Primary tabs

သူတို့ရဲ့ ပြောမှားဆိုမှားလေးတွေ

တချို့သော ကိစ္စရပ်တွေ ဖြစ်မလာစေဖို့၊ ပြဿနာမပေါ်စေဖို့အတွက် လူမှုဆက်ဆံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေ ထားရှိပေမဲ့လည်း နာမည်ကျော်တို့ဟာ တစ်ခါတရံမှာတော့ ပြောမှားဆိုမှားလေးတွေရှိသလို လုပ်မှားကိုင်မှားလေးတွေလည်း ဖြစ်တတ်ပါတယ်။ သူတို့တွေသည်လည်း လူတွေထဲက လူတွေဖြစ်နေတာမို့ပါ။ တကယ်တော့ နာမည်ကျော်တို့တွေထဲက ဘယ်သူ့နာမည်ကိုဘဲ ရေရွတ်ကြည့်သည်ဖြစ်စေ တစ်ဦးချင်းစီဟာ တစ်ခုမဟုတ် တစ်ခုနဲ့တော့ ပြဿနာဖြစ်ခဲ့ဖူးတာ၊ အမှားလုပ်ခဲ့ဖူးတဲ့ အကြောင်းအရာတွေက ပေါ်ထွက်လာမှာပါဘဲ။ ကုန်လွန်ခဲ့တဲ့ ၂ဝ၁၇ မှာ ဘယ်သူတွေက ဘယ်လိုတွေ လွဲခဲ့မှားခဲ့ကြသလဲဆိုတော့...

Kim Kardashian  ရဲ့ Aalyiah ဝတ်စုံ 
Kim Kardashian ဟာ Cher နဲ့ Madonna တို့ အပါအဝင် ဟောလိုးဝင်း ဝတ်စုံသုံးလေးမျိုးကို ဒီနှစ်အတွင်းမှာ ဝတ်ဆင်ခဲ့ပါတယ်။ နာမည်ကျော် တေးသံရှင် Aaliyah လို ဝတ်ဆင်ခဲ့ပြီးတဲ့နောက်မှာတော့ လူတွေက သူမကို တော်တော်လေး စိတ်ဆိုးဒေါသဖြစ်ခဲ့ကြပါတယ်။ သူတို့တွေက Kardashian ရဲ့ ဝတ်ဆင်မှုနဲ့ ပတ်သက်လို့ သူတို့မနှစ်သက်ရတဲ့ အကြောင်းကို Twitter ပေါ်မှာ Karda-shian ဟာ ဖြစ်သင့်တာထက် ကျော်လွန်ပြီးတော့ အပိုတွေ မလုပ်သင့်တဲ့အကြောင်း ရေးသားဖော်ပြခဲ့ကြတယ်။ အခြားသူတွေကတော့ Kardashian ဟာ Aaliyan အပါအဝင် သူမအနှစ်သက်ဆုံး အနုပညာ ရှင်တွေကို အရိုအသေပေး ဂုဏ်ပြုတဲ့သဘောလောက်သာဖြစ်ပြီး ထိခိုက်စေလိုခြင်း မရှိဘူးလို့ ဆိုခဲ့ကြတာပေါ့။ 

Victoria’s Secret ဖက်ရှင်ရှိုးမှာ လျှောက်လှမ်း ခွင့်မရခဲ့တဲ့ Gigi Hadid
၂ဝ၁၇ ရဲ့ အစောပိုင်းကာလတွေမှာ Gigi Hadid တစ်ယောက်တော့ သူမကို မလိုလားတဲ့ တုန့်ပြန်မှုတွေ အများကြီးကို လက်ခံခဲ့ရပါတယ်။ သူမရဲ့ ညီမငယ် Bella Hadid က တွစ်တာကနေ ဗီဒီယိုကလစ်တစ်ခုကို ပို့စ်တင်လိုက်ပြီးတဲ့ နောက်ပိုင်းလို့ ဆိုရမှာပေါ့။ အဲ့ဒီဗီဒီယိုထဲမှာ Gigi ဟာ အာရှသားတို့ရဲ့ တန်ဖိုးထားအပ်တဲ့ ထူးခြားချက်တွေကို လှောင်ပြောင်ထားတဲ့ပုံ ဖြစ်နေခဲ့ပါတယ်။ Hadid   က ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တရုတ်ရဲ့လူမှုကွန်ယက်တွေကနေတစ်ဆင့် တောင်းပန်ခဲ့ရတယ်။ ဒါပေမဲ့ ရှန်ဟိုင်းမှာ ကျင်းပပြုလုပ်မယ့် Victoria’s Secret ဖက်ရှင်ရှိုးက သိပ်ကိုနီးကပ်နေတဲ့ အချိန်မှာဘဲ သူမဟာ ရှိုးပွဲမှာ ပါဝင်လျှောက်လှမ်းခွင့်မရခဲ့ပါဘူး။ တချို့သူတွေကတော့ သူမဟာ နိုင်ငံကူးလက်မှတ် အချိန်မီ မရရှိခဲ့ဘူးလို့လည်း ထင်ကြေးပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ GigiGetOufOfChina ဆိုတဲ့ hashtag ပါ စာသားက သူမရှိုးပွဲမှာ ပါဝင်ခွင့်နဲ့ ပတ်သက်လို့ ခွင့်ပြုချက်မရခင် အစောပိုင်းမှာ ခပ်မြန်မြန်ကို ပြန့်နှံ့နေခဲ့တာပါ။ ရှိုးပွဲမှာ ပါဝင်လျှောက်လှမ်းဖို့အတွက် Hadid ရဲ့ အရည်အချင်းထက် hashtag ပါတဲ့ စာကြောင်းလေးက လွှမ်းမိုးမှုပိုရှိခဲ့လေသလားဆိုပြီး အံ့အားသင့်ခဲ့ကြရပါသေးတယ်။ 

