Primary tabs

မှားခဲ့မိကြဘူးတဲ့ ငွေကြယ်ပွင့်လေးများ (၂)

အရင်လက ဖော်ပြပေးခဲ့တဲ့ Matthew Underwood, Taran Noah Smith, Demi Lovato နဲ့ Jeremy Jackson တို့လိုဘဲ အသက်ငယ်ငယ်မှာ ငွေကြယ်ပွင့်တွေအဖြစ် လင်းလက်ခဲ့ကြပေမဲ့ ဆုံးဖြတ်ချက်အမှားတွေ၊ မှားယွင်းရွေးချယ်မှုတွေ
ကို လုပ်ခဲ့မိကြတဲ့ မင်းသားငယ်၊ မင်းသမီးငယ်လေးတွေ အကြောင်းကို ဆက်လက်ရှာဖွေထားပေးပါတယ်နော်။ ကိုယ်နှစ်သက်ရတဲ့ အနုပညာရှင်လေးတွေများ ပါနေလေမလား၊ သူတို့ကရော ဘယ်လိုတွေ မှားယွင်းဆုံးဖြတ်မိပြီး ဘယ်လိုမျိုး ပြန်လည် ပြင်ဆင်ခဲ့ကြသလဲဆိုတာလေးကို ဖတ်ရှု့ကြည့်ပေးပါဦး။ 
Aaron Carter
Aaron Carter ဟာ အသက် ၇ နှစ်အရွယ်လောက်တုန်းကတော့ သူ့ရဲ့ အစ်ကိုကြီးဖြစ်တဲ့ Backstreet Boys အဖွဲ့ဝင် Nick Carter ရဲ့ ခြေရာအတိုင်း နင်းချင်ခဲ့ဖူးပါသတဲ့။ တေးဂီတနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် Dead End အမည်ရ သူ့ရဲ့ ကိုယ်ပိုင်တီးဝိုင်းလေးကို စတင်ခဲ့တယ်။ အသက် ၁၀ နှစ်အရွယ်မှာတော့ လူငယ်လေးတွေ စုဖွဲ့ထားတဲ့ သူ့အစ်ကိုရဲ့ တီးဝိုင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး အသံသွင်းဖို့အတွက်လည်း စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ အဲ့ဒီနှစ်မှာဘဲ Carter ဟာ သူ့ရဲ့ ပထမဆုံး စင်ဂယ်အယ်(လ)ဘမ် ‘Crush On You’ ကို ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ အဲ့ဒီသီချင်းက ကမ္ဘာ့နေရာအသီးသီးကို ရောက်ရှိပြန့်နှံ့ခဲ့တာပေါ့။ ကံမကောင်းချင်တော့ ၂၀၀၉ ခုနှစ်အရောက်မှာတော့ အောင်မြင်မှုဆိုတဲ့အရာကဘဲ သူ့ကို နိမ့်ကျပျက်စီးစေခဲ့ပါတယ်။ Dancing With the Stars မှာ ပဉ္စမဆုကို တက်ရောက်ယူတဲ့အချိန်ကပေါ့။ အဲ့ဒီအချိန်တုန်းက Carter ဟာ စတိတ်စင် ကြောက်ရွံ့မှုကနေ သက်သာရာရစေဖို့အတွက် Xanax အမည်ရ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပေးနိုင်တဲ့ ဆေးတစ်မျိုးကို စွဲလမ်းနေခဲ့ပါပြီ။ နေ့တိုင်းလိုလို ၁၄ မီလီဂရမ်လောက်  ပမာဏကို မကြာခဏဆိုသလို အသုံးပြုနေရပါတယ်။ တစ်ရက်ကို သုံးကြိမ်ဆိုတာက ပုံမှန်ပါဘဲ။ အဲ့ဒီလို စွဲလမ်းမှုက သုံးနှစ်ကျော် ကြာမြင့်ခဲ့ပါသတဲ့။ ဒါပေမဲ့ သူ့အစ်ကို Nick က သူ့ကို လူငယ်ပြုပြင်ရေးစင်တာဆီ ပို့ပြီးတဲ့နောက်ပိုင်းမှာတော့ မူးယစ်ဆေးသုံးစွဲတာရော ယမကာသောက်သုံးတာကိုပါ မလုပ်တော့ပါဘူး။ သို့သော်လည်းဘဲ ၂၀၁၃ ခုနှစ်မှာတော့ Carter ဟာ သူချေးယူသုံးစွဲထားတဲ့ အကြွေး ၃.၅ သန်းကို ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် ချွတ်ခြုံကျခဲ့တယ်လို့ သိရပါတယ်။
 
