Primary tabs

မင်္ဂလာပွဲ ရုပ်ရှင်ဇာတ်လမ်းများ

People ရဲ့ ရုပ်ရှင်နှစ်သက်သူ ပရိသတ်ကြီးအတွက် ရသမျိုးစုံနဲ့ ခံစားမှုမျိုးစုံကို ပေးနိုင်မယ့် ဇာတ်ကား ၁၀ ကားကို ရွေးချယ်ညွန်းဆိုပေးထားပါတယ်။ ရွေးချယ်ထားတဲ့ ဇာတ်ကားတွေ အားလုံးက မင်္ဂလာပွဲ ဆင်ယင်ကျင်းပမှုနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းလေးတွေချည်းပါဘဲ။ တချို့သော ဇာတ်ကားတွေကတော့ ပရိသတ်ကြီးအနေနဲ့ ခံစားကြည့်ရှုပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ လက်ထပ်ထိမ်းမြားခြင်းနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်း အမျိုးမျိုးကို တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုတာကြောင့် လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဇာတ်ကားတွေကိုပါ ထည့်သွင်းညွန်းဆိုပေးထားလို့ ဖတ်ရှုခံစားကြည့်ပေးပါဦးရှင့်။ 

The Decoy Bride


The Decoy Bride ကတော့ ၂၀၁၁ ခုနှစ်ကတည်းက ရုံတင်ပြသခဲ့တဲ့ ဗြိတိသျှရုပ်ရှင်ဇာတ်ကား တစ်ကားပါ။ ဇာတ်မြူးလေးတွေကိုသာ ရေးသားလေ့ရှိတဲ့ စာရေးဆရာ Sally Phillips နဲ့ Neli Jaworski တို့က ဇာတ်ညွှန်းဖွဲ့သီထားကြပြီး အဓိက 
ဇာတ်ဆောင်တွေအဖြစ် David Tennant, Alice Eve နဲ့ Kelly Macdonald တို့က ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားကို စကော့တလန်မှာရှိတဲ့ Hegg အမည်ရ ပုံပြင်ဆန်ဆန်ကျွန်းစုလေးမှာ ဒါရိုက်တာ Ecosse Films က ရိုက်ကူးဖန်တီးထားတာ ဖြစ်ပါတယ်။

The Decoy Bride ဆိုတဲ့ ဇာတ်ကားထဲမှာ Lara Tyler ကတော့ သူတို့နိုင်ငံမှာ အကျော်ကြားဆုံး ရုပ်ရှင်မင်းသမီးတွေထဲက တစ်ယောက်ပေါ့။ လူသိများကျော်ကြားပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူ သူမအနေနဲ့ အရာအားလုံးထဲမှာ အဖြစ်ချင်ဆုံးက သူမရဲ့ ခင်ပွန်းလောင်း James Arber နဲ့ လက်ထပ်နိုင်ဖို့ပါဘဲ။ ထုံးတမ်းစဉ်လာအရ ဘုရားကျောင်းမှာ တိတ်တဆိတ်ကျင်းပတဲ့ သူတို့ရဲ့ မင်္ဂလာပွဲဟာ Marco Ballni ဆိုတဲ့ ပါပါရာဇီရဲ့ နှောင့်ယှက်မှုကို ခံလိုက်ရပြီး Lara ကို ခြေရာမခံမိစေဖို့ စားပွဲအောက်ကို ဝင်ရောက်ပုန်းခိုနေခဲ့ရပါတယ်။ 

အဲ့ဒီနောက်ပိုင်း Lara နဲ့ James တို့ဟာ လူမသိ သူမသိ အေးအေးချမ်းချမ်းနဲ့ မင်္ဂလာပွဲ ကျင်းပနိုင်မယ့်နေရာတစ်ခုကို အပြင်းအထန် ရှာဖွေကြပါတယ်။ စာနယ်ဇင်းသမားတွေရဲ့ ဝိုင်းအုံ သတင်းယူမှုကနေ ကင်းလွတ်ရာ၊ အထူးသဖြင့် Lara ကို စွဲလမ်းနေတဲ့ Ballani ရဲ့ နှောင့်ယှက်မှုရဲ့ဝေးရာဖြစ်တဲ့ စကော့တလန်က ကျွန်းငယ်လေး Hegg  ကို တွေ့ရှိခဲ့ကြတယ်။ Hegg ဆိုတဲ့ ကျွန်းငယ်လေးက  James ရဲ့ ရောင်းအားအကောင်းဆုံး စာ အုပ် The  Ornithologists Wife ထဲမှာ ထည့်သွင်း ဖော်ပြခဲ့ဖူးပါတဲ့ နေရာလေးတစ်ခုပါ။ 

