Primary tabs

၂ဝ၁၆ ရဲ့ K Drama နဲ့ K Star များ

နှစ်တစ်နှစ်ပြီးဆုံးတော့မှာပါ။ ၂ဝ၁၆ ခုနှစ်ဟာ ကိုရီးယားဇတ်လမ်းတွဲနှစ်သက်သူ စာဖတ်ပရိသတ်အတွက်တော့ အလွန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့မှာ အသေအချာပါပဲ။ မျှော်လင့်စောင့်စားနေရတဲ့ မင်းသား၊ မင်းသမီးတော်တော်များများရဲ့ တစ်ကျော့ပြန်ဇာတ်လမ်း တွဲတွေ အများကြီးထွက်ရှိလာတာကြောင့် ပရိသတ်တွေ အကျေနပ်ပြီးကျေနပ်ခဲ့ရပါတယ်။ ပရိသတ် လက်ခံအားပေးပြီးသား အနုပညာရှင်တွေဟာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်လမ်းတွဲတွေကို ယခင်ပုံစံများနဲ့ ခွဲထွက်ကာ ရိုက်ကူးတင်ဆက်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အရယူခဲ့ကြတာကြောင့် ကိုရီးယားအနုပညာလောက က ၂ဝ၁၆ ခုနှစ်ကို စူပါတွေ ပါဝါထပ်တင်ကြတဲ့နှစ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ပြီး ၂ဝ၁၆ မှာ အကြီးအကျယ်အောင်မြင်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံက အနုပညာရှင်များအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ 

Cheese In The Trap
Park Hae-jin
၂ဝ၁၆ခုနှစ်မှာ လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ကိုရီးယား ဇာတ်လမ်းတွဲတွေ စာရင်းကို Cheese In The Trap ဇာတ်လမ်းလေးနဲ့ စတင်ဖွင့်လှစ်သင့်တယ်လို့ ထင်ပါတယ်။ အခြားဇာတ်လမ်းတွဲများလို မဟုတ်ဘဲ တောင်ကိုရီးယားနိုင်ငံက အခပေးရုပ်သံလိုင်း TVN က ရိုက်ကူးတင်ဆက်ခဲ့ပြီး ပရိသတ်တွေထံမှရော အနုပညာအသိုင်းအဝိုင်းကပါ ချီးကျူးမှုတွေရရှိခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝကိုနောက်ခံထားထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဒီဇာတ်လမ်းတွဲမှာ တစ်ဟုန်ထိုး ကျော်ကြားလာတာမျိုးမဟုတ်ဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ မှတ်တမ်းကောင်းတဲ့ အောင်မြင်မှုတွေကို အချိန်ကြာကြာသိမ်းပိုက်ထားနိုင်တဲ့  မင်းသား Park Hae-jin နဲ့ တက်သစ်စမင်းသမီး Kim Go-eun တို့ကို တွဲဖက်ပြီး သရုပ်ဆောင်ခိုင်းထားတာကိုက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။ Cheese In The Trap ဇာတ်လမ်းကအများအမြင်မှာ သဘောကောင်းပြီး တော်တယ်လို့ သတ်မှတ်ထားပေမယ့် လျှို့ဝှက်ချက်ကြီးကြီးမားမားရှိနေတဲ့ ချမ်းသာတဲ့ စီနီယာ ကျောင်းသားနဲ့ အဆိုပါလျှို့ဝှက်ချက်ကို မထင်မှတ်ဘဲသိသွားတဲ့ ဆင်းရဲပြီးစာတော်တဲ့ ဂျူနီယာကျောင်းသူတစ်ဦးတို့ရဲ့ တက္ကသိုလ်ကျောင်းက အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ 