Tatum O’Neal
Tatum O’Neal ဟာလည်း ကလေးသရုပ်ဆောင် ငွေကြယ်ပွင့်တစ်ယောက်အဖြစ် ကောင်းကောင်းတံဆိပ်ကပ်လို့ရတဲ့ သူတစ်ယောက်ပေါ့။ သူမဟာ အကယ်ဒမီဆုကို ပိုင်ဆိုင်ခွင့်ရတဲ့ အသက်အငယ်ဆုံး အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါ တယ်။။ သူဟာ Paper Moon မှာ Addie Loggins အဖြစ် ပါဝင်သရုပ်ဆောင်ပြီး အကယ်ဒမီကို ဆွတ်ခူးနိုင်ခဲ့တုန်းက အသက် ၁၀ နှစ်သာ ရှိပါသေးတယ်။ ၂၀၀၈ ခုနှစ် ဇွန် ၁ ရက်မှာတော့ O’Neal ဟာ သူမရဲ့ Manhattan က တိုက်ခန်းမှာ ကိုကင်းဝယ်ယူမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူမကို ရဲတွေရှာဖွေကြတုန်းက ကိုကင်းအခဲတစ်အိတ်အပါအဝင် မူးယစ်ဆေးဝါး ၂ အိတ် ရှာတွေ့ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ သူမဟာ သူမအပြစ်တွေကို ဝန်ခံပြီး မူးယစ်ဆေးဝါးဆိုင်ရာ ကုသမှုပေးတဲ့ အစီအစဉ်ကို ၂ နှစ်ခွဲကြာ အချိန်ယူဖို့အတွက် သဘောတူညီခဲ့တယ်။ သူမရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ A Paper Life မှာတော့ သူမရဲ့ ဖခင် Ryan O’Neal ရဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်အနိုင်ကျင့်မှုတွေကနေ လွတ်မြောက်လို တာကြောင့် မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့ရတာဖြစ်ကြောင်း ပြောထားတာကို တွေ့ရပါတယ်။ သူမရဲ့ ဖခင်ကတော့ Tatum ရဲ့ စွပ်စွဲ ဖော်ပြချက်တွေက တရားမဝင်သလို မှန်ကန်မှုလည်း မရှိတဲ့အကြောင်း ငြင်းဆိုခဲ့ပါတယ်။ 
 
Britney Spears
Britney ဟာ ၁၁ နှစ် သမီးကတည်းက The New Mickey Mouse Club မှာ ပေါ့ပ် အဆိုကျော်တွေ ဖြစ်ကြတဲ့ Christina Aguilera နဲ့ Justin Timberlake တို့နဲ့ ဆက်သွယ်ရင်း ပေါ်ထွက်လာခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ သူမရဲ့ ပထမဆုံး စင်ဂယ်အယ်(လ)ဘမ်ဖြစ်တဲ့ Baby One more Time ကို ထုတ်လွှင့်ခဲ့ပြီး ချက်ချင်းဆိုသလို ပေါက်သွားခဲ့ကာ အဲ့ဒီနှစ်ရဲ့ တေးဂီတ အမှတ်ပေး ဇယားတွေမှာတော့ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာလည်း သူမရဲ့ အယ်(လ)ဘမ် အသစ်နဲ့ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပြီး သူမရဲ့ ချစ်သူအသစ် Justin Timberlake နဲ့အတူ မီဒီယာတွေ အားလုံးနီးပါးမှာ မြင်တွေ့ခဲ့ကြရတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၀၂ ခုနှစ်ကို အရောက်မှာတော့ လမ်းခွဲခဲ့ကြပြီး အဲ့ဒီလိုခွာပြဲမှုနောက်ပိုင်း သိပ်မကြာခင်မှာဘဲ သူမရဲ့ဘဝဟာ ပရိသတ်ထုရဲ့ မျက်စိအောက်ကို စတင်ရောက်ရှိသွားခဲ့ပုံ ရပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ခွာချပြီးတော့ပေါ့။ ၂၀၀၄ ခုနှစ်မှာတော့ သူမဟာ သူမရဲ့ ငယ်သူငယ်ချင်း Jason Alexander နဲ့ လက်ထပ်ခဲ့ပြီး ၂ ရက်တာသာ ကြာမြင့်ခဲ့ပါတယ်။ နောက်ထပ် ၉ လ အကြာမှာတော့ သူမရဲ့ ကကွက်တွေကို ဖန်တီးဖော်ဆောင်ပေးသူ Kevin Federline နဲ့ လက်ထပ်ခဲ့ပြန်ပါတယ်။ သူတို့မှာ သား ၂ ယောက် ထွန်းကားပြီး ၂၀၁၇ ခုနှစ်မှာ ကွာရှင်းခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ MTV တေးဂီတ ဆုပေးပွဲမှာ ကိုးရိုးကားရားတွေ ဖျော်ဖြေတင်ဆက်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ပြန်လည် ထူထောင်ရေးစင်တာမှာ ခဏတာတော့ တာဝန်တွေ ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
 