ဒါပေမဲ့ Katie ရဲ့ မိခင်က ငွေကြေးရရှိရေးအတွက် Lara တို့ရဲ့ အစီအစဉ်ကို စာနယ်ဇင်းသမားတွေဆီ သတင်းပေးလိုက်တာကြောင့် Ballani ကလည်း ကျွန်းကို တစ်နည်းနည်းနဲ့ ရောက်ရှိနိုင်ဖို့ စီစဉ်ပါတော့တယ်။ နောက်ပိုင်းမှာ Lara က ဒီအကြောင်းတွေ အားလုံးကိုသိရှိပြီး စိတ်ပျက် လက်ပျက်နဲ့ အဝေးတစ်နေရာမှာ ပုန်းခိုနေခဲ့ပါတော့တယ်။ Steve Korbitz ဦးဆောင်တဲ့ သူမအဖွဲ့ရဲ့ အသည်းအသန်အားထုတ်မှုနဲ့ အတုအယောင်မင်္ဂလာပွဲတစ်ပွဲကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြပြီး ပါပါရာဇီတွေအနေနဲ့လည်း သူတို့အစီအစဉ်ကို အမှန်တကယ်ထင်ပြီး ပါဝင်နေကြတဲ့အချိန် ကျွန်းကနေ ထွက်ခွာဖို့ မျှော်လင့်ခဲ့ကြတယ်။ Steve နဲ့ သူ့လက်ထောက် Emma တို့ဟာ ဟန်ဆောင် သတို့သမီးတစ်ဦးကို ရှာဖွေကြတဲ့အခါ သာမန်အရပ်သူလေး Katie က အစားထိုးဖို့ အကောင်းဆုံးအဖြစ် တွေ့ရှိခဲ့ကြတယ်။ နောက်ဆုံးချစ်သူနဲ့ လမ်းခွဲပြီးနောက်ကွဲကြေခဲ့ရတဲ့ နှလုံးသားတစ်စုံကို ပြန်လည်ကုစားဖို့ ကြိုးစားနေသူ Katie ဟာ မင်္ဂလာပွဲအတုကို ပြည့်စုံအောင်ဖန်တီးနိုင်ဖို့ Lara အဖြစ် သရုပ်ဆောင်ပေးရန်အတွက် စည်းရုံးခံခဲ့ရပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေက တော့ Katie နဲ့ James တို့ကို ချစ်ကျွမ်းဝင်သွားစေဖို့ ဖန်တီးပေးသွားတော့တာပါဘဲ။ ဒီဇာတ်ကားလေးကိုလည်း စိတ်ဝင်စားစရာ ဇာတ်ကားတစ်ကားအဖြစ် ကြည့်ရှုနိုင်ဖို့ ညွန်းဆိုလိုက်ပါရစေနော်။

x x x x x

Jenny’s Wedding


Jenny Farrell ဟာ မိသားစုထဲက မောင်နှမအားလုံးထဲမှာ လက်ထပ်ဖို့ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော သူပါ။ လက်ထပ်ဖို့ကိစ္စနဲ့ ပတ်သက်လို့ မိဘမောင်ဘွားတွေက တစ်စုံတစ်ယောက်ကို ရှာဖွေလက်တွဲသင့်ပြီဆိုပြီးတော့လည်း မကြာခဏဆိုသလို ဖိအားပေးခံရလေ့ရှိပါတယ်။ Jenny  က သူမဆီမှာ ချစ်ဇာတ်လမ်းတစ်ပုဒ်ရှိနေနိုင်တယ်ဆိုတာကို သိထားတဲ့ သူမရဲ့  ညီမ Anne အနေနဲ့ နောက်ကွယ်မှာ အတင်းပြောတာမခံရစေဖို့ တပင် တပန်း ကြိုးစားနေခဲ့ရတယ်။ Anne ကတော့ Jenny ဟာ သူမလက်ထပ်ရမယ့် အမျိုးသားတစ်ယောက်ကို တွေ့ထားပြီးဖြစ်ပေမယ့် အိမ်ကိုခေါ်လာပြီး တရားဝင် မိတ်ဆက်မပေးသေးတာဘဲ ဖြစ်လိမ့်မယ်ဆိုပြီး ခန့်မှန်းတွေးထင်နေပါတယ်။

