Primary tabs

စာလုံးပေါင်းမှားတဲ့ တက်တူးများနဲ့ သူတို့

တက်တူးထိုးကြတဲ့ လူတိုင်းကတော့ သူတို့ထိုးမယ့် တက်တူးနဲ့ ပတ်သက်လို့  အကောင်းဆုံး ရည်ရွယ်ချက်တွေထားရှိပြီး ထိုးလိုက်ကြမှာပါဘဲ။ ဒါပေမဲ့ တစ်ခါတလေမှာတော့ သူတို့နှစ်သက် သဘောကျတဲ့ သူတို့ရည်ရွယ်ထားတဲ့ ပုံစံအတိုင်း  ဖြစ်မလာတတ်တာတွေလည်း ရှိတတ်ပါတယ်။ တချို့တွေက ချစ်ရတဲ့သူရဲ့ နာမည် ဒါမှမဟုတ် ကိုယ်စားပြုတဲ့ အမှတ်အသား တစ်ခုခုကို အချစ်အတွက် သက်သေသဘောမျိုးနဲ့ သူတို့ ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ တက်တူးရေးထိုးထားတတ် ကြ
တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ တက်တူးထိုးပြီးကာမှ ဇာတ်လမ်းအဆုံးသတ်သွား တာတွေလည်း ရှိတတ်တာဆိုတော့ ခွတီးခွကျတော့ နိုင်တာပေါ့။ တက်တူးထိုးတဲ့အချိန်မှာ နောက်ထပ်မှားတတ်တာကတော့ သဒ္ဒါပိုင်းနဲ့ သက်ဆိုင်တဲ့ အမှားအယွင်းလေးတွေပါ။ ဒီတစ်လမှာတော့ တက်တူးထိုးတာနဲ့ ပတ်သက်ပြီး အမှားအယွင်း လေးတွေ ဖြစ်ခဲ့တဲ့ နာမည်ကျော် ၁၁ ဦးကို ရှာဖွေ စုစည်းပေးထားပါတယ်။ 

Ben Higgins
Higgins ကတော့ သမ္မာကျမ်းစာထဲက စာတစ်ပိုဒ်ကို သူ့ရဲ့ နံစောင်းဆီမှာ တက်တူးထိုးထားပါတယ်။ သူရေးထိုးချင်ခဲ့တာက သမ္မာကျမ်းစာပါ Proverbs 16:3 ဆိုတာဖြစ်ပေမယ့် တက်တူးထိုးပေးတဲ့သူက မရည်ရွယ်ဘဲ Proverbs 16:34 ဆိုပြီး မှားယွင်းရေးထိုးမိခဲ့တယ်။ အဲ့ဒီလို မှားယွင်းနေတဲ့အကြောင်းကို သူငယ်ချင်းတစ်ယောက်က ပြောပြလို့ သိရပြီးတဲ့နောက်ပိုင်းမှာတော့ Higgins ဟာ တက်တူးထိုးပေးတဲ့ဆီကို ပြန်သွားခဲ့ပြီး 4 ရဲ့အပေါ်မှာ ကြက်ခြေခတ်တစ်ခုကို ထပ်ထိုးခဲ့တယ်။ ဒါပေမဲ့ ခုချိန်ထိတော့ သေချာကြည့်မယ်ဆိုရင် နည်းနည်းတော့ မြင်နေရသေးပါသတဲ့။ 

Rihanna
Rihanna ဆီမှာတော့ အဓိပ္ပာယ်အရ  ရှုပ်ထွေးသွားစေမယ့် တက်တူး ၂ ခုရှိနေပါသတဲ့။ သူမဟာ လည်ပင်နားတစ်ဝိုက်မှာတော့ ပြင်သစ်ဘာသာနဲ့ ‘rebelle fleur’ ဆိုပြီး ရေးထိုးထားပြီး  flower rebel လို့ အဓိပ္ပာယ်ရတဲ့အကြောင်း သူမကတော့ အခိုင်အမာဆိုပါတယ်။ ဒါပေမဲ့ အများစုကတော့ ပြင်သစ်ဘာသာမှာ နာမဝိသေသနက နာမ်ရဲ့ရှေ့မှာဘဲ အမြဲရှိရတာမို့ သူမရဲ့ တက်တူးကို ဖတ်မယ် ဒါမှမဟုတ် အဓိပ္ပာယ်ဖော်မယ်ဆိုရင် rebellious flower ဆိုပြီး ဖြစ်နေကြောင်း၊ သူမ လိုချင်တဲ့ အဓိပ္ပာယ် မဟုတ်ဘဲ မှားယွင်းနေတဲ့အကြောင်း ပြောကြပါတယ်။ နောက်တစ်ခုကတော့ တင်ပါးဘေးဘက်ခြမ်းမှာ သက္ကတဘာသာနဲ့ ရေးထိုးထားတာပါ။ အဲ့ဒီ တက်တူးရဲ့ ဆိုလိုရင်းကတော့ ‘ခွင့်လွှတ်မှု၊ ရိုးသားမှု၊ ဖိနှိပ်ထိန်းချုပ်ခြင်း’ ဖြစ်ပြီး စာလုံးပေါင်း မှားယွင်းလိုက်တဲ့အခါမှာတော့ ‘ကြာရှည်စွာ ခံစားရခြင်း၊ ရိုးသားမှု၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း၊ စိတ်ငြိမ်းချမ်းမှု၊ အကြောက်တရားနဲ့ အကြောက်တရားကင်းမဲ့မှု’ဆိုပြီး ဖြစ်သွားခဲ့ပါသတဲ့။ 

