Primary tabs

၂ဝ၁၇ မှာ လက်ထပ်သွားကြတဲ့ K Wave ရဲ့ စီနီယာများ

၂ဝ၁၇ ခုနှစ်က ကုန်ဆုံးတော့မှာပါ။ ၂ဝ၁၇ နှစ်က ထူးထူးခြားခြား Korean wave လို့ခေါ်တဲ့ ကိုရီးယားယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို အနု ပညာ၊ သီချင်း၊ ဇာတ်လမ်းတွဲများနဲ့ ကမ္ဘာကို ထိုးဖောက်ရာမှာ ပထမမျိုးဆက်အဖြစ် ပါဝင်ခဲ့ကြတဲ့
အနုပညာရှင်တော်တော်များများ မင်္ဂလာဆောင်ကြတဲ့ နှစ်ဖြစ်ပါတယ်။ Hallyu Star တွေလို့ သတ်မှတ်ခြင်းခံထားရတဲ့ ရိန်းနဲ့ ကင်တေးဟီးတို့ စုံတွဲရဲ့မင်္ဂလာပွဲနဲ့ နှစ်သစ်ကို အစပြုခဲ့ပြီး၊ ကိုရီးယားဒရာမာတွေ စတင်ခေတ်စားစဉ်ကတည်းက နာမည်ကြီးခဲ့တဲ့ စီနီယာ  Hallyu Star ဆောင်းဟေကျိုနဲ့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အားပေးမှုကို အကြီးအကျယ်ရရှိနေတဲ့ ပူပူနွေးနွေး ဂျူနီယာ Hallyu Star ဆောင်းဂျွန်ကီတို့ရဲ့ မင်္ဂလာပွဲနဲ့ ၂ဝ၁၇ ခုနှစ်ကုန်ဆုံးမှာဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ လက်ထပ်သွားခဲ့ကြတဲ့ ကိုရီးယား အနုပညာလောကရဲ့ နာမည်ကျော် စီနီယာတွေရဲ့ မင်္ဂလာပွဲတွေကို အကျဉ်းချုပ်တင်ဆက်ပေးလိုက်ရပါတယ်။ 

ရိန်း နဲ့ ကင်တေးဟီး
(Rain & Kim Tae Hee)
၂ဝ၁၇ ခုနှစ်ကို မင်္ဂလာသတင်းနဲ့ စတင် ကြိုဆိုခဲ့ကြသူများကတော့ အားလုံးရဲ့ အချစ်တော် ရိန်း နဲ့ ကင်တေးဟီး ပဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ လေးနှစ်ကျော် ငါးနှစ်နီးပါးကြာတဲ့ ချစ်သူသက်တမ်းကို ဖြတ်သန်းခဲ့ကြပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မိဘများနဲ့ မိတ်ဆွေအနည်းငယ်သာ ပါဝင်တဲ့ သီးသန့်အခမ်းအနားကျင်းပပြီး လက်ထပ်ခဲ့ကြပါတယ်။

ကိုရီးယားနိုင်ငံရဲ့အချမ်းသာဆုံး အနုပညာရှင်စုံတွဲဖြစ်လာမယ့် သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲက မထင်မှတ်ထားလောက်အောင် ရိုးရှင်းခဲ့ပါတယ်။ ကင်တေးဟီးဟာ အဖြူရောင်မင်္ဂလာဝတ်စုံ အတိုလေးကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ခဲ့ပြီး ရိန်းကတော့ သူ့မှာရှိပြီးသား ဝတ်စုံကိုပဲ ဝတ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းပဲ ကျင်းပချင်တယ်လို့ ရိန်းကပြောတဲ့အခါမှာ ကင်တေးဟီးက သဘောတူခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ရိန်း က ဖြေထားတာကိုလည်း တွေ့ရပါတယ်။ 

ရိုမန်ကတ်သလစ်ဘာသာဝင်ဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ကင်တေးဟီးက ကတ်သလစ်ဘုရားကျောင်းမှာ မင်္ဂလာဆောင်ခဲ့ပြီး အနုပညာလောကက မိတ်ဆွေဆိုလို့ JYP ၊ PSY နဲ့ သတို့သမီးရဲ့သူငယ်ချင်းဖြစ်သူ ဟန်နီလီအပါအဝင် မိတ်ဆွေ ၁ဝဝ ခန့်ကိုပဲ  ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