Jenny  က သူမရဲ့ ဖခင်ကို သူမအနေနဲ့ သင့်တော်သူတစ်ယောက် တွေ့ထားပြီဖြစ်ကြောင်း ဝန်ခံပြောဆိုပြီး သူမ လက်ထပ်ချင်တဲ့အကြောင်း ဖွင့်ပြောလာပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်  ကာလအတွင်းမှာ မင်္ဂလာပွဲ ကျင်းပနိုင်ပါ့မလားဆိုတာကတော့ မသေချာသေးဘူးလို့လည်း ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သမီးဖြစ်သူ လက်ထပ်ပွဲ ကျင်းပနိုင်တော့မယ်ဆိုပြီး စိတ်သက်သာရာရနေတဲ့ မိခင်ကို သူမက အမျိုးသားတစ်ယောက်နဲ့ လက်ထပ်မှာ မဟုတ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်းဆိုလာပါတော့တယ်။ သမီးအကြောင်းကို သေချာမသိရသေးသူ Jenny ရဲ့ ဖခင်ကတော့ သူမရဲ့ အမေကို Jenny တွေ့ထားတဲ့သူက လက်ထပ်ပွဲမကျင်းပချင်တာကြောင့်ဆိုရင်လည်း သူတို့လက်ထပ်နိုင်ဖို့အတွက် ဦးဆောင်ပေး
ရမှာဖြစ်ပြီး သူမရဲ့ လျှို့ဝှက်နည်းလမ်းတွေအတွက် အကြာင်းပြချက်ကို ပြောလာပါတယ်။

Jenny က သူမရဲ့ မိဘတွေကို သူမတို့ရဲ့ ချစ်ဇာတ်လမ်းက ငါးနှစ်ကြာရှိခဲ့ပေမယ့် မိသားစုတွေ လက်မခံမှာ စိုးရိမ်တာကြောင့် လျှို့ဝှက်ထားတဲ့အကြောင်း၊ သူမရဲ့ အနာဂတ် အိမ်ထောင်ဘက်ဟာ သူတို့နဲ့ နှစ်ပေါင်းများစွာကတည်းက သိထားခဲ့ကြတဲ့သူတွေဖြစ်ပြီး မိသားစုနဲ့လည်း ရင်းနှီးကျွမ်းဝင်ပြီးသားသူတစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟလာတယ်။ သူမရဲ့ ထုတ်ဖော်ပြောကြားချက်မှာ Farrell မိသားစုရဲ့ အစဉ်အလာအတိုင်းနေထိုင်ခဲ့မှုဟာ ထာဝရအတွက် ပြောင်းလဲသွားခဲ့ပြီး သူတို့ရဲ့ မင်္ဂလာပွဲကိုသာ ခွင့်ပြုခဲ့မယ်ဆိုရင် သူတို့မိသားစုတွေ အားလုံး ကြေကွဲစွာနဲ့ ကွဲကွာရမယ့်အထိ ဖြစ်လာခဲ့ပါတော့တယ်။

အမေရိကန် Independent film က ဇာတ်ညွန်းရေးသားပြီး  ဒါရိုက်တာ Mary Agnes Donoghue ရိုက်ကူးပုံဖော်ထားတဲ့ Jenny’s Wedding မှာ Katherine Heigl၊ Alexis Bledel၊ Tom Wilkinson ၊ Linda Emond နဲ့ Grace Gummer တို့ ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ နေရာအကန့်အသတ်နဲ့သာ ရုံတင်ခဲ့တာဖြစ်ပြီး ကြာမြင့်ချိန်ကတော့ ၉၅ မိနစ်သာ ရှိပါတယ်။

x x x x x

The Dog Wedding


The Dog Wedding ဆိုတဲ့ ဇာတ်လမ်းလေးက နှာခေါင်းတစ်ချက်အရှုံ့မှာ စတင်ခဲ့တဲ့ ခွေးနှစ်ကောင်ရဲ့ ချစ်ခြင်းမေတ္တာကနေ အလုပ်ကြိုးစားလွန်းတဲ့ လုပ်ငန်းရှင်အမျိုးသမီးနဲ့ ကြေးစားနပန်းသမားတစ်ယောက်တို့ကို ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်းလေးတွေ ပေါ်ပေါက်စေခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ WWE လက်ဝှေ့ပွဲတွေမှာ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ Matt Bloom က Matthew အဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူက လက်ဝှေ့ထိုးဖို့အတွက် သားမွေးနံငယ်ပိုင်းကို ဝတ်ဆင်ပြီး ရယ်စရာကောင်းတဲ့ Manimal ပွဲတွေမှာ လူကြမ်းအဖြစ် တင်ဆက်တဲ့သူပါ။ ကြိုးဝိုင်းရဲ့အပြင်ဘက်မှာတော့ Matthew က သူမွေးထားတဲ့ ခွေးလေးကို အရမ်းချစ်တတ်တဲ့ ခွေးပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ဆုံးပါးသွားခဲ့တဲ့ သူ့ရဲ့မိခင်အတွက်လည်း နက်နက်နဲနဲကို ဝမ်းနည်း ခံစားနေရတဲ့သူပါ။ တစ်နေ့မှာတော့ ရွှေရောင်ဆံနွယ်တွေနဲ့  Ulrika က သူမရဲ့ ခွေးမင်းသားလေးကို ကြင်ဖက်ရှာဖွေပေးဖို့ ထွက်လာစဉ်မှာဘဲ Matthew ရဲ့ ခွေးမင်းသမီးလေးနဲ့ အတွဲညီလိုက်ဖက်တာကို တွေ့ခဲ့ကြပါတယ်။

