Primary tabs

Neon Dreams နဲ့ ဘန်နီဖြိုး အိပ်မက်

“အရင်တုန်းကရေးခဲ့တဲ့ သီချင်းပုံစံဆိုတာလည်း အဲဒီတုန်းက စိတ်ခံစားချက်၊ အဲဒီအချိန်တုန်းက သိနားလည်ထားတဲ့ အရာလေးတွေနဲ့ ကြိုးစားပြီးတော့ လုပ်ခဲ့တယ်။ အခုလုပ်နေတဲ့ သီချင်းတွေဆိုရင်လည်း အခုလက်ရှိစိတ်ခံစားချက်၊ အခုလုပ်ချင်တဲ့ Music ပုံစံတွေ၊ ကလိချင်တယ်၊ ထွင်ချင်တယ်ဆိုတဲ့ဟာတွေနဲ့ တစ်ခွေနဲ့တစ်ခွေ ပြောင်းနေတာပါပဲ”ဆိုတဲ့ လက်ရှိမှာ စတုတ္ထမြောက်တေးအယ်ဘမ် “Neon Dreams”  ပရိသတ်တွေလက်ထဲရောက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ တေးသံရှင် ဘန်နီဖြိုးရဲ့ သီချင်းတွေအကြောင်း၊ စိတ်ခံစားချက်တွေအကြောင်း၊ ကံတရားတွေအကြောင်း၊ လှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့တာတွေကတော့…

လက်ရှိလုပ်နေတဲ့ စီးရီးနဲ့ သီချင်းတွေ အကြောင်း 
လက်ရှိမှာ ကျွန်တော့်ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်ကို လုပ်နေပါတယ်။ “Neon Dreams” လို့ အမည်ပေးထားပါတယ်။

လက်ရှိအချိန်မှာ စိတ်ခံစားချက်နဲ့ သီချင်းတွေ အပေါ်မှာထားတဲ့ စိတ်ခံစားချက်
လောလောဆယ် စိတ်ခံစားချက်အရဆိုရင် ဒီအခွေက “Lucky” ခွေလုပ်ကတည်းက ပြီးထားတဲ့ သီချင်းတချို့ရော၊ Lucky ပြီးမှ အားနေတဲ့အချိန်တွေမှာ စိတ်ပါလို့ထလုပ်ဖြစ်တဲ့သီချင်းအချို့ရော၊ ခွေလုပ်မယ်လို့ ရည်ရွယ်ပြီး စလုပ်ဖြစ်တဲ့ သီချင်းအချို့ရောဆိုတော့ သီချင်းတွေက Mood ရော၊ Feeling ရော မျိုးစုံပါတယ်ဆိုတော့ အခုလက်ရှိဖြစ်နေတဲ့ စိတ်ခံစားချက်တွေရော၊ အရင်တုန်းကစိတ်ခံစားချက်နဲ့လုပ်တဲ့ သီချင်းတွေရော ပါပါတယ်။

