Primary tabs

နှလုံးသားအကြောင်းပြောဆိုခြင်း…

ကိုယ့်အသက်မွေးမှုအလုပ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ သင့်ရဲ့ နှလုံးသားရေးရာကိစ္စလိုပဲ အင်မတန်အရေးပါ လှပါတယ်။ စဉ်းစားကြည့်ပါ။ သင့်ရဲ့တစ်နေ့တာအချိန်တွေကို သင့်ရဲ့ကြင်ဖက်နဲ့ဖြစ်စေ၊ သင်နှစ်သက်တဲ့အလုပ်နဲ့ဖြစ်စေ ဖြတ်သန်းရတယ်ဆိုတာ ဘ၀ရဲ့ နေပျော်စရာနေ့ ရက်တွေပါ။ ဒီလိုမှမဟုတ်ဘဲ သင်သည်းညည်းမခံနိုင်တော့တဲ့အလုပ်တစ်ခုကို ပင်ပင်ပန်းပန်းမနားတမ်းလုပ်နေရမယ်ဆို ကိုယ်မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းနေထိုင်ရခြင်းလိုပဲ ဆင်းရဲဒုက္ခကြီးမားပါလိမ့်မယ်။

သို့သော်လည်း ၀င်ငွေတစ်ခုရှိနေဖို့ အလုပ်လုပ်နေကြတယ်ဆိုတဲ့အချက်ကလည်း ဘယ်သူမှမငြင်းဆိုနိုင်တဲ့ အချက်တစ်ခုပါပဲ။ ဒီတော့အလုပ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း စီးပွားရေးဆုံးဖြတ်ချက်တွေလိုပဲ ၀င်ငွေများရာဘက် ကို ဦးတိုက်သွားနိုင်ပါတယ်။ ငွေကြေးကျပ်တည်းခြင်းဟာ ဘ၀ရဲ့ ဆိုးရွားတဲ့ဒုက္ခတစ်ခုဖြစ်သလို လူတိုင်းလူတိုင်းမှာ လကုန်ရင်ပေးဆောင်ရမယ့် bill လေးတွေလည်း အနည်းနဲ့အများရှိနေနိုင်ပါသေးတယ်။ ပြောချင်တာကတော့ ကိုယ်နှစ်သက်သော် လည်း ၀င်ငွေမရှိတဲ့အလုပ်ဖြစ်မယ်ဆို အသက်မွေးမှုအလုပ်အဖြစ် ရွေးချယ်ဖို့ ခက်ပါလိမ့်မယ်။

ကိုယ့်မိဘနှစ်ပါး သူတို့ မနှစ်သက်တဲ့ အလုပ်ကို ၀င်ငွေနည်းနည်းလေးအတွက်လုပ်ရင်း၊ စိတ်ပင်ပန်းစွာ ဖြတ်သန်းရတာကို ကြည့်ရင်း စာရေးသူ ကြီးပြင်းခဲ့ရပါတယ်။ ဘာကြောင့် ဒီလောက်စိတ်ပင်ပန်းခံခဲ့သလဲဆိုတာ အမြဲတမ်း 
မေးဖြစ်ခဲ့တယ်။ သူတို့ရဲ့ တစ်ခုတည်းတော့ ရည်ရွယ်ချက်က သားသမီးဘ၀ကို ပိုသာယာဖြောင့်ဖြူးစေချင်တာပါပဲတဲ့။ ကိုယ့်မိဘရဲ့ မသက်မသာဖြစ်မှုတွေကို အချိန်ကြာမြင့်စွာ မြင်တွေ့ခဲ့ရတဲ့သူဖြစ်တဲ့အတွက် အသက်မွေးမှုအလုပ်ရွေးချယ် ခြင်းဟာ အရေးကြီးတဲ့ ခေါင်းစဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် ကိုယ်တိုင်အသက်မွေးမှု အလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာစတင်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို အမြဲမေးဖြစ်တဲ့ မေးခွန်း (၅) ခုရှိပါတယ်။ ဒီနေ့အထိ အလုပ်ဖြစ်နေတဲ့ မေးခွန်းတွေဖြစ်တာကြောင့် ဒီဆောင်းပါးမှာ ဖော်ပြ ပေးလိုက်ရပါတယ်။ 

