Primary tabs

စင်မြင့်ပေါ်က ကြေငြာချက် အလွဲများ

တနင်္ဂနွေ ညတစ်ည ကျင်းပလာသမျှပွဲတွေထဲမှာ အကြီးမားဆုံးလို့ ဆိုရလောက်တဲ့ ပွဲကြီးတစ်ပွဲဖြစ်တဲ့ ၈၉ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ဆင်ယင်ကျင်းပတဲ့ ညချမ်းချိန်ခါမှာပေါ့ Warren Beatty နဲ့ Faye Dunaway တို့ဟာ အကောင်းဆုံး ရုပ်ရှင်ဆု (The Best Picture Award) ဆိုတဲ့ စီစဉ်ညွှန်ကြားမှု၊ သရုပ်ဆောင်မှု၊ တေးဂီတဖွဲ့စည်းပုံ၊ ဇာတ်ညွှန်း၊ ပြင်ဆင်တည်းဖြတ်မှုနဲ့ အခြားသော  ကြိုးစားအားထုတ်မှုတွေ အားလုံးကို ခြုံငုံသုံးသပ်ကာ ပေးအပ်တဲ့ ဆုကို  Moonlight အစား  La La Land မှ ရရှိသွားတယ်ဆိုပြီး မှားယွင်း ကြေငြာခဲ့ဖူးတာ ပရိသတ်ကြီးလည်း အမှတ်ရနေဦးမယ် ထင်ပါရဲ့။ 

လူတိုင်းက အမှားလုပ်ဖူးကြပါတယ်။ နာမည်ကျော်တို့ဟာလည်း သေသေသပ်သပ် လှလှပပ စီစဉ်တင်ဆင်ကြရတဲ့ ဆုပေးပွဲကြီးတွေမှာတောင် အမှားလုပ်ဖူးကြပါတယ်။ ဒါပေမဲ့ နာမည်ကျော်ပြီးသား သူတို့ရဲ့ တချို့သော အမှားတွေက တခြားသူတွေရဲ့ အလွဲအမှားလေးတွေထက် နည်းနည်းလေးတော့ ပိုပြီး လူသိများသွားခဲ့တာပေါ့။ 

လွန်ခဲ့တဲ့ နှစ်တွေကတည်းက တချို့သောနာမည်ကျော်တို့ဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြရတဲ့ ပွဲတွေဖြစ်တဲ့ အော်စကာကစလို့ ရွှေကမ္ဘာလုံးဆုတို့လို ဆုပေးပွဲတွေမှာ ဆုရရှိသူကို မှားယွင်းကြေငြာခဲ့ကြဖူးသလို အခြားသော အမှားအယွင်းတွေကိုလည်း စင်မြင့်ထက်မှာ ပြုလုပ်ဖူးကြပါတယ်။ ဒီတစ်လမှာတော့ နာမည်ကျော်တို့ရဲ့ စင်မြင့်ပေါ်က ကြေငြာချက်အလွဲလေးတွေကို စုစည်းဖော်ပြပေးထားပါတယ်။ 

စက္ကန့် ၉၀ ကြာ အကောင်းဆုံး ရုပ်ရှင်ဆုကို ရရှိခဲ့တဲ့ La La Land 
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလရဲ့တစ်ခုသော တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ အော်စကာ ဆုပေးပွဲ ကြီးမှာတော့ ပွဲတင်ဆက်သူတွေဖြစ်ကြတဲ့ Warren Beatty နဲ့ Faye Dunaway တို့ဟာ La La Land ကို အကောင်းဆုံး ရုပ်ရှင်ဆုကို ဆွတ်ခူးခဲ့တဲ့ ရုပ်ရှင်အဖြစ် ကြေငြာခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက Beatty ဟာ သူရရှိထားတဲ့ ကတ်နဲ့ပတ်သက်လို့ ဝေခွဲမရတဲ့ပုံတော့ ဖြစ်နေခဲ့တယ်။ အကောင်းဆုံး ဆုရှင်တွေက ကျေးဇူးတင်စကားပြောနေကြတုန်းမှာဘဲ La La Land ရဲ့ ထုတ်လုပ်သူ Jordan Horowitz စင်ပေါ်ကိုတက်လာပြီး ပွဲကို တင်ဆက်နေသူတွေဟာ စာအိတ်မှားယွင်း လက်ခံရရှိတဲ့အကြောင်းနဲ့ အကောင်းဆုံး ရုပ်ရှင်ဆုကို ပိုင်ဆိုင်သွားတဲ့ ရုပ်ရှင်ကတော့ MoonLight ဖြစ်ပါတယ်ဆိုတာကို ပြောလိုက်တဲ့အချိန်မှာတော့ La La 
Land ကို ကြည့်နေတဲ့ လူတွေအားလုံးက စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ အသွင်ပျောက်ပြီး စိတ်ပျက် လက်ပျက်တွေ ဖြစ်ကုန်ခဲ့ရတာပေါ့။ 