ကိုယ့်ရဲ့စိတ်အပြောင်းအလဲနဲ့ သီချင်းအကြိုက် အပြောင်းအလဲ
ကျွန်တော့်သီချင်းတွေက ဟိုးအရင်ရှေ့မှာ တုန်းကဆို လုပ်တတ်သလောက်၊ အဲဒီအချိန်မှာ နားလည်သလောက် အကောင်းဆုံးကြိုးစားပြီး ရေစီးကြောင်းနဲ့ရော၊ လိုက်ဖက်မယ့်ဟာတွေရော လုပ်ခဲ့ပါတယ်။ Lucky အခွေမှာဆို ပိုသိသာပါတယ်။ အရင်ရှေ့အခွေ ၂ခွေလုံးနဲ့ မတူတဲ့ပုံစံမျိုး တွေ လုပ်ထားခဲ့တာပါ။ အခုဒီအခွေမှာလည်း အရှေ့က ၃ခွေလုံးနဲ့ မတူတဲ့ ပုံစံတချို့ပါပါတယ်။ တစ်ခွေလုံးကြီး ကွဲထွက်သွားတာမျိုးမဟုတ်ဘဲ တချို့သီချင်းတွေကပဲ ကျွန်တော်ကိုယ်တိုင်ကိုက ဆိုရတာအရမ်းပျော်ပြီးတော့ အရသာအသစ် ဖန်တီးရတာမျိုးတွေ ပါလာပါတယ်။ ဒီခွေက ပိုပြီးတော့ ကျွန်တော်လုပ်ချင်တာတွေ၊ ကျွန်တော့်စိတ်ထဲမှာ ပိုအာတွေ့တဲ့သီချင်းတွေ ပိုပါပါတယ်။ ရှေ့အခွေတွေတုန်းကလည်း အဲဒီလုပ်နေတဲ့အချိန်မှာ ပျော်တယ်၊ ကျေနပ်တယ် အခုလုပ်နေတဲ့ အခွေကျတော့လည်း လုပ်နေရတာကို ကျေနပ်ပါတယ်။ ရှေ့အခွေရဲ့ပုံစံနဲ့ ဒီအခွေမှာ ဒီပုံစံပေါက်ထားလို့ ရှေ့အခွေတွေအတိုင်း ပြန်လုပ်မယ်ဆိုတာမျိုး မဟုတ်ဘဲ ဒီအခွေမှာ ကျွန်တော်လုပ်ချင်တဲ့ ပုံစံ
မျိုးကို စိတ်လွတ်လက်လွတ်ကို လုပ်နေတာ။ သီချင်းအမြူးတွေရော၊ အနှေးတွေရော၊ မမြူးမနှေး ကိုယ့်ဘာသာကိုယ် ဘာမှန်းမသိကြိုက်လို့လုပ်နေတဲ့ သီချင်းတွေရောဆိုတော့ ဒီအခွေက ပိုပြီးတော့ စုံတယ်လို့ ကျွန်တော်လုပ်တာပြီးသလောက် ပြန်နားထောင်ကြည့်တာတော့ ကျွန်တော့်ကိုယ် ကျွန်တော် မြင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိသလောက်
အရင်တုန်းကဆိုရင် သီချင်းတစ်ပုဒ်ကို ဖန်တီးတဲ့အခါမှာ သူများပြောတာတွေ နားထောင်မိတာလည်းရှိတယ်၊ ကိုယ့်ဘာသာကိုယ် သေချာစဉ်း စားအချိန်ယူပြီးတော့ စိုးရိမ်တာမျိုးတွေရှိတယ်။ အဲဒီအချိန်တုန်းက ဘာမှမသိတာတွေရှိတယ်။ 
အခုအချိန်ရောက်လာတော့ နည်းနည်းလေး ပိုပြီးတော့ လွတ်လွတ်လပ်လပ်ဆန်လာတယ်လို့ ကိုယ့်ဘာသာကိုယ်မြင်တယ်။ Lucky ခွေ စလုပ်တဲ့အချိန်လောက်ကစပြီးတော့ ဒီနှစ်နှစ်လောက်အတွင်းမှာ ကျွန်တော်လုပ်ချင်တဲ့ဟာတွေကို ပိုပြီးတော့ဖန်တီးဖြစ်လာတယ်လို့ ထင်တယ်။ အခုလုပ်နေတဲ့ဒီခွေမှာဆို ပိုပြီးတော့သိသာတယ်။ အခွေ Title သီချင်းဆိုရင် အဲ့လိုပုံစံမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ Music ပုံစံအရလည်း အရမ်းဆန်းတယ်၊ အဲ့လိုပုံစံမျိုးလည်း တစ်ခါမှ မဆိုခဲ့ဖူးဘူး။ တီးပေးတဲ့ ကိုဇင်မင်းအေးကို သူစပြီးတီးကတည်းက အရမ်းကြိုက်လို့ Neon Dreams သီချင်းကို ကျွန်တော်ယူမယ်။ Title သီချင်းလုပ်မယ်ဆိုပြီး ဖန်တီးဖြစ်တယ်။ ကျွန်တော်တစ်ခါမှ မဆိုဖူးတဲ့ Music ပုံစံ၊ ဆိုဟန်တွေရော၊ ကျွန်တော်ဆိုတဲ့ ပုံစံတွေရော ပါပါတယ်။ အဲဒါတွေကတော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလာတယ်လို့ မြင်ပါတယ်။ ပရိသတ်တွေက ဒီပုံစံကို လက်ခံတယ်၊ လက်မခံဘူးဆိုတာကတော့ ပရိသတ်တစ်ယောက်ချင်းစီရဲ့ သဘောထားနဲ့ တစ်ယောက်ချင်းစီရဲ့ အမြင်ပါ။ ရင့်ကျက်လာမှုအပိုင်းကတော့ ကိုယ့်ဘာကိုယ် မသုံးသပ်မိပါဘူး။ ကိုယ်နေတတ်သလို နေတာပါပဲ။