Amanda Bynes
Bynes ရဲ့ သရုပ်ဆောင်ဘဝဟာ အသက် ၇ နှစ်အရွယ်မှာ Buncha Crunch ကွေကာအတွက် စီးပွားရေး ကြော်ငြာရိုက်ကူးပေးရင်းနဲ့ စတင်ခဲ့တယ်လို့ ဆိုရပါမယ်။ အဲ့ဒီနောက်ပိုင်း သိပ်မကြာခင်မှာဘဲ The Secret Garden၊ Annie နဲ့ The Sound of Music တို့အပါအဝင် လူသိများကျော်ကြားတဲ့ ထုတ်လွှင့်တင်ဆက်မှုတွေမှာ ပါဝင်လာခဲ့တာပေါ့။ ၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းတစ်လျှောက်လုံးမှာ Nickelodeon ရဲ့ All That မှာ ပါဝင်ခဲ့ပြီး ယင်းကြောင့်ဘဲ နာမည်ကျော် WB ရဲ့ What I Like About You မှာ သူမပါဝင်ဖို့ အခန်းကဏ္ဍကို အထောက်အကူဖြစ်စေခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ သူမဟာ ရုပ်သံဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့အလုပ်တွေကနေ ရပ်နားတော့မယ်လို့ ကြော်ငြာတော့ သိပ်ကို အဆန်းတကြယ် ဖြစ်ခဲ့ကြရသေးတာပေါ့။ ၂၀၁၂ ခုနှစ်ကစလို့ သူမဟာ မူးပြီးမောင်းတဲ့အတွက် သတိပေးခံခဲ့ရတဲ့အပြင် ကားတိုက်ပြီး ထွက်ပြေးလို့ ၂ ကြိမ် ဒဏ်ငွေဆောင်ခဲ့ရတယ်။ နောက်ပြီး ဆိုင်းငံ့လိုင်စင်နဲ့ ကားမောင်းလာတာကြောင့်လည်း ၂ ခါ အဖမ်းခံခဲ့ရပါ သေးတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ၃ နှစ် ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ် အမိန့်ချမှတ်ခံခဲ့ရပြီး မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ် သူမဘာတွေ ဆက်လုပ်ဦးမလဲဆိုတာကိုတော့ ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး။
 
 
Jaimee Foxworth
Jaimee Foxworth ကိုတော့ Family Matters ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ Judy Winslow အဖြစ် လူသိများကြပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကို သိပ်ကို ရှည်လျားခဲ့တယ်ဆိုပေမဲ့ စတုတ္ထမြောက်အပိုင်းမှာတော့ သူမက ဘေးကို ရောက်သွားခဲ့တယ်လို့ ဆိုရမှာပါ။ သူမရဲ့ ဇာတ်ကောင်ဟာ သိပ်ပြီး အရေးမပါတော့ဘဲ ပုံမှန်ပါဝင်နေရတာမျိုးလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ Fox-worth ဟာ အဲ့ဒီနေရာကနေ ဘာမှ မဖြစ်နိုင်မှန်း ရှင်းရှင်းလင်းလင်း သိရတာကြောင့် တိုးတက်မယ့် နေရာတစ်ခုကို လိုချင်ခဲ့တယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့အခါမှာတော့ သူမဟာ သူမရဲ့ ညီအစ်မတွေနဲ့အတူ S.H.E ဆိုတဲ့ တီးဝိုင်းကို ဆက်သွယ်ဝင်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ သူမရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အရက်သေစာ စွဲလမ်းမှုက သူမ ဘဝကို နောက်ကြောင်းပြန်သွားစေခဲ့တာပေါ့။ အသက် ၂၀ အရွယ် အလုပ်လည်း အရမ်းလိုချင်နေတဲ့ သူမဟာ အပြာကားရိုက်ကူးမှုဘက်ကို ရောက်သွားခဲ့ပြီး ဇာတ်ကားအတော်များများမှာ Crave  ဆိုတဲ့ နာမည်နဲ့ ရိုက်ကူးနေခဲ့ပါတယ်။ 
 
