Primary tabs

ပင့်ကူလူသားလေး Tom Holland

Billy Elliot The Musical အမည်ရ တေးဂီတကို အခြေခံပြီး ပုံဖော်ဖန်တီးထားတဲ့ ဇာတ်ကားထဲမှာ Tom Holland ဆိုတဲ့ ဗြိတိသျှ သရုပ်ဆောင်လေးကို သတိထားမိကြမယ် ထင်ပါတယ်။ လူသိများ ကျော်ကြားတဲ့ စူပါဟီးရိုး Spider- Man အဖြစ် ပိတ်ကားထက်မှာ မပါဝင်ခင်ကတည်းကပေါ့။

Tom Holland ဆိုတဲ့ Thomas Stanley Holland ကို ၁၉၉၆ ခုနှစ် ဇွန် ၁ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရဲ့ အနောက်တောင်ဘက်မှာရှိပြီး Kingston မြို့လို့ လူသိများကြတဲ့ Kingston-upon-Thames မှာ မွေးဖွားခဲ့တယ်။ ညီအစ်ကို လေးယောက်ရှိတဲ့အထဲမှာတော့ သားကြီးသြရသ။ သူက အနုပညာထုံလွှမ်းတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့သူ။ အမေဖြစ်သူ Nicola က ဓာတ်ပုံ ဆရာမ။ အဖေကတော့ စာရေးဆရာပေါ့။

သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို မဝင်ရောက်ခင်မှာ Holland က ရုပ်ရှင်တွေ၊ ရုပ်သံတွေ၊ တေးဂီတပွဲတွေနဲ့ ပြဇာတ်တွေမှာ ကကွက်တွေကိုဖန်တီးတဲ့ နာမည်ကြီး ကကွက်ဖန်တီးသူ  Lynne Page ပိုင်ဆိုင်တဲ့ Nifty Feet Dance Studio မှာ ဟစ်ဟော့အက သင်တန်းကို တက်ရောက်ခဲ့တယ်။ အဲ့ဒီအချိန်က သိပ်ကို ပေါက်ခဲ့တဲ့ နာမည်ကြီး ရုပ်ရှင် Billy Elliot (2000) မှာ ကကွက်ဖန်တီးဖို့အတွက် Lynne Page က ကူညီခဲ့ဖူးတာပေါ့။ သင်တန်းပြီးသွားတဲ့အခါမှာတော့ ၂၀၀၆ ခုနှစ်ရဲ့ Richmond Dance Festival မှာ Lynne Page က Holland ကို  ပါဝင်တင်ဆက်စေခဲ့ပြီး Page က သူမရဲ့ တပည့်ကို Billy Elliot the Musical အတွက် စမ်းသပ်သရုပ်ဆောင်ပြီး အကဲဖြတ်ခံဖို့ ပို့ဆောင်ပေးခဲ့တယ်။ 

ဘဲလေးနဲ့ ဒရာမာတို့မှာ သာမန်လေ့ကျင့်မှုမျိုး မဟုတ်တဲ့အတွက် Holland ဟာ ကိုယ်ပိုင်စွမ်းရည် အရှိဆုံးအဖြစ် အကဲဖြတ်ခံရတဲ့အချိန် ကျရှုံးခဲ့ရတယ်။ ဒါပေမဲ့ သူဟာ Billy Elliot ရဲ့ ဒါရိုက်တာ Stephen Daldry ရဲ့ အထင်ကြီးမှုကို ရရှိ အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာက Holland ရဲ့ သဘာဝကျကျ သရုပ်ဆောင်နိုင်မှုနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ကို နှစ်သက်ခဲ့တယ်။ 