အရင်တုန်းကနဲ့ အခုသီချင်းတွေအပေါ် စိတ်ကျေနပ်မှု၊ မကျေနပ်မှုအပိုင်း
အရင်တုန်းက လုပ်ချင်လို့လုပ်ခဲ့တာတွေက အခုအချိန်မှာ ပြန်ကြည့်ရင် ကိုယ်ကြိုက်ချင်မှ ကြိုက်တော့မှာပါ။ အခုလုပ်တာကိုလည်း အရင် ကထက် ပိုကြိုက်တာလည်း ရှိမှာပါ။ အဲဒါက တော်တော်များများ ဖြစ်ကြမယ်ထင်ပါတယ်။ ဥပမာ- ကျွန်တော့်သီချင်းထဲမှာပဲ Lucky ခွေထဲက Time Machine သီချင်းဆိုရင် တအားကြိုက်တယ်။ အဖွားအတွက်ရည်ရွယ်ပြီး ခံစားချက်အပြည့်နဲ့ ရေးထားတဲ့သီချင်းမို့ပါ။ အခုအချိန်မှာ အဲလို သီချင်းမျိုး ချက်ချင်းကောက်ရေးမယ်ဆို ရေးလို့ရတဲ့သီချင်းမျိုးမဟုတ်ပါဘူး။ နောက်ပြီး ဟိုးအရင်တုန်းက သီချင်းတွေဖြစ်တဲ့ နှစ်ပတ်လည်တို့၊ အလွမ်းပြည့်အနမ်းတို့လို သီချင်းမျိုးတွေဆို အခုအချိန်မှာ ပြန်နားထောင်ပြီးတော့ ကိုယ့်ဘာသာ ကိုယ်တီးခဲ့တဲ့ တီးလုံးတွေဖြစ်ပေမဲ့ ပြန်ပြောင်းချင်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကလည်း သူ့ဟာနဲ့ သူ တီးပြီး၊ ကြိုက်ပြီး၊ ပျော်နေခဲ့တာဆိုတော့ အဲဒီ အချိန်က ခံစားချက်လေးတွေက အခုအချိန်မှာ ပြန်ကြည့်ရင် အဲဒီအချိန်ကခံစားချက်လေးတွေကို သတိရနေတာက ပိုပြီးတော့ တန်ဖိုးရှိမယ် ထင်ပါတယ်။ အရင်တုန်းကဟာဆိုရင်လည်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ်တိုင်စိုက်ခဲ့တဲ့ မိုင်တိုင်တစ်ခု၊ အမှတ်တရ တစ်ခုအနေနဲ့ပဲ ကျွန်တော် မြင်ပါတယ်။ သီချင်းမှမဟုတ်ဘူး သူငယ်ချင်းမိတ်တွေပဲဖြစ်ဖြစ်၊ လုပ်ငန်းပဲဖြစ်ဖြစ်၊ အမှတ်တရအလွဲပဲဖြစ်ဖြစ်၊ အမှားတွေပဲဖြစ်ဖြစ်၊ ကောင်းတာတွေပဲဖြစ်ဖြစ်၊ ဆိုးတာတွေပဲဖြစ်ဖြစ် ပြန်ပြင်ချင်တယ်တို့၊ စိတ်နာသွားတယ်တို့ အဲဒီလိုမျိုး ကျွန်တော်မစဉ်းစားပါဘူး။

