Primary tabs

အမေရိကန် ဆယ်ကျော်သက် သရုပ်ဆောင်လေး Bailee Madison

အနုပညာလောကထဲက ထိတ်ထိတ်ကြဲ အောင်မြင်ပါတယ်ဆိုတဲ့ ငွေကြယ်ပွင့်တွေနဲ့ တွဲဖက်လို့ စိန်ခေါ်မှုပြင်းထန်တဲ့ ဇာတ်ရုပ်အမျိုးမျိုးကို ဖော်ညွှန်းသရုပ်ဆောင်နိုင်ခဲ့တဲ့ ဆယ်ကျော်သက်လေး၊ အနုပညာနယ်ပယ်က ပေးအပ်ချီးမြှင့်တဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းတွေမှာ မကြာခဏ ပါဝင်ခဲ့သလို ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့သူ၊ အမေနဲ့ အစ်မဖြစ်သူတို့က မင်းသမီးတွေဆိုတော့ အနုပညာ မျိုးရိုးလည်းရှိတဲ့အပြင် ၂ ပတ်သား အရွယ်တည်းက ကြော်ငြာတွေ ရိုက် ကူးခဲ့တဲ့ မင်းသမီးငယ်လေး၊ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေအပြင် ချစ်စဖွယ် မျက်နှာလေးကြောင့် ပရိသတ်တွေ၊ ဖော်လိုဝါတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့သူ သူမကတော့ Bailee Madison ပါ။

Bailee Madison ရဲ့ အနုပညာလမ်းကြောင်း အစကို ပြောပါဆိုရင်တော့ သူမကို မွေးဖွားပြီး ရက်သတ္တ နှစ်ပတ်အကြာမှာလို့ ဆိုရမှာပါဘဲ။ သူမဟာ Office Depot ကြော်ငြာမှာ ပထမဆုံးအနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ SeaWorld, Disney နဲ့ 
Cadillac တို့ရဲ့ ကြော်ငြာတွေ မတိုင်ခင်ကတည်းကပေါ့။ သူမရဲ့ ပထမဆုံး ရုံတင်ဇာတ်ကားဆိုရင်တော့  Rainelle Downing ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပါဝင် ထားတဲ့ Lonely Hearts ပါ။ ပထမဆုံး ရုံတင်ဇာတ်ကားမှာတင် ပရိသတ်ရဲ့ အသိအမှတ်ပြုကို ရရှိခဲ့တယ်။ ဒစ်စနေးရဲ့ Bridge to Terabithia ဇာတ်ကားမှာ Jesse Aarons ရဲ့ ညီမ May Belle Aarons အဖြစ် ပါဝင်ခဲ့ရာကနေ ပရိသတ်တော်တော်များများရဲ့ နှလုံးသားတွေကို ဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုရမှာပေါ့။

နောက်တော့ ပြန်ပေးဆွဲသူတို့ရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ကောင်မလေး Megan အဖြစ်နဲ့ Look ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့သလို Phoebe in Wonderland မှာလည်း Elle Fanning ရဲ့ ညီမနေရာကနေ ပါဝင်ခဲ့တယ်။ ရုပ်သံဇာတ်လမ်းတွေ မှာဆိုရင်လည်း ခပ်စိပ်စိပ်လေး လှုပ်ရှားထားခဲ့တာကို တွေ့ရမှာပါ။ Natalie Portman နဲ့အတူ ရိုက်ကူးခဲ့တဲ့ Brothers ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့ပြီးတဲ့နောက်  Guillermo del Toro ထုတ်လုပ်ရိုက်ကူးတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကား Don’t Be Afraid of the Dark မှာ Katie Holmes တို့ Guy Pearce တို့နဲ့ အတူပါဝင်ဖို့ ကောင်းကောင်းကြီး ထောက်ခံချက်ရသွားစေခဲ့တယ်။ Don’t Be Afraid of the Dark မှာတော့ မကောင်းဆိုးရွားတွေရဲ့ ခြောက်လန့်မှုကို ခံနေရတဲ့ စွန့််ပစ်ခံကလေးငယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားခဲ့တယ်။ နောက်ပြီး Parental Guidance မှာတော့ Marisa Tomei ရဲ့ သမီး၊ Bette Midler နဲ့ Billy Crystal တို့ရဲ့ မြေးအဖြစ် ပါဝင်ထားခဲ့ပါတယ်။