ချုပ်ချယ်လွန်းတဲ့ လုပ်ငန်းရှင်ဖခင်ကြီးရဲ့ တစ်ဦးတည်းသောသမီး Ulrika (Rosalie Thomass) က ဖခင်ကြီး ဝယ်ယူထားတဲ့ ရှာလကာရည်စက်ရုံက အလုပ်သမားတွေ ကို ထုတ်ပယ်ရေးတာဝန်နဲ့ ရောက်ရှိလာသူပါ။ အဲ့ဒီအလုပ်က အခြားသောအခွင့်အရေးတွေထက် ပိုပြီးတော့ ခက်ခဲပေမယ့် Matthew ကတော့ သူမကို လျော့ပေါ့ပေးစေခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ဦးရဲ့တစ်ဦးစီက ပိုင်ဆိုင်ထားကြတဲ့ ခွေးတွေကို မင်္ဂလာဆောင်နိုင်ဖို့ ဆောင်ရွက်ရင်း Matthew က Ulrika ရဲ့ ယုံကြည်မှုကို အရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ထိန်းချုပ်ကန့်သတ်တာတွေ များလွန်းတဲ့ သူမရဲ့ဖခင်က သူတို့ရဲ့ ဆက်ဆံရေးကို တိုးတက်မလာစေဖို့  နှောင့်ယှက်မှုတွေ ပြုလာတဲ့အခါ သူမအနေနဲ့ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို ဆုံးဖြတ်ဖို့ ကြုံလာပါတော့တယ်။ ဒါရိုက်တာ James Lefkowitz က ရိုက်ကူးဖန်တီးထားတဲ့ ဇာတ်ကားရဲ့ ကြာချိန်က မိနစ် ၉၀ ဖြစ်ပါတယ်။

x x x x x

A Wedding Invitation


ဒါရိုက်တာ Ki-hwan Oh  ရိုက်ကူးပုံဖော် ထားတဲ့ A Wedding Invitation ဆိုတဲ့ ဇာတ်ကားကို ၂၀၁၃ ခုနှစ် မေ ၂၄ ရက်နေ့က ရုံတင်ပြသခဲ့ပါ တယ်။ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ Li Xing နဲ့ Qiao Qiao အဖြစ် မင်းသား Eddie Peng နဲ့ မင်းသမီး Bai Baihe တို့က ပါဝင်ထားကြပြီး မင်းသား Jinfu Jiang, Zhao Yingjun နဲ့ မင်းသမီး Pace Wu တို့က ကူညီပံ့ပိုးပေးထားတာကို တွေ့ရပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းလေးကို ခပ်မြူးမြူးလေးဖြစ်အောင် ဖန်တီးရိုက်ကူးထားတဲ့ တရုတ် ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်။

ဒီဇာတ်ကားမှာ Qiao Qiao နဲ့ Li Xing တို့ဟာ အထက်တန်းကျောင်းသား၊ ကျောင်းသူ ဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ သက္ကရာဇ်တွေကို အတူဖြတ်ကျော်လာကြရင်းနဲ့ တက္ကသိုလ်ကနေ ဘွဲ့တစ်ခုကို ပိုင်ဆိုင်ရတော့မယ့် 
အချိန် နီးကပ်လာခဲ့ကြပါပြီ။ အဲ့ဒီအချိန်မှာဘဲ Li Xing ဟာ Qiao Qiao ကို အံ့အားသင့်သွားစေမယ့် အပြုအမူတစ်ခုကို ပြုမူလိုက်ပါတယ်။ အဲ့ဒါကတော့ Qiao Qiao ကို လက်ထပ်ခွင့် တောင်းလိုက်ခြင်းပါဘဲ။ Qiao Qiao ကတော့ လက်ထပ်ခွင့်တောင်းတာကို ငြင်းပယ်လိုက်ပါတယ်။ အဲ့ဒီအခါမှာတော့ သူမဘာကြောင့် လက်ခံဖို့အဆင့်သင့် မဖြစ်ရသေးသလဲဆိုတာနဲ့ ပတ်သက်ပြီး အပြင်းအထန် ဆွေးနွေးငြင်းခုံကြပါတော့တယ်။ 

