Primary tabs

Instagram ရဲ့ ငွေကြယ်ပွင့် Kendall Jenner

ထင်ရှားကျော်ကြားတဲ့ ဖက်ရှင်ဒီဇိုင်နာတို့ရဲ့ ကမ္ဘာ့ထိပ်တန်းဖက်ရှင် ရက်သတ္တပတ်တွေမှာ လျှောက်လှမ်းနေတဲ့ မော်ဒယ်၊  Instragram မှာ လည်း ဖောလိုဝါအများဆုံး ၁၅ ဦးထဲက တစ်ယောက်အဖြစ် ထင်ရှားတဲ့ Instagram ရဲ့ စတား၊ အသက် ၁၁ နှစ် အရွယ်မှာ  Keeping Up with the Kardashians ဆိုတဲ့ ပထမဆုံး ရုပ်သံစီးရီးနဲ့  E! ရုပ်သံရှိုးပွဲမှာ ပေါ်ထွက်လာပြီးတဲ့နောက် ပထမဆုံး အောင်မြင်မှုကို ရရှိခဲ့တဲ့သူ သူမကတော့ Kendall Jenner ဘဲ ဖြစ်ပါတယ်။

Kendall Jenner ဟာ  နာမည်ကြီး Jenner/ Kardashian အဖွဲ့ဆိုတဲ့ မောင်နှမတွေထဲက တစ်ယောက်ပါ။ သူမကို စတားအဖြစ် ရောက်ရှိစေပြီး ပထမဆုံး အောင်မြင်မှုအရသာကို ခံစားစေခဲ့တာကတော့ သူမတို့ မိသားစုရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းတွဲ Keeping Up With The Kardashians က ဖြစ်ပါတယ်။ အဲ့ဒီကနေစလို့ သူမရဲ့ မော်ဒယ်ဘဝကို စတင်ခဲ့တယ်လို့ ဆိုရမှာပါဘဲ။ 

သူမ အသက် ၁၄ နှစ် အရွယ်မှာ သူမရဲ့မိခင်က Wilhelmina Models မော်ဒယ်အေဂျင်စီနဲ့ သူမကို စာချုပ်လက်မှတ်ရေးထိုးပေးခဲ့ပြီးတဲ့နောက် Jenner ဟာ အမျိုးသမီးငယ်လေးတွေကို ကမ္ဘာကျော် ဒီဇိုင်နာတွေနဲ့ မဂ္ဂဇင်းအတွက် အဆင့်မြင့် 
ဖက်ရှင်လျှောက်လှမ်းတွေမှာ လျှောက်လှမ်းနိုင်အောင် တွန်းပို့ပေးနေကျ နာမည်ကျော် ဖက်ရှင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Forever 21 နဲ့ ဖက်ရှင်ပုံရိပ်တွေ ရိုက်ကူးကာ မော်ဒယ်ဘဝကို စတင်လျှောက်လှမ်းခဲ့တယ်။ Teen Vogue မှာ သြစတေးလျက နာမည်ကျော် အမှတ်တံဆိပ်တစ်ခုအတွက် ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း သူမအတွက် အလုပ်တွေ ပိုရလာခဲ့တယ်။ အဲ့ဒီအချိန်ကစလို့ Jenner ဟာ အဆင့်မြင့် ဖက်ရှင်လျှောက်လှမ်းတွေနဲ့ ကမ်ပိန်းတွေမှာ Marc Jacobs, Chanel, Givenchy, Dolce & Gabbana အပါအဝင် အခြားသော ကမ္ဘာကျော် အမှတ်တံဆိပ်တွေကို ဝတ်ဆင်ရင်း ပေါ်ထွက်လာပါတော့တယ်။ 

နောက်ပြီး Kendall Jenner ကလည်း သူမရဲ့ အခြားသော မောင်နှမတွေလိုပါဘဲ။ လူမှုကွန်ရက်မှာ ဖောလိုဝါ ၁၂၅ သန်းကျော်ရရှိထားတဲ့အပြင် အဆက်မပြတ် ဖောလိုးလုပ်ခံနေရတဲ့သူအဖြစ် အရှိန်အဝါကြီးမားတာကြောင့် ဖက်ရှင်ပစ္စည်းတွေ ကို အင်တာနက်ကတစ်ဆင့် ရောင်းချနေတဲ့ ထိပ်တန်း e-commerce လုပ်ငန်းတွေမှာတော့ လွှမ်းမိုးမှုအရှိဆုံးထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရတဲ့သူပါ။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ It ရဲ့ သမီးပျိုလေးအဖြစ် နာမည်သစ်
နဲ့ အသိအမှတ်ပြုခြင်းကို ခံရတယ်။ Jenner ရဲ့ အောင်မြင်မှုဒီရေကလည်း ဆက်လက်တိုးတက်လျက်ပါဘဲ။ ဖက်ရှင်လောကမှာရှိတဲ့ ထိပ်တန်း အမှတ်တံဆိပ်တွေအတွက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ရှိုးတွေမှာ ပါဝင်လျှောက်လှမ်းပေးရတဲ့အပြင် Harper’s Bazzar , GQ နဲ့ Vogue တို့လို့ ပြန့်နှံ့မှု အားကောင်းတဲ့ မဂ္ဂဇင်းတွေမှာလည်း ဓာတ်ပုံတွေ ဝေဝေဆာဆာ ပါဝင်နေခဲ့တယ်။ အနှစ်သက်ဆုံး မော်ဒယ်အဖြစ် Teen Choice Awards ကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် Forbes က ပြုလုပ်ထားတဲ့ စာရင်းအရဆိုရင်လည်း ဈေးအမြင့်ဆုံး ပေးရတဲ့ မော်ဒယ်တွေရဲ့ စာရင်းထဲမှာ ပါဝင်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ 

