Primary tabs

ပြင်လွန်းမိတဲ့ အမှား

လစဉ်ဖော်ပြနေကြ နာမည်ကျော်တို့ရဲ့ အလွဲတွေ ကဏ္ဍမှာ ဒီတစ်လအတွက်ကတော့ ဓာတ်ပုံတွေကို ပြန်လည်ပြင်ဆင်ကြတဲ့အခါ ပိုလန်းမလာဘဲ ဂွမ်းသွားရတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြချင်ပါတယ်။ နာမည်ကျော်တို့  ကိုယ်တိုင်ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေလည်း ပါသလို တခြားသူတွေကနေ ပြင်ဆင်လိုက်လို့ လွဲမှားသွားရတဲ့ Photoshop အမှားလေးတွေလည်း ပါဝင်တဲ့အပြင် ကာလတစ်ခုကြာပြီးမှ မပြင်မဆင်ဓာတ်ပုံတွေ ထွက်လာလို့ ဝေဖန်သံတွေ ဆူညံခဲ့တာတွေရော စသဖြင့်ပေါ့  လွဲတတ်တာလေးတွေထဲက အလွဲလေးတွေအဖြစ် စုစည်းဖော်ပြထားပါတယ်။ 

၁။ ပေါင်နဲ့ခြေသလုံး တစ်ဆက်တည်း ဖြစ်ခဲ့ရတဲ့ Kendall နဲ့ Gigi 
W မဂ္ဂဇင်းရဲ့ ၁၀ နှစ်မြောက် နှစ်လည်စာအုပ် မျက်နှာဖုံးမှာ Kendall Jenner နဲ့ Gigi Hadid တို့ဟာ အလွန်အမင်း ပြင်ဆင်လွန်းခံရတာကြောင့် သူမတို့ရဲ့ ဒူးတွေပါ ပျောက်နေတာကို တွေ့ရမှာပါ။ အဲ့ဒီစာအုပ်ထဲက တခြားသော ဓာတ်ပုံတွေကိုတော့ ဒီဂျစ်တယ်နဲ့ တည်းဖြတ်ထားတဲ့ လူသားတိရစ္ဆာန်မလေးများအဖြစ် ဖော်ပြထားပါတယ်။ ဒါပေမဲ့ မျက်နှာဖုံးကတော့ ဖော်ပြခဲ့သလိုဘဲ သူတို့တွေမှာ ဒူးမှာတွေ့ရတဲ့ အရစ်တွေ အကြောင်းတွေ ပျောက်နေပြီး ဒူးခေါင်းပျောက်နေသလို ဖြစ်နေ တော့တာပေါ့။ 

၂။ Beyonce ရဲ့ ပြင်တဲ့အလှနဲ့ မပြင်တဲ့အလှ
ပြန်လည်ပြုပြင်ထားခြင်း မရှိသေးတဲ့ Beyonce ရဲ့ ဓာတ်ပုံတွေကို The Beyonce World အမည်ရ ဆိုဒ်တစ်ခုမှာ ၂၀၁၄ ခုနှစ်တုန်းက ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဆိုဒ်မှာ ဖော်ပြထားခဲ့ တဲ့ ဓာတ်ပုံတွေကတော့ Beyonce ရဲ့ ၂၀၁၃ ခုနှစ် L’Oreal ကြော်ငြာကမ်ပိန်းကဖြစ်ပြီး ကမ္ဘာကျော် အဆိုတော်ကြီးရဲ့ သဘာဝအတိုင်း ပြုပြင်ထားခြင်းမရှိတဲ့ အသားအရေကို မြင်တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

