Primary tabs

မှားခဲ့မိကြဘူးတဲ့ ငွေကြယ်ပွင့်လေးများ

တစ်ခါတလေမှာ ဟောလိဝုဒ်က ငွေကြယ်ပွင့်လေးတွေကို လက်ရှိအရွယ်ကနေ ကြီးပြင်းမလာစေချင်ဘူးဆိုတဲ့ အတွေးမျိုး တွေးမိဖူးပါလိမ့်မယ်။ ချစ်စရာ၊ မြတ်နိုးစရာကောင်းလှတဲ့ မင်းသားငယ်၊ မင်းသမီးငယ်လေးတွေကို ကြည့်ရှုလာကြရင်းနဲ့ ရင်းနှီးနှစ်သက်လာကြတော့ သူတို့လေးတွေကို ဒီထက်ပိုပြီး အရွယ်ရောက် မလာစေချင်တော့ပါဘူး။ ဒါပေမဲ့ ကလေးသရုပ်ဆောင်လေးတွေဟာ သဘာဝအတိုင်း ငယ်ရာကနေ ကြီးပြင်း အရွယ်ရောက်လာကြရတာပါဘဲ။ သူတို့ပရိသတ်အနေနဲ့ကတော့ ကြီးပျင်းအရွယ်ရောက်လာကြတဲ့ သူတို့လေးတွေကို လူအများရဲ့ အာရုံစိုက်မှုခံရတဲ့ နေရာမျိုးမှာတော့ ဆက်လက်ပြီး ရှိနေသင့်တယ်လို့ မျှော်လင့်ကြပြန်တာပေါ့။ 

လက်တွေ့ဘဝမှာတော့ ကလေးသရုပ်ဆောင်လေးတွေ ခံစားရတဲ့ စိတ်ဖိစီးမှုကလည်း သိပ်ကို ကြီးမားပါတယ်။ အသက်ငယ်ငယ်မှာ ငွေကြယ်ပွင့်တစ်ယောက်အဖြစ်နဲ့ ဖိအားမျိုးစုံကို စီမံကိုင်တွယ်နိုင်ဖို့ဆိုတာ ကလေးတိုင်းအတွက်တော့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် သူတို့ကို ကောင်းကောင်းထောက်ပံ့ပေးမဲ့ မိသားစု မရှိခဲ့ဘူးဆိုရင်ပေါ့။ ဝမ်းနည်းစရာကောင်းတာက မြို့ပြရဲ့ စူးရှလွန်းတဲ့ အလင်းရောင်တွေ၊ ကျော်ကြားမှုနဲ့လိုတိုင်းတတိုင်းရနိုင်တေဲ့ အနေအထားတွေဟာ တစ်ခါတရံမှာတော့ ငယ်ရွယ်တဲ့ ငွေကြယ်ပွင့်တို့အတွက် လိုချင်တာလည်းရ၊ မလိုချင်တာကိုလည်း လက်ခံရတဲ့ အခြေအနေမျိုး ဖြစ်လာစေပါတယ်။ ဟောလိဝုဒ်ဆိုတာ အိမ်မက်တွေကို ကောင်းကောင်းကြီး အကောင်အထည်ဖော်နိုင်တဲ့ နေရာဖြစ်သလို အိမ်မက်တွေကို ပျောက်ဆုံးစေတဲ့ နေရာလည်း ဖြစ်နိုင်ပါတယ်။ 
ဒီလမှာတော့ Tinsel Town က ရူးသွပ်ယစ်မူးဖွယ်ရာကောင်းတဲ့ အောင်မြင်မှုကြောင့် ငွေကြယ်ပွင့်လေးတွေရဲ့ ဆုံးဖြတ်ချက်အလွဲလေးတွေကို စုစည်းဖော်ပြပေးထားပါတယ်။ 

