Primary tabs

Single ဖြစ်နေသေးတဲ့ Cele ကြီးများ

ဒီတစ်လမှာတော့ အလွန်မှ Hot တဲ့ အကြောင်းအရာတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တစ်ကိုယ်တည်းဖြစ်နေတဲ့ အမိုက်စားဘဲကြီးတွေ အကြောင်းပါ။ ကမ္ဘာ့ရေပန်းအစားဆုံး ယောက်ျားတွေ၊ မိန်းကလေးတိုင်းအတွက် ဖြစ်နိုင်ချေရှိသေးတဲ့ စိတ်ကူးယဉ်ဖွယ် သတို့သားလောင်းများ၊ သူတို့ အကြောင်းကို အနည်းငယ် စပ်စုကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

Leonardo DiCaprio, 41

အီတလီနိုင်ငံက ပြတိုက်တစ်ခုမှာ အမျိုးသမီး 
တစ်ဦး Leonardo da Vinci ရဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်နေတုန်း ဗိုက်ထဲကကလေးလေး ပထမဆုံးအကြိမ် လှုပ်ရှားသွားတာကို သိသိသာသာ ခံစားလိုက်ရပါတယ်။ ဒီအဖြစ်အပျက်က မှတ်မှတ်ထင်ထင်ရှိခဲ့တာကြောင့် သူမရဲ့ကလေးလေး မွေးဖွားလာချိန်မှာ Leonardo လို့ အမည်ပေးခဲ့ပါတယ်။ မှန်ပါတယ်။ ဒီကလေးလေးက တစ်ချိန်မှာ ဟောလီးဝုဒ်ရဲ့သမိုင်းကြောင်းတွေကို ပြောင်းလဲသွားစေတဲ့ Titanic တို့လို၊ The Revenant တို့လို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Leonardo DiCaprio ပဲ ဖြစ်ပါတယ်။ Leonardo DiCaprio လို့ဆိုလိုက်ရင် အော်စကာနဲ့ အကြိမ်ကြိမ်အခါအခါ လွဲခဲ့သူ၊ အသက် ၄၁ နှစ်အရွယ်ထိ တစ်ကြိမ်တစ်ခါမှ လက်မထပ်ဖူးသေးဘဲ စူပါမော်ဒယ်များကို ထည်လဲ တွဲခုတ်တတ်သူ လူပျိုကြီးအဖြစ် အမှတ်ရမိတတ်ကြပါတယ်။ Titanic ဇာတ်ကားက အထက်တန်းလွှာ ကောင်မလေးနဲ့ ချစ်ကြိုးသွယ်မိတဲ့ ခဲခြစ်ပန်းချီကို ၀ါသနာပါတဲ့ ခပ်ရှုပ်ရှုပ်ကောင်လေး Jack ရဲ့ဇာတ်ရုပ်နဲ့ ကမ္ဘာတစ်ဝှန်းလုံးမှာရှိတဲ့ ပရိသတ်သန်းပေါင်းများစွာရဲ့စိတ်နှလုံးကို သိမ်းပိုင်နိုင်ခဲ့တဲ့ Leonardo ရဲ့ လက်တွေ့ ဘ၀ထဲက အချစ်ဇာတ်လမ်းကို မီဒီယာတွေရော ပရိသတ်များကပါ အလွန်စိတ်ဝင်တစားရှိတတ်ကြပါတယ်။ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ အမေရိကန်မင်းသမီး Bijou Phillips နဲ့တွဲခဲ့ဖူးပြီး နောက်ပိုင်းမှာ မော်ဒယ်တွေဖြစ်တဲ့  Kristen Zang ၊ Emma Millerတို့နဲ့ တွဲခဲ့ဖူးပါသေးတယ်။ ဘရာဇီးလ်မော်ဒယ် Gisele Bundchen နဲ့ ၂၀၀၀ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး ငါးနှစ်အကြာမှာ ပြတ်ဆဲခဲ့ပါတယ်။ နောက်ပိုင်းမှာ အစ္စရေးလ်မော်ဒယ် Bar Refaeli နဲ့ ၂၀၁၁ လောက်အထိ တွဲခဲ့ပြီး အစ္စရေး သမ္မတနဲ့ တွေ့ဆုံတာမျိုးတွေ၊ Bar Refaeli နေခဲ့တဲ့မြို့တွေကို သွားလည်တာမျိုးတွေ ပြုလုပ်ခဲ့တာကြောင့် ဒီတစ်ယောက်နဲ့တော့ Leo တစ်ယောက် ပိုပြီးလေးနက်တဲ့ ဆက်ဆံရေးမျိုးရှိလာမလားဆိုပြီး သို့လော သို့လော မေးခွန်းတွေ ထွက်လာခဲ့ပါသေးတယ်။ ၂၀၁၁ နောက်ပိုင်းမှာတော့ Leonardo တစ်ယောက် Runway ထက်က မော်ဒယ်ပေါင်းများစွာနဲ့ မကြာမကြာဆိုသလို သတင်းတွေ ထွက်လာလေ့ရှိတတ်တာကြောင့် စူပါမော်ဒယ်တွေရဲ့ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်သူ ဟောလီးဝုဒ် မင်းသားအဖြစ်  မီဒီယာတွေက တင်စားခဲ့ကြပါတယ်။ ၂၀၁၅ အစပိုင်းလောက် ကတော့ Leonardo ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အင်မတန်လှုပ်ခတ်သွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါသေးတယ်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Leonardo တစ်ယောက် အသက် ၂၈ အရွယ် အဆိုတော် Rihanna တို့ Club ကနေ အတူတွဲကာ ထွက်သွားပြီးနောက်မှာ သူတို့နှစ်ယောက်တွဲနေပြီဆိုတော့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ Rihanna က ငြင်းခဲ့သလို Leo ကလည်း နောက် မော်ဒယ်တစ်ယောက်နဲ့ သတင်းထွက်လာခဲ့ပါတယ်။ Leonardo နဲ့ တွဲခဲ့ဖူးတယ်လို့ ယူဆနိုင်တဲ့ မိန်းကလေးပေါင်းအယောက် (၂၀) ခန့် ရှိပြီး အများစုက မော်ဒယ်များဖြစ်ပါတယ်။ လက်ရှိမှာလည်း Leonard ရဲ့ဆယ်ယောက်မြောက် Victoria’s Secret မော်ဒယ် ရည်းစားဖြစ်လာတဲ့ အသက် ၂၄ အရွယ် Nina Agdal နဲ့ တွဲနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း Leonardo DiCaprio က Leonar-do DiCaprio ပါပဲ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ တက်ကြွလှုပ်ရှားပြီး သရုပ်ဆောင်ရာမှာ အင်မတန် ပါရမီထူးတဲ့ Leonardo DiCaprio က  လက်ရှိအချိန်ထိတော့ အမျိုးသမီးတိုင်းရဲ့ နံပါတ် (၁) သတို့သားလောင်း ဖြစ်ခွင့်ရှိနေပါသေးတယ်။ 

Bradley Cooper, 41


၂၀၁၁ ခုနှစ်မှာ People Magazine က  ၂၀၁၁ Sexiest Men Alive  အဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ အသက် ၄၁ နှစ်အရွယ် မင်းသား(ကြီး)Bradley Cooper ဆိုရင် သင်ဘယ်ဇာတ်ရုပ်ကို ပြေးမြင်မိမှာပါလဲ ။  ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားတဲ့ techno-thriller အမျိုးအစား Limitless ဆိုတဲ့ ဇာတ်ကားထဲက မျက်လုံးပြာပြာနဲ့  Edward အဖြစ် လား၊ ဒေါ်လာသန်း ၅၈၀ ကျော်ရုံ ၀င်ငွေရရှိခဲ့တဲ့  Hangover Part 2  ထဲမှ ခပ်ပျော်ပျော်နဲ့ ဗရုတ်ကျပြီး မိန်းကလေးတွေနဲ့ အလွမ်းသင့်တဲ့  Phil Wenneck အဖြစ်လား၊ ဒါမှမဟုတ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး Clint Eastwood ရိုက်ကူးထားတဲ့  American Sniper ထဲက အင်မတန်လက်ဖြောင့်တဲ့ Chris Kyle အဖြစ်လား၊ သင် သူ့ကို ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ပဲ မှတ်မိ မှတ်မိ၊ Bradley Cooper လို့ ဆိုလိုက်တာနဲ့ Bradley Cooper ကိုပဲ တန်းကနဲ ပြေးမြင်ရလောက်အောင် မှတ်မိလွယ်ပြီး ထင်ရှားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူ့ကို ရည်ညွှန်းဖို့ ဘယ်ဇာတ်ကားထဲက ဘယ် မင်းသားဆိုတဲ့ စကားစုမျိုး မလိုအပ်သူတစ်ဦးပါ။ Bradley Cooper ဟာ  ၂၀၀၆ ခုနှစ်မှာ ဟောလိဝုဒ် မင်းသမီးတစ်လက်ဖြစ်တဲ့ Jennifer Esposito နဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက်ငါးလအကြာမှာ ဇနီးဖြစ်သူက ကွာရှင်းဖို့တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဟောလီးဝုဒ်ရဲ့ စူပါ မင်းသမီးတွေဖြစ်တဲ့ Rene Zellweger (၂၀၀၉ ခုနှစ်မှ၂၀၁၁ ခုနှစ်အထိ)၊ Zoe Saldana (၂၀၁၁ မှ ၂၀၁၃ အထိ) တို့နဲ့ တွဲခုတ်ခဲ့ပါတယ်။ သူ့ထက် အသက် ၁၇ နှစ် ခန့်ငယ်တဲ့ အင်္ဂလိပ်မော်ဒယ်မလေး Suki Water-house နဲ့ ၂၀၁၃ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ တွဲခဲ့ပြီး  Suki နဲ့ ပြတ်ဆဲပြီး တစ်လအကြာ ၂၀၁၅ မေလမှာ  ပေါ်တူဂီနိုင်ငံလက်ရွေးစင် ဘောလုံးသမား Cristiano Ronaldo ရဲ့ရည်းစားဟောင်း Irina Shayk နဲ့ Bradley  တို့ ဇာတ်လမ်းဖြစ်နေပြီဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ လက်ရှိ ၂၀၁၆ စက်တင်ဘာလအထိလည်း  Bradley Cooper ဟာ Irina Shayk နဲ့တွဲနေဆဲပါ။ ဒါပေမဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းမှာ အက်ကြောင်းလေးတွေ ထင်စပြုလာပြီဆိုတာကို ဇူလိုင်လကုန်ပိုင်းလောက်က တင်းနစ်ပြိုင်ပွဲတစ်ခုမှာ Bradley နဲ့အတူရှိနေတဲ့ Irina Shayk ရဲ့မျက်ရည်များက သဲလွန်စပေး နေသလိုလိုပါပဲ။ ပြင်သစ်စကားကို ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ပြီး  အမေရိကရဲ့ ထိပ်တန်းတက္ကသိုလ်များထဲက တစ်ခုဖြစ်တဲ့ Georgetown University က အင်္ဂလိပ်စာနဲ့ ဘွဲ့ရထားပြီး The New School တက္ကသိုလ်က M.F.A (Master of Fine Arts) ရရှိထားတဲ့ Bradley Cooper ဟာ လက်ရှိအချိန်ထိတော့ ရည်းစားရှိ လူလွတ်တစ်ဦးပါ။ လက်ရှိ ရည်းစားရှိနေပေမယ့်လည်း  သူ့ရဲ့ အရည်အချင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးတွေက မိန်းကလေးများရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲက သတို့သားလောင်း ပုံစံနဲ့ ကွက်တိလို ကိုက်ညီနေတာကြောင့် ဒီစာရင်းမှာချန်ထားခဲ့ဖို့ မသင့်ဘူးလို့ ယူဆမိပြီး ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ 