Instagram ကို ဖျက်ခဲ့ရတဲ့ Patrick Adams
Suits ရှိုးပွဲမှာ Meghan Markle ရဲ့ ချစ်သူ အဖြစ် တွဲဖက်သရုပ်ဆောင်သူ Patrick J. Adams ဟာ Markle က သူ့ပါးပြင်ကို စနောက်နမ်းရှုံ့နေတဲ့ ဓာတ်ပုံကို ပို့စ်တင်ခဲ့တယ်။ ဓာတ်ပုံကိုတော့ Ross and Rachel - the next generation ဆိုပြီး ပုံစာရေးခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အင်တာနက်မှာ အငြင်းပွားမှုတွေ အများကြီးဖြစ်ခဲ့ပြီး Adams ဟာ သူ့ရဲ့ Instagram အကောင့်ကိုပါ ဖျက်လိုက်ရတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။ ‘ဒါက တခြားအရာတွေ နဲ့ မတူဘဲ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ချစ်စရာကောင်းတဲ့ အခိုက်အတန့်ကလေးပါ။ ဒါက ကျွန်တော့်ကို ဘာကြောင့်ဒီလို ဆိုးဆိုးရွားရွား ဖြစ်သွားရသလဲ ဆိုပြီး ခံစားရစေပါတယ်။ ကျွန်တော်တို့က မောင်နှမတွေလိုပါဘဲ။ တခြားအရာတွေ တုန်လှုပ်စရာ ပတ်သက်မှုတွေ မရှိပါဘူး။ ဒါပေမဲ့ ဒါက လူတွေရဲ့ ပြောစရာတော့ ဖြစ်ခဲ့ရပါတယ်။’ လို့ Adams က ပြောကြားခဲ့ပါတယ်။ အဖြစ်အပျက်တွေက ပြီး တော့လည်း ဖြည်းဖြည်းချင်း မှေးမှိန်သွားရတာပါဘဲ။ Adams က Instagram ကို ပြန်သုံးပြီးတဲ့ နောက်ပိုင်းမှာတော့ Markle နဲ့ မင်းသား Harry တို့ရဲ့ စေ့စပ်ကြောင်းလမ်း မင်္ဂလာအတွက် ကြေငြာချက် ထွက်ပေါ်လာပြီးနောက် Adams က သူတို့နှစ်ယောက်ဦးကို စနောက်ထားတဲ့ ပို့စ်မျိုး တင်ထားခဲ့ပါသေးတယ်။

