Primary tabs

ချမ်းချမ်း ပိုလှလာတဲ့ လျှို့ဝှက်ချက်

ချမ်းချမ်းခံယူထားတဲ့ ကျန်းမာရေးဆိုတာ...
ကျန်းမာတယ်ဆိုတာ ကိုယ်ခန္ဓာမှာ အရမ်း ကြီးကို အချိုးအစားလှပနေမှမဟုတ်ဘူး။ အဓိက က မနက်တိုင်း လမ်းလျှောက်ပေးမယ်။ ပြေးစရာရှိ ပြေးမယ်။ အေရိုးဗစ်တို့ ယောဂတို့ လေ့ကျင့်ရင်လည်းလေ့ကျင့်မယ်။ 
ကိုယ့်ပုံမှန် ထသွားထလာမှာ ခေါင်းမူးနေတာတွေ သွေးတိုးနေတာတွေ တစ်နေ့လုံးမှာ ဖြစ်နေတဲ့ ညောင်းညာကိုက်ခဲတာတွေ... ဒါတွေမရှိဘူး ဆိုရင် စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုရင် ဒါဟာကျန်းမာတဲ့ ခန္ဓာကိုယ်ပေါ့နော်။ 


Fitness
အိမ်မှာ မိဘတွေကစပြီး မိသားစုလိုက်က အားကစားနဲ့မကင်းဘူး ပြောရမှာပေါ့နော်။ ချမ်းချမ်းအမေက အရင်တုန်းက သံလုံးပစ်အားကစားမယ်ပေါ့နော်။ အဖေဆိုရင်လည်း အားကစားအရမ်း ဝါသနာပါတယ်။ ဗလမောင် မဖြစ်ရုံတမယ်ပဲ။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တယ်ဆိုတော့ အိမ်မှာငယ်ငယ်ကတည်းက Fitness Centre တွေနဲ့က မကင်းကွာဘူး။ 

ချမ်းချမ်းလေး၊ ငါးတန်းအရွယ်ကတည်းက အမေနဲ့ အလေးမလေ့ကျင့်ခန်းလိုက်လုပ်တယ်။ တစ်နေ့ကို တစ်နာရီ၊ တစ်နာရီခွဲ အမြဲတမ်း ဆော့ဖြစ်တယ်။ ဆယ်တန်းအရွယ်ရောက်တော့ ယောဂလေ့ကျင့်ခန်း စလုပ်ဖြစ်ခဲ့တယ်။ အခုသမီးလေးမွေးတော့ ဗိုက်ခွဲပြီးကတည်းက အလေးအပင် တအား မ မနိုင်ဘူး။ အဲဒီအတွက် ခြောက်လတစ်နှစ်လောက်ကို ယောဂကျင့်ပြီး ကိုယ့်ကိုယ်ကို ပြန် Train တယ်။ အေရိုးဗစ်ကျင့်တယ်။ အခုက လေးနှစ်လောက်ရှိပြီဆိုတော့ အိမ်မှာပဲ Gym စက်တွေဝယ် ပြီး ဆော့ဖြစ်တယ်။ 

အရမ်းကြီး ကျစ်လျစ်သန်မာနေတဲ့အထိ မဆော့နိုင်ပေမဲ့ အဝတ်အစားဝတ်ရင် ချပ်ချပ်လေးဖြစ်ချင်တယ်။ အသားအရေ ဆံပင်တွေ ကျန်းမာလာအောင်၊ မျက်နှာ အရေးအကြောင်းတွေ သက်သာလာအောင် ကိုယ်လက်လှုပ်ရှားမှုနဲ့ အစားအသောက်က ဆင်ခြင်ပေးရတယ်။ ပျိုပျိုအိုအို ဘယ်သူမဆိုပေါ့နော် အဲလိုနေ့တိုင်းထိန်းသိမ်းပေးခြင်းအားဖြင့် ကိုယ်လည်း နေလို့ထိုင်လို့ကောင်းတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ကိုယ့်ကိုမြင်ရင် စိတ်ချမ်းသာတာပေါ့နော်။ အဲလိုသဟဇာတလေး ဖြစ်ချင်ပါတယ်။