အဆိုပါ ဇာတ်လမ်းတွဲမှာ သူတစ်ပါးတွေရဲ့ အားနည်းချက်ကိုနင်းပြီး လိုအပ်ရင်လိုအပ်သလို အကွက်ချစီမံပြီး အသုံးချတတ်တဲ့ သရုပ်အမှန်ကို ဖုံးကွယ်ပြီး အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင်  ဟန်ဆောင်နေထိုင်နေတဲ့ Yoo Jung အဖြစ် Park Hae-jin က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့ ဂျူနီယာ ကျောင်းသူလေးတစ်ဦးကို ပညာပေးဖို့ကြိုးစားရာက ချစ်မိသွားတာကြောင့် သူ့ရဲ့အကျင့်တွေကို ပြုပြင်ဖို့ ကြိုးစားခဲ့တဲ့ Yoo Jung ရဲ့ စရိုက်နှစ်မျိုးနဲ့ လျင်မြန်လှတဲ့ မျက်နှာအပြောင်းအလဲတွေကို ကောင်းကောင်းသရုပ်ဖော်နိုင်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပါတယ်။ ဒီဇာတ်လမ်းရဲ့ အောင်မြင်မှုနဲ့အတူ အသက် ၃၃ နှစ်ရှိပြီးဖြစ်တဲ့ Park Hae-jin ရဲ့ လူကြိုက်များမှု တစ်ဖန် ပြန်လည်မြင့်တက်လာပါတယ်။ ပရိသတ်ရဲ့ အားပေးမှု နဲ့ Park Hae-jin ရဲ့ အောင်မြင်မှုကြောင့်ပဲ Cheese In The Trap ဇာတ်လမ်းတွဲကို ရုပ်ရှင်ကားအဖြစ် ပြန်လည်ရိုက်ကူးထုတ်လုပ်ဖို့  ပရိုဂျူဆာတွေ ဆုံးဖြတ်ခဲ့ပါတယ်။ Park Hae-jin မင်းသားအဖြစ် ပြန်လည်ပါဝင်မယ့် အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ပရိသတ်တွေ အဆင်သင့်စောင့်မျှော်နေကြပါတယ်။

Park Hae-jin ကို သူ့ရဲ့ပရိသတ်တွေက ရုပ်ရည်နဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့်ပဲ နှစ်သက်အားပေးကြတာမဟုတ်ပါဘူး။ သူ့ရဲ့ပရဟိတလုပ်ဆောင်မှုတွေကိုလည်း အသိအမှတ်ပြုကြပါတယ်။ အလှူအတန်း ရက်ရောတာကြောင့် “Donation 
Angel” လို့ အမည်ပေးခံထားရတဲ့ Park Hae-jin ဟာ ၂ဝ၁၁ ခန့်ကစပြီး ပြည်တွင်းပြည်ပက အဖွဲ့ အစည်းအသီးသီးကို ဒေါ်လာ ၁.၅သန်းခန့် လှူ ဒါန်းခဲ့ပြီးသူတစ်ဦးဖြစ်သလို ဆက်လက်လည်း လှူဒါန်းလျက်ရှိနေတုန်းပါ။ သူ့ရဲ့ လှူဒါန်းမှုတွေနဲ့ ပရဟိတလုပ်ဆောင်မှုတွေကြောင့် ၂ဝ၁၄ ခုနှစ်မှာ တရုတ်နိုင်ငံက ပေးအပ်တဲ့ "Civic Public Welfare Award” ဆုကိုလည်း ရရှိထားပါတယ်။ သူ့ရဲ့ နောက်ထပ်ထူးဆန်းတဲ့ အကျင့်တစ်ခုကတော့ ရှူးဖိနပ်တွေ စုဆောင်းရတာကို ဝါသနာပါတာဖြစ်ပြီး ဖိနပ်အရံပေါင်း ၁၈ဝဝ ကျော်ခန့်စုဆောင်းထားတယ်လို့ နိုဝင်ဘာလက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါသေးတယ်။ 

W
Lee Jong-suk ၊ Han Hyo-joo
နှလုံးခွဲစိတ် အထူးကုဆရာဝန်မလေးနဲ့ ကာတွန်းဇာတ်ကောင်တို့ကြားက ထူးခြားတဲ့ ပတ်သက်မှုအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ W အမည်ရဇာတ်လမ်းတွဲက ၂ဝ၁၆ခုနှစ်မှာ အောင် မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲများထဲက တစ်ခုပါ။ ဆယ် ကျော်သက်တွေရဲ့ အသည်းကျော် မင်းသား Lee Jong-suk နဲ့ ဇာတ်လမ်းတွဲရိုက်ကူးမှု အနားယူ ထားတာ ၆ နှစ်ခန့်ရှိပြီဖြစ်တဲ့ မင်းသမီး Han Hyo-joo တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကြည့်ရှုနှုန်းအများဆုံးအနေနဲ့ ၁၅% ကျော်သာ ရရှိပေမယ့်လည်း Lee Jong-sukရဲ့ ကျော်ကြားမှုနဲ့ သူ့ရဲ့အမာခံပရိသတ်များကြောင့် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံမှာ ထူးထူးခြားခြားအောင်မြင်ခဲ့ပါတယ်။