Li Xing အနေနဲ့က Qiao Qiao ဆီမှာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ခြေမွဖျက်ဆီးနိုင်လောက်တဲ့ လျှို့ဝှက်ချက်ရှိနေတယ်ဆိုတာလောက်ကိုဘဲ သိပါတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်စလုံး နောက်ငါးနှစ်ကြာတဲ့အထိ လွတ်လပ်နေတဲ့သူတွေအဖြစ်သာ ရှိနေခဲ့မယ်ဆိုရင် လက်ထပ်ကြမယ်ဆိုတဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ဖြစ်ခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်း သူတို့ဟာ ငါးနှစ်စလုံး တစ်ယောက်တစ်နေရာစီမှာ ရှင်သန်လှုပ်ရှားကြရင်း ကွဲကွာနေခဲ့ကြတယ်။  အချိန်တွေ ကြာခဲ့ပေမယ့် Qiao Qiao ဟာ သူ့ကို စောင့်နေလိမ့်မယ်လို့ Li Xing ကတော့ ယုံကြည်ထားဆဲပါဘဲ။ 

Qiao Qiao ကလည်း Li Xing ရဲ့ ဖုန်းကို စိတ်ရှည်စွာဘဲ စောင့်မျှော်နေခဲ့တာပေါ့။ ဒါပေမဲ့ Qiao Qioa ဟာ Li Xing ရဲ့ မင်္ဂလာပွဲ ဖိတ်ကြားလွှာကို ရုတ်တရက် လက်ခံရရှိခဲ့ပါတယ်။ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ Qiao Qiao ဟာ ပွဲကျင်းပနေစဉ်အတွင်း သတို့သမီးရဲ့ အမည်မှာ သူ့နာမည်ကို ခေါ်ပြောဖိတ်ကြားခံလိုက်ရတော့ သိပ်ကို ဝမ်းသာသွားခဲ့တာပေါ့။ ဒီလိုနဲ့ သူတို့နှစ်ဦးကို အချိန်ကြာမြင့်စွာ ကွဲကွာစေခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခု ရှိခဲ့ပေ မယ့်လည်း သူမရဲ့ ငယ်ချစ်ဦးရဲ့ရင်ခွင်ကိုသာ ဘယ်လိုအခက်အခဲတွေဘဲ ရှိခဲ့ပါစေ ပြန်လည်ခိုဝင်ဖို့ ဆုံးဖြတ်မိပါတော့တယ်။ သူတို့တကယ်ဘဲ ဆုံဆည်းရသွားကြသလား ဆိုတာကတော့ ပရိသတ်ကြီး ကိုယ်တိုင်ဘဲ ကြည့်ရှုခံစားကြည့်ပါဦး။

ဇာတ်ကားရဲ့ ကြာမြင့်ချိန်ကတော့ ၁၀၁ မိနစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ 

x x x x x

Mike and Dave Need Wedding Dates

Mike and Dave Need Weeding Dates ကတော့ ၂၀၁၆ ခုနှစ်အတွင်းမှာ ရုံတင်ခဲ့တဲ့ အမေရိကန်ဇာတ်မြူးရုပ်ရှင်လေးပါ။ ဒါရိုက်တာjake Szymanski က ရိုက်ကူးပြီးဇာတ်ညွန်းကိုတော့ Andrew J.Cohenနဲ့ Brendan O’Brein တို့က ပူးတွဲရေးသားထားကြပါတယ်။ Zac Efron နဲ့ Adam DeVineတို့ကသူတို့အစ်မဖြစ်သူရဲ့ မင်္ဂလာနေ့ရက်ကို အကောင်းဆုံးရွေးချယ်နိုင်ဖို့အတွက် အွန်လိုင်းကနေ ကြော်ငြာကာရှာဖွေကြသူများအဖြစ်နဲ့ အဓိ က သရုပ်ဆောင်တွေနေရာမှာ ပါဝင်ထားကြပါ
တယ်။ Anna Kendrick နဲ့ Aubrey Plaza တို့ကတော့ ကြော်ငြာရဲ့အဖြေတွေကို ဖြေဆိုပေး တဲ့ မိန်းကလေးတွေအဖြစ် ပါဝင်ပံ့ပိုးထားပေးတာကိုတွေ့ရမှာပါ။ 