Target
ချမ်းချမ်းတို့မိန်းကလေးတွေ အသက်သုံးဆယ်လောက်ရောက်လာပြီဆိုရင် အဓိက အဆီစစုတာ ခါးပေါ့နော်။ မိန်းကလေးတော်တော်များများ မှားနေကြတာက ဒီခါးလေးပဲသွယ်ပြီး တင်လေးကားချင်တယ်။ ရင်လေးချီချင်တယ်။ အဲဒီခါးတစ်ခုရဖို့ကိုပဲ အရင်ဆော့ကြည့်ဦး တအားပင်ပန်းတယ်။ ပြီးတော့ ခါးသေးရုံတင်မကဘူး ဘေးတိုက်လှည့်လိုက်တဲ့အခါကျရင် ခန္ဓာကိုယ်ကောက်ကြောင်းဆိုတာ ရှိတယ်။ ကျောလေးက ကော့ကော့လေးဖြစ်နေမှ တင်ပါးထွက်တဲ့နေရာလှမယ်။ ဘယ်လောက်ပဲ ခန္ဓာကိုယ်လှလှ လက်ပြင်ကုန်းနေမယ်ဆိုရင်လည်း ကြည့်ရဆိုးတယ်။ ဘယ်လိုမှ မလှဘူး။ ဘရာလိုင်းမှာ အထစ်ထစ်တွေ ဖြစ်နေမယ်ဆိုရင်လည်း ဘယ်လိုမှကြည့်လို့မလှဘူး။ တော်တော်များများက ကျောကိုမဆော့ကြဘူး။ 

အဲဒါကြောင့် ခါးချည်းပဲသီးသန့် မဟုတ်ဘဲ အနည်းဆုံးတော့ အပေါ်လေးမျိုး အောက်လေးမျိုး ခါးလေးမျိုး အားလုံး ၁၂ မျိုးတော့ သေချာဆော့ စေချင်ပါတယ်။

လက်ရှိမှာ ချမ်းချမ်းရဲ့ Target က ခါး ၂၆ ရှိရမယ်။ အခု ၂၆ ခွဲဆိုတော့ လက်မဝက်လောက် လိုသေးတယ်။ အဲဒီ Target ပြည့်သွားပြီဆို ကျေနပ်သွားပြီ။ အဲဒါကိုပဲဆက်ပြီး ထိန်းသွားမယ်ပေါ့နော်။ အဲလိုမျိုးတော့ ကိုယ့်ကိုယ်ကို Target လေးတော့ထားထားပါတယ်။

အစားအသောက်
အဆီအဆိမ့်သိပ်မစားဘူး။ အသံအတွက်လည်းပါတယ်။ ရေခဲရေသိပ်မသောက်ဘူး။ အေးတာတွေရှောင်တယ်။ လက်ဖက်ရည်၊ ကော်ဖီ မသောက်ဘူး။ အချိုရည်ရှောင်တယ်။ အကယ်၍ ခရီးသွားလို့ မတတ်သာဘူးဆိုမှ တစ်ခါတလေသောက်တယ်။ ပုံမှန်အားဖြင့် သံပုရာရည်လိုမျိုး အိမ်မှာကိုယ့်ဘာသာဖျော်သောက်တယ်။ ဂလူးကို့စ်ဖျော်သောက်တယ်။ နွေရာသီဆို ချွေးတအားထွက်ရင် ဓာတ်ဆားအားဖြည့်တာလေးတွေ လုပ်ပါတယ်။

အသီးအရွက်ဆိုရင် များသောအားဖြင့် ရေနွေးလေးဖျောပြီးစားတယ်။ တစ်ခါတလေ သေချာ ရေစင်အောင်ဆေးပြီး အစိမ်းစားတယ်။ အရွက်သုပ်ဆိုရင် ဆီ၊ ပဲမှုန့်၊ မြေပဲဆံ မထည့်ဘူး။ ဆား၊ ဟင်းခပ်မှုန့်၊ ငရုတ်သီး၊ ကြက်သွန်၊ သံပုရာသီး ညှစ်ထည့်ပြီး အရိုင်းသုပ်လေး သုပ်စားတယ်။ နောက်ပြီး အာလူးပြုတ်၊ ကန်စွန်းဥပြုတ် စားတယ်။ မုန်လာဥတို့ ကညွတ်တို့လို အမျှင်ဓာတ်ပါတာတွေ  ရွေးစားတယ်။ 