W  အမည်ရ ကာတွန်းစီးရီးထဲက အသက်၃ဝအရွယ် စီးပွားရေးလုပ်ငန်းရှင်၊ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ကာတွန်းဇာတ်ကောင် Kang Chul အဖြစ် Lee Jung-suk က ပါဝင်သရုပ် ဆောင်ထားပါတယ်။ အရင်ဇာတ်လမ်းများမှာ တွေ့ရလေ့ရှိတဲ့ ဆယ်ကျော်သက်ဇာတ်ရုပ်များ၊ ခပ်ပေပေ ဖက်ရှင်များနဲ့ ကွဲပြားစွာ W ဇာတ်လမ်း တွဲမှာတော့ Lee Jong-suk စမတ်ကျပြီး သပ်ရပ်တဲ့ဖက်ရှင်များနဲ့ တွေ့ရတာကြောင့် ပရိသတ်တွေ ကျေနပ်ခဲ့ကြပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိပြီဖြစ်တဲ့ Lee Jong-suk ဟာ School 2013 ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့ပြီး I Can Hear Your Voice ၊  Pinocchio၊Doctor Stranger စတဲ့ ဇာတ်လမ်းတွဲများနဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် မင်းသမီး Park Shin-hye နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ Pinocchio ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး သမိုင်းတစ်လျှောက်မှာ ဒီဆုကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံး သရုပ်ဆောင် တစ်ဦးလည်း ဖြစ်လာပါတယ်။ အာရှ အထူးသဖြင့် တရုတ်နိုင်ငံတွေမှာ Lee Jung-suk တစ်ယောက် အလွန်အောင်မြင်ပြီး ရေပန်းစားလှတာကြောင့် ဟောင်ကောင်နိုင်ငံက မဒမ်တူးဆော့ဖယောင်းပြ တိုက်မှာ သူ့ရဲ့ပုံတူ ဖယောင်းရုပ်ကိုတောင် ပြသ ခြင်းခံထားရပါတယ်။ W ဇာတ်လမ်းတွဲက ၂ဝ၁၆ ခုနှစ်အတွက် သူ့ရဲ့အောင်မြင်မှုကို ထပ်မံပြီး မီးမောင်းထိုးပေးခဲ့ပါတယ်။ 

ဒီဇာတ်လမ်းတွဲမှာ ဆရာဝန်မလေး Oh Yeon-jooအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ Han Hyo-joo က ၂ဝ၁၃ ခုနှစ်မှာ Cold Eyes  အမည်ရရုပ်ရှင်ဇာတ်ကားနဲ့ တောင်ကိုရီးယား ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Blue Dragon Award ကို ရရှိထားသူတစ်ဦးပါ။ ၆နှစ်အကြာမှ ဇာတ်လမ်းတွဲပြန်လည်ရိုက်ကူးခဲ့တဲ့ Han Hyo-joo ရဲ့ တစ်ကျော့ပြန် ခရီးကမျက်နှာပန်းလှခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုသူနှုန်း မိုးပျံအောင်မရရှိခဲ့ပေမယ့် အာရှနိုင်ငံတွေနဲ့ အွန်လိုင်းမှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ W က အတော်လေးကို ရေပန်းစားခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်က စစ်တပ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အနိုင်ကျင့်မှုကြောင့် တပ်သားတစ်ယောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တဲ့ အမှုမှာ သူမရဲ့ မောင်ဖြစ်သူပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက်မှာ သူမရဲ့ ကြော်ငြာတွေကို ပိတ်ပင်လိုက်ဖို့ ပရိသတ်တွေက လက်မှတ်ရေးထိုးတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။ ဒီကိစ္စ ဖြစ်ပြီးနောက်ပိုင်းသူမဟာ အနုပညာလှုပ်ရှားမှုတွေနဲ့ ခေတ္တကင်းကွာသွားခဲ့ပြီး ၂ဝ၁၆ မှ တစ်ဖန် ပြန်လည် လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ APAN Star Awards ဆုပေးပွဲမှာ Top Exellence ဆုကိုရရှိခဲ့ပြီး ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုလည်း ပြန်လည်ရရှိခဲ့ပါတယ်။ 