သီချင်းပုံစံအပြောင်းအလဲ
အရင်တုန်းကရေးခဲ့တဲ့ သီချင်းပုံစံဆိုတာ လည်း အဲဒီတုန်းက စိတ်ခံစားချက်၊ အဲဒီအချိန်တုန်းက သိနားလည်ထားတဲ့ အရာလေးတွေနဲ့ ကြိုးစားပြီးတော့ လုပ်ခဲ့တယ်။ အခုလုပ်နေတဲ့ သီချင်းတွေဆိုရင်လည်း အခုလက်ရှိ စိတ်ခံစားချက်၊ အခုလုပ်ချင်တဲ့ Music ပုံစံတွေ၊ ကလိချင်တယ်၊ ထွင်ချင်တယ်ဆိုတဲ့ဟာတွေနဲ့ တစ်ခွေနဲ့တစ်ခွေ ပြောင်းနေတာပါပဲ။ အလွမ်းပြည့်အနမ်းလို သီချင်းဆိုရင်တောင်မှ အခုရှိုးတွေမှာဆိုရင် အဲဒီတုန်းက Notes တွေအတိုင်းမဆိုဘဲ ဟိုလျှောက် ကွန့်၊ ဒီလျှောက်ကွန့်ဆိုတာမျိုးတွေ၊ Music ကို Band အနေနဲ့ ပြောင်းတီးတာမျိုးတွေ၊ Version အသစ်လုပ်တီးတာမျိုးတွေ ပါတာမျိုးတွေ ရှိပါမယ်။

ဂီတရေစီးကြောင်းအပြောင်းအလဲအပေါ်
Music ပုံစံတွေရော၊ Music ကို ဝယ်ယူအားပေးကြတဲ့ပုံစံတွေရော။ အရင်ကဆို တိတ်ခွေ၊ နောက် CD၊ အခုဆို Digital ခေတ်ရောက်လာတော့ Streaming တွေ၊ Online Platform ကနေ ၀ယ်ယူတာတွေ အမျိုးမျိုးပြောင်းလဲလာတာပါပဲ။ ကျွန်တော်တို့က အဲဒီပြောင်းလဲတဲ့ Wave နဲ့ လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လို Update ဖြစ်အောင်လုပ်မလဲ၊ ဒီ Wave မှာ လိုက်ပြီး စီးမျောရမလားဆိုတာ စဉ်းစားရမှာပါပဲ။ အဓိကကတော့ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ အကောင်းဆုံးလုပ်ဖို့ လိုမယ်လို့ပဲ ထင်ပါတယ်။