Miss Universe ကို သရဖူမှားယွင်းပေးအပ်ခဲ့တဲ့ Steve Harvey 
၂၀၁၅ ခုနှစ် Miss Universe ပွဲတုန်းက Steeve Harvey ဟာ Miss Universe သရဖူကို အမှန်တကယ် သိမ်းပိုက်သွားခဲ့သူ Miss Phillipines အစား Miss Colombia ဆိုပြီး မှားယွင်းကြေငြာ ခဲ့ဖူးပါတယ်။ သူရထားတဲ့ ကတ်ကိုမှားပြီး ဖတ်မိခဲ့တာကြောင့်ပါ။ သူ့ရဲ့အမှားကိုလည်း တိုက်ရိုက်တင်ဆက်ထုတ်လွှင့်မှုမှာဘဲ ဝန်ခံခဲ့ပါတယ်။

ခဏ ခဏ မှားကြတဲ့ Hidden Fences
၂၀၁၇ ခုနှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာတုန်းက Michael Keaton ဟာ Hidden Figures နဲ့ Fences ကို ရောထွေးကာ မှားယွင်းပြောဆိုမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်တာ သူတစ်ယောက်တည်း တော့ မဟုတ်ပါဘူး။ ကော်ဇောနီပွဲမှာတုန်းကလည်း အကြိုပြသတဲ့ ပွဲမှာ ပွဲစီစဉ်ကျင်းပသူ Jenna Bush Hager ကလည်း တူညီတဲ့ အမှားမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ် အော်စကာ ဆုပေးပွဲမှာတုန်းကလည်း  People ရဲ့ တည်းဖြတ်ပြင်ဆင်မှုပိုင်းဆိုင်ရာ ဒါရိုက်တာ Jess Cagle က ထပ်မံ
မှားယွင်းပြောဆိုမိကာ ပြန်လည်ပြင်ဆင်ခဲ့ရဖူးပါတယ်။ 

ဆန်ကာတင် စာရင်းတွေ မကြေငြာရသေးခင် စာအိတ်အရင်ဖွင့်ခဲ့တဲ့ Elizabeth Taylor
၂၀၀၁ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာတော့ နာမည်ကျော် မင်းသမီးကြီး Elizabeth Taylor က အကောင်းဆုံး motion picture ဆုကို ကြေငြာ မယ်ဆိုပြီး ပြင်ဆင်နေစဉ်ပေါ့။ ဒါပေမဲ့ သူမကိုကြည့်ရတာ နည်းနည်းလေး စိတ်စောသွားပုံပါဘဲ။ သူမဟာ ဆန်ကာတင်စာရင်းတွေကို မကြေငြာရသေးခင်မှာ ဆုရရှိသွားတဲ့သူကို ထည့်သွင်းထားတဲ့ စာအိတ်ကို စပြီး ဖွင့်ဖောက်ပါတော့တယ်။ အောက်မှာရှိနေတဲ့ လူအုပ်ကြီးက သူမကို ဆက်ပြီး မဖောက်ဖို့ အော်ကြတာပေါ့။ အဲ့ဒီအချိန်မှာ ရုပ်ရှင်ထုတ်လုပ်သူ Dick Clark က စင်ပေါ်တက်လာပြီး အဲ့ဒီနေ့လေးကို အစီအစဉ်တကျ ဆက်သွားလို့ရအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ 