၃။ ပြင်တာလက်လွန်တဲ့အခါ နောက်မှာရှိနေတဲ့ တန်းလေးပါ ပိန်သွားရရှာ 
People မဂ္ဂဇင်းရဲ့ Most Beautiful ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်မှာတော့ Serena Williams ဟာ အလွန်အကျွံ ပြန်လည်ပြုပြင်ခံထားရခြင်းကြောင့် ပျက်စီးသွားခဲ့ရပုံကို ဖော်ပြထားတဲ့အတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နာမည်ကျော် တင်းနစ်မယ် Serena Willams ရဲ့ ရေကူးဝတ်စုံနဲ့  ညှို့အားပြင်းပြင်းစတိုင်ကို အဖြူအမဲ ဓာတ်ပုံအဖြစ် ရိုက်ကူးထားတဲ့ပုံပါ။ သူမရဲ့ Instragram မှာ ဒီဓာတ်ပုံကို တင်လိုက်တဲ့အခါမှာတော့ ဓာတ်ပုံကိုပြုပြင်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ တစ်နာရီ 
အတွင်းမှာဘဲ ဝေဖန်ပြောဆိုချက်တွေက အခု ၆၀၀ ကျော် တက်လာပါတော့တယ်။ ‘သူ့ကို သဘောကျပါတယ် ဒါပေမဲ့ သူ့ခါးအနောက်က တန်းကိုကြည့်ရင် ဓာတ်ပုံက ပြင်ဆင်ထားလွန်းတယ်ဆိုတာ သိ သာပါတယ်။ စိတ်ပျက်မိပါတယ်’ ‘ဒါက photoshop ကြီးမလား။’ ‘ရှင့်ဘာသာရှင်က ကြည့်ကောင်းပြီးသားပါ။ ဒါက ဓာတ်ပုံကောင်းလို့ ဆိုနိုင်ပေမယ့် ရှင်ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်လို့ အ ကောင်းဆုံး ဖော်ပြထားတယ်လို့ မခံစားမိဘူး’ စတာတွေ အပါအဝင် ဓာတ်ပုံနဲ့ ပတ်သက်လို့ ပရိသတ်ရဲ့ ဝေဖန်ချက်တွေကတော့ အမျိုးမျိုးပါဘဲ။

၎။ သေးသွယ်လွန်းတဲ့ ခါးကလေး 
ဘယ်ဘက်အခြမ်းမှာ ဖော်ပြထားခဲ့တဲ့ ပုံကတော့ Miranda Kerr ရဲ့ Instragram မှာ တင်ထားခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ညာဘက်ကပုံကတော့ မူရင်းပုံလို့ဆိုရမှာပါ။ ဓာတ်ပုံကို ပြုပြင်ထားတယ်လို့ ပရိသတ်တွေပြောတဲ့အသံ ပေါ်ထွက်လာ 
ပြီးတဲ့ နောက်ပိုင်းမှာတော့ Kerr က သူမဟာ ဓာတ်ပုံကို အွန်လိုင်းမှာ ရှာတွေ့ပြီး တင်ခဲ့တာဖြစ်ကြောင်းနဲ့ ပြုပြင် ပြင်ဆင်ထားတာတွေကို သူမ နားမလည်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

၅။ အမြင်လှည့်စားထားလို့ တချို့နေရာ ပျောက်သွားခဲ့ရရှာ
Vogue China မှာ ဖော်ပြခဲ့တဲ့ အခုဓာတ်ပုံဟာ Victoria Beckham ရဲ့ပေါင်က တစ်စိတ်တစ်ပိုင်း ဖျောက်ပစ်ခံထားရတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ Victoria ကတော့ ဒီဓာတ်ပုံက ပြန်လည်ပြင်ဆင်ထားတာတွေ ရှိခဲ့တယ်လို့ ပြောပေမယ့် မဂ္ဂဇင်းအယ်ဒီတာတွေကတော့ ဒါက အမြင်လှည့်စားထားတာဖြစ်တယ်လို့ အခိုင်အမာ ငြင်းဆိုခဲ့ကြပါတယ်။ 

၆။ ပါးရိုးတွေက ဓာတ်ပုံထဲမှာ ပိုပြီးသွယ်နေလို့
Rumer Willis က Vanity Fair မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံကို Instragram မှာ တင်ထားခဲ့ပြီးတဲ့နောက်မှာတော့ သူမရဲ့ ပါးရိုးတွေကို ပြင်ဆင်ထားတယ်ဆိုပြီး ဓာတ်ပုံဆရာတွေရဲ့ ဝေဖန်စွပ်စွဲမှုကို ခံခဲ့ရပါတယ်။ သူမကတော့ အဲ့ဒါက အနိုင်ကျင့်တဲ့ ပုံစံ တစ်မျိုးသာ ဖြစ်တယ်လို့ ပြန်လည်ချေပခဲ့ပြီး  ဓာတ်ပုံဆရာတွေက သူမရဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့ တမင်တကာ ရည်ရွယ်ပြီး ပြောဆိုခဲ့တာမျိုးတော့ လုံးဝမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ 