ခေတ်နဲ့အလိုက် စကားလုံးအသုံးအနှုံး၊ Update ဖြစ်နေအောင်လေ့လာမှုအပိုင်း
ခေတ်အလိုက်တော့ စကားလုံးတွေက ပြောင်းလဲနေတာဆိုတော့ ဟိုးအရင်တုန်းက ချစ်သဝဏ်လွှာပို့တယ်ဆိုတာကို ခုခေတ်မှာ ရည်းစား စာပေးတယ်ဆိုတာမျိုး အပြောင်းအလဲတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အရမ်းကြီး ပေါ်ပင်ဖြစ်နေတဲ့ ဗန်းစကားမျိုးသုံးတာတော့ ကျွန်တော်မကြိုက်ဘူး။ လိုအပ်လို့ တစ်နေရာရာမှာ သုံးတာထက် ဒီစကားကို တည်ပြီးတော့ ပေါက်အောင်သုံးတာမျိုးတော့ ကျွန်တော် မကြိုက်ဘူး။ ခေတ်မီအောင်နဲ့ ခေတ်မမီ မီအောင် ကိုယ်မကျွမ်းကျင်တာကြီးကို အတင်းလုပ်ယူရတာမျိုးတော့ ကွာမယ် ထင်ပါတယ်။ Facebook မှာ ဘာတွေခေတ်စားလဲတော့ ကြည့်ရတာပေါ့။ ဒါပေမဲ့ ခေတ်စားတဲ့နောက်ကို အရမ်းကြီးလိုက်မသွားဘဲ ကိုယ့်စိတ်ခံစားချက် တကယ့်အစစ်၊ ကိုယ်ဘာလဲဆိုတာ ပျောက်သွားတဲ့အခါကျရင်တော့ အဲဒီဟာက ခံစားချက်မပါတော့ဘဲ အတင်းလုပ်ယူထားတဲ့ အရာဖြစ်နေမယ်လို့ ထင်ပါတယ်။ Update ဖြစ်အောင်တော့နေပါတယ်၊ ဒါပေမဲ့ ကိုယ်နဂိုစဉ်းစားထားတဲ့အရာတွေနဲ့ ကိုယ်ရင်ထဲကခံစားချက်တွေ ပျောက်သွားတဲ့အခါကျရင် တော့ ဘယ်လောက်ခေတ်စကားလုံးတွေ သုံးထား သုံးထား Mood အစစ်ကို မရဘူးလို့ ထင်ပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ထဲကပါတဲ့ဟာမျိုး၊ ကိုယ်လုပ်ချင်တာနဲ့ Update ဖြစ်နေတဲ့ဟာနဲ့ ပြန်ချိန်ပြီးတော့ လုပ်ဖြစ်တာ ပိုများပါတယ်။

ဟိုးအရင်တုန်းက Bunny Phyoe နဲ့ အခု Bunny Phyoe 
အရင်တုန်းက Bunny Phyoe ကလည်း Bunny Phyoe ပါပဲ၊ အခု Bunny Phyoe ကလည်း Bunny Phyoe ပါပဲ။ ကိုယ့်ကိုယ်ကိုယ်တော့ မပြောတတ်ဘူးဗျ။ သူငယ်ချင်းတွေ၊ ပရိသတ်တွေ အမြင်မှာတော့  ဘယ်လိုရှိမလဲ မသိဘူး။ တစ်ခါတလေ စဉ်းစားမိတာတော့ ငါရင့်ကျက်လာပြီပဲ ဆိုပေမဲ့ တကယ်တမ်းကျ အဲဒါရင့်ကျက်လာတာမဟုတ်ဘဲ ခဏလေးသည်းခံလိုက်နိုင်တယ်ဆိုတဲ့ အဆင့်မျိုးပဲရှိတယ်ဆိုတော့ အဲဒါ တကယ်ပြောင်းလဲသွားတာလား၊ တကယ်အတွေ့အကြုံတွေများလာပြီး အရမ်းတွေ ရင့်ကျက်ကုန်တာလားဆိုတာတော့ မပြောတတ်ပါဘူး။ ထူးထူးခြားခြားပြီး ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ဒေါသထွက်စရာရှိရင် ထွက်တယ်၊ စိတ်တိုစရာရှိရင်တိုတယ်၊ အဲဒါကို ထိန်းနိုင်တယ်၊ မထိန်းနိုင်ဘူးဆိုတာတော့ ရှိတာပေါ့။

ကံကောင်းခြင်း၊ မကောင်းခြင်း ရာခိုင်နှုန်း
ကျွန်တော်ကံကောင်းတယ်၊ မကောင်းဘူး သိပ်မတွက်တတ်ဘူး၊ ကောင်းတယ်ဆိုရင်လည်း ကောင်းတယ်ပေါ့၊ မကောင်းဘူးဆိုရင်လည်း မကောင်းဘူးပေါ့ အဲဒီလိုမျိုးဆိုတော့ တစ်ခါတလေ အရမ်းမွန်းကြပ်တဲ့အချိန်တွေ၊ အရမ်းစိတ်ညစ်တဲ့အချိန်တွေရှိတယ်၊ အဲဒါပြီးသွားရင် မေ့ပစ်လိုက်တယ်။ ဖြစ်တဲ့အချိန်မှာတော့ အရမ်းစိတ်ဓာတ်ကျတာတွေရှိတယ် ဒါပေမဲ့ အဲဒါပြီးရင်မေ့ပစ်လိုက်တော့ ကံကောင်းခြင်း၊ မကောင်းခြင်းတွေကို ကျွန်တော်တွက်မနေပါဘူး။