Jake Gyllenhaal, 35


Jake Gyllenhaal  လို့ ဆိုလိုက်ရင် လူတိုင်းဆီမှာ တွေ့ရခဲပြီး ဆွဲဆောင်မှုရှိတဲ့ ခပ်မဲ့မဲ့အပြုံးနဲ့ ခပ်မိုက်မိုက် စတိုင်လ်ကို ပိုင်ဆိုင်ထားတဲ့ ဟောလီးဝုဒ် မင်းသားမှန်း လူတိုင်းနီးပါး သိကြပါတယ်။  စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့ ဆယ်ကျော်သက်ကောင်လေး (Donnie Darko) ၊ လိင်တူချစ်ခင်သူ Jack Twist (Brokeback Mountain) တစ်ကိုယ်ကောင်းဆန်ပြီး ကျင့်ဝတ်ကင်းမဲ့တဲ့ အလွတ်တန်း သတင်းသမား Louis Bloom (Nightcrawler) ၊ ဈေးတန်းထဲမှ နန်းတော်ထဲရောက်သွားတဲ့  ပါရှန်းမင်းသား Dustan (Prince of Persia: The Sand of Time) ၊ ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာနဲ့ပိုင်ဆိုင်မှုတွေကို ပြန်လည်ရယူဖို့ ခက်ခက်ခဲခဲ ကြိုးစားရတဲ့ ဘောက်ဆင်ချန်ပီယံဟောင်း Billy Hope (Southpaw) ၊ ဒါတွေက Jake Gyllenhaal ကို ဟောလီးဝုဒ်ရဲ့ A-list စာရင်းဆီကို ရောက်အောင်တွန်းပို့ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ Jake ဟာ Reese Witherspoon ၊  Kirsten Dunst ၊ Natalie Portman စတဲ့ ဟောလီးဝုဒ်က အကျော်အမော်တွေနဲ့ နှလုံးသားရေးရာ ဇာတ်လမ်းတွေရှိခဲ့ဖူးသူ တစ်ဦးပါ။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jake ဟာ အသက် ၂၉ နှစ် အရွယ်တုန်းက ၂၁ အရွယ်သာရှိသေးတဲ့ Taylor Swift နဲ့  ၂၀၁၀ အောက်တိုဘာလ မှ ၂၀၁၁ ဇန်န၀ါရီလလောက်အထိ လေးလကြာလောက်တွဲခဲ့ကြတာကြောင့် သူဟာလည်း Taylor ရဲ့ ရှည်လျားလှတဲ့ ရည်းစားများစာရင်းမှာ နံပါတ်ချိတ်ထားသူ တစ်ဦးလည်း ဖြစ်နေပြန်ပါသေးတယ်။ Guess နဲ့Victoria’s Secret တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၊ Vogue နဲ့ Elle တို့ရဲ့ Cover Girl ဖြစ်ခဲ့သူ စူပါ မော်ဒယ် Alyssa Miller နဲ့ ၂၀၁၃ ဇူလိုင်မှာ စတင်တွဲခဲ့ပြီး ဒီဇင်ဘာမှာ သူတို့နှစ်ဦး ပြတ်ဆဲသွားခဲ့ပါတယ်။ ဒါက Jake ရဲ့နောက်ဆုံး နှလုံးသားဇာတ်လမ်းလို့ ပြောရမလိုပါပဲ။ Alyssa Miller နဲ့ နောက်ပိုင်းမှာ Jake တစ်ယောက် တစ်ကိုယ်တည်းဘ၀မှာ ပျော်မွေ့ဖြတ်သန်းနေတာ အခုဆိုရင် ၂၀၁၆ နှစ်ကုန်ပိုင်းကိုတောင် ရောက်ရှိလို့လာပါပြီ။ ဆွီဒင်နိုင်ငံက မှူးကြီးမတ်ရာမျိုးရိုးဖြစ်တဲ့ Gyllen-haal  မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်ပြီး အင်မတန် Sexy ကျတဲ့ ထေ့ပြုံးကို ကိုယ်ပိုင်စတိုင်လ်အဖြစ် ပိုင်ဆိုင်ထားတဲ့ A-List စာရင်းဝင် ဟောလီးဝုဒ် မင်းသား Jake Gyllenhaal ဟာ လောလောဆယ်ထိတော့ မိန်းကလေးတိုင်း စိတ်ကူးယဉ်နိုင်သေးတဲ့ လူလွတ်တစ်ဦး ဖြစ်နေပါသေးတယ်။ 