Lindsay Lohan 
Lindsay Lohan ဟာ အသက် ၃ နှစ်အရွယ်မှာ ဖက်ရှင်မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲ ဝင်လာခဲ့သူပါ။ အသက် ၁၁ နှစ်အရွယ်မှာတော့ Disney ကနေ ပြန်လည်ရိုက်ကူးတဲ့ The Parent Trap မှာ အမွှာအဖြစ် သရုပ်ဆောင်ခဲ့တယ်။ သူမဟာ Freaky Friday နဲ့ Mean Girls တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့တာကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ဆယ်ကျော်သက် အရွယ်ရောက်ခါနီး ကလေးငယ်တွေကြားမှာ ရေပန်းစားတဲ့ အမည်တစ်ခု ဖြစ်လာခဲ့တယ်။ အောင်မြင်မှုနဲ့အတူ သတင်းမုဆိုးတွေရဲ့ မျက်စိကျစရာ ပစ်မှတ်တစ်ခုလည်း ဖြစ်လာခဲ့ရတယ်။ ၂၀၀၆ မှာတော့ သူမဟာ အရက်သေစာ စွဲလမ်းနေတဲ့သူတွေကို အရက်သောက်ချင်စိတ် ရပ်တန့်သွားစေဖို့နဲ့ သူ့တို့ရဲ့ အတွေ့အကြုံ၊ ခွန်အားနဲ့ မျှော်လင့်ချက်တွေကို တစ်ယောက်နဲ့တစ်ယောက် ဝေမျှကြပြီး အရက်စွဲနေသူတွေရဲ့ ယေဘုယျ ပြဿနာတွေကို ကူညီဖြေရှင်းပေးတဲ့  AA အစည်းအဝေးပွဲတွေကို တက်ရောက်ခဲ့ပြီး လူငယ်ပြုပြင်ရေး စင်တာမှာလည်း ရက်ပေါင်း ၃၀ ကြာမြင့်ခဲ့တယ်။ အဲ့ဒီနှစ်မှာဘဲ သူမဟာ မူးပြီးမောင်းတာကြောင့် အဖမ်းခံခဲ့ရပြီး နှစ်ပတ်အကြာမှာတော့ ကိုကင်းလက်ဝယ်ထားရှိမှု၊ မူးပြီးမောင်းတဲ့ အမှုတစ်ခုအပြင် လိုင်စင်မရှိဘဲ ကားမောင်းတာတို့ကြောင့် အဖမ်းခံရပြန်ပါတယ်။ သနားစရာကောင်းတဲ့ Lohan အတွက် အခြေအနေတွေက နည်းနည်းတော့ ပြန်ကောင်းလာခဲ့တယ်လို့ ဆိုရပါမယ်။ သူမက အမျိုးမျိုးသော ဒဏ်ကြေးပေးဆောင်ရမှုတွေအတွက် အပြစ်ဝန်ခံခဲ့ပြီး လူမှုရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ဖို့အတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အကျဉ်းထောင်မှာ တစ်ရက်တာသာ နေခဲ့ရပြီး ၃ နှစ်ကြာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ နောက်ပြီး အရက်သေစာ သောက်စားမှုနဲ့ ပတ်သက်တဲ့ ပညာပေး အစီအစဉ်တစ်ခုကို မတက်မနေ တက်ရောက်ရပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ အခြားသော မူးပြီးမောင်းတဲ့ ပြစ်မှုတစ်ခုအကြောင်း ကြားရပြီးတဲ့နောက် သူမဟာ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချခံရပါတယ်။ ဒါပေမဲ့ ၁၄ ရက်အကြာမှာ ပြန်လည်လွတ်မြောက်ခဲ့ပြန်ပါတယ်။ 
 