၁။ ဖြစ်နိုင်ခြေရှိရဲ့လား…
အလုပ်တစ်ခုကနေ တစ်ခုပြောင်းဖို့ဖြစ်ဖြစ်၊ အသက်မွေးမှုလမ်းကြောင်းတစ်ခုကနေ တစ်ခု ပြောင်းဖို့ဖြစ်ဖြစ် ဖြစ်နိုင်ချေတွေအများကြီးကို ထည့်စဉ်းစားကြရပါတယ်။ အလုပ်နေရာက အဆင်ပြေရဲ့လား။ အလုပ်ချိန်ကရော ကိုယ့်အ  တွက် အဆင်ပြေရဲ့လား။ ကိုယ်လုပ်နေကျ မဟုတ်တဲ့ ထူးခြားတဲ့အလုပ်တွေ အလုပ်သစ်မှာလုပ်ဖို့ လိုသလား။ အခုအလုပ်က ကိုယ့်ရဲ့ ရေရှည်ရည်မှန်းချက်နဲ့ရော ကိုက်ညီမှုရှိရဲ့လား စသဖြင့် မေးခွန်းတွေ မေးကြည့်ဖို့လိုပါတယ်။

စာရေးသူကိုယ်တိုင် အိမ်နဲ့ ကိုယ်ရွေးချယ်တဲ့အလုပ် ခရီးဝေးလို့ ရထားနဲ့ အသွားအပြန်လုပ်ပြီး တစ်နှစ်ကျော် ရုံးဆင်းရုံးတက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ့အလုပ်က ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်ဖြစ်တဲ့အပြင် ဒီကနေ့အထိ ကိုယ့်ကို လမ်း 
ကြောင်းတစ်ခုပေါ်ရပ်တည်နိုင်အောင် ပံ့ပိုးနိုင်တဲ့အလုပ်ပါ။ ဆိုလိုတာက အချိန်ပေးရတယ်ဆိုရင်တောင် ကိုယ့်အတွက် ထိုက်တန်တာဖြစ်ဖို့တော့လိုပါတယ်။ ကိုယ့်မိသားစုဝင်တွေကိုလည်း ကိုယ့်မှာတော့ ဘယ်လိုအချက်တွေကြောင့် ဒီလောက် အချိန်ပေးပါတယ်ဆိုတာ သိထားစေဖို့ လိုပါတယ်။

၂။ အလုပ်မှာ ပျော်နိုင်ပါ့မလား…
ကိုယ်ဒီအလုပ်တွေကို လုပ်နေရရင် ပျော်တယ်ဆိုတဲ့ ကိစ္စကိုပဲ လူတိုင်းအာရုံစိုက်ပြီး ပြော ကြဆိုကြတယ်။ ဒီနေရာမှာ တစ်ခုထည့်တွေးရမှာ အလုပ်ခွင်ဆိုတဲ့နေရာဟာ ကိုယ်တစ်ယောက်တည်းလုပ်လို့ရတဲ့ နေရာမဟုတ်ဘဲ အများနဲ့ အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ရတဲ့နေရာဆိုတာပါပဲ။ ဒီတော့ အဲဒီ့အလုပ်ခွင်မှာ မလုပ်သေးသ၍ ကိုယ့်အတွက် ပျော်ရွှင်မှုဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အတတ်မပြောနိုင်တာပါ။ 