လက်ထပ်တဲ့အချိန်တုန်းက ရိန်းက အသက် ၃၄ နှစ် နဲ့ ကင်တေးဟီးက အသက် ၃၆ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ၂ဝ၁၇ မေလမှာ ကင်တေးဟီးမှာ ကိုယ်ဝန်လွယ်ထားရပြီလို့ ပရိသတ်တွေကို အသိပေးခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နေ့မှာ သမီးဦးလေးကို ကျန်းမာစွာမွေးဖွားခဲ့ပြီးဖြစ်ကြောင်း ဖေဖေရိန်းက Instagram မှတစ်ဆင့် ကြေငြာခဲ့ပါတယ်။

လီဒေါင်ဂန်း နဲ့ ဂျိုယွန်ဟီး 
(Lee Dong Gun & Jo Yoon Hee)
၂ဝ၁၇ ခုနှစ်မှာ ပရိသတ်တွေကို အံ့အားသင့်သွားစေတဲ့ မင်္ဂလာပွဲတစ်ပွဲရှိခဲ့ပါတယ်။ K wave ရဲ့ ပထမမျိုးဆက်မင်းသားတစ်လက်ဖြစ်ပြီး ကြော်ငြာချစ်သူမင်းသားလို့ လူသိများတဲ့ လီဒေါင်းဂန်းဟာ ချစ်သူသက်တမ်း ၂ လသာ ရှိသေးတဲ့ မင်းသမီး ဂျိုယွန်ဟီး နဲ့ လက်ထပ်ပြီးသွားပြီလို့ ပြောလိုက်တဲ့အခါ ပရိသတ်တွေ အလွန်အံ့သြခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဒေါင်းဂန်းဟာ T-aya  အဖွဲ့ဝင်အဆိုတော် ဂျီယောင်းနဲ့ ၂ နှစ်ကျော်နီးပါးတွဲခဲ့ပြီး  လက်ထပ်ပြီးစီးကြောင်း မကြေငြာသေးခင် လအနည်းငယ်ကမှ လမ်းခွဲထားတာဖြစ်ပါတယ်။ ဒါကြောင့် လီဒေါင်းဂန်းနဲ့ ဇနီးဖြစ်သူ ဂျိုယွန်ဟီးတို့ရဲ့ အိမ်ထောင်ရေးက ကောလဟာလတစ်ချို့နဲ့ အစပြုခဲ့တယ်လို့ ဆိုရမှာပါ။

မေလ ၂ ရက်နေ့မှာ လီဒေါင်းဂန်း သူနဲ့ ဂျိုယွန်ဟီး လက်ထပ်ပြီးစီးပြီးဖြစ်ကြောင်း ရုတ်တရက်ကြေငြာခဲ့ပြီး ဇနီးဖြစ်သူက ကိုယ်ဝန်လွယ်ထား ရပြီဖြစ်ကြောင်းလည်း တစ်ဆက်တည်း အသိပေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Laurel Tree Tailors ဆိုတဲ့ ဇာတ်လမ်းတွဲကို အတူရိုက်ကူးရင်းတွေ့ခဲ့ကြတာဖြစ်ပြီး ဇာတ်လမ်းရိုက်ကူးနေစဉ်မှာပဲ ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ အေဂျင်စီ အသီးသီးက ပြောခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် လီဒေါင်ဂန်း နဲ့ အ သက် ၃၅ နှစ်အရွယ် ဂျိုယွန်ဟီးတို့ဟာ လက်ထပ်ပြီးစီးကြောင်း ပရိသတ်ကို အသိပေးပြီးနောက် ၄ လအကြာ စက်တင်ဘာလ ၂၈ ရက်နေ့မှာ နှစ်ဖက်မိဘများနဲ့ မိတ်ဆွေအနည်းငယ်သာ ပါဝင်တဲ့ သီးသန့်မင်္ဂလာဧည့်ခံပွဲတစ်ပွဲကို ကျင်းပခဲ့ပြီး Pre Wedding အဖြစ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ချို့ကိုလည်း ဝေမျှပေးခဲ့ပါတယ်။ 