Matthew Underwood


Matthew Underwood အနေနဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို စတင်ပြီး လုပ်ဆောင်ခဲ့တာက အသက် ၆ လ အရွယ်ကတည်းကပါ။ ၂ဝဝ၅ ခုနှစ်မှာတော့ Nickeloeon ရုပ်သံလိုင်းရဲ့ Zoey 101 မှာ Logan Reese အဖြစ် ပါဝင်ခဲ့ပါတယ်။ Underwood ဟာ Nickelodeon ရဲ့ ဥပဒေအရ ဖိအားပေးမှုတွေကို ခံခဲ့ရတဲ့ ပထမဆုံး ကလေးသရုပ်ဆောင် တစ်ယောက်လို့တော့ မဆိုနိုင်ပါဘူး။ နောက်ပြီး ဒီလိုပြဿနာတွေကြောင့် အကျဉ်းထောင်ကို ရောက်ရှိ သွားခဲ့ရတဲ့ ပထမဆုံး တစ်ယောက်လည်း မဟုတ်ပြန်ပါဘူး။ ဆိုလိုချင်တာက သူ့ရှေ့မှာလည်း ဒီလိုအဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်။ ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှာတော့ သူဟာဆေးခြောက်ပမာဏတော်တော်များများ လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရပြီး နောက်ထပ်သုံးလအကြာမှာတော့ Cloud 9 Hookah lounge မှာ အာမခံကာလအတွင်း စည်းကမ်းမလိုက်နာမှုကြောင့် ထပ်မံအဖမ်းခံရပြန်ပါတယ်။ အသက် ၂၇ နှစ်သာရှိသေးတဲ့ Under-wood အနေနဲ့ အတိတ်က အဖြစ်အပျက်တွေကို မေ့ဖျောက်ကာ အောင်မြင်မှုခရီးရှည်ကြီးကို ဆက်လက်လျှောက်လှမ်းလို့ ရပါသေးတယ်။

Taran Noah Smith


The Home Improvement ရဲ့ သရုပ်ဆောင်  Tim Allen ရဲ့ အငယ်ဆုံးသား Mark ဟာဆိုရင် ၉ဝ ပြည့်လွန်နှစ်တွေတုန်းက တီဗီရှိုးတွေမှာ သိပ်ကို လူသိများ ကျော်ကြားခဲ့တာပေါ့။ Tool Time မှာ ပါဝင်ရိုက်ကူးခဲ့တဲ့ Taran Noah Smith ရဲ့ ရုပ်သံဇာတ်လမ်းတွဲ အတွေ့အကြုံနဲ့ ပတ်သက်လာရင် တကယ်ကို အမိုက်စားလို့ ဆိုရမှာပေါ့။ ဒါပေမဲ့ Tool Time အဆုံးသတ်သွားပြီးတဲ့နောက်မှာတော့ Smith က သူ့မိဘတွေကို သူ့ရဲ့နားကပ်တွေ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ အသက် ၁၇ နှစ် အရွယ်မှာတော့ သူ့ရဲ့ ပိုက်ဆံတွေကို ထိန်းချုပ်ထားတယ်ဆိုပြီး မိဘတွေကို တရားစွဲဆိုပြန်ပါတယ်။ အဲ့ဒီတစ်နှစ်တည်းမှာဘဲ သူဟာ သူနဲ့ သက်တူရွယ်တူ အမျိုးသမီးတစ်ဦးကို နှစ်ကြိမ်လက်ထပ်ပြီး နောက်ဆုံးမှာ ကွာရှင်းခဲ့ပါ
တယ်။ အဲ့ဒီလို အတွေ့အကြုံတွေက တလက်လက်တောက်ပနေတဲ့ ငွေကြယ်ပွင့်လေး Smith ကို ကျဆုံးမှု တွင်းနက်ကြီးရှိရာသို့ တစ်ရိပ်ရိပ်ဆင်းသွားစေခဲ့ပြီး ၂ဝ၁၂ မှာတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ စီရင်ချက်ချမှတ်ခံခဲ့ရ ပြန်ပါတယ်။ အောင်မြင်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားနိုင်ခဲ့တဲ့သူလို့ဆိုရင် ရနိုင်မယ်ထင်ပါရဲ့။ 

