Primary tabs

ရာသီဥတုကို ထိန်းချုပ်ပေးနိုင်တဲ့ စွမ်းအားရှင်တဖြစ်လဲ Alexandra Shipp

တက်သစ်စ ငွေကြယ်ပွင့် စာရင်းမှာ ပါဝင်လာခဲ့တဲ့ Alexandra Shipp ဟာ အရီးဇိုးနားက ဖီးနစ်မှာ ကြီးပြင်းလာခဲ့သူပါ။  အသက် ၂၅ နှစ်သာရှိသေးတဲ့ Shipp ကိုတော့ Straight Outta Compton နဲ့ X-Men: Apocalypse ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတာကို မြင်တွေ့ သတိပြုမိကြမယ် ထင်ပါရဲ့။ အမေရိကန် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ငွေကြယ်ပွင့်လေး Shipp က၂၀၀၉ ခုနှစ်စလို့ ဟောလိ့ဝုဒ်မှာ စာရင်း သွင်းခြင်း ခံခဲ့ရတဲ့သူပါ။ 

အရပ် ၅ ပေ ၆ လက်မရှိတဲ့ Alexandra ရဲ့ ဘီကီနီဝတ် ဓာတ်ပုံတွေမှာတော့ သိပ်ကို ဆွဲ ဆောင်မှုရှိပြီး ထူးခြားလှပတဲ့ သူမရဲ့ သွင်ပြင်ကို တွေ့မြင်ရမှာပါ။ သူမဟာ ရှည်လျားသွယ်လျတဲ့ ခြေတံတွေနဲ့ ပြီးပြည့်စုံတဲ့ ကောက်ကြောင်းတို့ကို ပိုင်ဆိုင်ထားတာမို့  အများကြားထဲမှာ ထူးခြားပေါ် လွင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ မှတ်မှတ်ရရ အနုပညာခြေလှမ်းအစ ဆိုရင်တော့ ကလေးငယ်တွေရော လူကြီးတွေပါ မကျန် နှစ်သက်သဘောကျကြတဲ့ Alvin and the Chipmunks ဆိုတဲ့ ဇာတ်ကားမှာ စတင်ပါဝင်ခဲ့ရခြင်းလို့ ဆိုနိုင်ပါလိမ့်မယ်။ Alexandra ဟာ Justin Timberlake နဲ့ Amanda Seyfried တို့ရဲ့ သိပ္ပံစိတ်ကူးယဉ် လျှို့ဝှက်သည်းဖို ဇာတ်ကားဖြစ်တဲ့ In Time ဇာတ်ကားမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ နောက်ပြီး Switched At Birth နဲ့ Victorious တို့လို ရုပ်သံဇာတ်လမ်းတိုတွေမှာလည်း ပါဝင်ထားပါတယ်။

R & B ပရိသတ်တွေကတော့ သူမကို တွေ့မြင်ရတာဟာ ရင်းနှီးနေသလို ခံစားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ ၂၀၁၄ ခုနှစ်မှာတုန်းက ‘Aaliyah: The Princess of R&B’ ဆိုတဲ့ ဘဝဇာတ်ကြောင်းရုပ်ရှင်မှာ နှောင်းပိုင်း Aaliyah အဖြစ် ပါဝင်ခဲ့ဖူးတာကြောင့်ပါ။ Shipp ရဲ့ Aaliyah အဖြစ် သရုပ်ဖော်ဖန်တီးမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုအမျိုးမျိုးနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Aaliyah မှ Aaliyah ဖြစ်နေတဲ့ ပရိသတ်တွေဟာ Aaliyah ရဲ့ ရှင်သန်ခဲ့စဉ်က အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အများကြီး အကာအကွယ်ပေးကြတဲ့သူတွေ တစ်နည်းအားဖြင့် အထိမခံတဲ့သူတွေ ဖြစ်နေကြလို့ပါ။ 

ဒါပေမဲ့ Shipp ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သက်လို့ ထိခိုက်တာမျိုး မရှိခဲ့ဘဲ ၂၀၁၅ ခုနှစ်မှာတော့ တေးဂီတကို အခြေပြုတဲ့ အခြားရုပ်ရှင် တစ်ခုမှာ ပါဝင်ခွင့်ရရှိစေခဲ့ပြန်ပါတယ်။ အဲ့ဒါကလည်း ဘဝဇာတ်ကြောင်းကို ကောက်နုတ်ရိုက် ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပါဘဲ။ 

Eazy-E, Ice Cube နဲ့ Dr.Dre တို့ ပါဝင်ကြတဲ့ N.W.A အမည်ရ rap တေးဂီတအဖွဲ့အကြောင်းကို အခြေပြု ရိုက်ကူးထားတာဖြစ်ပြီး Shipp ကတော့ Ice Cube ရဲ့ ဇနီး Kimberly Woodruff အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ နောက်တော့ သူမ နှစ်သက်ရတဲ့ ဇာတ်လမ်းဖြစ်ပြီး သရုပ်ဆောင်ဖို့အတွက် ဆန္ဒရှိခဲ့တဲ့ KT Rush အမည်ရ ဇာတ်ကောင်နဲ့ House of Anubis မှာ ပါဝင်ခွင့်ရခြင်းကလည်း သူမရဲ့ အောင်မြင်မှု မှတ်တမ်းတွေကို ပိုပြီးရှည်လျားစေခဲ့တာပေါ့။