၂ နှစ်တာ ကြာမြင့်တဲ့ ဘဲလေးအက လေ့ကျင့်ခန်းတွေ ပြီးဆုံးတဲ့ အချိန် ၂၀၀၈ ခုနှစ် ဇွန်မှာ Holland ဟာ Billy ရဲ့ အခင်မင်ရဆုံး သူငယ်ချင်း Michael အဖြစ် West End ထုတ်လုပ်ရေးနဲ့ ရိုက်ကူးတဲ့ ဇာတ်ကားမှာ ပထမဆုံးအကြိမ် ပါဝင်
ခဲ့တယ်။ သိပ်မကြာခင်မှာဘဲ ဇာတ်ဆောင်နေရာကို ပါဝင်ခွင့်ရခဲ့ပြီး သူရဲ့ နောက်ဆုံး သရုပ်ဆောင်မှုဖြစ်တဲ့ ၂၀၁၀ခုနှစ် မေ အထိ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာ  ကြိုးစားသရုပ်ဆောင်ချက်တွေ နဲ့အတူ ပရိသတ်တွေကို လက်ဖျားခါသွားစေခဲ့တဲ့ သူပါ။ 

သူ့ရဲ့ အကဖိနပ်တွေကို ပစ်ထားခဲ့ပြီး သိပ်မကြာခင်မှာဘဲ Holland ဟာ The Sectet World of Arrietty  ကို အင်္ဂလိပ်ဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားမှာ Sho အဖြစ် အသံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဒါက ၂၀၁၂ မှာ ရုံတင်ခဲ့တဲ့ The Impossible မှာ ပါဝင်ဖြစ်စေဖို့  အသစ်တန်းတွေထဲက အလားအလာရှိဆုံး တစ်ယောက်အဖြစ် အခိုင်အမာ တည်ဆောက်နိုင်ခွင့် ရခဲ့စေတာလည်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယ သမုဒ္ဒရာရဲ့ ဆူနာမီ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးတဲ့ ဇာတ်လမ်းမှာတော့ Holland က သူ့ရဲ့ မိခင် (Naomi Watts) ကို ဒဏ်ရာရစေခဲ့တဲ့ မြီးကောက်ပေါက်အရွယ်လေး၊ ပျောက်ဆုံးနေတဲ့ဖခင် (Ewan McGregor) ကို ရှာဖွေနေသူအ ဖြစ် ပါဝင်ခဲ့ပြီး ဆုရွေးချယ်မှုတွေရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာတော့ How I Live Now ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဘီဘီစီရဲ့ သမိုင်းနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွဲအတို Wolf Hall မှာတော့ ဇာတ်ရံအဖြစ် လျောကျပါဝင်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက Holland ဟာ အခြားသော သရုပ်ဆောင်ခြင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း တစ်ချိန်တည်းဆိုသလို လုပ်ကိုင်နေခဲ့ရတဲ့ အနေအထားပါ။ စွန့်စားခန်းတွေ ပါဝင်တဲ့ In the Heart of the Sea ဟာ အောင်မြင်မှုမရရှိခဲ့ဘူး။ ဒါပေမဲ့ ယင်းက အောင်မြင်မှုတွေ အလျင်အမြန် ရရှိလာပြီဖြစ်တဲ့ ကြယ်ပွင့်လေးကို အခြားသော နေရာတစ်ခု ဖော်ထုတ်ပေးခဲ့တဲ့အပြင် ခက်ခဲတဲ့ ရိုက်ကွင်းအနေအထားမှာ အနိုင်မခံ အရှုံးမပေးတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်ကို စမ်းသပ်ဖို့ အခွင့်သာစေခဲ့တာပေါ့။ 

၂၀၁၆ ခုနှစ် နွေဦးမှာတုန်းက Holland ဟာ Captain America: Civil War မှာ Spider-Man အဖြစ် ပထမဆုံးအကြိမ် ပါဝင်ခဲ့တယ်။ ရုပ်ရှင်မှာ ပါဝင်ရတဲ့ အချိန်က အကန့်အသတ်နဲ့ ဖြစ်ပေမယ့်လည်း ထင်ရှားတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်အပေါ်မှာ ဝေဖန်ချက်တွေ အများကြီးထွက်လာစေအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ စူပါဟီးရိုး ရုပ်ရှင်တွေကို ရိုက်ကူးတဲ့ Marvel Cinematic Universe ဆီကို ပါဝင်လာနိုင်ဖို့ ထင်ရှားတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်စေခဲ့တာပေါ့။ 

