Primary tabs

Mattie Ross အဖြစ် လူသိများလာခဲ့သူ Hailee Steinfeld

အသက် ၁၄ နှစ်အရွယ်မှာ True Grit ဇာတ်ကားနဲ့ အော်စကာဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့တဲ့သူ၊ Pitch Perfect 2 မှာ ပါဝင်ခဲ့တဲ့အပြင် The Edge of Seventeen ရဲ့ ငွေကြယ်ပွင့်၊ ပထမဆုံးတစ်ကိုယ်တော် တေးသီချင်း Love Myself ကို ထုတ်လွှင့်ကာ အဆိုတော်အဖြစ်လည်း ရပ်တည်ခဲ့တဲ့သူ၊ ငယ်ငယ်လေးနဲ့ အလုပ်တွေ အများကြီး ကြိုးစားခဲ့တဲ့သူကတော့ Hailee Steinfeld ဘဲ ဖြစ်ပါတယ်။ 

Hailee Steinfeld ကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ မွေးဖွားခဲ့ပြီးတော့ ၂၀၀၇ ခုနှစ်လောက်ကနေ အနုပညာလောကထဲမှာ စတင်လှုပ်ရှားခဲ့တဲ့သူပါ။ အသက်ငယ်ငယ်လေးကတည်းက ထူးခြားတဲ့ သရုပ်ဆောင်မှုနဲ့ စွဲမက်လောက်တဲ့ သံတို့ကြောင့် နာမည်ရခဲ့သလို အောင်မြင်မှုတွေလည်း လှမ်းဆွတ်နိုင်ခဲ့သူပေါ့။  ၂၀၁၀ မှာ True Grit ရုပ်ရှင်မှာ Mattie Ross ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိတ်သတ်ရဲ့ အာရုံစိုက်မှုရရှိအောင် ဆွဲဆောင်နိုင်ခဲ့ပြီး အမျိုးမျိုးသော ဆုတွေရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။ True Grit ကနေ အောင်မြင်မှုရရှိပြီးတဲ့နောက် Miu Miu မှာ မျက်နှာသစ်တစ်ယောက်အဖြစ်နဲ့  ပေါ်ထွက်လာခဲ့ပြီး မော်ဒယ်တစ်ယောက်အဖြစ် စတင်လျှောက်လှမ်းခဲ့တယ်။

ကယ်လီဖိုးနီးယား တောင်ပိုင်းက လော့(စ) အိန်ဂျလိ့စ်မှာ သူမရဲ့ မိခင် Cheri ၊ ဖခင် Peter Steinfeld နဲ့ အစ်ကိုကြီး Griffin တို့နဲ့အတူ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ သူမရဲ့ မိခင်က အိမ်အတွင်းပိုင်းတွေကို အလှဆင်နဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး ဖခင်ကတော့ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ပေးတဲ့ ထရိန်နာတစ်ယောက်ပါ။ ဂျူးလူမျိုးဖခင်နဲ့ ဖိလစ်ပိုင်လူမျိုး မိခင်တို့ကနေ မွေးဖွားလာတဲ့ Steinfeld ဟာ Agoura တောင်တန်းတွေမှာ ကြီးပြင်းခဲ့ရပြီး နောက်ပိုင်းမှာတော့ ကယ်လီဖိုးနီးယားမှာရှိတဲ့ Oaks ကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြတယ်။

ငယ်စဉ်ကလေးဘဝက ခက်ခဲမှုဆိုတာတွေ သိပ်ပြီးမရှိခဲ့ဘဲ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းလာခဲ့တဲ့သူ တစ်ယောက်လို့ ဆိုရပါတယ်။ ပညာရေးအတွက်ဆိုရင် အစောပိုင်းပညာရေးကို  Ascension Lutheran လို နာမည်ကြီးကျောင်းမှာ ပညာသင်ခဲ့တယ်။ နောက်ပိုင်းမှာ Colina အ လယ်တန်းကျောင်းကို ပြောင်းရွှေ့ခဲ့တယ်။ အသက် ၁၁ နှစ်အရွယ်ကတည်းက အထက်တန်းရောက် တဲ့အထိ အိမ်မှာနေပြီးတော့ဘဲ ပညာကို ဆက်လက်သင်ကြားတယ်။ ၂၀၁၅ ခုနှစ်မှာ အထက်တန်းကျောင်း အောင်မြင်ခဲ့တယ်။ ပညာသင်ကြားနေရင်းကနေ ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့သူ ဖြစ်တယ်။ 

Steinfeld ဟာ သူမမိခင်နဲ့ ဝမ်းကွဲတော်စပ်သူ မင်းသမီး O’Brien ကို ရုပ်သံက ကြော်ငြာတွေမှာ  မြင်တွေ့အားကျပြီး သရုပ်ဆောင်လုပ်ဖို့ စိတ်ဝင်စားခဲ့တယ်။ အသက် ၈ နှစ် အရွယ်မှာ သရုပ် ဆောင်လုပ်ငန်းကို ဇာတ်လမ်းတိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း စတင်ခဲ့တယ်။ She’s Fox ဇာတ်လမ်းမှာ Talla Alden ဇာတ်ရုပ်နဲ့ ပါဝင်ခဲ့ပြီး ဆုပါရရှိခဲ့သေးတယ်။ ဇာတ်လမ်းတိုလေးတွေမှာ သရုပ်ဆောင်အဖြစ် အတွေ့အကြုံ ရရှိပြီးတဲ့နောက်မှာတော့ ရုပ်သံက ကြော်ငြာတွေမှာလည်း ပါဝင်ခဲ့သလို ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ True Grit ရုပ်ရှင်ရဲ့ Mattie Ross ဇာတ်ကောင်အတွက် မိန်းကလေးပေါင်း တစ်သောင်းငါးထောင်ထဲကနေ အရွေးချယ်ခံရပြီးတဲ့ နောက်ပိုင်းမှာတော့ သူမရဲ့ သရုပ်ဆောင်အလုပ်က အဆင့်ဆင့် တိုးတက်လာခဲ့တယ်လို့ ဆိုရမှာပါ။ အဲ့ဒီအချိန်တုန်းက သူမရဲ့ အသက်ဟာ ၁၃ နှစ်သာရှိပါသေးတယ်။ True Grit ရုပ်ရှင်ကို ထုတ်လွှင့်ပြသပြီးတဲ့နောက်မှာ ဝေဖန်ရေးသမားတွေဆီက တိုက်တွန်းမှုတွေကိုလည်း လက်ခံရရှိခဲ့ပါသေးတယ်။ အဲ့ဒီနောက် အီတလီ ဒီဇိုင်နာ  Miu Miu ရဲ့ မျက်နှာသစ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။