လက်တွေ့ဘဝမှာ အမှန်တကယ်ရှိခဲ့ကြသူတွေအကြောင်းကို သရုပ်ဆောင်တင်ဆက်ရင်း လူသိများလာတဲ့ Alexandra Shipp ရဲ့ အနုပညာလှုပ်ရှားမှုတွေဟာ မြန်မြန်ဆန်ဆန်ကို ရပ်သိရွာသိ ကမ္ဘာသိဖြစ်လာဖို့ အခြေအနေပေးလာခဲ့ပါတယ်။ သူမဟာ X-Men: Apocalypse မှာ Halle Berry သရုပ်ဖော်တင်ဆင်ခဲ့ဘူးတဲ့ မိုးလေဝသကို ထိန်းချုပ်တဲ့ စွမ်းအားရှင်တစ်ယောက်အဖြစ် ပိုပြီးငယ်ရွယ်တဲ့ ဇာတ်ကောင်နေရာမှာ သူမရဲ့ အရည်အချင်းတွေကို ပြသဖို့အတွက် အခွင့်အရေး ရခဲ့ပါ
တယ်။ 

Shipp ဟာ Kathryn Prescott နဲ့ Lucy Hale တို့ရဲ့ Dude ဆိုတဲ့ ဟာသရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ Alexandra Shipp ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် တချို့ကို ဝေမျှရမယ်ဆိုရင်တော့ သူမရဲ့ ဖခင်က တေးဂီတပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ မိခင်ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး သူတို့ မိသားစုက စီးပွားရေးလုပ်ငန်းတချို့မှာလည်း ရှယ်ယာတွေ ထည့်ဝင်ထားကြတယ်လို့ သိရပါတယ်။ အာဖရိကန်နွယ်ဖွားဖခင်နဲ့ ကော့ကေးရှပ်လူမျိုး မိခင်တို့ရဲ့ သမီး Alexandra က မောင်နှမနှစ်ယောက်ထဲမှာ သမီးကြီးပါ။ သူ့မှာ James ဆိုတဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကခုန်ရတာကို စိတ်ဝင်စားခဲ့တဲ့ သူမဟာ  အတန်းပညာရေးမှာလည်း ထူးချွန်တဲ့သူမို့ ဆရာ၊ ဆရာမတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ခံခဲ့ရပါတယ်။ 

Alexandra ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ဆိုင်တဲ့ ရှင်သန်နေထိုင်မှုက သူမ ကျင်လည်တဲ့ အနုပညာရှင် ဘဝနဲ့တော့ သိပ်ကို ကွာခြားတယ်လို့ဆိုရမှာပါ။  သူမ အသက် ၁၃ နှစ်အရွယ်မှာ သူမထံကို ကောင် လေးတစ်ယောက်က ချဉ်းကပ်လာခဲ့ပြီး ချစ်ခွင့်ပန်ခဲ့ဖူးပါသတဲ့။ အဲ့ဒီအချိန်တုန်းက သူမဟာ သိပ်ကို ကြောက်လန့်သွားပြီး ထွက်ပြေးလာကာ အဲ့ဒီအကြောင်းတွေကို မိခင်ဖြစ်သူထံ ဖွင့်ဟခဲ့ပါတယ်။ မိခင်ဖြစ်သူက သူမပြောပြတာကို ရယ်မောခဲ့ပြီး သူမကို တချို့အရာတွေ ပြောပြသင်ကြား ပေးခဲ့ရပါတယ်။ သူမကျောင်းနေစဉ်အရွယ်က ဆုံတွေ့ခဲ့တဲ့ သူမရဲ့ ကောင်လေးဟာ သူမနဲ့ နီးစပ်ခဲ့ပေမဲ့ သူမအပေါ်သိပ်ပြီး မရိုးသားခဲ့ပါဘူးတဲ့။ 

သူမကိုယ်တိုင်ကလည်း အမျိုးသားနဲ့ အမျိုးသမီး ဆက်နွယ်ပတ်သက်တဲ့ ဆက်ဆံရေးတစ်ခုမှာ သိပ်အများကြီး ပါဝင်ပတ်သက်လို့ စိတ်မရှိခဲ့ဘူးလို့လည်း ဆိုထားပါတယ်။ သူမဟာ လက်ရှိအနေအထားအရ ဘယ်သူနဲ့မှ လက်ထပ်ဖို့ အစီအစဉ်မရှိဘဲ သူမအလိုအရ လက်ထပ်ဖို့အတွက်လည်း အရမ်းငယ်နေပါသေးတယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုထားတာကို တွေ့ရပါတယ်။