Primary tabs

စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ စူပါမင်းသမီး Gal Gadot

Gal Gadot ဟာ အစ္စရေးနိုင်ငံသူ သရုပ်ဆောင် မော်ဒယ်တစ်ယောက်ပါ၊ Fast & Furious ရုပ်ရှင် ဇာတ်လမ်းတွဲတွေထဲက Gisele Yashar ဆိုတဲ့ ဇာတ်ကောင်နဲ့ သူမကို လူသိများကြပါတယ်။ 

Gal Gadot ကို ၁၉၈၅ ခုနှစ် ဧပြီ ၃ဝ ရက်မှာ အစ္စရေးရှိ Rosh HaAyin မှာ မွေးဖွားခဲ့တယ်။ သူမရဲ့ ဖခင်က အင်ဂျင်နီယာဖြစ်ပြီး မိခင်ကတော့ ကျောင်းဆရာမပါ။ Gadot ဟာ ငယ်စဉ်ဘဝမှာ အကပညာနဲ့ အားကစားအမျိုးမျိုးကို လေ့လာလိုက်စားတဲ့ အားကစားဝါသနာပါသူလေး ဖြစ်ပါတယ်။ သူမရဲ့ ဘဝရည်မှန်းချက်တွေထဲက တစ်ခုကတော့ ကကွက်စီစဉ်ဖန်တီးသူဖြစ်ဖို့ဆိုပြီး Vanity Fair မှာ ပြောခဲ့ဖူးပါတယ်။ သူမဟာ အထက်တန်း ကျောင်းတုန်းက ဇီဝဗေဒ အဓိကနဲ့ တက်ရောက်ခဲ့ပြီး မြင့်မားတဲ့ အရပ်အမောင်းကြောင့် ဘတ်စကတ်ဘော ကစားရာမှာလည်း ထူးချွန်တဲ့သူပါ။ 

Gadot ဟာ အသက် ၁၈ နှစ်အရွယ်မှာ Miss Israeli အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ သူမ ထင်တာက မယ်ပြိုင်ပွဲတွေမှာ ပါဝင်ရတာက အတွေ့အကြုံကောင်းတစ်ခုပေါ့။ ဒါပေမဲ့ သူမဟာ Miss တစ်ယောက် ဖြစ်ခွင့်ရလိမ့်မယ်လို့တော့ တစ်ခါမှ တွေးမထားမိခဲ့ပါဘူးတဲ့။ သူမ ခေါင်းပေါ်ကို သရဖူလာရောက် အပ်နှင်းတဲ့ အချိန်တုန်းက အံ့သြဝမ်းသာမှုအပြည့်နဲ့ပေါ့။ အဲ့ဒီ အောင်မြင်မှုက သူမကို မော်ဒယ်တစ်ယောက်အဖြစ် တွန်းပို့ပေးခဲ့တယ်။ Miss Israeli အဖြစ် အနိုင်ရရှိခဲ့ပြီးတဲ့နောက် အီကွေဒေါမှာ ကျင်းပတဲ့ Miss Universe ပွဲကို နိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ 

သူမ အသက် ၂ဝ အရွယ်ကစလို့ အစ္စရေး ကာကွယ်ရေး တပ်မတော်မှာ ၂ နှစ်ကြာ စစ်မှုထမ်းခဲ့တယ်။ စစ်တပ်က လေ့ကျင့်ပေးမှုတွေက သူမရဲ့ ဘဝကို ကိုယ့်စည်းကမ်းကို လိုက်နာစေတတ်ခဲ့ပြီး သူမကတော့ သူမအသက်မွေးဝမ်းကြောင်းလုပ်
ငန်းရဲ့ အနာဂတ်လမ်းခရီးအတွက် အဖိုးတန်သင်ခန်းစာတွေ ဖြစ်လာခဲ့တယ်လို့ ပြောလေ့ရှိပါတယ်။ စစ်မှုထမ်းကာလ ပြီးဆုံးသွားတဲ့နောက်မှာတော့ Gadot ဟာ ဥပဒေပညာကို လေ့လာဖို့ ကောလိပ်ကို သွားခဲ့လိုက်သေးတယ်။  