ညစာကို ၆ နာရီနောက်ပိုင်းဆို မစားဘူး။ Dinner ပွဲတက်တဲ့အခါမျိုးကျတော့လည်း အဆင်ပြေအောင် အသီးပွဲလေးစားတယ်။ အဆီမပါတဲ့ဟင်းရည်သောက်တယ်။ အရွက်သုပ်လေး ရှိရင်စားတယ်ပေါ့။

အသားအရေနဲ့ဆံပင်ထိန်းသိမ်းမှု
လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခါနီးကျရင် အုန်းဆီအစစ် (သံလွင်ဆီလည်းရတယ်)ကို လိမ်းပြီး နှိပ်နယ်ပေးတယ်။ ပြီးရင် ဆားကြမ်းနဲ့ ပွတ်ပေးတယ်။ အဲဒါက ညောင်းညာမှုတွေနဲ့ အပူတွေ ထွက်သွားစေတယ်။ ခန္ဓာကိုယ်ကို နူးညံ့နွေးထွေးပြီး သားအရေကို ကောင်းမွန်စေတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ လုပ်ဖြစ်တယ်။ ဆံပင်ဆိုရင်လည်း ညဘက်ကို အုန်းဆီ သို့ သံလွင်ဆီလေးနဲ့ပေါင်းပေးပြီး နံနက်ကျရင် ရေနွေးနွေးလေးနဲ့ ပြန်လျှော်ပေးတယ်။ 

အကျိုးကျေးဇူး
လူတွေက တစ်နေကုန် Stress ရှိတယ်လေ။ နံနက်မိုးလင်းတာနဲ့ စတွေးပြီ။ စားမယ် သောက်မယ် အလုပ်သွားကြမယ်။ အဲလိုတစ်နေကုန် အလုပ်မလုပ်ခင် ကိုယ့်ကိုယ်ကို နေလို့ကောင်းအောင်လို့ သွေးပူလေ့ကျင့်ခန်း လှုပ်ရှားပေးသင့်တယ်။ အထူးသဖြင့် ကွန်ပျူတာရှေ့မှာတစ်နေကုန် ထိုင်နေရတဲ့အခါ လှုပ်ရှားမှုမရှိတော့ အဆီစုတာတွေ ခေါင်းမူးခေါင်းကိုက်တွေ အဲဒါတွေဖြစ်မှာကို ကြောက်တယ်။

အဲဒါကြောင့်မို့ တစ်နေ့ကို အနည်းဆုံး နာရီဝက်ဖြစ်ဖြစ်တော့ လမ်းလျှောက်စက်ပေါ်မှာပဲ ဖြစ်ဖြစ် စက်ဘီးစက်ပေါ်မှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းယူ၊ ဗိုက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီးတော့မှ နေ့စဉ် အပြင်ထွက်လေ့ရှိပါတယ်။ နယ်ခရီးရောက်နေချိန်ဆိုလည်း အိပ်ထမတင် အမြဲလုပ်တယ်။ ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှု ကောင်းလေလေ ကိုယ်လုပ်ငန်းမှာလည်း ပိုပျော်ရွှင်တယ်။ Active ဖြစ်တာပေါ့နော်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရလာတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်ကတော့ အမြဲတစ်ပန်းသာနေ တာပါပဲ။