ကိစ္စရပ်တိုင်းဟာ စိတ်ထင်တိုင်းဖြစ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီတော့ အလုပ်ခွင်အသစ်တစ်ခုမှာ အနည်းဆုံး လပိုင်းလောက် ဖြတ်သန်းပြီးမှသာ ဒီအလုပ်ခွင်ဟာ သင့်အတွက် ဘယ်လိုဆိုတာကို သိနိုင်မှာပါ။ လပိုင်းလောက်ဖြတ်သန်းပြီးလို့ ကိုယ် 
တာဝန်ယူလုပ်ဆောင်ရတဲ့ အလုပ်ကိုရော၊ ကိုယ့် အလုပ်ခွင်ဝန်းကျင်က ကိုယ်နဲ့တွဲလုပ်ရမယ့်လုပ် ဖော်ကိုင်ဖက်တွေကရော ကိုယ့်အတွက် အဆင်ပြေတယ်ဆိုရင်တော့ ဒီအလုပ်ခွင်ဟာ သင့်အတွက်ပျော်ရွှင်မှုကို ဆောင်ကြဉ်းနိုင်ပါလိမ့်မယ်။

၃။    ကိုယ့်အတွက်ပြန်ရချက် အလားအလာက ဘာတွေလဲ…
စာရေးသူရဲ့ မိဘတွေဟာ စွန့်စားမှုကို နှစ်လိုသူတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် စာရေးသူနဲ့ အမြဲသဘောကွဲလွဲလေ့ရှိပါတယ်။ အသက်မွေးမှု အလုပ်တစ်ခုကို စဉ်းစားတဲ့အခါ လုပ်ခလစာကို အများကြီးထည့် မစဉ်းစားပါဘူး။ ဘာကြောင့်လဲဆို တော့ရှာသမျှ လုပ်ခလစာဆိုတာ လကုန်လို့ ကိုယ်ပေးရမယ့် bill တွေ ရှင်းလိုက်ရတာနဲ့ အဆုံးသတ်သွားတာများပါတယ်။ 

ဒါဆို အသက်မွေးမှုအလုပ်တစ်ခုအတွက် ခင်ဗျားစဉ်းစားတာဘာလဲလို့ မေးစရာရှိလာပါတယ်။ အဓိကစဉ်းစားတာကတော့ လွတ်လပ်မှုနဲ့ ငွေရေးကြေးရေးအရ လုံလောက်မှုတို့ကို ဖြစ်စေမယ့် အခွင့်အရေးမျိုး ရှိနိုင်မရှိနိုင်ဆိုတာပါပဲ။ ခြွင်းချက်တော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်တော်တော်များများမှာတော့ သီအိုရီထက် ပိုပြီးထိရောက်တဲ့ လက်တွေ့နည်းလမ်းတွေရှိပါတယ်။ နည်းပညာကိုအခြေခံပြီး အလုပ်လုပ်ရတဲ့လူတော် တော်များများမှာတော့ ခုနကပြောတဲ့အခွင့်အရေး မျိုးရှိနိုင်ပါတယ်။ 

နောက်ပြီး ဒီလိုအခွင့်အရေးမျိုးကိုရနိုင်တဲ့ နောက်ထပ်ရှုထောင့်တစ်ခုလည်း ရှိနိုင်ပါသေးတယ်။ အဲဒါကတော့ အလုပ်ခွင်တစ်ခုရဲ့ ထိပ်ပိုင်းနေရာတွေကို ရအောင်ယူထားခြင်းပါ။ အဲဒီ့လို ထိပ်ပိုင်းနေရာက လူတွေသာ ခုနကပြောတဲ့ အခွင့်အရေးတွေကို သေချာပါတယ်။

၎။ ဘာတွေ အဆုံးရှုံးခံရမှာလဲ…
အဆိုးဘက်က တွေးပြီးစွန့်စားခြင်းကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ တချို့တွေကတော့ ဒီလိုအဆုံးရှုံးခံရမယ့်ကိစ္စတွေကို အလွန်အကြူး ခွဲခြမ်းစိတ်ဖြာ ကြည့်တတ်ကြပါတယ်။ တချို့ကျတော့လည်း  ထည့်ကိုမစဉ်းစားတာ ဆိုတဲ့ ဘက်ကပါ။ သို့သော်လည်း ကိုယ့်အသက်မွေးမှုအလုပ်ကို ပြောင်းလဲလိုက်လို့ ဘာတွေ အဆုံးရှုံးခံရမှာလဲဆိုတဲ့ မေးခွန်းကတော့ မေးကို မေးသင့်ပါတယ်။ 