Love in the Moonlight
Park Bo-gum ၊ Kim Yoo-jung
ဒါကတော့ ၂ဝ၁၆ ခုနှစ်မှာ လူကြိုက်များခဲ့တဲ့ နောက်ထပ်ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ကိုရီးယား အနုပညာလောက အကြီးအကျယ် ထွန်းတောက်လာမယ့် အနာဂတ် ကြယ်ပွင့်တွေလို့တောင် တင်စားခံနေရတဲ့ Park Bo-gum နဲ့  Kim Yoo-jung အပါအဝင် အခြားတက်သစ်စ အနုပညာရှင်တွေ အပြိုင်ကြဲထားတဲ့ ၁၉ ရာစု၊  ဂျိုဆွန်းခေတ်နောက်ခံ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ မိခင်သေဆုံးသွားပြီး ဖခင်ဖြစ်သူဘုရင်ရဲ့ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးတစ်စုက ကြိုးကိုင် ခြယ်လှယ်နေတာကို တွန်းလှန်ဖို့ ကြိုးစားနေတဲ့ အိမ်ရှေ့မင်းသားနဲ့ ကုန်းကုန်းဟန်ဆောင်ထားပြီး မင်းသားရဲ့ နန်းဆောင်မှာ အလုပ်လုပ်ဖို့ တာဝန်ကျလာသူ သူပုန်ခေါင်းဆောင်ရဲ့ သမီးဖြစ်သူကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အဆိုပါ ဇာတ်ကားမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Park Bo-gum က  အသက် ၁၉  နှစ်အရွယ် အိမ်ရှေ့စံမင်းသား Lee Young အဖြစ် သရုပ်ဆောင်ထားပြီး Kim Yoo-jung ကတော့ ယောက်ျားလေး ဟန်ဆောင်ပြီး အိမ်ရှေ့မင်းသားရဲ့ နန်းဆောင်မှာ တာဝန်ထမ်းဆောင်ရတဲ့ မိန်းမစိုးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပိုင်း ၁၈ ပိုင်း ပါဝင်တဲ့ အဆိုပါ ဇာတ်လမ်းတွဲဟာ သုံးပိုင်းမြောက်မှာတင် ကြည့်ရှုသူ ၂ဝ% ကျော်ခဲ့ပြီး ၂ဝ၁ဝ နောက်ပိုင်း  KBS ရုပ်သံလိုင်းရဲ့ တနင်္လာ၊ အင်္ဂါမှာ ပြသတဲ့ ဇာတ်လမ်းတွဲများထဲမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ 

ဒီဇာတ်လမ်းတွဲက Park Bo-gum အတွက် ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရတဲ့ ဇာတ်ကားဖြစ်သော်လည်း Reply ဇာတ်လမ်း တွဲမှာ စတင်ပြီး သူ့ကို ပရိသတ်တွေနဲ့ ကြော်ငြာအေဂျင်စီတွေက မျက်စိကျစပြုနေပါပြီ။ ချစ်သူအပေါ် အချစ်ကြီးပြီး သူငယ်ချင်းတွေကို သံယောဇဉ်ရှိတဲ့၊ ယိုယွင်းနေတဲ့ အုပ်ချုပ်မှုစနစ်ကို ပြုပြင်ပြောင်းလဲလိုတဲ့ အသက် ၁၉  နှစ်အရွယ် အိမ်ရှေ့မင်းသား Lee Young အဖြစ် Love in the Moonlight  ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာတော့ Park Bo-gum ရဲ့ အောင်မြင်မှုက ပိုပြီးကြီးမားလာပါတယ်။ အိုလံပစ် ရေခဲစကိတ်စီး အားကစားမယ် Kim Yu-na ၊ အေဂျင်စီ တစ်ခုတည်းမှ စီနီယာဖြစ်သူ မင်းသား Song Joong-ki တို့နဲ့ အတူ ၂ဝ၁၆ အတွက် TV ကြော်ငြာရိုက်ကူးရမှု အများဆုံး အနုပညာရှင်တစ်ဦးလည်း ဖြစ်လာပါတယ်။

 