သန့်စင်ခန်းထဲက ဆေးလိပ်ခိုးသောက်ကြသူများ 
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်တဲ့ Met Gala ပွဲမှာတုန်းက Bella Hadid, Dakota Jonson, Rami Malek, Marv Jacobs နဲ့  Courtney Love တို့တွေ သန့််စင်ခန်းထဲမှာ ဆေးလိပ်သောက်နေကြတဲ့ပုံတွေ လူမှုကွန်ယက်ပေါ် ရောက်ရှိခဲ့ပါတယ်။ အလုံပိတ်အခန်းတွေထဲမှာ ဆေးလိပ်သောက်ခြင်း အထူးသဖြင့် ဘား ဒါမှမဟုတ် ကဖေးတွေမှာ ဆေးလိပ်သောက်သုံးခြင်းဟာ နယူးယောက်စီးတီးမှာတော့  ၂ဝဝ၃ ခုနှစ် အခန်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်တဲ့  Smoke Free Air ဥပဒေအရ တရားမဝင်တဲ့ အပြုအမူအဖြစ် ယူဆလို့ရပါတယ်။ သူတို့ရဲ့ ပုံတွေကိုကြည့်ပြီး  ပြတိုက်အလှူရှင်တွေနဲ့ နယူးယောက်စီးတီးရဲ့ ကျန်းမာရေး ဌာနတွေက ယမ်းပုံမီးကျ ဖြစ်ခဲ့ကြတာပေါ့။ နယူးယောက်စီးတီးရဲ့ ကျန်းမာရေး ကော်မရှင်နာ Dr. Mary Bassett က MET ရဲ့ တာဝန်ခံဆီကို ‘တချို့သော အနုပညရှင်တွေဟာ ဆေးလိပ်သောက်တာကို သူတို့ရဲ့ ဖက်ရှင်တစ်ခုအဖြစ် ရွေးချယ်ကြတဲ့အပြင် နယူးယောက်စီးတီးရဲ့ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်ကြတာကို တွေ့ရလို့ ကျွန်မတို့ အရမ်းကိုဘဲ တုန်လှုပ်မိပါတယ်။ The Met လိုပွဲမျိုးကို တက်ရောက်လာကြတဲ့ သူတွေ အပါအဝင်အများနဲ့ သက်ဆိုင်တဲ့နေရာကို လာရောက်ကြတဲ့သူ အားလုံးဟာ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ ရှုရှိုက်မိသူအဖြစ်ကနေ ကာကွယ်ပေးခြင်းခံရဖို့ ထိုက်တန်ပါတယ်။’ ဆိုပြီး စာရေး ပြောကြားခဲ့ပါတယ်။

Johnny Depp ပြောတဲ့ ပျော်စေပျက်စေ လုပ်ကြံမှုအကြောင်း 
Glastonbury ပွဲတော်မှာ Johnny Depp က သမ္မတ Donald Trump ကို လုပ်ကြံတဲ့သဘောသက်ရောက်တဲ့ ဟာသကို ပျော်စေပျက်စေဆိုပြီး ပြောခဲ့ပါတယ်။ သူပြောတာက ‘သရုပ်ဆောင် တစ်  ယောက်ကို သမ္မတအဖြစ် လုပ်ကြံခံရတာ ဘယ်တော့များမှ အဆုံးသတ်မှာလဲ။’ ဆိုပြီးတော့ပါ။ ပုံမှန်အတိုင်းဆိုရင် သူပြောတဲ့ ဟာသက သိပ်ပြီးပြောင်မြောက်တာ မဟုတ်ပေမဲ့ အိမ်ဖြူတော်ကတော့ ‘သမ္မတ Trump ဟာ ထိတ်လန့်စရာကောင်း လောက်အောင် ပုံစံအမျိုးမျိုးနဲ့ ပြစ်တင်ရှုံ့ချခံနေရတာဟာ စိတ်မကောင်းစရာပါဘဲ။ Johnny Depp လိုမျိုးဘဲ အခြားသူတွေဟာလည်း သူ့ရဲ့ ဦးဆောင်မှုနောက်ကို မလိုက်ပါကြပါဘူး။ ဒီမိုကရေစီနည်းလ မ်းကျ ရွေးချယ်ခံထားရတဲ့သူအပေါ် တိုက်ရိုက်ရည်ညွှန်းတာ ဖြစ်ခဲ့မယ်ဆိုရင် တချို့သော Mr.Depp ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဒီလို နှုတ်စလျှာစရဲတာနဲ့ ပတ်သက်လို့ လူသိရှင်ကြား ပြင်းပြင်းထန်ထန် ပြောဆိုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။’ ဆိုပြီး ထုတ်ပြန်ခဲ့တယ်။ Depp က ‘သမ္မတ Trump နဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ညက ကျွန်တော်ပြောခဲ့မိတဲ့ မကောင်းတဲ့ဟာသအတွက် တောင်းပန်ပါတယ်။ ကျွန်တော်ရဲ့ အမှန်တကယ် ရည်ရွယ်ရင်းက အဲ့ဒီအတိုင်းတော့ မဟုတ်ပါဘူး။ ထိခိုက်စေဖို့အတွက်လည်း မရည်ရွယ်ပါဘူး။ ရယ်မောရရုံ သက်သက်အတွက်သာ ပြောလိုက်
တာပါ။ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။’ ဆိုပြီး ဝန်ချတောင်းပန်တဲ့ အကြောင်းအရာကို ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။

Ref: The Biggest and Most Cringe-Worthy Celebrity Scandals of 2017
https://www.thefamouspeople.com/profiles/gal-gadot-13356.php