Tom Hiddleston, 35


လတ်တလော လူပြောအများဆုံး အင်္ဂလိပ်မင်းသား တစ်ယောက်ယောက်ကို ပြောပါဆိုရင် Me Before You ဇာတ်ကားထဲမှ မင်းသား Sam   Claffin ကို ဘေးချိတ်ပြီး Tom Hiddleston လို့ ပြောရမှာပါပဲ။ Taylor Swift နဲ့ ရုတ်တရက် ချက်ချင်းဆိုသလို တွဲပြီးနောက်ပိုင်းမှာ Tom Hidd-leston ဟာ ကမ္ဘာတစ်ဝှန်းက လူများနဲ့မီဒီယာများရဲ့ ပစ်မှတ် အကြီးစားကြီး ဖြစ်လာပါတယ်။ ဒါပေမဲ့ Taylor Swift နဲ့ ဇာတ်လမ်းမစခင်၊ ၂၀၁၁ မှာ ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ Thor ဇာတ်ကားမှာ Loki အဖြစ် ပါဝင်သရုပ်ဆောင်ပြီး နောက်ပိုင်းမှာကတည်းက Tom Hiddleston ရဲ့ အောင်မြင်မှုက တစ်ဖြည်းဖြည်းပိုပြီး အရှိန်မြင့်လာတယ်လို့ဆိုရင် ပိုသင့်တော်ပါတယ်။ အရပ် ၆ ပေ ၂ လက်မခန့်ရှိပြီး ထူးခြားတဲ့ မျက်နှာဖွဲ့စည်းတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ Tom Hiddleston ဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ တစ်ကြိမ်မှ လက်မထပ်ရသေးတဲ့ လူလွတ်တစ်ဦးပါဆိုရင် သင်ထူးဆန်းကောင်း ထူးဆန်းသွားနိုင်ပါတယ်။ သိပ္ပံပညာရှင် ဖခင်နဲ့ စတိတ်မန်နေဂျာ မိခင်တို့မှ မွေးဖွားလာတဲ့ Tom Hiddleston ဟာ သူ့ရဲ့ ကိုယ်ပိုင်ဘ၀ကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် နေထိုင်လေ့ရှိသူတစ်ဦးလို့လည်း သိရပါတယ်။  အခြားနာမည်ကြီး မင်းသားများနဲ့ ခြားနားစွာပဲ Tom ရဲ့ အချစ်ရေးဇာတ်လမ်းများက အလွန်ကို ရိုးစင်းတာကိုလည်း တွေ့ရပါတယ်။ အင်္ဂလိပ် မင်းသမီးတစ်ဦးဖြစ်သူ Susannah Fielding နဲ့ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တွဲခဲ့ဖူးပြီး Zero Dark Thirty ဇာတ်ကားထဲမှ မင်းသမီး Jessica Chastain နဲ့ ၂၀၁၃ မှာ တွဲနေကြသယောင်ယောင် သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ သူတို့နှစ်ဦးက သူငယ်ချင်းတွေပါလို့ ပြောကြပေမဲ့ Jessica တစ်ယောက် ၂၀၁၃  ခရစ္စမတ်ကာလမှာ Tom ရှိရာ ဗြိတိန်နိုင်ငံသို့ သွားလည်တာမျိုး၊ မိသားစုဝင်တွေနဲ့ တွေ့တာမျိုးဆိုတဲ့ ကိစ္စတွေရှိတာကြောင့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက သာမန်ထက် ပိုနေပြီလို့ နီးစပ်သူတွေကဆိုပြီး ပရိသတ်များကလည်း စောင့်ကြည့်ခဲ့ကြပါတယ်။ ၂၀၁၄ မှာ သူတို့နှစ်ဦး Crimson Peak ဇာတ်ကားမှာ အတူသရုပ်ဆောင်ကြပြီးနောက်  Instyle မဂ္ဂဇင်း ရဲ့အင်တာဗျူးတစ်ခုမှာ Jessica က သူမ ဘယ်တော့မှ မင်းသားတွေနဲ့ မတွဲတော့ဘူးလို့ ဖြေဆိုသွားတာကြောင့် သူတို့ရဲ့ ဇာတ်လမ်းအဆုံးသတ်သွားပြီလို ယူဆခဲ့ကြပါတယ်။ Tom အတွက် အသက် ၃၅ နှစ်အတွင်း သူ့ရဲ့သမီးရည်းစားကိစ္စကို တရားဝင်ကြေငြာတာ နှစ်ကြိမ်တည်းသာ ရှိခဲ့ပါတယ်။ ပထမအကြိမ်က Susa-nnah Fielding နဲ့ ဖြစ်ပြီး  ၂၀၁၆ ဇူလိုင်လ မှာ Taylor Swift နဲ့  သူနဲ့ တွဲနေပြီဆိုတာ အတည်ပြုစဉ်က ဒုတိယ အကြိမ်ဖြစ်ပါတယ်။ အလှူအတန်းရက်ရောကာ ပရဟိတနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေကို စိတ်ဝင်စားပြီး အားတက်သရော ကိုယ်တိုင်ပါဝင်လုပ်ဆောင်တတ်တဲ့ အင်္ဂလိပ်မင်းသားဟာ Cambridge University နဲ့ Royal Academy of Dramatic Art မှ ဘွဲ့ရထားသူ တစ်ယောက်ဆိုကိုတော့ သိသူရှားပါတယ်။ နောက်ပြီး Tom Hiddleston  ဟာ နောက်လာမယ့် James Bond အဖြစ် ဖြစ်နိုင်ချေရှိနေသူ တစ်ဦးဖြစ်တာကြောင့် မျက်လုံးပြာပြာပြီး ဆံပင်ရွှေရောင်ရှိမယ့် နောက်ထပ် ဗြိတိန်မင်းသားတစ်လက်ကိုများ မြင်တွေ့ရမလားလို့ ပရိသတ်တွေ စိတ်စောနေကြပါတယ်။ မှန်ပါတယ်။ Taylor Swift နဲ့ တွဲနေတယ်ဆိုဦးတော့၊ Tom Hiddleston များ James Bond   ဖြစ်လာမလားဆိုတဲ့ အတွေးက သင်တို့ကို စိတ်လှုပ်ရှားစေတယ်ဆိုရင် သူ့ကို ဒီစာရင်းမှာ မထည့်ထားစရာ ဘာအကြောင်းမှ မရှိတော့ဘူးလို့ ယူဆမိပါတယ်။

Chris Evans, 34


Chris Evans (သို့) Fantastic Four ထဲက Human Torch  တဖြစ်လဲ Captain America ။ Hero ဇာတ်ရုပ်နှစ်ခုကို သရုပ်ဆောင်ခွင့်ရတဲ့ တစ်ဦးတည်းသော ဟောလီးဝုဒ်မင်းသား။ Chris Evans ကို လူစွမ်းကောင်း ဇာတ်ရုပ်များအဖြစ် ရွေးချယ်ရတဲ့ အကြောင်းအရင်းလို့ မေးတဲ့အခါ ရုပ်ရှင်လောကသားများက ခပ်လွယ်လွယ်ပဲ မှတ်ချက်ပြုတတ်ကြပါတယ်။ သူက လူစွမ်းကောင်းတစ်ယောက်နဲ့ တူလွန်းလို့ပါပဲတဲ့။ ဒီလို ရုပ်ဖြောင့်ပြီး အားကိုးချင်စရာအသွင်အပြင်ရှိတဲ့ Chris Evans ကို တကယ်ပဲ အမျိုးသမီးတွေ ယုံကြည်ကိုးစားခဲ့ ကြတယ်လို့ဆိုရမလိုပါပဲ။ အဆိုတော် Justin Timberlate ရဲ့လက်ရှိဇနီးဖြစ်သူ  Jessica Biel က Chris ရဲ့ရည်းစားဟောင်း တစ်ဦးဖြစ်ပြီး ငါးနှစ်နီးပါး တွဲခဲ့ဖူးပါတယ်။ Jessica နဲ့ ပြတ်ဆဲပြီးနောက် Leonardo နဲ့ ငါးနှစ်ကြာဇာတ်လမ်းကို အဆုံးသတ်ပြီး တစ်ကိုယ်တည်းဖြစ်နေတဲ့ Gisele Bndchen