အဲ့ဒီနှစ်နောက်ပိုင်းမှာ Edge of Winter ဆိုတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး အဲ့ဒီနှစ် နွေဦးမှာဘဲ The Lost City of Z ဆိုတဲ့ စွန့်စွန့်စားစား ရုပ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ပြန်တယ်။ ဒါပေမဲ့ သူ့ကို ကြိုတင်မျှော်လင့်ထားကြတဲ့ သရုပ်ဆောင်ချက်တွေက Spider-Man : Homecoming ကို ထုတ်လွှင့်လိုက်တဲ့ နွေရာသီမှာ တွေ့မြင်ခဲ့ကြရတော့တာပါဘဲ။ Spider-Man :Homecoming မှာတော့ ငယ်ရွယ်တဲ့ သရုပ်ဆောင် ကောင်လေးကို လူကြိုက်
များတဲ့ ပုံရိပ်တစ်ခုအဖြစ် သယ်ဆောင်ပေးသွားနိုင်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်မိစေခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ပြီး လက်ရှိမှာ နောက်ဆုံးအဖြစ် ရိုက်ကူးထားခဲ့တဲ့ Spider-Man အတွက် Peter Parker ရဲ့ နေရာမှာ ပါဝင်ဖြစ်မယ်ဆိုတဲ့ ကြေငြာ ချက်နဲ့အတူ Holland ကို ကမ္ဘာကျော်စာရင်းဝင် အနုပညာရှင်အဖြစ်သို့ ရောက်ရှိမယ့် လမ်းစပေါ်ထွက်တယ်လို့ ဆိုနိုင်မလားဘဲ။ သူ့ရဲ့ ရှေ့ကနေ သရုပ်ဆောင်ခဲ့ကြတဲ့ Tobey Maguire နဲ့ Andrew Garfield တို့နဲ့ မတူတာက နောင်တော်ကြီးများဟာ ပင့်ကူလူသားအဖြစ် သရုပ်ဆောင်တော့ အသက်၂၀ ကျော်နေကြပါပြီ။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ Holland ကတော့ အထက်တန်းကျောင်းသားဘဝကနေ စူပါဟီးရိုးအဖြစ် ပြောင်းသွားတဲ့ Peter Parker ရဲ့ အသက်နဲ့ ပိုပြီးနီးစပ်တယ်လို့ ဆိုရမှာပါ။ ဒီဇာတ်ကားကတော့ Holland ကို  ပရိသတ်အတော်များများ သေချာသိသွားခဲ့ကြတာပေါ့။ 

လက်ရှိမှာတော့ Holland ဟာ Wimbledon ကောလိပ်ရဲ့ Donhead Preparatory ကျောင်းနဲ့ သရုပ်ဖော်တင်ဆက်ခြင်း အနုပညာနဲ့ နည်းပညာတို့အတွက် အင်္ဂလန်က BRIT ကျောင်းမှာ တက်ရောက်နေဆဲဖြစ်ပါတယ်။ အားကစားလုပ်ရတာ ကို နှစ်သက်ပြီး အာဆင်နယ် ဘောလုံးအသင်းရဲ့ ပရိသတ်တစ်ဦးပါ။ သူ့ရဲ့ညီ Harry ကလည်း ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Diana ဇာတ်ကားမှာ ဝေလမင်းသားလေး Harry အဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေ ရရှိနေတဲ့ အစ်ကိုကြီးရဲ့ ခြေရာကို အမှီလိုက်ဖို့ ကြိုးစားနေ ပါတယ်။ လူမှုကွန်ယက် မီဒီယာတွေကို အသုံးပြုရတာ စိတ်အားထက်သန်တဲ့ Holland က သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့ ဘောက်ဆင်ထိုးတဲ့ ပုံတွေနဲ့ Spider-Man: Homecoming မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ အချစ်တော် ခွေးလေး Tessa တို့ရဲ့ ပို့စ်တွေနဲ့ ပရိသတ်ရဲ့ အာရုံစိုက်မှုကို ရယူပိုင်ဆိုင်ထားပါတဲ့အကြောင်း ပြောကြားရင်း Tom Holland အကြောင်းက ပြည့်စုံသွားလောက်ပြီ ထင်တာမို့ ဒီလအတွက် နားပါဦးမယ်။