အိမ်ရှေ့စံမင်းသားနဲ့ အမှတ်မထင်တွေဆုံပြီး ယောက်ျားလေးအသွင် ဟန်ဆောင်ထားရတဲ့ ကုန်းကုန်းလေး Hong Sam-non အဖြစ် သရုပ် ဆောင်ထားတဲ့ အသက် ၁၇ နှစ်အရွယ် Kim Yoo-jung ကိုတော့ ကိုရီးယားဇာတ်လမ်းတွဲ ကြိုက်
နှစ်သက်သူများအတွက် အထူးတလည် မိတ်ဆက်ပေးဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်။ နာမည်ကြီး ဇာတ်ကားတော်တော်များများမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင် သရုပ်ဆောင်ဖူးပြီး တစ်ချိန်က အအောင်မြင်ဆုံးနဲ့ ပါရမီအရှိဆုံးကလေး သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။ သူမအတွက်တော့ Love in the Moonlight ဇာတ်လမ်းတွဲဟာ ပထဆုံးအနေနဲ့ ကလေးသရုပ်ဆောင်ဆိုတဲ့ လမ်းကြောင်းကခွဲထွက်ပြီး အဓိက ဇာတ်ဆောင်မင်းသမီးအဖြစ် အောင်မြင်မှုရရှိခဲ့တဲ့  ဇာတ်လမ်းတွဲတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့ Kim Yoo-Jung ဟာမင်းသား Park Bo-gum နဲ့အတူသူမရဲ့ ပိုင်နိုင်ပြီးပီပြင်တဲ့ သရုပ်ဆောင် စွမ်းရည်တွေနဲ့ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကိုရီးယားအနုပညာလောကကသူမရဲ့ဆယ်စုနှစ်တစ်စုကြာရှည်ခဲ့ပြီဖြစ်တဲ့ ကလေးသရုပ်ဆောင် Kim Yoo-jung ဆိုတဲ့ပုံရိပ်ကို ခွာချလို့ မျိုးဆက်သစ် Hallyu Star တစ်ယောက်အဖြစ် ဒီဇာတ်လမ်းတွဲနဲ့လက်ခံလိုက်ကြပါတယ်။ ဒီဇာတ်လမ်းတွဲထုတ် လွှင့်ပြသခဲ့တဲ့ စက်တင်ဘာလ နဲ့ အောက်တိုဘာလ ကာလများကို မီဒီယာတွေက “Moonlight Syndrome” ပျံ့နှံ့ခဲ့တဲ့ကာလလို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။

Doctors
Kim Rae-won ၊ Park Shin-hye
မပြသခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှု အကြီးအကျယ်ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ကိုရီးယား ဒရာမာခေတ်ဦးမှာ ပရိသတ်တွေ သဲသဲလှုပ်အားပေးခြင်းခံခဲ့ရတဲ့ မင်းသားကြီး Kim Rae-won နဲ့ ဇာတ်လမ်းတွဲလောကရဲ့ ဘုရင် 
မတစ်ပါးလို့ တင်စားရမယ့် Park Shin-hye တို့အတူ ပါဝင်သရုပ်ဆောင်ကြမယ်လို့ ရုပ်သံလွှင့်ကုမ္ပဏီနဲ့ သက်ဆိုင်ရာအေဂျင်စီအသီးသီးက တရားဝင်ကြေငြာလိုက်တာနဲ့တင် Doctors ဇာတ်လမ်းတွဲဟာ စောင့်ကြည့်ရမယ့်ဇာတ်လမ်းတွဲလို့ ပရိသတ်များ ဆုံးဖြတ်လိုက်ကြပုံရတယ်လို့ သတင်းတွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။ ဇွန်လမှစပြီး ဇာတ်လမ်းတွဲပြသစဉ် တစ်လျှောက်ကြည့်ရှုသူ ၂၃.၁% အထိအမြင့်ဆုံး ရရှိခဲ့ကာ ပျှမ်းမျှကြည့်ရှုသူ ၂ဝ.၆၁% ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်တာကြောင့် ၂ဝ၁၆ ခုနှစ်အတွက် ဒုတိယ ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့ပါတယ်။ Kim Rae Won က ဖော်ရွေပြီး ဆက်ဆံရေးကောင်းမွန်တာကြောင့် လူအများ နှစ်သက်ခင်မင်ကြတဲ့ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ပါမောက္ခအဖြစ် သရုပ်ဆောင်ခဲ့ပြီး Park Shin Hye ကိုတော့ ငယ်ဘဝဒဏ်ရာများကြောင့် လူတွေကို အလွယ်တကူ မယုံကြည်တတ်တဲ့ ခပ်မာမာဇာတ်ရုပ်နဲ့ တွေ့မြင်ခဲ့ရပါတယ်။ 