Shia LaBeouf


Shia LaBeouf ကတော့ Trandformers ဇာတ်ကားတွေထဲမှာ Sam Witwicky ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ပြီး ဟောလိ့ဝုဒ်မှာ ဒုံးပျံလို အမြန်နှုန်းနဲ့ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့သူပါ။ ဒါပေမဲ့ သူဟာ ဒစ်စနေးရဲ့ ရုပ်သံဇာတ်လမ်းဖြစ်တဲ့ Even Stevens ထဲမှာ Louis Stevens  အဖြစ် ပါဝင်ရင်းနဲ့ ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှာမှ အမှန်တကယ် သရုပ်ဆောင်တဲ့ လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ကြံ့ကြံ့ခံရင်း ကြီးပျင်းလာရတဲ့သူပါ။ အိမ်မှာနေရတဲ့ သူ့ရဲ့စိတ်ပျက်စရာ ဘဝကနေ လွတ်မြောက်ဖို့ မျှော်လင့်ရင်း Shia ဟာ အသက် ၁ဝ နှစ်အရွယ်မှာ ကလပ်တွေမှာ ဟာသ သရုပ်ဆောင်လုပ်ရင်းနဲ့ ရပ်တည်ခဲ့ပါတယ်။ 

အသက် ၁၉ နှစ် အရွယ်လောက်က စပြီး သူ့ဘဝရဲ့ ဒုက္ခတွေ စတင်ခဲ့တယ်လို့ ဆိုရမှာပါဘဲ။ ဆိုးဆိုးရွားရွားလွဲခဲ့တဲ့ သူ့ရဲ့ပထမဆုံးအမှားတစ်ခုကတော့ သူ့ကားရုံကို ပိတ်တယ်ဆိုပြီး အိမ်နီးချင်းတစ်ဦးကို သေစေတတ်တဲ့ လက်နက်တစ်မျိုး ကိုင်ဆောင်ခြိမ်းခြောက်တာကြောင့် ဒဏ်ရိုက်ခံခဲ့ရခြင်းဘဲ ဖြစ်ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ Walgreens စတိုးမှာ လုံခြုံရေးက ထွက်ခွာသွားဖို့ ပြောတာကို ငြင်းဆန်ပြီး ဥပဒေချိုးဖောက်တာကြောင့် အဖမ်းခံ ခဲ့ရပါသေးတယ်။ နောက်ပြီး သူဖန်တီးခဲ့တဲ့ ရုပ်ပြဝတ္ထုသုံးခုနဲ့ ပတ်သက်ပြီး ဉာဏပစ္စည်းခိုးယူတယ် ဆိုကာ စွပ်စွဲခံခဲ့ရပါသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူ့ရဲ့တိုးပွားဆိုးရွားကာ အဆင်မပြေလှတဲ့ အပြုအမူတွေကြောင့် မီဒီယာတွေရဲ့ ရှေ့မှာ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတော့တာပါဘဲ။ 

Demi Lovato


Barney and Friends ဇာတ်ကားကို Selena Gomez နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့စဉ်တုန်းက Demi Lovato ဟာ အသက် ၇ နှစ်ဘဲ ရှိပါသေးတယ်။ Jonas ညီအစ်ကိုတို့ ပုံဖော်ပေးခဲ့ကြတဲ့ ဒစ်စနေးရဲ့ ဇာတ်ကားတွေထဲက တစ်ခုဖြစ်တဲ့ Camp Rock မှာ ပါဝင်သရုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ သူမဟာ နာမည်ကျော်ကြား လူသိများတဲ့ ကလေးသရုပ်ဆောင် ငွေကြယ်ပွင့်တစ်ယောက်ဖြစ်လာခဲ့တယ်။ ၂ဝဝ၈ ခုနှစ်အရောက်မှာတော့ သူမဟာ သူမရဲ့ ပထမဆုံး အယ်(လ)ဘမ် ဖြစ်တဲ့ Don’t Forget ကို စတင်ထုတ်လွှင့်ခဲ့ပြီး Jonas ညီအစ်ကိုတို့နဲ့ အတူ တေးဂီတနဲ့ ပတ်သက်တဲ့ ခရီးတွေ စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေဟာ သူမကို ကိုကင်းတွေ စတင်သုံးစွဲစေဖို့ ဖြစ်လာခဲ့တဲ့ ခရီးလို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ တဖြည်းဖြည်းနဲ့ သုံးလာနေရင်းက ကိုကင်းမရှိရင် ၁ နာရီထက် ပိုပြီး မနေနိုင်တော့တဲ့အထိ ဖြစ်လာခဲ့တယ်လို့ သူမက ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ သူမဟာ လေယာဉ်စီးရတဲ့အခါလည်း လေယာဉ်ပေါ်ကို  ခိုးသယ်ပြီး အတူလိုက်ပါကြတဲ့ ခရီးသည်တွေ အိပ်ပျော်သွားတဲ့အခါမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့တယ်။ သူမကိုယ်သူမ ပြုပြင်ဖို့အတွက်တော့ ဘာဆိုဘာမှလုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ သူမဟာ လူငယ်ပြုပြင်ရေးစင်တာကို ရောက်ရှိသွားခဲ့ပြီး မထိန်းချုပ်နိုင်ဖြစ်နေတဲ့ သူမ
ရဲ့ စိတ်၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သောက်သုံးမှုတို့အတွက် ကုသမှုခံယူခဲ့ရပါတယ်။ လက်ရှိမှာတော့ အရက်သေစာသောက်သုံးတာတွေလည်း မရှိတော့ဘဲ သူမလို ပြဿနာမျိုး ကြုံတွေ့နေကြတဲ့ လူငယ်လေးတွေကို ကူညီဖို့ ကြိုးစားနေတဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။ 