၇။ ငယ်လွန်းသွားရင်လည်း မကောင်းပြန် 
မော်ဒယ် Zendaya ကတော့ Modeliste မဂ္ဂဇင်းကို သူမရဲ့ ကောက်ကြောင်းတွေကို ပြုပြင်ထားလွန်းတာမို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ သူမကို  ၁၉ နှစ်သမီးအရွယ် ခန္ဓာကိုယ်အချိုးအစားနီးပါး ဖြစ်သည်အထိ ပြုပြင်ထားခဲ့တဲ့အတွက်ကြောင့် ပြန်လည်ပြင်ဆင်ပေးဖို့ ပြင်းပြင်းထန်ထန်ကို ဝေဖန်ခဲ့ပါတယ်။ 

၈။ အပြင်မှာနဲ့ ကြော်ငြာထဲမှာ ကွာခြားလွန်းနေတဲ့ Diane Keaton 
Diane Keaton ကတော့ ၂၀၁၄ ခုနှစ်က Golden Globes စတိတ်စင်ပေါ်မှာ သဘာဝအတိုင်း အသက်အရွယ်ရနေပြီဖြစ်တဲ့ မျက်နှာသွင်ပြင်နဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီပွဲမှာ ခဏတာ ပြသလိုက်တဲ့ L’Oreal ရဲ့ ကြော်ငြာမှာတော့ လုံးဝကို ကွဲပြားခြားနားနေတာကို တွေ့မြင်ရပါတယ်။ တွေ့မြင်ရသူတွေကတော့ L’Oreal က သူမရဲ့ အရေးအကြောင်းတွေကို တရားလွန် ဖျောက်ထားတယ်ဆိုပြီး ပြောဆိုဝေဖန်ခဲ့ကြတာပေါ့။  

၉။ ဝက်ခြံတွေရှိတာ အပြစ်မဟုတ်ပါ
အဆိုကျော် Lorde ကိုတော့ သူမရဲ့ အရေပြားပေါ်က ဝက်ခြံတွေ ဖုံးကွယ်ဖို့ ဓာတ်ပုံကို ပြင်ဆင်ထားတယ်ဆိုတာကို ပရိသတ်က သတိပြုမိခဲ့ကြပါတယ်။  ‘စပ်စပ်စုစုလုပ်ကြည့်ရင်းကနေ ဒီဓာတ်ပုံ နှစ်ပုံကို တွေ့ခဲ့ရပါတယ်။ တစ်ပုံကတော့ ပြင်ဆင်တည်းဖြတ်ထားတာဖြစ်လို့ ကျွန်မရဲ့ အသားအရေ လုံးဝကို ပြစ်မျိုးမဲ့မထင် ချောမွေ့နေတာ တွေ့ရမှာပါ၊ နောက်တစ်ပုံကတော့ မူရင်းဓာတ်ပုံပါ’ ဆိုပြီး tweeter မှာ တင်ခဲ့ပါတယ်။ တကယ်တော့ ဝက်ခြံ တွေရှိနေတာက အပြစ်ရယ်တော့လည်း  မဟုတ်ပါဘူး။ 

၁၀။ ပြင်ထားတဲ့အခါ ပိုလှနေတဲ့ Gaga
၂၀၁၄ ခုနှစ်က Versace’s Spring ကမ်ပိန်းတုန်းက Lady Gaga ရဲ့ ဓာတ်ပုံပါ။ လပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ပြန်လည်ပြင်ဆင်ထားခြင်း မရှိတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ပြင်ဆင်ထားတဲ့ ဓာတ်ပုံက သူမကို ပိုမိုပိန်သွယ်စေပြီး အသားအရေကလည်း ကြေးနီရောင်ဘက်ကို ပိုပြီးတော့ ရောက်ပါတယ်။ 