Mike နဲ့ Dave Stangle တို့ဟာ ငယ်ရွယ်ပြီး စွန့်စားလိုတဲ့သူ ပျော်ရွှင်မှုကိုခုံမင်မက်မောတဲ့  ညီအစ်ကိုနှစ်ယောက်ပေါ့။ သူတို့ဟာ မိသားစု စုံစုံညီညီနဲ့ ကျင်းပကြတဲ့ပွဲတွေမှာ နာမည်ကြီးတွေပါ။ သူတို့နှစ်ယောက်ကပွဲမှ မစရသေးခင် ဆုံးအောင် လုပ်တတ်ကြတဲ့သူတွေပေါ့။ သူတို့ဟာ မိသားစုဆုံဆည်းတဲ့ပွဲမှာ အထိန်းအကွပ်မဲ့သွားလောက်အောင် အပျော်ကြူးခဲ့ကြတာကြောင့် သူတို့ရဲ့ အဖိုးဖြစ်သူခမျာသေးဆုံးခဲ့ရတဲ့ အထိဖြစ်ခဲ့ဘူးပါတယ်။ ဒါကြောင့် သူတို့မိဘတွေက ဒီညီအစ်ကိုနှစ်
ယောက်ဟာ မိသားစုတွင်းမှာ ပြုလုပ်ကျင်းပမယ့် ပွဲတွေကို ဖျက်ဆီးမယ့်သူတွေအဖြစ် သဘောပေါက်မိတာပေါ့။ သောင်းကျန်းလွန်းတဲ့ သူတို့နှစ်ယောက်ကို အစ်မဖြစ်သူ Jeanie ရဲ့ ဟာဝိုင်ရီမင်္ဂလာပွဲမှာသူတို့နဲ့ တွဲဖက်တက်ရောက်မယ့် ကောင်မလေးတွေကို ခေါ်ဆောင်လာခဲ့ကြဖို့ မိဘတွေကပြောလာတယ်။ သူတို့ကလည်းေ ခ်ါဆောင်လာမယ့်အကြောင်း ကတိပေးခဲ့ပြီး ကောင်မလေးရှာပုံတော် ဖွင့်ကြတာပေါ့။ ဖြစ်ချင်တော့ သူတို့ ခေါ်လာခဲ့ကြတဲ့ Alice နဲ့ Tatiana က သူတို့
မိသားစုတွေ မျှော်လင့်ထားသလိုမဟုတ်ခဲ့ပါဘူး။ ဘာတွေ ဘယ်လိုဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားကြည့်ပါဦးနော်။ ဒီဇာတ်ကားကို လော့(စ)အိန်ဂျလိ့(စ)မှာ ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်က ပွဲဦးထွက် ပြသခဲ့ပြီးဇူလိုင် ၈ ရက်နေ့မှာစတင်ပြီး ရုံတင်ခဲ့ပါတယ်။ ဝေဖန်ရေးသမားတွေဆီက အသံမျိုးစုံထွက်ခဲ့ကြတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်လို့ စိတ်ဝင်စားဖို့တော့ ကောင်းပါလိမ့်မယ်။

x x x x x

Cheerful Weather For The Wedding


Cheerful Weather for the Wedding ကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိသျှ ဒရာမာရုပ်ရှင်ဇာတ်ကားပါ။ Donald Rice က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ငွေကြယ်ပွင့်တွေကတော့ Felicity Jones၊ Luke Treadaway နဲ့ Elizabeth Mc Govern တို့ ပါဝင်ထားပါတယ်။ ၁၉၃၂ ခုနှစ်က Julia Strachey ရေးသား ထွက်ရှိခဲ့တဲ့  Cheerful Weather for the Wedding ဆိုတဲ့ ဝတ္ထုကို  မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၂ ခုနှစ် ဧပြီ ၂၀ ရက်နေ့က Tribeca ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသခဲ့ပါတယ်။