True Grit ရဲ့ နောက်ပိုင်း Steinfeld အသက် ၁၄ နှစ်အရွယ်မှာ ရှိတ်စပီးယားရဲ့ နာမည်ကျော် ပြဇာတ်ဖြစ်တဲ့ Romeo and Juliet ကို မီငြမ်းဖန် တီးထားတဲ့ ဇာတ်ကားမှာလည်း  Juliet Capulet ဇာတ်ကောင်အတွက် ကမ်းလှမ်းခံခဲ့ရတယ်။ တကယ်တော့ အဲ့ဒီဇာတ်ကောင်က အသက် ၂၀ အရွယ် မိန်းမပျိုကို ရည်ညွှန်းထားတာဖြစ်ပြီး တချို့သော အဖော်အချွတ် ဇာတ်ဝင်ခန်းတွေ ပါဝင်နေတာကြောင့် ပြဿနာပေါ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ မင်းသမီးနဲ့ ကိုက်ညီတဲ့ ဇာတ်ညွှန်းကို ပြင်ဆင်ရေးသားပေးခဲ့ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကို ထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ အမေရိကမှာရော နိုင်ငံတကာမှာပါ ညွှန်းဆိုခဲ့ကြတဲ့ အညွှန်းတွေက သိပ်မ ကောင်းခဲ့ဘူးလို့တော့ ဆိုရမှာပါ။ 

Juliet ဇာတ်ကောင်ကို သရုပ်ဆောင်ပြီးတဲ့ နောက်မှာတော့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဒရာမာဇာတ်ကားကောင်း တစ်ခုဖြစ်တဲ့ Begin Again မှာ Violet အဖြစ်ပါဝင်ခဲ့တယ်။ အဲ့ဒီဇာတ်ကားကတော့ အမေရိကမှာဘဲ ကန့်သတ်အနေနဲ့ ထုတ်လွှင့်ခဲ့ပြီး စပြီးရုံတင်တဲ့ အပတ်မှာတင် ဒေါ်လာ တစ်သိန်းသုံးသောင်းကျော် ဝင်ငွေရရှိ အောင်မြင်ခဲ့တယ်။ အဲ့ဒီဇာတ်ကားတွေအပြင် The Magic Bracele မှာ Angela၊ Barely Lethal မှာ Megan Walsh ၊ The Edge of Seventeen မှာ Nadine Franklin စသဖြင့် ဇာတ်ကားတွေ တစ်ခုပြီး တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ သူမ ပုံဖော်သရုပ်ဆောင်ခဲ့တဲ့ Nadine Franklin ဇာတ်ကောင်အတွက် ရွှေကမ္ဘာလုံးဆုမှာတုန်းက အကောင်းဆုံးသရုပ်ဆောင်အဖြစ် ဆန်ကာတင်စာရင်း ဝင်ခဲ့တယ်။ 

ရုပ်ရှင်ဇာတ်ကားတွေအပြင် သူမကို ရုပ်သံဇာတ်လမ်းတွဲတွေကြောင့်လည်း လူသိများပါတယ်။ သူမဟာ  Back to You မှာ Little Girl ၊ Sons of Tucson မှာ Bethany Springs နဲ့ Annie’s Room မှာတော့ Narrator အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ The Cab ရဲ့ Endlessly ၊ Pentatonix ရဲ့ Sing စတဲ့ သီချင်း ဗီဒီယိုတွေမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။ 

Steinfeld ဟာ Sarah Hyland ၊ Odeya၊ Taylor Swift နဲ့ Selena Gomez တို့လို ဟောလိ့ဝုဒ်က နာမည်ကြီး မင်းသမီးတွေနဲ့လည်း နီးစပ်မှုရှိပါတယ်။ သူမဟာ Taylor Swift ရဲ့ squad အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုကျော် Selena Gomez နဲ့ Gigi Hadid တို့နဲ့အတူ စင်ပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း ပြောရမယ်ဆိုရင် Hailee Steinfled ဟာ နာမည်ကြီး လူမှုကွန်ယက်တွေဖြစ်တဲ့ Twitter နဲ့ Instagram တို့မှာလည်း ပရိသတ်ကို လွှမ်းမိုးထားနိုင်ပြီး Instagram မှာဆို ဖော်လိုဝါ ၇ သန်းကျော် ရရှိထားတဲ့ သူတစ်ယောက်ဆိုတာလေး ပြောရင်း ဒီတစ်လအတွက် နှုတ်ဆက်လိုက်ပါတယ်။