Kendall Jenner ဟာ ဖက်ရှင်မော်ဒယ်အဖြစ် လျှောက်လှမ်းလုပ်ကိုင်နေရင်းကနေ သူမ အမည်ပေးထားတဲ့ အမှတ်တံဆိပ်ကို လက်သည်းဆိုးဆေး၊ လက်ဝတ်ရတနာတွေအထိ စတင်တိုးချဲ့ခဲ့ပြီး ညီမဖြစ်သူ Kylie နဲ့အတူ ကမ္ဘာတစ်လွှားမှာ ဆိုင်ပေါင်း ၅၀၀ ဖွင့်လှစ်ပြီး ဖက်ရှင်ပစ္စည်းတွေ ရောင်းချပေးနေတဲ့  Topshop နဲ့ ပူးပေါင်းကာ အဝတ်အထည်တွေ ထုတ်လုပ်ရောင်းချတဲ့အပြင် နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ Steve Madden ရဲ့ Steve Madden ကုမ္ပဏီလက်အောက်က လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ Madden Girl ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ဖိနပ်နဲ့ လက်ကိုင်အိတ်တွေကို ဖြန့်ဖြူးရောင်းချနေပါသေးတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Estee Lauder ရဲ့ မျက်နှာသစ်ကလေးဖြစ် လာခဲ့ပြီး မိတ်ကပ်လိုင်းကိုလည်း ကြော်ငြာလုပ်ဆောင်ခဲ့ပါတယ်။ ရုပ်သံဇာတ်လမ်းတွေမှာတော့ Jenner ဟာ ၂၀၁၂ ခုနှစ်လောက်မှာ Hawaii Five-O မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တေးဂီတ ဗီဒီယိုတွေကိုလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ ၂၀၁၆ MTV Movie Awards တို့လို ဆုပေးပွဲတွေ မှာလည်း သူမကို ပုံမှန်လိုလို တွေ့မြင်နေရပြီး Instagram မှာ ဖော်လိုဝါ အများဆုံးတွေထဲက တစ်ဦးအဖြစ် လူမှုကွန်ယက်မှာလည်း လွှမ်းမိုး နိုင်စွမ်း ကြီးမားတဲ့သူပါ။ 

အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေနဲ့ Karda-shian တို့ရဲ့ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းကတည်းကစလို့ ဘဝကို ဒယိမ်းဒယိုင်လျှောက်လှမ်းရင်း Jenner ဟာ Live For Now လို့ခေါ်တဲ့ Pepsi ရဲ့ ကြောငြာကမ်ပိန်းမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတယ်။ အဲ့ဒီကြော်ငြာထဲမှာ သူမဟာ ဆန္ဒပြနေကြသူတွေကို ကူညီကာကွယ်နိုင်ဖို့ ရဲသားတွေထဲက တစ်ဦးကို  Pepsi အချိုရည် သွားတိုက်ခဲ့ပြီး အားလုံးငြိမ်းချမ်းပျော်ရွှင်သွားကြတဲ့ပုံမျိုး ပုံဖော်ထားရိုက်ကူးထားခြင်းပါ။ ဒါပေမဲ့ အဲ့ဒီကြော်ငြာက Black Lives Matters ဆိုတဲ့ အာဖရိကန်-အမေရိကန် လူ့အဖွဲ့အစည်းကနေ စတင်ခဲ့တဲ့ လူမည်းတွေ လူမျိုးရေးခွဲခြားခံရမှုနဲ့ အကြမ်းဖက်ခံရမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို သေးသိမ်စေတာကြောင့် ပြင်းပြင်း ထန်ထန် ဝေဖန်ခြင်းခံခဲ့ရတဲ့အပြင် ပထမဆုံးတစ်ကြိမ် ထုတ်လွှင့်မှုအပြီးမှာဘဲ ရပ်ဆိုင်းလိုက်ရပါတယ်။ လူအများရဲ့ ပြင်းထန်တဲ့ တုန့်ပြန်ဝေဖန်မှုတွေကြောင့် Jenner ခမျာ တော်တော်လေးယူကျုံး မရ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူမဟာ Pepsi နဲ့ ချုပ်ဆိုထားတဲ့ စာရွက်စာတမ်းဆိုင်ရာ သဘောတူညီမှုတွေရှိတာကြောင့် ဒီကိစ္စရပ်အပေါ်မှာ လူသိရှင်ကြား ပြန်လည်တုန့်ပြန်တာ တွေတော့ မလုပ်နိုင်ခဲ့ပါဘူး။