သူမဟာ Letters to God နဲ့ A Taste of Romance ဆိုတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့အပြင် Adam Sandler၊ Jennifer Aniston တို့နဲ့ ရိုက်ကူးခဲ့တဲ့ Just Go with It မှာတော့ The Wall Street Journal ကတောင် ချီးမွမ်းရေးသားတာကို ခံခဲ့ရတဲ့သူပါ။ ဒစ်စနေးချန်နယ်စီးရီးဖြစ်တဲ့ Wizards of Waverly Place မှာတော့ Maxine Russo အဖြစ် Selena Gomez နဲ့အတူ ရိုက်ကူး ခဲ့တယ်။  ABC ဒရာမာကရိုက်တဲ့ Once Upon A Time  မှာတော့ Snow White ရဲ့ ညီမငယ်အဖြစ် ပါဝင်ခဲ့ပြီး Grace Russell ဆိုတဲ့ ဇာတ်ရုပ်နဲ့ လူကြိုက်များခဲ့တဲ့ Good Witch  ဇာတ်လမ်းတွဲမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပုံဖော်ခဲ့တယ်။ နောက်ပြီး Trophy Wife မှာတော့ Hillary အဖြစ် Gianna LePera ရဲ့ အစား ပါဝင်လှုပ်ရှားထားပါသေးတယ်။ အသက် ၁၈ နှစ်အရွယ် သူမအနေနဲ့ အမှန်တကယ် အနုပညာလှုပ်ရှားမှုတွေကို စတင်ခဲ့တဲ့၂ဝဝ၆ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်အတွင်းမှာ ရုပ်ရှင်ကားပေါင်း ၁၉ ကားမှာ ပါဝင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲတွေ တော်တော်များများမှာလည်း သရုပ်ဆောင်ထား ခဲ့ပြီးပြီ ဖြစ်ပါတယ်။

Bailee Madison ဟာ သူမရဲ့ ပင်ကိုအစွမ်းအစနဲ့ စွယ်စုံရ သရုပ်ဆောင်မှုတွေကို အခြေခံလို့ ဆုတွေလည်း အများကြီး ပိုင်ဆိုင်ထားတဲ့သူပါ။ Brothers ရုပ်ရှင်မှာ Isabelle Canhill အဖြစ်နဲ့ သိသာထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်း
ကို ပို့ဆောင်ပေးခဲ့တာကြောင့် Saturn ဆု နဲ့ BFCA Critic’s Choice ဆုတို့မှာ ဆန်ကာတင်အဖြစ် ပါဝင်ခဲ့တယ်။ Bridge to Terabithia ဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုနှစ်ဆုကို ရရှိထားပြီး The Last Day of Summer ဆိုတဲ့ ရုပ်သံဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့ဆု၊ Saving Sarah Chain နဲ့ Movieguide Awards က ချီးမြှင့်တဲ့ Most Inspirational Television Acting ဆုတို့ကို ရရှိပိုင်ဆိုင်ထားပါတယ်။ ထူးခြားတဲ့ စတိုင်နဲ့ သရုပ်ဆောင် တတ်တဲ့အပြင် သူမရဲ့ ခန္ဓာဗေဒတစ်နည်း ကိုယ်နေဟန်ထားနဲ့ ရွေ့လျား လှုပ်ရှားမှုတို့က လူသိများ ထင်ရှားတဲ့ ရုပ်ရှင်တော်တော်များများမှာ ဇာတ်ပို့တစ်ယောက်အဖြစ် သရုပ်ဆောင်ခွင့်ရရှိစေဖို့ ဦးတည်သွားစေတဲ့ အကြောင်းအရင်းလို့ ဆိုကြပါတယ်။

