Primary tabs

နာမည်ကျော်တို့ရဲ့ အလွဲများ

ကျွန်မတို့အားလုံး မှားတတ်ကြ၊ လွဲတတ်ကြပါတယ်။ သေးသေးမွှားမွှားကစလို့ ကြီးကြီးမားမားအထိ မှားကြ၊ လွဲကြတယ်ဆိုတာ လူ့စရိုက် သဘာဝတွေထဲက တစ်ခုလို့ဆိုရင် မှားမယ် မထင်ပါဘူး။ တိုင်းသိ၊ ပြည်သိ ကမ္ဘာကအထိ စောင့်ကြည့်ခံကြရတဲ့ နာမည်ကျော်တို့ဟာလည်း မှားကြ၊ လွဲကြပါတယ်။ အခုဖော်ပြသွားမယ့် ကဏ္ဍလေးမှာတော့ နာမည်ကျော်တို့ လွဲခဲ့ကြတဲ့ အလွဲလေးတွေကို ရှာဖွေတင်ဆက်ထားပါတယ်။ သူတို့ရဲ့ အလွဲတွေကို လှောင်ပြောင်ရယ်မောလိုတဲ့ စိတ်ဆန္ဒမျိုး
နဲ့ မဟုတ်ဘဲ တချို့အလွဲတွေကိုတော့ သင်ခန်းစာယူလိုသူတွေအနေနဲ့ ယူနိုင်ဖို့၊ တချို့ကိုတော့ ဒီလိုတွေလည်း ဖြစ်တတ်ပါလားဆိုတာ သတိပြုမိဖို့၊ တချို့သော ပြုံးချင်စရာ အလွဲလေးတွေမှာ တစ်
ချက်လောက်တော့ ပြုံးနိုင်ဖို့အတွက်နဲ့ ပရိသတ်ကြီးကို ဖျော်ဖြေတင်ဆက်လိုရင်းသာ ရည်ရွယ်ထားပါတယ်။ 

ဒီတစ်လမှာတော့ နာမည်ကျော်တို့ရဲ့ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့အချိန် မထင်မှတ်ဘဲ လွဲခဲ့ကြတဲ့ အလွဲလေးတွေကို စုစည်းပေးထားပါတယ်။ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်တယ်ဆိုတာဟာ တခြားအရာတွေနဲ့တော့ မတူပါဘူး။ တည်းဖြတ်ပြင်ဆင်လို့လည်း မရတော့ ရိုက်ကူးနေတဲ့ အချိန်အတွင်းလွဲသမျှ အလွဲတွေကို ပရိသတ်က အချိန်နဲ့ တပြေးညီ တွေ့မြင်နေရတော့တာပါဘဲ။ ဒါကြောင့် ကင်မရာကစပြီး အလုပ်လုပ်ပြီဆိုတာနဲ့ နာမည်ကျော်တို့ အပေါ်မှာ ဖိအားတွေ ရှိလာတော့တာပေါ့။ တစ်ခါတရံမှာတော့ အကြီးအကျယ် အရှက်ကွဲစရာ ကိစ္စတွေ ဖြစ်သွားတတ်ပါတယ်။ နှစ်ပေါင်းသုံးဆယ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ Saturday Night Live အမည်ရ အမေရိကန် ရုပ်မြင်သံကြား တိုက်ရိုက် 
ထုတ်လွှင့်မှုမှာ Ashlee Simpson ရဲ့ နှုတ်ခမ်းလှုပ်သံယောင်လိုက်တဲ့ အလွဲကစလို့ ၂၀၁၄ ခုနှစ် Billboard Music Awards မှာ စကားထောက် ကိရိ ယာကို ဖတ်ကြားရင်းကနေ မှားယွင်းခဲ့တဲ့ Kendall Jenner အလွဲတွေအထိ နာမည်ကျော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်က အလွဲလေးတွေကို ဖော်ပြလိုက်ပါတယ်။ 