ကိုယ့်ကိုယ်ကိုယ် ကံကောင်းတဲ့သူတစ်ယောက်လို့ သတ်မှတ်လို့ ရလား။ (အနုပညာ၊ အလုပ်၊ ပညာရေး၊ စီးပွားရေး၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်း၊ အချစ်ရေး)
အမြဲတမ်း အကောင်းမြင်တဲ့အမြင်နဲ့ ကြည့်ရင်တော့ ကောင်းပါတယ်။ အနုပညာဆိုလည်း ကျွန်တော်မဖြစ်ချင်တာတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်တယ်၊ ဖြစ်ချင်တာတွေပဲ ကျန်တော့တယ်။ သူငယ်ချင်း၊ မိတ်ဆွေ၊ အချစ်ရေး ဘယ်အရာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် မကောင်းတဲ့အရာကို တွေးမနေတော့ဘဲ ကောင်းတာပဲ တွေးတယ်။ အဲဒီအချိန်မှာတော့ ငါကံကောင်းတယ်ဆိုပြီး တွေးတယ်။ အကောင်းမြင်တဲ့အမြင်နဲ့ကြည့်ရင်တော့ ကံကောင်းတယ်ပေါ့။

ကိုယ့်ရဲ့ ကံမကောင်းဘူးလို့ သတ်မှတ်နိုင်တဲ့ အပိုင်း
ကံမကောင်းတဲ့အပိုင်းတွေကိုတော့ စဉ်းစားမနေတော့ဘဲ မကောင်းဘူးထင်ရင် ကောင်းအောင်ကြိုးစားကြည့်တယ်။ မရတော့လည်း မရဘူးပေါ့။ မှတ်မှတ်ရရရယ်လို့မရှိဘူး။ ဖြစ်သမျှအကြောင်း အကောင်းပေါ့။

အခုအချိန်မှာ တည်ငြိမ်ရင့်ကျက်တဲ့ သူတစ်ယောက်ဖြစ်နေပြီလား
ကိုယ့်ကိုယ်ကိုယ်တော့ တစ်ခါတလေ ရင့်ကျက်သွားပြီ၊ ခံနိုင်ရည်ရှိသွားပြီထင်ပေမဲ့ အဲဒီ လိုမျိုးပြဿနာ နောက်တစ်ခေါက်ကြုံတဲ့အခါ ခံနိုင်ချင်မှလည်း ခံနိုင်မယ်ဆိုတော့ တစ်ခါတလေကျရင်လည်း တည်ငြိမ်ရင့်ကျက်နေတာပဲ၊ တစ်ခါတ လေကျရင်လည်း ကလေးဆန်နေတာပဲ။ အဓိကကတော့ သတိလို့ထင်တာပဲ၊ သတိလွတ်သွားတဲ့အခါကျရင် တည်ငြိမ်ရင့်ကျက်တာတွေ ပျောက်သွားတာလည်း ရှိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး တော့ ကောင်းအောင် နေရတာပါပဲ။

အဆိုတော်တစ်ယောက်သာ ဖြစ်မခဲ့ဘူးဆိုရင် 
ငယ်ငယ်ကတည်းက ဖြစ်ချင်တာ ၂ ခုပဲရှိတယ်။ အဆိုတော်ရယ်၊ Architect ရယ်။ Architect ကတော့ ကျောင်းတက်ဖို့က အလုပ်နဲ့ဆိုတော့ အဆင်မပြေဘူး၊ အဆိုတော်သာ မဖြစ်ခဲ့ဘူးဆိုရင်တော့ အဲဒီဘက်ကို အချိန်ပေးမိပြီးတော့ ကျောင်းပြီးအောင်ဆက်တာတို့၊ နိုင်ငံခြားမှာ ကျောင်းဆက်တက်တာတို့ လုပ်ဖြစ်မယ်ထင်တယ်။ အစက တည်းက အဲဒီ၂ခုပဲ တွေးမိပါတယ်။

