Primary tabs

ကချေသည်လေး CeCe Jones ဒါမှမဟုတ် Bella Thorne

Disney ရဲ့ Shake It Up မှာ ကချေသည် လေး CeCe Jones အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ရင်း Young Artist Award ကို ဆွတ်ခူးနိုင်ခဲ့သူ၊ ၂ဝ၁၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ The Duff ရုပ်ရှင်မှာ Madison အဖြစ် တွဲဖက်ပါဝင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်
မှာတော့ Famous In Love ကို ရိုက်ကူးကာ ငွေကြယ်တစ်ပွင့်အဖြစ် လင်းလက်လာခဲ့တဲ့သူလေးကတော့ ရွှေဝါရောင် လှိုင်းတွန့်ဆံပင်တွေကို အနီရောင်အဖြစ် ပြောင်းထားတတ်တဲ့ ကောင် မလေး Bella Throne ပါဘဲ။ 
 
Annabella Avery Thorne လို့ခေါ်တဲ့ သူမကို ဖလော်ရီဒါမှာရှိတဲ့ Pembroke Pines မှာ မွေးဖွားခဲ့ပါတယ်။ Kaili နဲ့ Danni ဆိုတဲ့ အစ်မနှစ်ယောက်အပြင် Remy အမည်ရ အစ်ကိုတစ် ယောက်လည်းရှိတာဆိုတော့ သူမတို့ဟာ စုစုပေါင်း မောင်နှမလေးယောက်ပါ။ သူမကတော့ အငယ်ဆုံးပေါ့။ ထူးခြားတာကတော့ သူတို့တွေ အားလုံးက သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ Bella ရဲ့ အဖေ Rey ကတော့ ၂ဝဝ၇ ခုနှစ်မှာ မော်တော်ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ပါပြီ။ သူမရဲ့ အမေ Tamara Thorne ကတော့ ကြောက်လန့်စရာ အကြောင်းအရာတွေကို ရေးသားသူ အမေရိကန်ရဲ့ ရောင်းအားအကောင်းဆုံး နာမည်ကြီး စာရေးဆရာတွေထဲက တစ်ယောက်ပါ။

Bella Thorne ဆိုတာ အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွေမှာတော့ လူသိများတဲ့ နာမည်ပါဘဲ။ အောင်မြင်မှုတွေ မရရှိသေးခင်က သူမကို Stuck on You ဆိုတဲ့ ဇာတ်ကားမှာ Matt Damon အဖြစ် မြင်တွေ့ကြဖူးမလား မဆိုနိုင်ပါဘူး။ Stuck 
on You ဟာ Bella ၂ဝဝ၃ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး မထင်မရှားနေရာကနေ ပါဝင်လို့ သရုပ်ဆောင်ဘဝကို စတင်ခဲ့တယ်။ အလှည့်အပြောင်းတစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာကတော့ ၂ဝဝ၇ ခုနှစ်မှာပါ။ Dirty Sexy Money ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲရဲ့ ဒုတိယအပိုင်းမှာ Margaus Darling အဖြစ် ပါဝင်သရုပ်ဆောင်ပြီးတော့ပေါ့။

Bella ရဲ့ သရုပ်ဆောင်ဘဝနဲ့ ပတ်သက်ရင် ငွေကြယ်တစ်ပွင့်အဖြစ် ၂ဝဝ၈ နှစ်မှာ ခပ်မြန်မြန်ရောက်ရှိလာတာကို တွေ့ရမှာပါ။ သူမဟာ My Own Worst Enemy ဆိုတဲ့ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲမှာ Madchen Amick နဲ့ Taylor autner တို့နဲ့အတူ Ruthey Spivey အဖြစ် တွဲဖက်သရုပ်ဆောင်ခွင့်ရပြီး Young Artist Award ရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ဆွတ်ခူးထားနိုင်ခဲ့တယ်။ ၂ဝ၁ဝ ကို ရောက်တဲ့အခါမှာတော့ HBO ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Big Love မှာ 
Jolean Wejbe အဖြစ် အစားထိုးရင်း အဓိက ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ Wizards of Waverly Place ရုပ်သံဇာတ်လမ်းတွဲမှာလည်းပါဝင်ခဲ့ ပြန်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ပရိသတ်ဆီအရောက် ထိုး ဖောက်နိုင်တဲ့ ဇာတ်ကောင်ကတော့ Shake It Up ထဲ CeCe Jones ပါဘဲ။ 

သူမဟာ သရုပ်ဆောင်အဖြစ်နဲ့ ပရိသတ် နှစ်သက်သဘောကျမှုကို ခံယူရရှိပြီးတဲ့နောက် Phineas and Ferb လို နာမည်ကျော် ကာတွန်း ဇာတ်လမ်းတွဲတွေမှာလည်း အသံနဲ့ သရုပ်ဆောင်မှုတွေ စတင်ခဲ့ပါတယ်။ ၂ဝ၁၂ မှာ Bella Thorne ဟာ သူမရဲ့ ပထမဆုံး အယ်(လ)ဘမ်ဖြစ်တဲ့ Made in Japan ကို စတင်မိတ်ဆက်ခဲ့ပြီး TTYLXOX ၊ Jersey နဲ့ Call it whatever တို့လို အခြားသော စင်ဂယ်အယ်(လ)ဘယ်တွေလည်း ဆက်တိုက်ဆိုသလို ပရိသတ်ဆီသို့ အရောက်ပို့ပေးနိုင်ခဲ့တဲ့သူပါ။ သူမရဲ့ ပထမဆုံး ဆယ်ကျော်သက်များဆိုတဲ့ ဝတ္ထုကိုတော့ ၂ဝ၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး နောက်တစ်နှစ်အကြာမှာတော့ နောက်ထပ်တစ်အုပ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ သူမဟာ Marvel Avengers Academy ဆိုတဲ့ ဗီဒီယိုဂိမ်းမှာလည်း အသံထည့်သွင်း ပါဝင်ထားပါသေးတယ်။ ဒီလို ခပ်စိပ်စိပ် လှုပ်ရှားမှုတွေကြောင့် သိပ်မကြာခဲ့တဲ့ ၆ နှစ်ဆိုတဲ့ ကာလအတွင်းမှာ ရိုးရှင်းတဲ့ သရုပ်ဆောင်မင်းသမီးအဖြစ်ကနေ စွယ်စုံရတဲ့ နာမည်ကျော် ငွေကြယ်ပွင့်အဖြစ် တက်လှမ်းနိုင်ခဲ့တဲ့သူလို့ ဆိုရမယ် ထင်ပါတယ်။ 
 
အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ Bella ဟာ ပထမတန်းအရွယ်တုန်းက စာရေးစာဖတ်ဖို့ခက်ခဲတဲ့ ရောဂါကို ခံစားကုသခဲ့ရပြီး စာရေးစာဖတ်တဲ့ အလေ့အကျင့်ကို ပြင်းပြင်းထန်ထန် ကြိုးစားပြုလုပ်ကာ ဖြတ်ကျော်ခဲ့ရပါသတဲ့။ ပထမတန်းအရွယ်မှာ စာဖတ်ရခက်တဲ့ ဝေဒနာကို ကုသနေရင်းနဲ့ Bella ဟာ သူမရဲ့ ရည်မှန်းချက်ကို လက်တွေ့ကျကျ ပုံဖော်နိုင်ခဲ့ပါတယ်။ သူမအကြောင်းနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်တွေထဲက တစ်ခုကတော့ သူမဟာ ကျောင်းမှာ အနိုင်ကျင့်ခံရဖူးပါတယ်။ အဲ့ဒီလို အနိုင်ကျင့်ခံရတာကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ အိမ်မှာဘဲ စာသင်ခဲ့ရတယ်။ သူမဘဝရဲ့ ရှေ့ပိုင်းအတွေ့အကြုံတွေကို နောက်ကြောင်းပြန်ကြည့်ကြမယ်ဆိုရင် သူမဟာ မကြာခဏဆိုသလို အနို်င်ကျင့်တာကို ဆန့်ကျင်ဖို့အတွက် ပြောလေ့ရှိပြီး လူအများကိုလည်း ဒီလိုထုတ်ပြောဖို့ တိုက်တွန်းလေ့ရှိပါတယ်။ သူမကို ပိတ်ကားနောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့ကြတဲ့ စာဖတ်ရခက်ခဲတဲ့ ဝေဒနာရှင် ကလေးငယ်တွေကိုလည်း အားပေးတိုက်တွန်း တာတွေ ပြုလုပ်တတ်ပါတယ်။ 
 
Bella Thorne ဟာ လူမှုအကျိုးပြုတဲ့ အစီအစဉ်တွေကို ထောက်ပံ့ပေးတတ်ပြီး လူမှုအကျိုးပြု လှုပ်ရှားမှုတွေမှာလည်း လှုဒါန်းပါဝင်ပါတယ်။ သူမဟာ စာဖတ်ရခက်ခဲတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတနဲ့ အသိပညာရရှိ ပြန့်နှံ့စေဖို့ ကြိုးစားနေဆဲဖြစ်သလို သူမခံစားခဲ့ရတဲ့ ဝေဒနာနဲ့ ပတ်သက်လို့ “ကျွန်မက ပိုပြီးတော့ ကြိုးစားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက စာရေးစာဖတ်ဖို့ခက်ခဲတဲ့ ဝေဒနာရှင်ကိုး။ လူတွေကတော့ ကျွန်မဟာ မင်းသမီးမဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ မမှန်ဘူးဆိုတာကို ကျွန်မ သက်သေပြနေပါတယ်။ သရုပ်ဆောင်တာက ကျွန်မကို စိန်ခေါ်မှုတွေကနေ ကျော်လွှားနိုင်ဖို့ ကူညီပေးပါတယ်” လို့ ပြောကြားလေ့ရှိပါတယ်။ Bella ဟာ အာဖရိကမှာရှိတဲ့ ကလေးငယ်တွေကို ဆေးဝါး၊ အစားအစာနဲ့ ပညာရေးတို့ကို ထောက်ပံ့ကူညီမှု ပြုလုပ်နေတဲ့ Cystic Fibrosis ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့သူတစ်ဦးပါ။ နောက်ပြီး ကင်ညာ က Kibwezi မှာရှိတဲ့ Lydia Kanini Kiio အမည်ရ ကလေးငယ်ကိုလည်း ပံ့ပိုးကူညီနေပါသေးတယ်။ 
 
ရွှေဝါရောင် ဆံနွယ်ခွေတွေကို အနီရောင် 
ပြောင်းရတာကို နှစ်သက်ပုံရတဲ့သူမဟာ စာရေးစာဖတ်ဖို့ ခက်ခဲတဲ့ ဝေဒနာရှင်အဖြစ်ကနေ အောင်မြင်တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်အဖြစ် ကြိုးစားခဲ့တဲ့ Bella Thorne အကြောင်းကိုတော့ ဒီလောက်နဲ့ဘဲ ရပ်နားလိုက်ပါရစေ။