Kendall Jenner 
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Harry Styles နဲ့ Kendall Jenner တို့ရဲ့ အရင်ကဇာတ်လမ်းလေးတွေများ မှတ်မိနေကြဦးမယ် ထင်ပါရဲ့။ သူတို့ကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်
မှာ နှစ်ယောက်အတူ ညစာအတူစားကြပြီး ကားနဲ့အတူထွက်လာတဲ့ ပုံတွေ ထွက်ပေါ်လာပြီး လူပြော များခဲ့ကြတာပေါ့။ ဒါပေမဲ့ သတင်းရင်းမြစ်တစ်ခုမှာတော့ သူငယ်ချင်းတွေအဖြစ်သာ ပြောခဲ့ပြီး Kendall  Jenner ကိုယ်တိုင်ကလည်း သူမတစ်ယောက်တည်းဖြစ်တဲ့အကြောင်းကို တွစ်တာမှာ ရေးသားခဲ့သေးပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းမှာ Harry Styles နဲ့ Kendall Jenner တို့ ချိန်းဆိုတွေ့ဆုံမှုတွေ နည်းနည်းပိုစိပ်လာတာကို တွေ့ခဲ့ရတာပေါ့။ ဒီလိုချိန်းဆိုတွေ့ဆုံမှုတွေ အပြီး 2014 Billboard တေးဂီတဆုပေးပွဲကို အရောက်မှာတော့ Kendall Jenner တစ်ယောက် အလွဲကြီးလွဲတော့တာပါဘဲ။ သြစတေးလျ ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ 5 Seconds of Summer ကို မိတ်ဆက်ဖို့အတွက် ပြောလိုက်တာကတော့ ‘Now we welcome… One…’ ဆိုပြီး One Direction အဖွဲ့ကို ဖိတ်ခေါ်ဖို့ ပြင်ပါတယ်။သူမရဲ့ စကားသံအဆုံးမှာတော့ ဟန်ဆောင်မျိုသိပ်နိုင်စွမ်း မရှိတော့ဘဲ ဝါးလုံးကွဲရယ်လိုက်တဲ့ ရယ်သံတွေကို ကြားရတော့တာပေါ့။ သူမစိတ်ထဲ One Direction ကို စွဲနေတယ်နဲ့ တူပါရဲ့။ 

Iggy Azalea 
Fancy နဲ့ Problem ဆိုတဲ့ သီချင်းတွေနဲ့ တေးဂီတအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ နေရာယူထားနိုင်ခဲ့ပေမဲ့ သြစတေးလျ rapper မလေး Iggy Azalea ကတော့ ၂၀၁၄ ခုနှစ် မေမှာ Dancing With the Stars ဆိုတဲ့ အမေရိကန် ရုပ်သံလိုင်းတစ်ခုရဲ့  တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် အဆုံးသတ်ခါနီးလေးမှာတော့ ဆိုးဆိုးရွားရွားတစ်စုံတရာကို တွေ့ ကြုံခဲ့ရပါတယ်။ သူမက Fancy ကို သီဆိုရင်း လှေကားထစ်တွေကနေ ဆင်းလာရာကနေ ရပ်လိုက်ပြီး ‘ဝမ်းနည်းပါတယ်ရှင်။ ကျွန်မရဲ့ နားကြပ်က တစ်ခုခုတော့ မှားနေပြီနဲ့ တူပါတယ်’ လို့ ရုတ်တရက် ကြေငြာလိုက်ပါတယ်။ ဒါပေမဲ့ Azalea က သူမ ရဲ့ တင်ဆက်ဖျော်ဖြေမှုကိုတော့ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဆက်လက်လုပ်ဆောင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ ပရိသတ်တွေကို Twitter မှာ ‘ကျွန်မတကယ်ဘဲ စိတ်မကောင်းဖြစ်ရပါတယ်။ နားထဲမှာ အသံတွေ အားလုံးကရောထွေးနေပြီး သီချင်းသံကို မကြားရတော့ဘူး။ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာပေါ့’ ဆိုပြီး ရေးသားခဲ့ပါတယ်။ 