အနုပညာရှင်တစ်ယောက်အနေနဲ့ Social Media ပေါ် အမြင်
Social Media ကတော့ ကောင်းတာရှိသလို၊ ဆိုးတာလည်း ရှိပါတယ်။ ကောင်းအောင်သုံးတဲ့ လူတွေကြောင့်း ကာင်းတာတွေရှိသလို၊ ဆိုးအောင်သုံးတဲ့လူတွေကြောင့် ဆိုးတာလည်းရှိတယ်ဆိုတော့ အဲဒီ Effect က သုံးတဲ့ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယူစရာရှိ ယူလိုက်တယ်၊ ကိုယ့်အတွက်အချိန်ကုန်မယ့်အရာတွေကိုတော့ အရမ်းကြီး စိတ်ထဲမထားတတ်ဘူး။

Bunny Phyoe နဲ့ သူ့ရဲ့ Fan တွေ
ကျွန်တော့် Fan တွေနဲ့ ဆက်သွယ်မှုတွေလုပ်ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်ကိုက Fan တွေနဲ့မှ မဟုတ်ဘူး၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ လူချင်းတွေ့ရတာကို ပိုပြီးတော့ သဘောကျတယ်။ အပြင်မှာ Fan Meeting လိုမျိုး တွေ့ရတာမျိုးတွေ၊ လက်မှတ်ထိုးပွဲတွေမှာတွေ့ရတာ ပိုပျော်တယ်။ အဲဒီမှာ Fan တစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေ၊ အပျော်တွေက မျက်နှာမှာ တွေ့ရတာ ပိုပျော်တယ်။ Social Media Connection ကို သိပ်သဘောမကျလို့ Reply မပြန်ဖြစ်တာတွေ ရှိတယ်။ သူငယ်ချင်းတွေဆိုလည်း ဖုန်းဆက်ချိန်းပြီး တွေ့စရာရှိတာ တွေ့လိုက်တယ်။ အပြင်မှာ စကားပြော ဆိုရတဲ့ Feeling ကို ပိုသဘောကျတယ်။ 

သီချင်းတွေအပြင် တခြား အနုပညာနဲ့ ပတ်သက်တဲ့၊ မပတ်သက်တဲ့ လှုပ်ရှားမှု 
လောလောဆယ်မှာ Carrot အင်္ကျီထုတ်ပါတယ်။ လောလောဆယ် ဒီဇိုင်းဆွဲထားပြီးပေမဲ့ အခွေအတွက် အချိန်ပိုပေးနေရတဲ့အတွက် အသစ်မထုတ်နိုင်သေးဘူး။ အခွေကိုအဓိကထားပြီးလုပ်နေတဲ့အတွက် Carrot ပဲ ရှိသေးတယ်၊ စဉ်းစားထားတာတွေတော့ ရှိပေမဲ့ စဉ်းစားတဲ့အတိုင်းဖြစ်အောင်လုပ်ဖို့က တော်တော်ကြိုးစားယူရဦးမယ်။

ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အချစ်ရေး
ကျွန်တော်ကိုယ်တိုင်ဖြေစရာ ဘာမှ မရှိသေးတဲ့အတွက်ကြောင့်မို့ အဲဒါလေး ကျော်လိုက်ပါမယ်။

ပရိသတ်အတွက် နှုတ်ဆက်စကား
ကျွန်တော့်ကိုအရင်ကတည်းကရော၊ အခုရော၊ နောက်ထပ်အားပေးမယ့်ဟာတွေ အတွက်ရော ကျေးဇူးအများကြီး တင်ပါတယ်။