Corey Feldman 


Feldman ရဲ့ ပထမဆုံး ပါဝင်ခွင့်ရရှိတဲ့ ရုပ်ရှင်ကတော့ ၁၉၇၉ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ Time After Time ဆိုတဲ့ ရုပ်ရှင်ပါ။ နောက်ပိုင်းမှာတော့ The Goonies, Gremlins နဲ့ The Lost Boys တို့အပါအဝင် နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ရုပ်ရှင်အတော်များများပါ ပါဝင်ခဲ့ရပြီး ၈ဝ ပြည့်လွန်နှစ်တွေနဲ့ ၉ဝ ခုနှစ် အစောပိုင်းကာလ တစ်လျောက်လုံးမှာတော့ သူ့ကို လူငယ်တွေရဲ့ စံနမူနာယူစရာ လူတစ်ဦးအဖြစ်ကို ရောက်ရှိစေခဲ့တာပေါ့။ ဒါပေမဲ့ သူရဲ့ တစတစ ကြီးထွားလာတဲ့ အောင်မြင်မှုတွေဟာ အသက် ၁၄ နှစ်အရွယ်မှာတော့ ပြိုကျပျက်စီးဖို့အတွက် ဖြစ်လာခဲ့ရပါတယ်။ သူ့သူငယ်ချင်း River Phoenix နဲ့အတူ ဆေးလိပ်သောက်၊ အရက်သောက်တာတွေ စပြီး လုပ်လာတဲ့အချိန်က စလို့ပေါ့။ ဒီလိုဖြစ်ပြီး သိပ်မကြာခင်မှာဘဲ သူဟာ ကိုကင်းနဲ့ ဘိန်းဖြူတို့ကို လက်တည့်စမ်းကြည့်ရင်း စွဲလမ်းလာခဲ့ပါတယ်။ နောက်တော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဒဏ်ရိုက်ခံရ ပြီးတဲ့နောက် သူတို့ ၂ ယောက်လုံး အဖမ်းခံရကာ လူငယ်ပြုပြင်ရေး စင်တာကို ရောက်ရှိသွားပါတော့တယ်။ ၁ဝ လလောက် ကြာပြီးတဲ့နောက်မှာတော့ သူဟာ လူငယ်ပြုပြင်ရေး စင်တာကနေ ပြန်လာခဲ့တယ်။ ဒါပေမဲ့ တရားရေးဆိုင်ရာ ကုန်ကျမှုတွေနဲ့ အခွန်အခတွကြောင့် ဒေါ်လာ ၂ သိန်းလောက် ပေးဆပ်ဖို့ တွေ့ကြုံရင်ဆိုင်ရပြန်ပါတယ်။ နောက်ပြီး သူ သိပ်နှစ်သက်တဲ့ တေးဂီတဆီသို့ မရောက်ရှိသေးခင် ဝင်ငွေနည်းပါးတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖို့အတွက် ဖိအားပေးခံခဲ့ရတယ်။ ယနေ့မှာတော့ Feldman ဟာ သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်နေပြီး သူ့ရဲ့ တီးဝိုင်းဖြစ်တဲ့ Truth Movement မှာ ပါဝင်တီးခတ်နေဆဲ ဖြစ်ပါတယ်။