Miss Utah Marissa Powell 
အခုဖော်ပြမယ့် တစ်ယောက်ကတော့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss USA ပြိုင်ပွဲမှာတုန်းက Miss Utah Marissa Powell ဟာ အင်တာဗျူးတဲ့ အပိုင်းကို အရောက်မှာ ထစ်ထစ်ငေါ့ငေါ့ဖြစ်ခဲ့ရတာ လေးကိုပေါ့။ လုပ်ငန်းခွင်အတွင်း ညီမျှမှုမရှိတဲ့ ပြဿနာနဲ့ ပတ်သက်လို့မေးတဲ့ မေးခွန်းကို ‘ကျွန်မထင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့နော်… သူတို့ဟာဆိုရင် ဒါနဲ့ပတ်သက်လို့ ခေါင်းဆောင်တွေအဖြစ် မြင်ခံရတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ပိုမိုကောင်းမွန်တဲ့ ပညာရေးကိုဖန်တီးဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်မတို့ဟာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။ ကျေးဇူးတင်ပါတယ်ရှင့်’  Powell သရဖူမဆောင်းနိုင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲ့ဒီနှစ်တုန်းကတော့ Miss Connecticut Erin Brady ကတော့ အိမ်အပြန်လမ်းမှာ အောင်မြင်မှု သရဖူကို ဆောင်းသွားနိုင်ခဲ့တာပေါ့။ 

John Travolta
ဒီတစ်ခုကတော့ တစ်ကမ္ဘာလုံး ပြောဆိုရယ်မောခဲ့ကြတဲ့ အမှားတစ်ခုပါဘဲ။ တော်တော်များများ သိကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Oscars  ပွဲမှာ Fronzen ရဲ့ ငွေကြယ်ပွင့်လေး Idina Menzel ကို ဖိတ်ခေါ်ရမယ့်အချိန်မှာ John Travolta က ‘တစ်ယောက်ဆိုမှ တစ်ယောက် သိပ်ကိုထူးခြားလွန်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူလေး Adele  Dazeem ကို ဖိတ်ခေါ်ပါတယ်ခင်ဗျား’ ဆိုပြီး စကားထောက်ကိရိယာလေးကို ကြည့်ပြီးရွတ်ရင်းကနေ ပြောချလိုက်ပါတယ်။ 
Travolta ဟာ နောက်ပိုင်းမှာတော့ အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ပါတယ်။ သူက Us Weekly ကို ‘နေ့ရှိသမျှ ကိုယ့်ကိုကိုယ် အပြစ်တင်မိနေတော့တာပါဘဲဗျာ။ နောက်ပြီး Idina Menzel ကတော့ ဘာများပြောမှာပါလိမ့်ဆိုပြီး တွေးနေမိပါတယ်။ သူမကတော့ ‘သွားပါစေ… သွားပါစေတော့လို့ဘဲ ပြောပါလိမ့်မယ် ထင်ပါရဲ့ဗျာ’ဆိုပြီး ဖြေကြားပြောဆိုခဲ့ပါတယ်။ 

Salma Hayek and Paul Rudd
ဒီတစ်ခါကတော့ စကားထောက် ကိရိယာလေးရဲ့ လုပ်ဆောင်ချက်မှားယွင်းမှုပေါ့။ ၂၀၁၃ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာတော့ အစီအစဉ်တင်ဆက်သူတွေဖြစ်ကြတဲ့ Salma Hayek နဲ့ Paul Rudd တို့ဟာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် အရှက်ကွဲခဲ့ရတယ်လို့ ဆိုရမယ် ထင်ပါတယ်။ သူတို့ဟာ အကောင်းဆုံး ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ဘယ်လိုကြေငြာရမှန်းမသိ ဖြစ်ခဲ့ရပါတယ်။ နောက်တော့ Rudd က တိတ်ဆိတ်မှုကို ကိုးယိုးကားရားနိုင်စွာနဲ့ ဖြိုခွဲဖို့ ကြိုးစားခဲ့ပါတယ်။ ဘယ်လိုလဲဆိုတော့ ‘ဟလို အခုဆိုရင်တော့ This is 40 ရဲ့ ငွေကြယ်ပွင့်တွေတော့ စတင်လာပါပြီ။ အားလုံးရော အဆင်ပြေကြရဲ့လား။ ကောင်းပါရဲ့နော်။ ဟုတ်ပါပြီ။ အရမ်းမိုက်ပါတယ်’ Hayek က Rudd ပြောခဲ့တာတွေကို ‘အိုကေ၊ အကောင်းဆုံးတွေထဲက တချို့ပေါ့နော်… အင်း… ဆန်ကာတင်စာရင်းတွေ မကြေငြာခင်မှာ ပိတ်ကားပေါ်မှာတော့ ရုပ်ရှင်အပိုင်းလေးတွေကို စတင်ပြသပေးသွားမှာပါ။ နောက်ခံစကားပြော အပြည့်အစုံနဲ့ ပြန်ပြီးအသံသွင်းထားတာလေးပေါ့ဗျာ’  ဆိုပြီး စကားထောက်ပေးပါတယ်။ အဲ့ဒီအချိန်မှာတော့ အူကြောင်ကြောင် ခံစားခဲ့ရမှာပေါ့။ 