၂ လလောက် ကြာပြီးတဲ့နောက်မှာတော့ Pepsi ကြော်ငြာထက် ပိုပြီးဖြေရှင်းရခက်ခဲတဲ့ အြ ငင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ Kendall+Kylie ပူးတွဲထုတ်လုပ်တဲ့ ‘Vintage’ တီရှပ်တွေကို အရောင်းမြင့်တင် ဖို့အတွက် လုပ်ကြတာကနေ စပါတယ်။ ရှပ်အင်္ကျီတွေမှာ Tupac Shakur နဲ့ The Notorious B.I.G တို့လို တေးဂီတ အကျော်အမော်တွေရဲ့ အပေါ်မှာ သူတို့ညီအစ်မတွေရဲ့ မျက်နှာတွေကို ရိုက်နှိပ်ထားတဲ့ ပါဝင်နေပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်တုန့်ပြန်တာတွေ ကြုံခဲ့ရရုံသာမက ပုံတွေကို အသုံးပြုဖို့အတွက် ခွင့်ပြုချက်တောင်းခဲ့တာမရှိလို့ မူပိုင်ခွင့်ချိုးဖောက်တာကြောင့် ဥပဒေကြောင်းအရလည်း ဒုက္ခတွေ့ခဲ့ရပါသေးတယ်။ အကျိုးဆက်အနေနဲ့ကတော့ တောင်းပန်တဲ့အနေနဲ့ သူတို့ရဲ့ 
ဝဘ်ဆိုက်တွေကနေ ရှပ်အင်္ကျီတွေကို ဖယ်ရှားပေးခဲ့ရပါတယ်။ ငယ်ရွယ်သူတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရခဲ့သလို ခက်ခက်ခဲခဲ ဖြေရှင်းရတဲ့ ပြဿနာတွေ၊ ကြိုးစားရုန်းကန်ရတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်လို့ ဆိုရမှာပါဘဲ။

သူမရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းလေးတွေကို ပြောရမယ်ဆိုရင် Kendall Nicole Jenner ဆိုတဲ့သူမကို ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၃ ရက် ကာလီ ဖိုးနီးယားက လော့(စ)အိန်ဂျလိ့စ်မှာ Kris နဲ့ အိုလံပစ် ချန်ပီယံ Bruce Jenner တို့ကနေ ဖွားမြင်ခဲ့ပါတယ်။ သူမရဲ့ဖခင်ဟာ ၂၀၁၅ ခုနှစ်မှာ လိင်ပြောင်းသွားခဲ့ပြီး Caitlyn Jenner အဖြစ် လူသိများ တဲ့သူပါ။ Nicole ဆိုတဲ့ သူမရဲ့ နာမည်ကတော့ ၁၉၉၄ ခုနှစ်မှာ အသတ်ခံခဲ့ရသူ သူမမိခင်ရဲ့ အချစ်ဆုံး သူငယ်ချင်း Nicole Brown Simpson ကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ညီမငယ်ဖြစ်သူ Kylie နဲ့ သူမမိခင်ရဲ့ ပထမ အိမ်ထောင်ကနေ ပါလာခဲ့ကြတဲ့ O.J Simpson, Defense attorney Robert Kardashian, Kourtney, Kim, Khole, Rob ဆိုတဲ့ မောင်နှမတွေနဲ့အတူ လော့(စ)အိန်ဂျလိ့စ်က လူချမ်းသာ ရပ်ကွက်မှာ နေထိုင်ကြီးပြင်းခဲ့တဲ့သူပါ။ သူမတို့ရဲ့ ကြီးမားလှတဲ့ မိသားစုကြီးထဲမှာ Burt နဲ့ Cassandra ဆိုတဲ့ သူမဖခင်ရဲ့ ပထမအိမ်ထောင်ကနေ ပါရှိလာကြတဲ့ ဖအေတူ မအေကွဲ မောင်နှမတွေအပြင် သူမဖခင်ရဲ့ ဒုတိယအိမ်ထောင်ကနေ ပါလာတဲ့ Brandon နဲ့ Brody တို့လည်း ပါဝင်ပါသေးတယ်။  သူမဟာ One Direction အဖွဲ့ဝင် Harry Styles နဲ့ ၂၀၁၃ ခုနှစ်လောက်မှာ တွဲခုတ်ခဲ့ပေမယ့် ၂၀၁၄ ရောက်တော့ လမ်းခွဲခဲ့ကြတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမေရိကန် ရက်ပါ ASAP Rocky နဲ့ အနေနီးစပ်နေတယ်လို့ ဆိုကြပါတယ်။