ဇာတ်လမ်းလေးကို အကျဉ်းချုပ်ပြီး ပြောရမယ်ဆိုရင်..... Dolly ရဲ့ မင်္ဂလာပွဲနေ့ဆိုတော့ သူမမိသားစုက ဝမ်းမြောက်ဂုဏ်ယူမှုအပြည့်နဲ့ အိမ်ကြီးထဲမှာ ရောက်ရှိနေကြပါပြီ။ သူတို့တွေ  ဒီလိုစုဝေးတွေ့ဆုံနေကြတာကို တွေ့မြင်နေရင်းကနေ ဝေခွဲမရဖြစ်တဲ့စိတ်တွေနဲ့ စိုးရိမ်ပူပန်မှုတွေက Dolly ဆီ ဝင်ရောက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာဘဲ Joseph ရောက်လာတော့ Dolly ရဲ့ စိတ်ဒုက္ခဆိုတာတွေက ပိုပြီးတော့ ပုံပေါ်လာတော့တာပေါ့။ Joseph ဆိုတာကတော့ လွန်ခဲ့တဲ့နွေရာသီက တွဲခုတ်ခဲ့ကြတဲ့ Dolly ရဲ့ ချစ်သူဟောင်းဖြစ်ပြီး သူ့ကြောင့်ဘဲ သူမရဲ့ ခံစားချက်တွေက ကသောင်းကနင်းဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ Joseph ရဲ့ တည်ရှိမှုက သမီးဖြစ်သူရဲ့ အနာဂတ်အတွက် ပုံဖော်တည်ဆောက်ပေးထားတဲ့ Dolly မိခင်ရဲ့ ဒေါသအိုးကို ပေါက်ကွဲစေတော့တာပါဘဲ။ Dolly အနေနဲ့ သူမဘက်ကနေကြည့်ရင် Joseph နဲ့ အတူ အဝေးတစ်နေရာကို ထွက်ပြေးရမလား ဒါမှမဟုတ် သူမရဲ့ ခင်ပွန်းလောင်းနဲ့အတူ အာဂျင်တီးနားမှာဘဲ ဘဝသစ်စရမလားဆိုတာကို မဆုံးဖြတ်နိုင်ဖြစ် 
နေရပါတယ်။ ခင်ပွန်းလောင်းနဲ့ သူမရဲ့ ချစ်သူဟောင်းတို့ကတော့ မင်္ဂလာပွဲအတွက် စိုးရိမ်စိတ်တွေနဲ့ စိတ်စောစွာ စောင့်ဆိုင်းနေခဲ့ကြတာပေါ့။ Dolly ရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေကိုတော့ ပရိသတ်ကြီးဘဲ ဇာတ်ကားကိုခံစားရင်း ရှာကြည့်ပါဦးလို့ ပြောပါရစေနော်။

x x x x x

The Right Kind of Wrong

The Right Kind of Wrong ကတော့ ၂၀၁၃ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ကနေးဒီးယန်း ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။ ဒါရိုက်တာ Jeremiah S. Chechik က ၁၉၈၇ ခုနှစ်က စာရေးဆရာ Tim Sandlin ရေးသားခဲ့တဲ့  Sex and Sunsets ဝတ္ထုကို အခြေပြုပြီး ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်လမ်း တစ်ပုဒ်အဖြစ် ပုံဖော်ရိုက်ကူးထားပါတယ်။

ဒီဇာတ်လမ်းထဲမှာ  Leo (Ray Kwanten ) က တောင်တန်းတွေနဲ့ သာယာလှပတဲ့ မြို့ကလေးမှာ နေထိုင်သူ အသက် ၃၀ ကျော် စာရေးဆရာ တစ်ဦးဖြစ်ပါတယ်။ ဝတ္တုတစ်ပုဒ်ရေးသားခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ ဒုတိယအကြိမ် ကြိုးစားဖို့ စိတ်ပျက်အားလျော့နေတဲ့သူပေါ့။ လတ်တလောမှာတော့ အိန္ဒိယအစားအစာတွေကို ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးသူတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ 

Leo ကို အမှားတွေ တသီတစ်သန်းနဲ့ လူတစ်ယောက်အဖြစ် လူတိုင်းက သိထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကွာရှင်းခဲ့တဲ့ သူ့ရဲ့ဇနီးဟောင်း Julie က Leo ရဲ့ ကျရှုံးမှုတွေအကြောင်းကို Why You Suck ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘလော့(ဂ) တစ်ခုမှာ အသေးစိတ်ရေးသားရင်းနဲ့ နာမည်ကြီးလာခဲ့ပြီး စာအုပ်ထုတ်ဝေဖို့ ဖြစ်လာတဲ့အထိတောင် အောင်မြင်မှုရရှိနေလို့ပါဘဲ။ ဒါပေမဲ့ ဒီလိုဖြစ်ရတာတွေက သူ့အိပ်မက်ထဲက မိန်းကလေးရဲ့ နှလုံးသား ကို ရရှိဖို့ ကြိုးစားခြင်းကို ရပ်တန့်သွားစေဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ အိပ်မက်ထဲက သူ့ရဲ့ မိန်းကလေးကတော့  Colette (Sara Canning) ဖြစ်ပြီး သူမရဲ့ စင်းလုံးချော အိမ်ထောင်ဘက်နဲ့ လက်ထပ်ရာ မင်္ဂလာပွဲကိုသွားတဲ့ လမ်းခရီးမှာ Leo က သူမကို တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Leo က Colette ရဲ့ ခင်ပွန်းနဲ့ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သေ ရ်ာခြင်းခံရတဲ့အထိ ဆက်တိုက်ဆိုသလို Colette နောက်ကို လိုက်နေခဲ့ပါတော့တယ်။ တောင်တန်းဒေသမှာ နေထိုင်သူတစ်ဦးအနေနဲ့ အခြားသူတွေ ကို ထိခိုက်စေလောက်တဲ့အထိ အမြင့်ကြောက်တဲ့ ရောဂါကိုလည်း ခံစားနေရသူ Leo ဟာ ဇာတ်ကားကြာမြင့်ချိန် ၉၇ မိနစ်အတွင်းမှာ ဘာတွေဆက်လုပ် သွားဖြစ်မယ်ဆိုတာကို အဖြေရှာနိုင်တဲ့အကြောင်း လက်တို့လိုက်ပါတယ်။ 