လီဆန်ဝူး နဲ့ ကင်ဆိုယွန်း
(Lee Sang Woo & Kim So Yeon)
၂ဝ၁၇ ခုနှစ် ဇွန်လ ၉  ရက်နေ့မှာလည်း ကိုရီးယားဇာတ်လမ်းတွဲခေတ်ဦးမှာ K Wave ကို ဦးဆောင်ခဲ့တဲ့ မင်းသမီး ကင်ဆိုယွန်းတစ်ယောက် မင်းသား လီဆန်ဝူးနဲ့ လက်ထပ်သွားခဲ့ပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့အမာခံပရိသတ်
တွေ ယွန်းမီလို့ သိကြတဲ့ မင်းသမီးဟာ သူ့ရဲ့ အနာဂတ်သတို့သားလောင်းကို  Happy Home အမည်ရ ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ရင်း တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ 

၂ဝ၁၆ စက်တင်ဘာလမှာ သူတို့နှစ်ဦး တွဲနေကြပြီဖြစ်ကြောင်း အေဂျင်စီအသီးသီးမှတစ်ဆင့် ပရိသတ်ကို အသိပေးခဲ့ပြီး  ၂ဝ၁၇ မတ်လမှာ လက်ထပ်ဖို့အတွက်ပြင်ဆင်နေပြီဆိုတဲ့ အကြောင်းထုတ်ပြောခဲ့ကြပါတယ်။ မကြာခင်မှာပဲ Marie Claire မဂ္ဂဇင်းအတွက် သြစတီးယားမှာ Wedding Theme နဲ့ ရိုက်ပေးထားတဲ့ စုံတွဲဓာတ်ပုံများကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။ ချစ်သူသက်တမ်းခြောက်လအကြာမှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ သူတို့နှစ်ဦးကို ပရိသတ်များက အားပေးခဲ့ ကြပါတယ်။ 

All About Eve မှာ ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပေမဲ့ ပရိသတ်အားပေးမှုရရှိခဲ့ပြီး ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ ကင်ဆိုယွန်းကို မင်္ဂလာပွဲပြီးနောက် တစ်လအကြာ အင်တာဗျူးတစ်ခုမှာ ခင်ပွန်းဖြစ်သူကို ချီးမွမ်းတဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ ချစ်သူသက်တမ်းတိုပေမယ့် တွဲနေစဉ်ကာလမှာ ခင်ပွန်းဖြစ်သူရဲ့ကောင်းကွက်တွေကို သတိထားမိခဲ့ပြီး ဒါကြောင့်လည်းလက်ထပ်ဖို့ စဉ်းစားဖြစ်ခဲ့တာပါလို့ ဆိုခဲ့ပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ အကောင်းမြင်စိတ်ရှိပြီး ကြိုးစားတဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ သူ့ကိုလက်ထပ်ခဲ့တာ မှန်ကန်တဲ့ဆုံး ဖြတ်ချက်လို့ထင်ပါတယ်လို့ ပြောခဲ့ပါတယ်။

လက်ထပ်စဉ်မှာ အသက် ၃၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ လီဆန်းဝူးနဲ့ ကင်ဆိုယွန်းတို့ဟာ လက်ရှိအချိန်အထိတော့ သားသမီးယူမယ့်အကြောင်း တရားဝင်ပြောဆိုခြင်းမရှိသေးပါဘူး။

အဲရစ် နဲ့ နာဟေမီ
(Eric Moon & Na Hye Mi)
တောင်ကိုရီးယားနိုင်ငံရဲ့ သက်တမ်းအကြာဆုံး Boy Band တစ်ခုဖြစ်တဲ့ Shinhwa အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ အဲရစ်လည်း ၂ဝ၁၇ မှာ လက်ထပ်သွားပါပြီ။  ၂ဝ၁၆ ဧပြီလမှာ အဲရစ်က သရုပ်ဆောင်တစ်ဦးဖြစ်သူ နာဟေမီနဲ့ ချစ်သူတွေဖြစ်နေကြောင်း Shimhwa Facebook Page ကနေတစ်ဆင့် ပရိသတ်ကို အသိပေးခဲ့ပြီး ၂ဝ၁၇ ဇူလိုင်လ ၁ ရက်နေ့မှာ လက်ထပ်ဖို့ စီစဉ်ထားကြောင်းလည်း တစ်ပါတည်းပြောခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ပျော်ရွှင်ခဲ့ကြပါတယ်။ 