သန့်စင်ခန်းထဲ သွားခဲ့ရတဲ့ Harry Styles
၂၀၁၄ ခုနှစ်ရဲ့ BRIT ဆုပေးပွဲမှာတုန်းက One Direction အဖွဲ့ရဲ့ အဆိုရှင် Harry Styles ဟာ သူတို့အဖွဲ့ရဲ့ အောင်မြင်မှုအတွက် ဆုလက်ခံရယူရမယ့်အချိန်မှာ အခြားသော အဖွဲ့ဝင်တွေကို စင် ပေါ်မှာထားရစ်ကာ ဆင်းသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ သန့်စင်ခန်းကို မသွားမဖြစ်သွားရမယ့် အခြေအနေဖြစ်နေလို့ပါ။ သူ့ရဲ့ အဖွဲ့ဝင်တွေက သူဘယ်ပျောက်သွားတယ်ဆိုတာ မသိကြပါဘူး။ နောက်ဆုံးမှာတော့ Styles ဟာ စင်ပေါ်ကို ပြေးတက်လာကာ အဖွဲ့ဝင်တွေနဲ့အတူ လာရပ်ပါတယ်။ နောက်ပြီး သူက ‘ကျွန်တော် သန့်စင်ခန်းထဲ သွားလိုက်ရလို့ စိတ်မကောင်းပါဘူး။ သန့်စင်ခန်းတွေက အချိန်တွေ အကုန်မြန်တယ်လို့ ထင်မှတ်စေပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်’ ဆိုပြီး တောင်းပန်ခဲ့ပါတယ်။ တချို့သော သတင်းအရင်းအမြစ်တွေကတော့ သူဟာ သန့်စင်ခန်းထဲမှာ ရှိနေတာ မဟုတ်ဘဲ သူ့သူငယ်ချင်း Nick Grimshaw နဲ့အတူ ပမာမခန့်စွာနဲ့ ဆေးလိပ်ထွက်သောက်နေတယ်လို့လည်း ဆိုကြပါတယ်။ 

Rihanna ကို မှားယွင်းကျော်တက်ကာ အောင်မြင်သွားခဲ့တဲ့ Chris Brown
ကြည့်ရှုသူတွေက ရွေးချယ်ပေးတဲ့ဆုကို Chris Brown က ဆွတ်ခူးသွားပါတယ်ဆိုပြီး ၂၀၁၁ ခုနှစ်ရဲ့ BET ဆုပေးပွဲတုန်းက မှားယွင်းကြေငြာခံခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ အမှန်တကယ် ဆုရရှိသွားတဲ့  သူကတော့ Rihanna ပါ။ အစီအစဉ်တင်ဆက်သူက စကားထောက် ကိရိယာလေးကို ကြည့်ပြီး ဖတ်ကြားလိုက်စဉ် မှားယွင်းသွားတာဖြစ်ပြီး သူ့ရဲ့ အမှားကိုလည်း ချက်ချင်းသတိပြုမိလိုက်ပါတယ်။ ဒီအဖြစ်အပျက်က Rihanna နဲ့ Chris Brown တို့ရဲ့ အတိတ်ကို ပြန်တွေးကြည့်မိတယ်ဆိုရင် သိပ်ကို ကိုးယိုးကားရား နိုင်စေခဲ့ပါတယ်။ 

စကားထောက်ကိရိယာက ဆိုးရွားတဲ့ ပစ္စည်းလို့ပြောရင် ထောက်ခံနိုင်တဲ့ Kristen Bell
စကားထောက် ကိရိယာတွေဟာ တကယ့်ကို ဆိုးတဲ့အရာတွေလို့ ပြောမယ်ဆိုရင် Kristen  Bell တစ်ယောက်ကတော့ သဘောတူလောက်ပါတယ်။ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ People’s Choice Awards မှာ Bell က Tyler Perry ကို မိတ်ဆက်ပေးနေတုန်းလေးမှာ သူမရဲ့ စကားထောက် ကိရိယာက စက်ချို့ယွင်းသွားခဲ့ပါတယ်။ သူမပြောလက်စ စကားကို အဆုံးသတ်နိုင်ဖို့အတွက် နည်း နည်းတော့ ပျာယာခတ်သွားခဲ့ရှာပါတယ်။ ဒါပေမဲ့ အကောင်းဆုံးတော့ အဆုံးသတ်သွားနိုင်ခဲ့လို့ ရုပ် ပျက်ဆင်းပျက်တော့ မဖြစ်သွားခဲ့ဘူးပေါ့။

Ref: The 7 biggest award-show fails of all time
http://www.businessinsider.com/biggest-award-show-mistakes-2017-2/#adele...