x x x x x

The Big Wedding


The Big Wedding ကတော့ မိသားစုကြီးတစ်စုက အလုပ်ပိတ်ရက်မှာ ကျင်းပမယ့် လက်ထပ်ပွဲကို မပျက်စီးစေဖို့ ကြိုးစားကြတဲ့အကြောင်းကို ဆူဆူညံညံနဲ့ စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးထားတဲ့ ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ ဒီမင်္ဂလာပွဲက ပြို
ကွဲနေတဲ့ မိသားစုကို တစ်ဖန်ပြန်ပြီး စုံစုံညီညီဖြစ်စေဖို့ အလားအလာတွေ ရှိနေခဲ့တာပေါ့။ 

Ellie Griffin (Diane Keaton) နဲ့ Don (Robert De Niro) တို့ အရွယ်ရောက်ပြီးသား ကလေးသုံးဦးရှိကြပေမယ့် အချိန်ကာလ အတော်အကြာကတည်းက ကွာရှင်းပြတ်စဲထားကြသူတွေပါ။ De Niro က အရက်ကို စွဲစွဲလန်းလန်း သောက်သုံးနေရာကနေ အရက်ဖြတ်ထားတဲ့ ပန်းပုသမားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ ရည်းစား Susan Sarandon နဲ့အတူ နေထိုင်ပါတယ်။ Susan ဆိုတာကလည်း Griffin ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါဘဲ။

တစ်နေ့မှာတော့ Griffin နဲ့ Don တို့ရဲ့ ကိုလံဘီယာနိုင်ငံသား အငယ်ဆုံးမွေးစားသား Alejandro က အိုင်းရစ်လူမျိုး ကက်သလစ် ဘာသာဝင် အမျိုးသမီးကောင်လေးနဲ့ လက်ထပ်ဖို့ ဖြစ်လာပါတယ်။ Alejandro ဟာ သူ့ရဲ့ သွေးရင်းသားရင်း 
မိသားစုနဲ့လည်း အဆက်အသွယ်မပြတ်ရှိနေတာ ကြောင့် သူ့မင်္ဂလာပွဲကို တက်ရောက်ကြဖို့အတွက် ဖိတ်ကြားလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ မွေးစားသားရဲ့ ရှေးရိုးစွဲလွန်းသူမိခင်ရင်းက မမျှော်လင့်ဘဲ ကောင်လေးရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ဆုံးဖြတ်တဲ့အခါမှာတော့ Don နဲ့ Griffin တို့ဟာ ပိုပြီးဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရှောင်လွဲနိုင်ဖို့ သိပ်ကိုပျော်ရွှင်တဲ့ စုံတွဲအဖြစ် ဟန်ဆောင်နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ 

နောက်ပြီး ဒီဇာတ်ကားထဲမှာ Alejandro ရဲ့ သတို့သမီးလောင်း မိဘတွေအဖြစ် သိပ်ကိုယဉ်ကျေးလွန်းတဲ့ ငွေလိမ်သမား ဖခင်နဲ့ ပလပ်စတစ် ဆာဂျရီလုပ်ခြင်းကို စွဲလန်းလွန်းတဲ့ မိခင်တို့က ရယ်မောစရာ သရုပ်ဆောင်ကွက်တွေနဲ့ ဟန် 
ဆောင်လင်မယားအဖြစ် ပါဝင်ထားကြပါသေးတယ်။

The Big Wedding ကတော့ ၂၀၁၃ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ အမေရိကန် ဇာတ်မြူးရုပ်ရှင်ကားလေးဖြစ်ပြီး Justin Zackham က ကိုယ်တိုင်ဇာတ်ညွန်းရေးသား ရိုက်ကူးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

အိပိုသဲ