ခံယူချက်
ချမ်းချမ်းကြောင့် သူများအကျိုးမယုတ်ရဘူး။ ကိုယ့်ကို တဒင်္ဂမြင်လိုက်တဲ့ လူတစ်ယောက်ကစိတ်ချမ်းသာရမယ်။ အဲဒါကြောင့် ချမ်းချမ်းရဲ့ ဆောင်ပုဒ်က Always Smile ပဲ။ အပြုံးက ဘယ်လောက်ပဲ စိတ်ညစ်နေတဲ့သူကိုပဲဖြစ်ဖြစ် ကူးစက်တယ်။ ကိုယ်ပြုံးပြလို့ ကိုယ့်ကိုပြန်မပြုံးပြနိုင်ရင် တောင် သူ့စိတ်ထဲမှာ ကိုယ့်အပေါ် နွေးနွေးထွေးထွေးဆက်ဆံနိုင်တယ်။ ဘယ်သူ့ကို မဆို ပြုံးပြတယ်။ အပြုံးက ကိုယ့်ကို နုစေတယ်။ စိတ်ကိုလည်း အမြဲတမ်း Motivate ပြန်လုပ်သလိုပဲ။ 

ပြီးတော့ ချမ်းချမ်းလေ့ကျင့်ခန်းလုပ်တဲ့အခါတိုင်းမှာလည်း အမြဲတမ်းသူများတွေကို ဖိတ်ခေါ်တယ်။ တစ်ခုခုလုပ်တဲ့အခါ Sharing လုပ်တာ ကောင်းတယ်။ ကိုယ်သိတာလည်း တခြားတစ်ယောက်က ရတယ်။ ကိုယ်မသိသေးတာလည်း တခြားတစ်ယောက်ဆီက ရတယ်။ လျှို့ဝှက်ပြီး မနေဘူး။ ချမ်းချမ်းက သူငယ်ချင်း မိတ်ဆွေဖြစ်လွယ်တယ်။ မိသားစုလိုပဲ ချစ်တယ်။ ပွင့်ပွင့်လင်းလင်း နွေးနွေးထွေးထွေး ဆက်ဆံတယ်။ မိတ်ဆွေ သူငယ်ချင်းကောင်းတွေရဲ့ ဆက်ဆံရေးကလည်း ကိုယ့်အတွက် အားပါပဲ။

ချမ်းချမ်းက ဘာသာတရားကိုယုံတယ်။ ဘယ်ဘာသာဝင်မဆို ကိုယ့်ဘာသာတရားကို ယုံကြည်ကိုင်းရှိုင်းမှုနဲ့ ဘာသာတရားကို စိတ်ထဲမှာ အခြေခံထားလို့ရှိရင် အဲဒီလူက တအားအေးချမ်းပါတယ်။ စိတ်ထားအေးချမ်းသွားရင်လည်း ခန္ဓာကိုယ်က ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။

စကားလက်ဆောင်
ပရိသတ်တွေကို ပြောချင်တာကတော့ အခုက အရမ်းလတ်ဆတ်တဲ့ အစားအသောက်တွေ ဆိုတာကလည်း သိပ်မရှိတော့ဘူးဆိုတော့လေ ဘာပဲစားစား သတိလေးနဲ့စား၊ သတိလေးနဲ့သွား၊ သတိလေးနဲ့လုပ်မယ်ဆိုရင်တော့ သတိရှိနေတာ အကျိုးမယုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်အတွက် ကောင်းမယ့် အစားသောက်လေးတွေ၊ ဖြစ်စဉ်လေးတွေပဲ လက်ခံမယ်ဆိုရင်တော့ အသက်လည်းရှည်မယ်။ အနာလည်း မဲ့မယ်။ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ကောင်းပါတယ်။

ပြီးတော့ မိတ်ဆွေ သူငယ်ချင်း များများထားပါ။ အထီးကျန်ဆန်စွာနေပြီး စိတ်ဓာတ်မကျပါနဲ့။ ဘဝဆိုတာတိုတိုလေးပါ။ ဖြစ်ပြီး ပျက်ပြီးသွားရင် အသစ်က အမြဲရှိနေတာပဲ။ ကိုယ့်ကိုယ်ကို အမြဲတမ်းအားပေးပါ။ Motivate လုပ်ပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကို ချစ်ပါ။

Makeup & Hair - Hello (Ma Khaing,Ma Cho)
Dress - Shayi
Bag - J Handmade
Venue - Real Fitness (Sedona Hotel)
Photo - Aung Ye Lin (Shane Photography)