Primary tabs

ညှို့အားပြင်း အိုင်းရစ်မင်းသား Aidan Turner

သဘာဝလွန် ဇာတ်လမ်းတွေကို အခြေခံရိုက်ကူးထားတဲ့ The Hobbit ထဲမှာ Kili ဇာတ်ရုပ်ကို ဖော်ကျူးသရုပ်ဆောင်ရင်း လူသိများလာတဲ့ အိုင်းရစ်လူမျိုး သရုပ်ဆောင်၊ အစောပိုင်းမှာတော့ စင်တင်ပြဇာတ်တွေမှာ ပါဝင်ခဲ့တဲ့သူ၊ Winston Graham ရဲ့ The Poldark Novels အမည်ရ ဘီဘီစီ မီငြမ်းဇာတ်လမ်းမှာ Ross Poldark အဖြစ် သရုပ်ဆောင်ရင်း ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့သူ၊ သဘာဝလွန် ဇာတ်ရုပ်တွေကို သရုပ်ဆောင်ရာကနေ နာမည်ရခဲ့သူ၊ နောက်ပြီး ၂ဝ၁၆ ခုနှစ်မှာ တော့ အင်္ဂလန်က Glamour မဂ္ဂဇင်းကနေ ကမ္ဘာ့ညှို့အားအပြင်းဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံခဲ့ရသူ အမိုက်စား အချိုးအစားနဲ့ မင်းသား၊ သူကတော့ Aidan Turner ပါ။ 

Aidan Turner ကို ၁၉၈၃ ခုနှစ် ဇွန် ၁၉ ရက်မှာ အိုင်ယာလန်နိုင်ငံ ဒက်ဘလင်မြို့ရဲ့ ဆင်ခြေဖုံးတစ်နေရာမှာ မွေးဖွားခဲ့တယ်။ ဖခင်ဖြစ်သူကတော့ လျှပ်စစ်ကျွမ်းကျင်သူပေါ့။ မိခင်ကတော့ စာရင်းကိုင်အဖြစ် အသက်မွေးဝမ်းကြောင်းတဲ့သူ။ St Mac Dara ရဲ့  ကောလိပ်မှာ တက်ရောက်ပညာသင်ကြားခဲ့တယ်။ ကျောင်းသားဘဝမှာတော့ သိပ်ပြီးထူးချွန်တဲ့သူ မဟုတ်ခဲ့ပါဘူး။ အထက်တန်းကျောင်းပြီးတဲ့နောက် ဖခင်ဖြစ်သူရဲ့ အလုပ်မှာ အလုပ်သင်အဖြစ်နဲ့ ကူညီလုပ်ကိုင်ပေးခဲ့သေးတယ်။ ကဇာတ်ရုံတွေမှာ သွားရောက်လုပ်ကိုင်ရာတာမို့ ဖခင်ကို ကူညီရင်းက သရုပ်ဆောင်အလုပ်ကို စိတ်ဝင်စားမိသွားတယ်။ နောက်ပိုင်းမှာတော့ ဒက်ဘလင်မှာရှိတဲ့ Gaiety သရုပ်ဆောင်သင်တန်းကျောင်းမှာ လျှောက်လွှာတင်ဖြစ်တယ်။ Gaiety သရုပ်ဆောင် သင်တန်းကျောင်းကနေ ၂ဝဝ၄ ခုနှစ်မှာ ဘွဲ့ရခဲ့တယ်။ 

၆ နှစ်သားအရွယ်မှာ လက်တင်အမေရိက ကနေ အစပြုခဲ့တဲ့ စုံတွဲအကတွေကို ကတဲ့သူအဖြစ် လေ့ကျင့်သင်ကြားပေးခြင်းခံခဲ့ရပြီး အစောပိုင်း ကာလတွေတုန်းကတော့ ကခုန်ခြင်းနဲ့ ပတ်သက်လို့ နိုင်ငံကိုယ်စားပြု ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ စုံတွဲအကတွေမှာတော့ ဆရာကြီးပေါ့။ သရုပ်ဆောင်ဘဝ အစောပိုင်းနေ့ရက်တွေမှာတော့ ဘာဘီကန်လို ကဇာတ်ရုံတွေမှာ The Plough and the Stars တို့လို စင်တင်ပြဇာတ်၊ Abbey ကဇာတ်ရုံရဲ့ A Cry from Heaven နဲ့ Focus ကဇာတ်ရုံရဲ့ Suddenly Last Summer တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တယ်။