Jeremy Jackson 


အရင်တုန်းက Babywatch ဆိုတဲ့ ဇာတ်ကားရဲ့ ကလေးသရုပ်ဆောင် ၊ David Hasselhoff ရဲ့ သား Hobie အဖြစ် နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ဖူးသူ Jeremy Jackson ဟာ Baby-watch ကို ရိုက်ကူးနေစဉ်အတွင်းမှာဘဲ မူးယစ်ဆေးဝါးကို အကြီးအကျယ်စွဲလမ်းခဲ့ဖူးတယ်ဆိုပြီး ဝန်ခံထားပါတယ်။ အဲ့ဒီလို စွဲလမ်းမှုက စိတ်ကြွဆေး ရှာဖွေစစ်ဆေးခြင်းဆောင်ရွက်မှု တစ်ခုမှာတော့ သူ့ကို အဖမ်းအဆီး ခံရသွားစေခဲ့ပါတယ်။ လူငယ်ပြုပြင်ရေးစင်တာမှာ ကာလရှည်တစ်ခု နေထိုင်ပြီးတဲ့နောက် ၂ဝဝဝ ခုနှစ်ကတည်းက အသန့်စား ကိုကင်းတွေကို သုံးခဲ့ပြန်ပါတယ်။ ဒါက Jackson ကို မီဒီယာတွေရှေ့ နောက်ထပ်တစ်ဖန် ပြန်ပေါ်လာစေရတဲ့ အကြောင်းအရင်းလည်း ဖြစ်ခဲ့ပုံရတယ်။ ဒီတစ်ကြိမ်မှာတော့ Celebrity Big Brother ကို ဗြိတိသျှဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးတဲ့နေရာကနေ Big Brother မှာ ပါဝင်တဲ့ အမိုက်စားမော်ဒယ် Chloe Goodman ကို ကိုယ်ထိလက်ရောက် စော်ကားတယ်ဆိုပြီး ကန်ထုတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အသံမက်စေ့ကို ဖမ်းယူမိရာကတစ်ဆင့် သူ့ဇနီးဟောင်းကို သတ်ဖို့ ကြိုးစားသူအဖြစ်နဲ့ သတင်းဆိုးတွေ ထွက်ရှိခဲ့ပါသေးတယ်။ 

ကင်မရာရှေ့က ကလေးသရုပ်ဆောင်တို့ရဲ့ ဘဝဆိုတာဟာ သာမန်ကလေးတွေလိုတော့ ရှင်သန်ဖို့ မဖြစ်နိုင်တာ သေချာပါတယ်။ သူတို့ ကြီးပြင်းလာတဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာလည်း အောင်မြင်မှု အရှိန်ကို မထိန်းသိမ်းနိုင်ဘဲ သူတို့ကိုယ်ကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေတတ်တာ၊ မကြာခဏဆိုသလို လူမှုရေးဆိုင်ရာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေဆီကိုလည်း ဦးတည်သွားစေတတ်ပါသေးတယ်။ နောက်တစ်လမှာလည်း ငယ်စဉ်ဘဝက အနုပညာရှင်ဘဝနဲ့ အောင်မြင်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်အလွဲလေးတွေကြောင့် ပြဿနာတွေ ကြုံတွေ့ခဲ့ရတဲ့ ငွေကြယ်ပွင့်တို့အကြောင်း ဆက်ပြီး ပြောပြပေးသွားမှာမို့ ဖတ်ရှုပေးပါဦးလို့ ပြောရင်းနဲ့ နှုတ်ဆက်လိုက်ပါတယ်။ 

Ref : 20 Child Stars Who Made Awful Life Decisions