘယ်သူ ဘာလုပ်ရယ်လို့ မခွဲထားဘူး။ အဓိကကတော့ အငယ်လေးကို ထိန်းတဲ့အချိန်ပဲ (ရယ်လျက်) အိမ်အလုပ်တွေ သူလုပ်လိုက်မယ် ငါလုပ်လိုက်မယ် လုလုပ်ကြတာပေါ့။ ကလေးက သူနဲ့ကျတော့ ပိုအဆင်ပြေတာပေါ့နော်။ ကျွန်တော့်ပေါ်ကျတော့ တောက်လျှောက် ကြာကြာမနေဘူး။ 

မြလေး - အငယ်က အခု အမေနို့ပဲ စို့သေးတာ ဆိုတော့လေ။ ကလေးငိုလို့ရှိရင်လည်း သူ့အဖေက ခဏချီထားပေးလို့ပဲရတာ။ ကလေးက နို့စို့ပြီး မှိန်းပြီး အိပ်ချင်တာမျိုးဖြစ်ရင် အရမ်းဂျစ်ပြီး ငိုတဲ့အခါကျတော့ အငယ်ကိုတော့ သူထိန်းလို့မရဘူး။ အကြီးလေး ကိစ္စကျတော့ သူအကုန်လုပ်တယ်။ အခုကျတော့ ကိုယ်က အငယ်ကိုပိုပြီး တာဝန်ယူဖြစ် သွားတာပေါ့နော်။ နံနက်ပိုင်း သမီးအကြီးလေးကို ကျောင်းပို့ချိန်ဆို အငယ်လေးက မနိုးသေးဘူးဆိုတော့ နံနက်စာကျွေးပြီး မြလေးကျောင်းလိုက်ပို့တယ်။ နေ့လယ်စာကို ကျောင်းကကျွေးတယ်။ ကလေးနိုးသွား ပြီဆိုရင် သူ့အဖေလိုက်ပို့တယ်။ ကျောင်းက နေ့တစ်ဝက်ဆိုတော့ ၁၂ ခွဲဆို ပြန်ဆင်းချိန်ဆို သူ့အဖေ သွားပြန်ကြိုတယ်။

People - နောက်ထပ်ကလေးလေးထပ်လိုချင်သေးလားဆိုတော့...
မြလေး - တော်ပြီ.... တော်ပြီ (နှစ်ယောက်လုံး ရယ်လျက်) 

Cober - လိုတော့လိုချင်တယ်။ ဒါပေမဲ့ ထိန်းရတာ နည်းနည်း ကသီတာပေါ့နော်။ သူတို့ကြီးသွားရင်လည်း ကလေးသေးသေးလေးက ထပ်လိုချင်ဦးမှာပဲ။

မြလေး - သမီးက ကလေးသေးသေးလေး လိုချင်သေးလား မောင်လေးလို့မေးရင် သူကတော့ လိုချင်တယ်လို့ပြောတာပဲ။ ကိုယ်ကတော့ သမီးအကြီး လေးကတည်းက ထိန်းရတာ အဖေနဲ့အမေပဲ တခြားဘယ်သူ့လက်မှမလိုက်ဘူးဆိုတော့ တစ်ယောက်နဲ့တင် တော်တော်မှတ်နေပြီ။ မယူချင်တော့ဘူးဆိုပေမဲ့ သူတစ်ယောက်တည်း အဖော်မရှိဘူးဆိုတော့ နောက်တစ်ယောက် ယူပေးချင်တယ်ဆိုတဲ့ စိတ်နဲ့သာ ယူလိုက်တာပေါ့နော်။ အခုနောက်ထပ်တော့ တော်ပြီ (ရယ်လျက်)။

ကာရာက ညီမလေးကိုချစ်တယ်။ ကာရာလေးငိုရင် သီချင်းဆိုပြီး ချော့တယ်။ "နိုရာလေးရယ် အိပ်ပါကွယ်"

Photo - Ko Naing (Escape Photo Studio)
MUA - Shane (Gucci Aung)