Shinhwa အဖွဲ့ဟာ အဖွဲ့ဝင် ၆ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး Kpop ခေတ်ဦးကိုဦးဆောင်ခဲ့တဲ့ အဖွဲ့များထဲက တစ်ဖွဲ့ ဖြစ်ပါတယ်။ အချိန် ၁၉  နှစ်ကြာသော်လည်း အဖွဲ့မပျက်သွားဘဲ အနုပညာလှုပ်ရှားမှုများကို ပုံမှန် လုပ်ဆောင်ပြီး အောင်မြင်မှုကို ဆက်လက်ထိန်း သိမ်းထားနိုင်တာကြောင့် နိုင်ငံတကာက အနုပညာရှင်များကပါ လေးလေးစားစား ရည်ညွှန်းပြောဆိုရတဲ့ Boy Band တစ်ဖွဲ့လည်းဖြစ်ပါတယ်။ 

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို Shinhwa ရဲ့ အဖွဲ့ဝင်အားလုံးတက်ရောက်ခဲ့ကြပြီး သတို့သားနဲ့ ဆင်တူဝတ်စုံများ ဝတ်ဆင်ခဲ့ကြပါတယ်။ အဲရစ်က Shinhwa အဖွဲ့ဝင်တွေအားလုံးထဲမှာ အရင်ဆုံးလက်ထပ်ခဲ့သူဖြစ်တာကြောင့် သူရဲ့ သတို့သမီးဖြစ်
သူ နာဟေမီကို မီဒီယာတွေက ရှင်ဟွာရဲ့ ပထမဆုံးသတို့သမီးလို့ အမည်ပေးခဲ့ကြပါတယ်။ K Pop လောကကို  ဦးဆောင်ခဲ့တဲ့ Shinhwa အဖွဲ့လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့စဉ်က ရှင်ဟွာသတို့သမီး ဖြစ်ဖို့ဆိုတာ တောင်ကိုရီးယားနိုင်ငံက မိန်းကလေးတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်ခဲ့တာကြောင့် အထက်ပါအတိုင်းတင်စားပြီး အမည်ပေးခဲ့တာဖြစ်ပါတယ်။

လက်ထပ်ချိန်မှာ အဲရစ်က ၃၈ နှစ်ရှိနေပြီဖြစ်ကာ နာဟေမီကတော့ ၂၆ နှစ်သာရှိပါသေးပြီး အသက် ၁၂ နှစ်ခန့် ကွာပါတယ်။ ဒါကြောင့်လည်း လူပျိုကြီးအဲရစ်က ချစ်သူသက်တမ်းမကြာသေးတဲ့အချိန်မှာ သူ့ရဲ့ကောင်မလေးကို တစ်နှစ်နီးပါး
ကြိုပြီး လက်ထပ်ဖို့ အတိအလင်းကြေငြာလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျို
(Song Joong Ki & Song Hey Gyo)
၂ဝ၁၇ ခုနှစ်မှာ K လောကအတွင်း အလှုပ်ခတ်ဆုံး သတင်းကိုပြပါဆိုရင် ဇူလိုင်လ ၅ ရက်နေ့မှာ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ နှစ်ဦးတွဲနေကြပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာ လက်ထပ်ကြတော့မယ်ဆိုတဲ့ သတင်းလို့ ဆိုရမှာပါပဲ။ ၂ဝ၁၆ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ Descendants of the Sun ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှု အကြီးအ ကျယ်ရရှိခဲ့တဲ့ Song-Song Couple ဟာ သူတို့ နှစ်ဦးတွဲနေကြသလားဆိုတဲ့ မေးခွန်းကို အစဉ်တစိုက်ငြင်းဆန်လာခဲ့ပြီး ရုတ်တရက် လက်ထပ်မယ့်ရက်ကို ကြေငြာလိုက်တာကြောင့် ပရိသတ်တွေရော ကိုရီးယားအနုပညာလောက တစ်ခုလုံးပါ အံ့အားသင့်ခဲ့ကြရပါတယ်။ အမှန်တကယ်မှာ တော့ သူတို့ဟာ Descendants of the Sun ဇာတ် လမ်းတွဲ ရိုက်ကူးနေစဉ် ကာလမှာကတည်းက ချစ်သူတွေဖြစ်နေကြပြီလို့ သိရပါတယ်။