ဥပဒေကျောင်းကို ပထမနှစ် တက်ရောက်ပြီးတဲ့နောက် ဒါရိုက်တာ Justin Lin က သူမကို Quantum of Solace မှာ Camillle Montes ဆိုတဲ့ ဇာတ်ကောင်အတွက် အရည်အချင်း လာရောက်အစစ်ဆေးခံဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ သူမအနေနဲ့ ကြိုးစားခဲ့ပေမယ့် Olga Kurylenko ကို ရှုံးနိမ့်ခဲ့ပြီး Quantum of Solace မှာ ပါဝင်ခွင့်ရခဲ့ရှာဘူး။ အဲ့ဒီနောက်မှာ သရုပ်ဆောင်ဘဝကို စိတ်ဝင်စားမှုက ပိုပြီးတော့ ထင်ရှားလာခဲ့တယ်။ ဥပဒေပညာကို ဆက်လက်သင်ကြားရတာထက် သရုပ်ဆောင်နေရတာက အများကြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်လို့ ယူဆခဲ့တယ်။ မကြာခင်မှာဘဲ အစ္စရေး ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်တွေမှာလည်း ပါဝင်ခွင့်ရလာခဲ့တယ်။ 

Gadot ကို အလားအလာရှိတဲ့ သူတစ်ယောက်အဖြစ် သိမြင်တဲ့အပြင် သူမကို မဆုံးရှုံးချင်တဲ့ Lin ဟာ Fast & Furious မှာ Gisele ဆိုတဲ့ ဇာတ်ကောင်အတွက် ကမ်းလှမ်းခဲ့တယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ Vin Diesel နဲ့ Paul Walker တို့နဲ့ တွဲဖက်လို့ Gisele အဖြစ် Fast & Furious မှာ ပထမဆုံး ရုပ်ရှင်အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့တယ်။ ၂ဝ၁၁ မှာ Fast Five ၊ ၂ဝ၁၃ မှာ Fast & Furious 6 နဲ့ ၂ဝ၁၅ မှာတော့ Furious 7 ဆိုပြီး ဆက်တိုက်ဆိုသလို ပါဝင်ခဲ့တယ်။ 

အဲ့ဒီနောက်တော့ Gadot ဟာ ငွေကြေးပမာဏများစွာ အကုန်ကျခံရိုက်ကူးခဲ့ရတဲ့ အက်ရှင်ဇာတ်ကား Batman v. Superman : Dawn of Justice (2016) ရုပ်ရှင်မှာ  Wonder Woman ဇာတ်ရုပ်ကို ဖော်ညွှန်းသရုပ်ဆောင်ခွင့် ရရှိခဲ့ပြန်ပါတယ်။စူပါဟီးရိုးတစ်ယောက်အဖြစ် သူမရဲ့ အနုပညာမြောက် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်တင်ဆက်မှုတွေကြောင့်ဘဲ ရုပ်ရှင်ထဲမှာ အကောင်းဆုံးဇာတ်ကောင်အဖြစ် လူသိများခဲ့တယ်။ Wonder Woman ဟာ သူမအတွက်တော့ စူပါဟီးရိုးအဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့ဖူးတာဖြစ်ပေမယ့် အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင် သေသေသပ်သပ်လေး လုပ်ပြနိုင်ခဲ့တယ်။ အဲ့ဒီဇာတ်ရုပ်က သူမအတွက် စိန်ခေါ်မှုတွေ ရှိခဲ့တယ်။ အဲ့ဒါတွေထဲက တစ်ခုကိုပြောပါဆိုရင်တော့ သူမရဲ့ဝတ်စုံက ပုံမှန် အသက်ရှုလို့ မရအောင် ကျပ်တည်းလွန်းနေခဲ့ တာပါတဲ့။ အဝတ်အစား ပြဿနာကလွဲလို့ Gadot ဟာ အတုယူအားကျစရာ Wonder Woman အဖြစ် ထူးထူးခြားခြား သရုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