ရုပ်သံဇာတ်လမ်းတွေဆီကို ကူးပြောင်းခဲ့တာ ကတော့ The Tudors ရဲ့ ပထမဇာတ်လမ်းတွဲမှာ Bedoli မှာအဖြစ် သရုပ်ဆောင်ရင်းနဲ့ပါ။ အသိအမှတ်ပြုခံရတာမျိုးတော့ မရှိခဲ့ပေမယ့် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ ရိုက်တဲ့ The Clinic ဇာတ်လမ်းတွဲမှာ Ruairi McGowan အဖြစ် အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့အတွက် အကူအညီဖြစ်စေခဲ့တယ်။ ရုပ်သံဇာတ်လမ်းတွေမှာ ထိုးဖောက်အောင်မြင်မှုကတော့ Being Human မှာ ဗမ်ပိုင်းယား John Mitchell အဖြစ် ဖော်ညွှန်းသရုပ်ဆောင်ရာက စခဲ့တာပါ။ အဲ့ဒီရုပ်သံဇာတ်လမ်းကို ၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ အတွဲ ၃ ခု၊ ၃ နှစ်ဆက်တိုက် ရိုက်ကူးပါဝင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ Hattie ဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ဘီဘီစီရဲ့ rate အပေးခံရဆုံး ရုပ်သံဇာတ်လမ်းမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ 

နောက်ပြီးတော့ Winston Graham ရဲ့ The Poldark Novels အမည်ရ ဘီဘီစီ မီငြမ်းဇာတ်လမ်းမှာ Ross Poldark အဖြစ် သရုပ်ဆောင်ဖို့ လက်မှတ်ထိုးခဲ့တယ်။ အဲ့ဒီဇာတ်ရုပ်အတွက် ဒရာမာချန်ပီယံအမျိုးအစားမှာ ၂ဝ၁၄၊ ၂ဝ၁၅ နဲ့ ၂ဝ၁၆ ခုနှစ်အတွက် ၃ နှစ်ဆက်တိုက် Radio Times Champion ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Turner ဟာ သဘာဝလွန်ဇာတ်ရုပ်တွေ သရုပ်ဆောင်ခဲ့တာတွေအတွက် နာမည်ရခဲ့တယ်။

ရုပ်ရှင်ဇာတ်လမ်းတွေဘက်ကို စပြီးခြေဦး လှည့်ခဲ့တာကတော့ The Sound of People နဲ့  Matterorn နဲ့ပါ။ ၂ဝ၁၁ ခုနှစ်မှာတော့ Aidan ဟာ ဒါရိုက်တာ Peter Jackson ညွှန်ကြားရိုက်ကူးပြီး JRR Tolkien ရဲ့ The Hobbit အမည်ရ မီငြမ်း ရုပ်ရှင်မှာ Kili အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်။ သုံးကားတွဲ ရုပ်ရှင်ထဲက ပထမဆုံး ရုပ်ရှင် The Hobbit : An Unexpected Journey ကို ၂ဝ၁၂ မှာ ထုတ်လွှင့်ပြသခဲ့ပြီး အကြီးအကျယ် အောင်မြင်ခဲ့တယ်။ 

၂ဝ၁၃ ခုနှစ်မှာတော့ Turner ဟာ The Hobbit ထဲက ဒုတိယမြောက်ရုပ်ရှင် The Hobbit : The Desolation of Smaug နဲ့ စာရေးသူ Cassandra Clare ကိုယ်တိုင်ချီးကျူးထောမနာပြုခဲ့တဲ့  The Mortal Instruments: City of Bones တို့မှာ  ပြန်လည်ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ The Hobbit ဇာတ်လမ်းတွဲတွေရဲ့ နောက်ဆုံးအတွဲဖြစ်တဲ့ The Hobbit : The Battle of the Five Armies ကိုတော့ ၂ဝ၁၄ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒီဇာတ်ကားကလည်း တော်တော်လေး အောင်မြင်ခဲ့တာပါဘဲ။

၂ဝ၁၅ မှာတော့ The Hobbit ကနေရရှိတဲ့ အောင်မြင်မှုတွေကို အားဖြည့်ခံစားပြီး The Secret Scripture နဲ့ Look Away တို့ကို ရိုက်ကူးရင်း သရုပ်ဆောင်ဘဝရဲ့ခြေလှမ်းသစ်တွေ လှမ်းခဲ့တဲ့နှစ်ပေါ့။ တစ်နှစ်တည်းမှာဘဲ ရုပ်သံဇာတ်လမ်းတွဲလေးတွေကိုလည်း ရိုက်ကူးခဲ့တယ်။ အဲ့ဒီထဲက သူဆွတ်ခူးခဲ့တဲ့ အောင်မြင်မှုအကြောင်း ပြောပါဆိုရင်တော့ Poldark ပါဘဲ။ Poldark က အင်္ဂလန်၊ ဥရောပနဲ့ သြစတေးလျတို့မှာတော့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တာပါ။ အဲ့ဒီအောင်မြင်မှုတွေက ဒုတိယဇာတ်လမ်းတွဲနဲ့ တတိယဇာတ်လမ်းတွဲတွေအဖြစ် ရောက်ရှိဖို့အတွက်လည်း အကြောင်းခိုင်လုံစေခဲ့တာပေါ့။ ၂ဝ၁၇ ခုနှစ်ရဲ့ အနုပညာလှုပ်ရှားမှုဆိုရင်တော့ Loving Vincent ဇာတ်ကားမှာ လှေသမားတစ်ယောက်အဖြစ် အသံသရုပ်ဆောင်ခဲ့ပါတယ်။