ကို  Chris Evans မျက်စိကျခဲ့ပုံရပါတယ်။ သူတို့နှစ်ယောက် ၂၀၀၆ ကနေ ၂၀၀၇ လောက်အထိ တွဲခဲ့ကြပါတယ်။ မကြာခင်မှာပဲ အမေရိကန် အဆိုတော်၊ သရုပ်ဆောင် Emmy Rossum နဲ့ တွဲခဲ့ပြီး မကြာခင်အချိန်မှာ ပြတ်ဆဲခဲ့ကြပြန်ပါတယ်။ နောက်ပိုင်းမှာ NBC ထုတ်လွှင့်ပြီး လူကြိုက်များခဲ့တဲ့  Friday Night Lights ဇာတ်လမ်းထဲက မင်းသမီး Minka Kelly နဲ့ ခုနှစ်နှစ်ကြာ နီးပါးတွဲခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ချောမောလှပတဲ့ အသွင်အပြင်နဲ့ ရှေ့သွားနောက်လိုက်ညီမှုကြောင့် ဟောလီးဝုဒ်ရဲ့ လူချစ်ခင်ခြင်းခံရတဲ့ စုံတွဲတစ်တွဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မှာ Captain America: The First Avenger နဲ့ နောက်ဆက်တွဲ ထွက်လာတဲ့ Marvel Comics ရဲ့ The Avenger ဇာတ်ကားများကြောင့် Chris Evans ရဲ့အောင်မြင်မှုက ဟောလီးဝုဒ်ရဲ့နယ်နမိတ်တွေကို ကျော်လွန်ပြီး ကမ္ဘာအနှံ့သို့ ပျံ့နှံ့ ရောက်ရှိလာပါတယ်။ ၂၀၁၄ ခုနှစ်မှာ Captain America: The Winter Soldier ဆက်လက်ထွက်ရှိလာပြီး သူ့ရဲ့အောင်မြင်မှုကလည်း ဆက်လက်ကြီးထွားလာပါတယ်။ ဒါပေမဲ့ နှလုံးသားရေးရာကိစ္စမှာတော့ ကပ္ပတိန်ကြီး ကျရှုံးသွားတယ်လို့ ပြောရပါမယ်။ နှစ်အတော်ကြာ လက်တွဲလာတဲ့ Minka Kelly နဲ့ ပြတ်ဆဲပြီး နောက်ပိုင်း ၂၀၁၄ လောက်ကစပြီး  Chris Evans ရဲ့ နှလုံးသားရေးရာ ဇာတ်လမ်းများက စတင်ပြီး ရှုပ်ထွေးပွေလီလာပါတယ်။ သူ့ထက် အသက် ၁၈ နှစ်လောက်ကြီးတဲ့ Sandra Bullock နဲ့တွဲခဲ့သလို အသက် ၇ နှစ်လောက် ပိုငယ်တဲ့ Lily Collins နဲ့လည်း ဇာတ်လမ်းတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၆  မှာ ရုံတင်ပြသခဲ့တဲ့ Captain America: Civil War မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Elizabeth Olsen နဲ့လည်း ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း ညှိတိတိ ဖြစ်ခဲ့ပါသေးတယ်။ ညီဖြစ်သူ Scott Evans က Gay တစ်ယောက်ဖြစ်တာကို ၀န်ခံပြီးနောက် LGBD အခွင့်အရေးကို အားပေးထောက်ခံမှုကြောင့် ၂၀၁၆ မှာ Chris ဟာလည်း Gay ပါဆိုတဲ့ ကောလာဟလတွေထွက်လာပါတယ်။ ဒီကောလာဟလကိုတော့  ၂၀၁၆ မှာ ဇွန်လမှာ ကျင်းပတဲ့ The Secret Life of Pets အထူးပွဲမှာ အမေရိကန်သရုပ်ဆောင် Jenny Slate  နဲ့ တွဲခုတ်လာပြီး ဖြေရှင်းခဲ့ပါတယ်။ လက်ရှိမှာတွဲနေတဲ့ သူရှိတယ်ဆိုပေမယ့်လည်း ကပ္ပတိန်ဟာ လက်ရှိအချိန်ထိ လူလွတ်တစ်ဦး ဖြစ်နေသေးတာကြောင့် သူ့ကိုလည်း ဒီစာရင်းထဲ ထည့်သွင်းလိုက်ရပါတယ်။