Dana Plato 
၁၉၇၈ ကနေ ၁၉၈၆ ခုနှစ်အထိ ထုတ်လွင့်ပြသခဲ့တဲ့ Different Strokes ရုပ်သံဇာတ်လမ်း တွဲမှာ Kimberly Drummond အဖြစ် ပါဝင်ပြီး နာမည်ရလာခဲ့တဲ့သူက Dana Plato ပါ။ သူမရဲ့ ပထမဆုံး ကလေးငယ်ကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်မှာတော့ သူမက ရုပ်သံဇာတ်လမ်းကနေ ထွက်ခွာခဲ့ရတယ်။ ထုတ်လုပ်သူက ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်သည်ဟာ သူတို့သွားနေတဲ့ ဇာတ်လမ်းတွဲ တစ်ခုလုံးရဲ့ ပုံရိပ်နဲ့ မသင့်တော်ဘူးဆိုပြီး ခံစားခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။ ကံကောင်းချင်တော့ made-for-tv ဇာတ်လမ်း၊ voice-over work နဲ့ လွတ်လပ်တဲ့ ရုပ်ရှင်တွေအပါအဝင် မတူကွဲပြားတဲ့ လုပ်ငန်းခွင် အမျိုးမျိုးကို ရှာတွေ့ခဲ့ပါတယ်။ သူမဆယ်ကျော်သက်ဘဝ အစောပိုင်းကတည်းက ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖိနှိပ်
ခံရမှုတွေကို ရုန်းကန်ရင်း အသက် ၃၄ နှစ်အရွယ်မှာတော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရတဲ့ ဆေးဝါးတွေကို အလွန်အကျွံသောက်သုံးကာ ဆေးလွန်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ မလှမပ ဘဝဆုံးခဲ့ရရှာပါတယ်။ 
 

Edward Furlong
Edward Furlong ဟာ အသက် ၁၄ နှစ်အရွယ်မှာ Connor ဆိုတဲ့ ဇာတ်ကောင်အဖြစ် Terminator 2: Judgement Day မှာ ပါဝင်ခဲ့တဲ့သူပါ။ ဒီရုပ်ရှင်ရဲ့ အကြီးအကျယ် အောင်မြင်မှုကနေတစ်ဆင့် သူ့ကို ဟောလိ့ဝုဒ်ရဲ့ မြေပုံဆီကို ရောက်ရှိစေခဲ့တာပေါ့။ American History X နဲ့ Pecker တို့လို ဇာတ်ကားအမျိုးမျိုးမှာ ငွေကြယ်ပွင့် တစ်ပွင့်အဖြစ်နဲ့ အခွင့်အရေးတွေ ရရှိစေခဲ့တယ်။ နှစ်နည်းနည်းကြာလာတော့ သူဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ထိခိုက်စေမဲ့ သူကိုယ်တိုင်ဆန္ဒမရှိတဲ့ ရွေးချယ်မှုတချို့ကို ပြုလုပ်ခဲ့ရပါတယ်။ သူ့ အသက် ၁၅ နှစ်လောက်က စတင်လို့ အသက် ၂၉ နှစ်အရွယ် သူ့ရဲ့နည်းပြဆရာမနဲ့ စပြီး ပတ်သက်မိကတည်းကပေါ့။ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ လွတ်လပ်မှုနဲ့ အခွင့်အရေးလှုပ်ရှားမှုတွေအတွက် ဦးဆောင်တဲ့သူဖြစ်လာတော့ ၁၆ နှစ်ဘဲ ရှိပါသေးတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေ တစ်လျှောက်လုံးမှာ သူ့ရဲ့ အသက်မွေးလုပ်ငန်း ရည်ရွယ်ချက်က လမ်းလွဲကို ရောက်နေခဲ့တယ်လို့ ဆိုရပါမယ်။ ဒေသတွင်း ထိတ်လန့်မှုတွေဖြစ်စေလို့ အဖမ်းခံခဲ့ရခြင်း အပါအဝင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားတဲ့ စွတ်စွဲမှုပေါင်းများစွာရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Furlong ဟာ ထောင်ထဲ ဝင်ရမယ့်အရေးကို ရှောင်လွဲတဲ့အနေနဲ့ ရက်ပေါင်း ၉၀ ကြာ လူငယ်ပြုပြင်ရေး အစီအစဉ်မှာ စာရင်း ပေးသွင်းခဲ့တယ်။ နောက်ပြီး ဒေသတွင်းမှာ ထိတ်လန့်စေမှုအတွက်လည်း တစ်နှစ်ကြာ ဆွေးနွေး ပညာပေးခံရတာတွေကို လုပ်ခဲ့ရပါသတဲ့။