Kim Rae-won ကို Love Story in Harvard ဇာတ်လမ်းတွဲနဲ့ မြန်မာနိုင်ငံပရိသတ်တွေ စပြီးသိခဲ့ကြမှာပါ။ သူ့အတွက်ဆရာဝန် ဇာတ်ရုပ်နေရာက ပထမဆုံး သရုပ်ဆောင်ခဲ့တာ  ဖြစ်ပေမယ့် ငယ်စဉ်က ဆရာဝန်လုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ မိသားစုဝင်တွေထဲမှာလည်း ဆရာဝန်တွေရှိပြီး အကယ်၍ သရုပ်ဆောင်တစ်ယောက်ဖြစ်မလာခဲ့ဘူးဆိုရင် ဆရာဝန်တစ်ဦးဖြစ်လာမယ် ထင်တယ်လို့ Kim Rae-won က ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် သရုပ်ဆောင်ပိုင်းတင်သာမကပဲ ပညာရေးမှာလည်းထူးချွန်ခဲ့မယ် လို့ ယူဆနိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲ မတိုင်ခင်  ၂ဝ၁၅ နဲ့ ၂ဝ၁၆ အစောပိုင်းမှာ Gangnam Blues နဲ့ လ Revival လို ရုပ်ရှင်ကားတွေ၊ Punch လိုဇာတ်လမ်းတွဲတွေမှာ ခပ်ကြမ်းကြမ်းဇာတ်ရုပ်၊ ဗီလိန်ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ခဲ့တာကြောင့် ပွင့်လင်းသဘောကောင်းပြီး အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ဦးနေရာမှာ အံဝင်ခွင်ကျ ဖြစ်ပါ့မလားလို့ အစပိုင်းမှာ စိုးရိမ်ခဲ့ရတယ်လို့ ဒါရိုက်တာတွေက ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းက ဒါရိုက်တာတွေကိုရော ပရိသတ်တွေရဲ့ စိတ်နှလုံးကိုပါ ဖမ်းစားနိုင်ခဲ့ပြီး Doctors ဇာတ်လမ်းတွဲကို ၂ဝ၁၆ ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ထက်မြက်ပေမဲ့ ခပ်ပေပေဖြစ်နေတဲ့ ကျောင်းသူလေး Yoo Hae-jung ကို ကူညီပေးရင်းနဲ့ မေတ္တာသက်ဝင်မိခဲ့တဲ့ ဆရာဝန်ဘဝမှ ခေတ္တအနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ Hong Ji-Hong၊ နှစ်ပေါင်းများစွာကြာပြီးနောက် ဆရာဝန်ဖြစ်နေတဲ့ တပည့်မလေးကို ပြန်တွေ့ခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းနဲ့ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးရဲ့ မကျဆင်းသေးတဲ့ အောင်မြင်မှုက တစ်ဖန်ပြန်လည်ပြီး အရှိန်အဟုန် ကောင်းလာခဲ့ပါတယ်။ 

Park Shin-hye ။ သူမကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဇာတ်လမ်းတွဲလောကကို ကြီးစိုးထားနိုင်တဲ့ မင်းသမီးတစ်ဦးလို့ သတ်မှတ်ရမယ့် သူပါ။ ရိုက်လိုက်တဲ့ ဇာတ်လမ်းတွဲတိုင်း ပေါက်သလို သူမနဲ့ တွဲရိုက်လိုက်တဲ့မင်းသာတိုင်းကို စူပါစတားတွေ ဖြစ်သွားအောင် စွမ်းဆောင်ပေးနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၁၃ နှစ်အရွယ်ကစပြီး အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ Park Shin-hye ဟာ နှစ်တိုင်းလိုလို ဇာတ်လမ်းတွဲတစ်တွဲ သို့မဟုတ် ရုပ်ရှင်ဇာတ်ကား တစ်ကားကားနဲ့ ဆုပေးပွဲ စင်မြင့်တွေကို တက်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ Forbes Korea’s Top 40 Most Popular Celebrities စာရင်းမှာပါဝင်ခဲ့ဖူးတဲ့ Park Shin-hye အတွက်  Doctors မှာ  ဆရာဝန်တစ်ဦးအဖြစ် ပထမဆုံး သရုပ်ဆောင်ဖူးတာဖြစ်တယ်လို့ သိရပြီး ဇာတ်ရုပ်အသစ်နဲ့ သူမကို ပရိသတ်များက နှစ်သက်ခဲ့ကြပါတယ်။  Park Shin-hye ဟာ သူမ နဲ့တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ Kim Yae-won ရဲ့ Fan ဖြစ်ပြီး သူ့ကို အမြဲတမ်းအားပေးခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။