Aidan Turner အနေနဲ့ ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ဆုကတော့ The Hobbit: The Desolation of Smaug ဇာတ်ကားနဲ့  Empire က အပ်နှင်းတဲ့ အကောင်းဆုံး အမျိုးသား မျက်နှာသစ် သရုပ်ဆောင်ဆုကို ရရှိခဲ့တာပါ။ အစောပိုင်းမှာတော့ အကောင်းဆုံး သိပ္ပံ စိတ်ကူးယဉ် အမျိုးသားသရုပ်ဆောင်နဲ့ သူ့ရဲ့ နာမည်ကျော် ရုပ်သံစီးရီး Being Human ထဲက John Mitchell ဆိုတဲ့ ဇာတ်ရုပ်နဲ့ SFX က ချီးမြှင့်တဲ့ ညှို့အားပြင်း အမျိုးသား သရုပ်ဆောင်ဆုတွေမှာ ဆန်ကာတင်စာရင်းအထိ ပါဝင်ခဲ့ဖူးပါတယ်။ Poldark ဆိုတဲ့ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ အိုင်းရစ်ရုပ်ရှင်နဲ့ ရုပ်သံကပေးတဲ့ ဆုတွေ၊ အမျိုးသား ရုပ်သံဇာတ်လမ်းတွေက အပ်နှင်းမယ့်ဆုတွေ၊ Monte- Carlo ရုပ်သံပွဲတော်နဲ့ TV Choice ဆုတွေအပါအဝင် အခြားဆုတွေမှာလည်း ဆန်ကာတင်စာရင်းကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ Inaugural Gossie ဆုမှာတော့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်နဲ့ တစ်နှစ်တာအတွက် ငွေကြယ်ပွင့်ဆုတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ အမျိုးသား ရုပ်သံဇာတ်လမ်းဆုကနေ ပေးအပ်ချီးမြှင့်တဲ့ Impact ဆု၊ GQ က ပေးအပ်တဲ့ အကောင်းဆုံး ရုပ်သံမင်းသားဆု၊ Radio Times Champion Awards က အပ်နှင်းတဲ့ ဒရာမာချန်ပီယံဆု၊ Broadcasting Press Guild Awards က ပေးတဲ့ The Break-through ဆု စတာတွေ အားလုံးက Ross Poldark ဆိုတဲ့ ဇာတ်ရုပ်ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

Aidan Turner ရဲ့ အချစ်ရေး အကြောင်းပြောပါဆိုရင် အနုပညာရှင် Nettie Wakefield နဲ့  ပတ်သက်မှုကို ၂ဝ၁၆ မှာ အဆုံးသတ်ခဲ့ပြီး  လတ်တ လောမှာတော့ တစ်ကိုယ်တည်းပေါ့။ တချို့သော သတင်းထုတ်ပြန်မှုတွေမှာတော့ သူတို့နှစ်ဦးစလုံး ရဲ့ ပြည့်ကျပ်လွန်းတဲ့ အချိန်ဇယားတွေကြောင့် လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီမတိုင်ခင်ကတော့ မင်းသမီး Sarah Greene နဲ့ ချိန်းတွေ့နေ ခဲ့ကြပေမယ့် ၂ဝ၁၅ ခုနှစ်မှာ သူတို့ရဲ့ ငါးနှစ်ကြာ ပတ်သတ်မှုကို အဆုံးသတ်ခဲ့တာပါ။ သူတို့နှစ်ယောက် တိတ်တဆိတ် စေ့စပ်ထားကြတယ်လို့ ကောလဟလတွေ ရှိခဲ့ပေမယ့်ပေါ့လေ။

သူက လူမှုကွန်ယက်တွေမှာ လှုပ်ရှားမှုသိပ်နည်းတဲ့ ရှားရှားပါးပါး အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ သူက လူမှုကွန်ယက်အကောင့်တွေဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ ယုံကြည်ပါသတဲ့။ သရုပ်ဆောင်ခြင်းအပြင် သူ့ရဲ့ အခြားဝါသနာဆိုရင်တော့ ပန်းချီဆွဲတာဖြစ်ပြီး ကိုယ်ပိုင်စတူဒီယိုကိုလည်း ဒက်ဘလင်မှာ ထားရှိပါတယ်။ သူက ခွေးချစ်တတ်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်တဲ့အကြောင်း ပြောရင်း Aidan အကြောင်းကိုတော့ ဒီနေရာမှာဘဲ ရပ်နားလိုက်ပါတယ်။