Batman vs  Superman ရဲ့ ကြောက်ခမန်းလိလိ အောင်မြင်မှုရရှိပြီးတဲ့နောက်မှာတော့ Justice League နဲ့ Wonder Woman  တို့ကို ရိုက်ကူးဖို့ စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အဲ့ဒီဇာတ်ကောင်တွေအတွက် ကွန်ဖူးကစ်ဘောက်ဆင်၊ အကနဲ့ တေးဂီတနဲ့ တိုက်ခိုက်ရေးနည်းပညာတို့ ပေါင်းစပ်ထားတဲ့ capoeira အပြင် ဘရာဇီးလူမျိုးတို့ရဲ့ Jiu-jutsu စတဲ့ တိုက်ခိုက်ရေး ပညာရပ်တွေကို အပြင်းအထန် လေ့ကျင့်ပေးခံခဲ့ရတယ် လို့လည်း သိရပါတယ်။ Wonder Woman က ၂ဝ၁၇ မေ ၅ ရက်မှာ ရုံတင်ခဲ့ပြီး Justice League ကိုတော့ နိုဝင်ဘာမှာ ရုံတင်ခဲ့ပြီးပါပြီ။ 

သူမရဲ့ စူပါဟီးရိုးအဖြစ် သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတွေအပြင် Gadot ဟာ ၂ဝ၁၆ မှာတော့ အခြားသော ဇာတ်ကောင်တွေအဖြစ်လည်း ကြိုကြားကြိုကြား တွေ့မြင်ရတယ်။ John Hillcoat ရဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းဖြစ်တဲ့ Triple 
9 အပါအဝင်ပေါ့။ အဲ့ဒီဇာတ်ကားမှာတော့ သူမဟာ Kate Winslet ၊ Aaron Paul တို့နဲ့ အပြိုင် သရုပ်ဆောင်ခဲ့ရတာပါ။ Criminal ဆိုတဲ့ သည်း ထိတ်ရင်ဖို ဇာတ်ကားမှာလည်း Ryan Reynolds ရဲ့ ဇနီးအဖြစ်ပါဝင်ခဲ့ပြီး Keeping Up with the 
Joneses ဆိုတဲ့ ဇာတ်မြူးလေးမှာတော့ Isla Fisher နဲ့ Jon Hamm တို့ရဲ့ နံဘေးက လျှို့ဝှက်အေးဂျင့်အဖြစ် တွေ့ရမှာဘဲ ဖြစ်ပါတယ်။ 

Gadot ဟာ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့အပြင် နာမည်ကြီး မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။ Women of the Israeli Army ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံရိုက်ကူးမှုမှာ ပါဝင်ခဲ့ပြီး နယူးယောက်ပို့စ်ရဲ့ မျက်နှာဖုံးအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ Captain Morgan rum, Gucci fragrances, Vine Vera skincare ranges, Jaugar Cars တို့လို နိုင်ငံတကာ ကမ်ပိန်းတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့တဲ့သူပါ။ သူမ ဟာ Gucci  ရဲ့ Bamboo ရေမွှေးအမှတ်တံဆိပ်၊ Huawei smartphone နဲ့ Miss Sixty တို့ရဲ့ ကိုယ် စားပြုအဖြစ် ဆောင်ရွက်ခဲ့တယ်။ 

၂ဝဝ၈ ကစလို့ ၂ဝ၁၆ အထိ Castro အမှတ်တံဆိပ်ရဲ့ အဓိက မော်ဒယ်အဖြစ် တာဝန်ယူခဲ့ပြီး Cosmopolitan, Glamour, Bride, Entertainment Weekly, UMM , Cleo, Fashion, Lucire နဲ့  FHM တို့လို့ နာမည်ကြီး မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ ထည့်သွင်းဖော်ပြခံခဲ့ရတယ်။ 

Gadot ဟာ Yaron Versano အမည်ရ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ ၂ဝဝ၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သူတို့စုံတွဲဟာ Maya Versano နဲ့ Alma Versano ဆိုတဲ့ သမီး ၂ ယောက်ကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒီလောက်ဆိုရင်တော့ စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ရင်း လူသိများခဲ့တဲ့ မင်းသမီးအကြောင်းနဲ့ ပတ်သက်လို့ ကျေနပ်ကြမယ်ထင်ပါတယ်။

Ref: https://www.biography.com/people/gal-gadot-032916