၁၁။ ဒေါ်လာ ၁၀၀၀၀ နဲ့ လောင်းကြေးထပ်ခဲ့တဲ့ပုံ
Lena Dunham ရဲ့ ဓာတ်ပုံကိုတော့ Vogue က ပြန်လည်ပြင်ဆင် ဖော်ပြထားခဲ့တာပါ။ အမျိုးသမီးတွေကို ဦးစားပေးဖော်ပြတဲ့ ဘလော့ Jezebel ကတော့ ပြန်လည်ပြင်ဆင်ထားခြင်းမရှိတဲ့ ဓာတ်ပုံကို ဒေါ်လာ ၁၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့လို့ သိပ်ပြီး နာမည်ကြီးခဲ့တာပေါ့။ မူရင်းပုံက ဝဖိုင့်ဖိုင့်ဖြစ်နေပေမယ့် မဂ္ဂဇင်းထဲက ဓာတ်ပုံကတော့ သိပ်ကို သွယ်လျလှပနေခဲ့တာကိုး။ 

၁၂။ Kardashian ကလည်း ပြစ်မျိုးမဲ့မထင် မဟုတ်ပါဘူးတဲ့
Complex.com ကတော့ ပြင်ဆင်ထားခြင်းမရှိတဲ့ Kim Kardashian ရဲ့ ဓာတ်ပုံကို မတော် တဆ ဖော်ပြခဲ့မိပါတယ်။ နောက်တော့ ညာဘက်မှာ ဖော်ပြခဲ့တဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံကို အစားထိုးဖော်ပြခဲ့ပါတယ်။ 

Kardashian ကတော့ ‘အဲ့ဒီတော့ ဘာများဖြစ်လို့လဲ။ ကျွန်မမှာ အဆီပိုနည်းနည်းရှိတယ်။ ကောက်ကြောင်းလှတဲ့ အမျိုးသမီးတွေက အဆီပိုတွေ မရှိရဘူးလား။ လူဘယ်လောက်များများက ဓာတ်ပုံတွေကို ပြုပြင်ထားတယ်လို့ ရှင်တို့ထင်လဲ။ ဒါက တစ်ချိန်လုံးဖြစ်နေတာပါဘဲ။ ကျွန်မကတော့ ကျွန်မရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကောက်ကြောင်းလှလှတွေကို သိပ်ပြီး ဂုဏ်ယူပါတယ်။ 
ပြီးတော့ ဒီဓာတ်ပုံတွေ ထွက်လာတော့လည်း ကျွန်မဟာ မဂ္ဂဇင်းတစ်ခုရဲ့ မျက်နှာဖုံးရှင်ဖြစ် တယ်ဆိုတာနဲ့ လုံးဝ ပြစ်မျိုးမဲ့မထင်ဖြစ်သွားတာ မဟုတ်ဘူးဆိုတာကို တွေ့မြင်နိုင်ဖို့ လူတိုင်းအတွက် အကူအညီရသွားတာပေါ့’ ဆိုပြီးတော့ တုန့်ပြန်ခဲ့ပါတယ်။ 

၁၃။ ပဉ္စလက်ဆန်ဆန် ပျောက်သွားတဲ့ တက်တူး 
စူပါ မော်ဒယ် Cara Delevingne ကတော့ La Perla ရဲ့ SS14 ကမ်ပိန်းက ဓာတ်ပုံတွေမှာ နည်းပညာအသုံးပြုပြီး ပြုပြင်ထားလို့ သူမရဲ့ တင်သားတွေက ရှိရင်းစွဲထက် ပိုပြီးတော့ ကိတ်နေခဲ့ပါတယ်။ နောက်ပြီး သူမရဲ့နာမည်ကျော် ‘Don’t worry, be happy’ ဆိုတဲ့ တက်တူးကလည်း ပဉ္စလက်ဆန်ဆန် ပျောက်ကွယ်နေပါရောလား။
Ref: The Worst Photoshop fails of celebrity women you’re likely to see