Hayden Panettiere
Panettiere ကတော့ သူမရဲ့ ဘဝခံယူချက်ကလေးကို တက်တူးရေးထိုးချင်ခဲ့ပုံရပါတယ်။ ‘နောင်တကင်းဝေးနေထိုင်ရေး’ လို့ဘဲ ဆိုနိုင်မလား ‘live without regret’ လို့ အဓိပ္ပာယ်ရတဲ့ စာသားကို သူမရဲ့ ဘယ်ဘယ်နံစောင်းပေါ်မှာ အီတလီဘာသာနဲ့ စာလုံးပေါင်းမှားယွင်းကာ တက်တူးရေးထိုးထားခဲ့တာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ အဲ့ဒီတက်တူးကို ပြန်ဖျက်ပြီးသွားပြီလို့ သိရပါတယ်။

David Beckham
ဘောလုံးအကျော်အမော် Backham ကတော့ ချစ်ဇနီးကို ချီးကျူးဂုဏ်ပြုဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဇနီးဖြစ်သူရဲ့ နာမည်ကို သက္ကတဘာသာနဲ့ ရေးထိုးခဲ့စဉ်မှာ တက်တူးထိုးပေးသူက သိပ်ပြီး စိတ်လှုပ်ရှားနေသလား မသိပါဘူး။ ‘h’ တစ်လုံး ပိုသွားခဲ့ပါသတဲ့။ သူ့ရဲ့ လက်ဖျံပေါ်မှာ ရေးထားတဲ့ တက်တူးက ‘Victoria’ အစား ‘Vihctoria’ ဖြစ်နေပါတယ်။ 

Britney Spears
Style Bistro ရဲ့ အဆိုအရတော့ တရုတ်စာလုံးတွေနဲ့ ပုံဖော်ထားတဲ့ Britney Spears ရဲ့ နာမည်ကျော်တက်တူးက ‘လျှို့ဝှက်ဆန်းကြယ်သော’ ဆိုပြီး အဓိပ္ပာယ်ယူ ရေးထိုးခဲ့တဲ့ပုံပါဘဲတဲ့။ ဒါပေမဲ့ အဲ့ဒီအစား ‘ထူးဆန်းသော’ လို့ အဓိပ္ပာယ်
ထွက်တဲ့ စာလုံးတွေ ဖြစ်နေပါတယ်။ နီးတော့ နီးစပ်ပေမယ့် လိုချင်တဲ့ အဓိပ္ပာယ် အတိအကျတော့ မဟုတ်ခဲ့ပါဘူး။ 

Ashley Greene
Greene ရဲ့ ခြေထောက်မှာ ရေးထိုးထားတဲ့ ဘဝဆိုတာ ကခုန်ခြင်းဘဲလို့ အဓိပ္ပာယ်ရ တက်တူးမှာတော့ “life’s a dance” မှာ အပေါ်စတောဖီ (apostrophe) လေး ကျကျန်နေခဲ့ပါတယ်။ သဒ္ဒါကြောင်းအရဆိုရင်တော့ တော်တော်လေး ဂွမ်း သွားတာပေါ့နော်။ 

Johnny Depp
Depp ရဲ့ တက်တူးကိုတော့ ‘Winona Forever’ ဆိုပြီး မြင်နေကျလူတွေက အလွတ်ရနေတာပေါ့။ ဒါပေမဲ့ သူတကယ်ထိုးချင်ခဲ့တဲ့ တက်တူးမှာ NA ဆိုတဲ့ စာလုံးနှစ်လုံးမပါပါဘူးတဲ့။ နောက်ပိုင်းမှာတော့ သူရေးထိုးချင်ခဲ့တဲ့အတိုင်း Wino Forever ဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ 