Scotty McCreery and Lauren Alaina
အမေရိကန် အိုင်ဒေါရဲ့ season ၁၀ က အကောင်းဆုံး အဆိုရှင် Scotty McCreery နဲ့ ဒုတိယအကောင်းဆုံး အဆိုရှင် Lauren Alaina တို့ နှစ်ယောက်လုံးဟာ ၂၀၁၁ ခုနှစ် ကျေးဇူးတော် ချီးမွမ်းပွဲမှာ ပြုလုပ်တဲ့ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှု
နဲ့ ပတ်သက်လို့ အလွဲကြီးလွဲခဲ့ကြပါသေးတယ်။ McCreery ကတော့ နယူးယောက်စီးတီးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Macy’s Thanksgiving Day Parade မှာ သီချင်းဆိုဖို့ပြင်ပြီး နှုတ်ခမ်းတွေကို လှုပ်ရှားလိုက်ပါတယ်။ ဒါပေမဲ့ တီဝိုင်းက အသံကပေါ်မလာသေးပါဘူး။ သူဒီလိုဖြစ်သွားတာကိုလည်း ပရိသတ်တွေအားလုံးက သတိထားမိလိုက်ကြပါတယ်။ ဖြစ်တတ်တဲ့ အလွဲလေးပါ။ ဒါပေမဲ့ သူက မကြာခဏလွဲတတ်တယ်လို့လည်း သိရပါတယ်။ Alaina ကတော့ အမေရိကန် ဘော
လုံးအသင်းတွေဖြစ်ကြတဲ့ Detroit Lions နဲ့  Green Bay Packers တို့ ကန်ကြမယ့်ပွဲမှာ နိုင်ငံတော်သီချင်းကို သီဆိုတော့ သီချင်းစာသားတွေကို မေ့သွားခဲ့ပါသတဲ့။ ပရိသတ်တွေ အများကြီးကြားမှာ ကိုးယိုးကားယားဖြစ်ခဲ့မှာပေါ့။ 

Ashlee Simpson
Ashlee Simpson ဟာ ၂၀၀၄ ခုနှစ်လောက်က ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်မှု သမိုင်းမှာတော့ တော်တော်ကြီးတဲ့ အလွဲလေးတစ်ခုကို လွဲခဲ့ဖူးသူလို့ ဆိုရပါမယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။ Pieces of Me ဆိုတဲ့ သူမရဲ့ သီချင်းကို နာမည်ကြီးရုပ်သံအစီအစဉ် Saturday Night Live မှာ သီဆိုရတဲ့အခါပေါ့။ Piece of Me က စပြီး အသံထွက်လာပါပြီ။ သီချင်းတစ်ပုဒ်သာပြီးသွားပါတယ်၊ Saturday Night Live လွှင့်နေတဲ့ အချိန်အတွင်းမှာ တစ်လုံးမှ မဆိုလိုက်နိုင်ပါဘူး။ Jessica Simpson ရဲ့ ညီမငယ် Ashlee Simpson ကတော့ စင်ပေါ်မှာ မြူးမြူးကြွကြွ တင်ဆက်ကပြခဲ့ပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာတော့ သူမက ‘ဆိုးဆိုးရွားရွားကို ခံစားခဲ့ရပါတယ်။ ကျွန်မရဲ့ တီးဝိုင်းက သီချင်းအမှားကို စပြီး တီးခဲ့ကြလို့ပါ။ ဘာဆက်လုပ်ရမယ်မှန်း ကျွန်မမသိခဲ့ပါဘူး။ ဒါကြောင့် ရိုးရာအကကို ကတာဘဲကောင်းပါတယ်ဆိုပြီး စဉ်းစားမိပါတယ်။ ကျွန်မ စိတ်မကောင်းပါဘူးရှင်’ ဆိုပြီး ရှင်းပြပြောဆိုခဲ့ဘူးပါတယ်။ 

Celebrity Flubs! Biggest Mistakes on Live TV