နောက်ဆုံးမှာတော့ သူတို့နှစ်ဦး လက်ထပ်ပြီးစီးသွားခဲ့ပါပြီ။ လောလောဆယ် လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး မင်းသားနဲ့မင်းသမီးတွေ ဖြစ်နေကြတဲ့သူတို့ရဲ့ မင်္ဂလာပွဲကို ကိုရီးယားဇာတ်လမ်းတွဲကို အားပေးကြတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်။ ခင်မင် ရင်းနှီးတဲ့ မိတ်ဆွေ ၃ဝဝ ခန့်နဲ့ပဲကျင်းပခဲ့တဲ့ သူတို့ ရဲ့မင်္ဂလာပွဲဟာ လတ်တလော သူတို့နှစ်ဦးရဲ့ အောင်မြင်မှုနဲ့နှိုင်းယှဉ်ရင် အကျဉ်းချုံးထားတဲ့ ပွဲတစ်ပွဲလို့တောင် ဆိုနိုင်ပါတယ်။ 

ဆောင်းဟေကျိုရော ဆောင်းဂျွန်ကီပါ မင်္ဂလာပွဲမှာ နာမည်ကျော် ပြင်သစ်ဖက်ရှင်တိုက် Christian Dior က သူတို့နှစ်ဦးအတွက် သီးသန့် ချုပ်လုပ်ပေးတဲ့ ဝတ်စုံများကိုဝတ်ဆင်ခဲ့ပြီး ဆောင်းဟေကျိုရဲ့ ဒေါ်လာ ၉,ဝဝဝ (ကျပ်သိန်း၁ဝဝ)ခန့်တန်ဖိုးရှိတဲ့ လက်ကိုင်ပန်းက သတင်းတွေမှာ နာမည်ကြီးခဲ့ပါတယ်။ မိုနာကိုနိုင်ငံက အိမ်ရှေ့မင်းသားနဲ့ လက်ထပ်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသမီး ဂရေ့စ်ကယ်လီ၊ အင်္ဂလန်နိုင်ငံရဲ့ ထီးနန်းကို ဆက်ခံမယ့် မင်းသားဝီလီလျံနဲ့လက်ထပ်ခဲ့တဲ့ ကိတ်မစ် ဒယ်လ်တန် တို့ သူတို့ရဲ့ မင်္ဂလာပွဲမှာ လက်ကိုင်ပန်းအဖြစ်အသုံးပြုခဲ့တဲ့  Lily of the Valley အမည်ရပန်းကိုပဲ ဆောင်းဟေကျိုက အသုံးပြုခဲ့တာပါ။ သတို့သမီးရဲ့လက်ကိုင်ပန်းတန်ဖိုးက လက်ထပ်လက်စွပ်ထက်ပိုပြီး တန်ဖိုးကြီးတယ်လို့လည်း သိရ 
ပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို စပွန်ဆာပေးလိုတဲ့စီးပွားရေးလုပ်ငန်းတွေအများအပြားရှိခဲ့ပေမယ့် လက်မခံခဲ့ဘဲ ကုန်ကျစရိတ်အားလုံးကို သူတို့ကိုယ်တိုင်ပေးချေခဲ့တယ်လို့ဆိုပြီး တရုတ်နိုင်ငံ မင်္ဂလာပွဲထုတ်လွှင့်ခွင့်ကို ဒေါ်လာ၃.၅သန်းနဲ့ ကမ်း လှမ်းတာကိုလည်း ငြင်းပယ်ခဲ့ပါတယ်။

သူတို့နှစ်ဦးလက်ထပ်စဉ်မှာ ဆောင်းဂျွန်ကီ က ၃၁ နှစ် နဲ့ ဆောင်းဟေကျိုက ၃၄ နှစ် အသီးသီး ရှိကြပြီဖြစ်ပါတယ်။