Christina Aguilera
သူမကတော့ သူမခင်ပွန်းဟောင်း Jordan Bratman ရဲ့ နာမည်အစအက္ခရာ ၂ လုံးကို ဟီဘရူးဘာသာနဲ့ သူမရဲ့ လက်မောင်းအတွင်းသား ဆီမှာ ရေးထိုးခဲ့တယ်။ ဖြစ်ချင်တော့ စာလုံးတွေက ရောထွေးပေါင်းစပ်ပြီး ၁၂ လို့ အဓိပ္ပာယ်ရတဲ့ အက္ခရာပုံစံတွေ ဖြစ်သွားခဲ့တယ်။  ဒါပေမဲ့ သူမတို့ရဲ့ အိမ်ထောင်သက်က ထင်ထားသလောက် မရှည်လိုက်ရှာပါဘူး။ သူ့ရဲ့ အရေပြားပေါ်မှာတော့ အမှတ်အသားအနေနဲ့ ကျန်ခဲ့ပေမယ့် ဘာမှန်း မထင် ရှားတော့တာက တော်သေးတယ် ဆိုရမလားဘဲ။

Jennifer Lawrence
Elle မဂ္ဂဇင်းရဲ့ အဆိုအရ ပြောရရင်တော့ Jennifer ရဲ့ တက်တူး H2O မှာ 2 က အောက်မှာ မရှိဘဲ အပေါ်ကိုရောက်နေပါသတဲ့။ တက်တူးထိုးစဉ်က မှားယွင်းခဲ့တာလို့ ဆိုထားပါတယ်။ 

Kevin Durant
Durant က ကျောဘက်မှာ တော်တော်ကြီးမားတဲ့ တက်တူးကို ထိုးထားပါတယ်။ ဒါပေမဲ့ အဲ့ဒီတက်တူးမှာ စာလုံးပေါင်း တစ်ခုကတော့ မှားနေရှာသတဲ့။ Mature လို့ ရေးထိုးချင်ခဲ့တာကို တကယ်ရေးထိုးဖြစ်ခဲ့တာက Mautre ဖြစ်နေပါရော။ ဒီလောက်အများကြီးရေးတဲ့ အထဲက တစ်လုံးဘဲ မှားတယ်ဆိုတော့လည်း တော်ပါသေးတယ်ပေါ့နော်။ စားလုံးပေါင်းတွေ မှားယွင်းပေါင်းစပ်မိတာက ခေတ်အဆက်ဆက်လည်း ဖြစ်ခဲ့ကြတာပါဘဲလို့ ဖြေသိမ့်ရမလားဘဲ။ 

Coolio
Coolio ကတော့ Juggalo ကို ရည်ရွယ်ချက်ရှိရှိနဲ့ မှားယွင်းရေးထိုးထားတာပါဆိုပြီး အခိုင်အမာဆိုခဲ့ပါတယ်။ သူက ဘာကြောင့်များ ဒီလိုလုပ်ရတာပါလိမ့်နော်။ 

တက်တူးထိုးတဲ့သူနဲ့ တက်တူးထိုးပေးတဲ့သူ ဘယ်သူရဲ့အဆင်မပြေမှုကြောင့်  မှားယွင်းသည်ဖြစ်စေ တက်တူးအမှားကြီးနဲ့ လူကြားထဲ နေရတာက သိပ်တော့လည်း မအိုကေဘူးပေါ့နော်။ သူတို့က လူအများရဲ့ အာရုံစိုက်မှုကို ခံရတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ တက်တူးနဲ့ ပတ်သက်လို့ အလွယ်တကူ သတိထားမိသွားတတ်ကြတယ်လေ။ Rihanna ကစလို့ Ben Higgins အထိ သူတို့ရဲ့ တက်တူးတွေမှာ အမှားအယွင်းတွေရှိနေကြတယ်။ နာမည်ဂုဏ်သတင်း ကျော်စောကြတဲ့ ငွေကြယ်ပွင့်တို့ဆီမှာ ဒီလိုအမြဲရှိနေ တွေ့မြင်နေရမယ့် တက်တူးအမှားကြီးတွေ ရှိနေတာကတော့ သိပ်မမိုက်ဘူးပေါ့။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ တက်တူးတွေကို လေဆာအသုံးပြုပြီး ဖျောက်လို့ရနိုင်တယ်ဆိုတော့ တစ်သက်လုံး တက်တူးအမှားကြီးနဲ့ နေရမှာကိုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါပေမဲ့ နာမည်ကျော်တို့ လွဲခဲ့ကြတဲ့ အလွဲလေးတွေကို တင်ဆက်ပေးလိုတာကြောင့် သူတို့ရဲ့ တက်တူးအလွဲလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

https://www.bustle.com/articles/146118-11-celebrities-with-tattoos-that-...
Ref: 11 Celebrities With Tattoos That Have Mistakes — PHOTOS