စာရေးသူကတော့ အဆိုးတွေဘာပဲလာလာ ဂရုမစိုက်ဘူးဆိုတဲ့ ဘက်ကပါ။ အလုပ်တိုင်းအလုပ်တိုင်းမှာ ပြန်ကိုပြောမပြချင်လောက်အောင် စိတ်ဒုက္ခပေးတဲ့ အားနည်းချက်၊ အဆိုး၊ အမှောင် ခြမ်းဆိုတာ ရှိကိုရှိပါတယ်။ အဓိက က အဲဒီ့အပိုင်း
ကို ဘာလဲဆိုတာ သိထားပြီး ဖြတ်သန်းချိန်မှာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဖြတ်သန်းနိုင်ဖို့ပါပဲ။

သို့သော်လည်း တချို့ကတော့ အဆုံးရှုံးကို မခံနိုင်တာ ဆိုတာမျိုးလည်းရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်ရွေးချယ်မှုပါပဲ။ အဆုံးရှုံးမခံနိုင်လို့ အသက်မွေးမှုအလုပ်ကို မပြောင်းဘူး။ ဒုံရင်းပဲ ဆိုလည်း ရပါတယ်။ လူတိုင်းမှာ အခွင့်အရေး ကိုယ်
စီရှိကြပါတယ်။ ပြောချင်တဲ့အဓိကအကြောင်း ရင်းက ကိုယ့်အသက်မွေးမှုကိုမပြောင်းခင် ကိုယ့် ကိုယ်ကို သေချာအောင်မေးရမယ့် မေးခွန်းထဲမှာ ဒီမေးခွန်းကိုတော့ ထည့်မေးဖြစ်အောင်မေးပါ။ ပြောင်းခြင်းမပြောင်းခြင်း ဆုံးဖြတ်ချက်က သင့် ကိစ္စပါ။

၅။ ရင်ထဲအသည်းထဲက ဘာပြောလဲ…
အထက်မှာ ဖော်ပြခဲ့တဲ့မေးခွန်းတွေကတော့ ဆင်ခြင်တွေးတောပြီး ဖြေရမယ့် မေးခွန်းတွေပါ။ အခုနောက်ဆုံးမေးခွန်းကတော့ ကိုယ့်စိတ်ကိုပြန်မေးရမယ့် မေးခွန်းပါ။ ပထမမေးခွန်း (၄) ခု ဖြေပြီးတဲ့နောက် နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မေးရမှာက ကိုယ့်ရင်ထဲအသည်းထဲက ဘာပြော လဲဆိုတဲ့ မေးခွန်းပါ။

စာရေးသူကတော့ အလုပ်ထဲမှာ ကိုယ့်စိတ်ကသိကအောက်ဖြစ်လာပြီ၊ ပျင်းသလိုလို၊ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် ကိုယ့်ရင်ထဲကအသံကို ပိုနားထောင်ကြည့်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ပင်ကိုအသိကို ဘယ်တော့မှ လျှော့မတွက်
လိုက်ပါနဲ့။ သူတို့က ပြောတဲ့အသံတွေက ကိုယ့်အတွက် မှန်နေလေ့ရှိတယ်ဆိုတာ သတိချပ်ပါ။  ကိုယ့်စိတ်သက်တောင့်သက်သာ မဖြစ်တော့တဲ့ အခါ အကြောင်းပြချက်တွေလည်း ရှိလာနိုင်ပါတယ်။ အဲဒီ့အကြောင်းပြချက်တွေကိုလည်းဂရုစိုက်
ပါ။ ဒါပေမဲ့ ရင်ထဲကအသံကိုတော့ ယုံကြည်လိုက်ပါ။

Ref: Before any Career Decision, Ask Yourself 5 Questions  By Steve Tobak