သူမဟာ ငယ်ရွယ်သူ ဆယ်ကျော်သက်တစ်ယောက်ဆိုပေမဲ့ အနုပညာခရီးလမ်းရှည်ကြီးကို လျှောက်လှမ်းခဲ့တဲ့သူ၊ အောင်မြင်ကျော်ကြားမှုတွေကို ရရှိပြီး ရရှိနေဆဲဖြစ်သလို ပရိသတ်တွေရဲ့ နှလုံးသားထဲမှာလည်း သရုပ်ဆောင်အဖြစ် ချစ်ခင်
မြတ်နိုးခြင်းကို ခံရတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ Madison အနေနဲ့ သူမလုပ်သမျှ စောင့်ကြည့် စိတ်ဝင်စားနေကြတဲ့ ပရိသတ်တွေ၊ ဖော်လိုဝါတွေဆိုတာကလည်း မနည်းမနောပေါ့။ ဒါပေမဲ့ သူမဟာ အောင်မြင်မှုတွေကို ခေါင်းထဲ အရောက်ခံတဲ့သူ မဟုတ်ပါဘူး။ သူမဟာ သူမရဲ့ ကိုယ်ပိုင်ဘဝနဲ့ သရုပ်ဆောင်ဘဝကို ကောင်းကောင်းစီမံနိုင်တဲ့သူဆိုတော့ သူမနဲ့ ပတ်သက်လို့ သတင်းအပုပ်နံ့ ထွက်လာတယ်ဆိုတာ မရှိသလောက်ပါ။ သူမရဲ့ ပရိသတ်တွေနဲ့လည်း အပြန်အလှန် ဆက်သွယ်မှု ကောင်းကောင်းရှိတဲ့သူတစ်ယောက်မို့ သူမရဲ့ ပရိသတ်တွေက သူမဆိုရင် အမြဲစောင့်ကြည့် အားပေးနေတတ်ကြပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေ မျက်ခြေမပြတ် သိနေရစေဖို့အတွက် တစ်နေ့ချင်းစီရဲ့ လုပ်ဆောင်မှုတွေကို You Tube ကနေ ပို့စ်တင်ပေးလေ့ရှိတယ်။ 

အစ်ကို လေးယောက်နဲ့ အစ်မ နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူမဟာ မောင်နှမ ခုနှစ်ယောက်ထဲမှာ အထွေးဆုံးလေးပေါ့။ Madison ရဲ့ မိသားစုဟာ သူမရွေးချယ်တဲ့ အနုပညာလမ်းကြောင်းအတွက် အမြဲတိုက်တွန်းအားပေးသလို ပံ့ပိုးအားဖြည့်ပေးကြပါတယ်။ ကျရှုံးမှုတွေ ရှိခဲ့ရင်တောင် သူတို့ဟာ သူမရဲ့ အနောက်ကနေ အမြဲရပ်တည်ပေးလေ့ရှိကြပါတယ်။ သူမရဲ့ အစ်မ Kaitlin Riley နဲ့ မိခင်ဖြစ်သူ Patricia Riley တို့ နှစ်ယောက်လုံးကလည်း သရုပ်ဆောင်တွေ ဖြစ်ကြတာမို့ သူမအတွက် လိုအပ်တဲ့ အကြံဉာဏ်တွေမှန်သမျှ သူတို့ဆီက ရယူနိုင်တာပေါ့။ ကျောင်းစာနဲ့ အလုပ်ကနေ အားလပ်တဲ့ အချိန်တွေမှာတော့ တခြားသော ဆယ်ကျော်သက်တွေလိုပါဘဲ Madison ဟာလည်း သူငယ်ချင်းတွေနဲ့အတူ အချိန် ဖြုန်းရတာကို နှစ်သက်ပါသတဲ့။ မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူ အသားကင်ကြတာ၊ ရေကူးကြတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ 

သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ သူမဟာ Emery Kelly နဲ့ လူသိရှင်ကြား တွဲခုတ်ခဲ့ဖူးပါတယ်။ Emery Kelly ဆိုတာက X-Factor ကနေ ပေါက်ဖွားလာခဲ့တဲ့ တေးဂီတအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ ဒါပေမဲ့ သူတို့ရဲ့ ချစ်သူသက်တမ်းက သိပ်မကြာလိုက်ဘူးလို့ ဆိုရမလားပါဘဲ။ Emery Kelly နဲ့ ပြတ်စဲတယ်လို့ ထင်ရပြီးတဲ့ နောက်ပိုင်းမှာဘဲ သူမရဲ့ Instagram ပို့စ်မှာ သူမချစ်သူအသစ်ရနေပြီ ဖြစ်တဲ့အကြောင်း ပြောတာကို တွေ့ခဲ့ကြရလို့ပါ။ လတ်တလောမှာတော့ သူမဟာ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Alex Lange နဲ့ မေတ္တာသက် ဝင်နေပါတယ်။

အနုပညာရှင် အတော်များများ ပါဝင်ဆောင်ရွက်လေ့ရှိကြတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာဆိုရင်လည်း Bailee Madison က ငယ်စဉ်ကတည်းက လုပ်ဆောင်ခဲ့တဲ့သူပါ။ သူမဟာ ကင်ဆာရောဂါ ခံစားနေရသူ ကလေးငယ်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ Alex’s Lemonade Stand အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ Variety ကတော့ Alex’s Lemonade Stand နဲ့ ပတ်သက်ပြီး သူမရဲ့ လူမှုအကျိုးပြု ဆောင်ရွက်လှုပ်ရှားမှုတွေအတွက် Variety Power Of Youth Award ဆိုတဲ့ ဆုနဲ့  ဂုဏ်ပြုချီးမြှောက်ခဲ့တယ်။ အနုပညာလောကထဲက အလားအလာရှိတဲ့ တက်ကြွလှုပ်ရှား ပါဝင်သူတွေကို Variety က ချီးမြှင့်မြောက်စားတဲ့ သဘောပေါ့။ အနုပညာ လောကအတွက် အလားအလာရှိသလို လူမှု အကျိုးပြုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသူ Bailee ကတော့ သူမရဲ့ လူသိများထင်ရှားမှုကို ကံမကောင်းတဲ့ ကလေးငယ်တွေအတွက် အသိပညာတွေ မြှင့်တင်ပေးနိုင်ဖို့ အသုံးချ တဲ့သူပါ။ ရုပ်ရှင်တွေ ရိုက်ကူးနေရင်းကနေ  ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါ ခံစားနေရသူ ကလေးငယ်တွေကို အားပေးတိုက်တွန်းမှုတွေ ပြုလုပ်ပေးနေတဲ့ Alex’s Lemonade Stand အဖွဲ့အတွက် အလှုငွေတွေရရှိနိုင်ဖို့ ဆောင်ရွက်တဲ့ နေရာမှာ စိတ်ရောလူပါ အားတက်သရော ပါဝင်နေတဲ့သူလေး ဖြစ်ပါတယ်။

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ Bailee Madison ကို အများနဲ့မတူဘဲ ထူးခြားစေတာကတော့ သူမရဲ့ ထူးခြားကွဲပြားတဲ့ သရုပ်ဆောင်ကျွမ်း ကျင်မှု အရည်အချင်းကြောင့်ပါ။ သူမရဲ့ ဒိုင်ယာလော့ခ် ပြောပုံ၊ ဆိုပုံက တခြားသူတွေနဲ့မတူဘဲ ကွဲပြားပါတယ်။ သူမဟာ အသက်ငယ်ငယ်လေးနဲ့ ဟောလိ့ဝုဒ်က နာမည်ကြီးဆိုတဲ့ သူတွေနဲ့ အလုပ်အတူတူ လုပ်ခွင့် ရရှိခဲ့တဲ့သူပါ။ သူမလို အသက်အရွယ်နဲ့ ဒီလိုအတူ အလုပ်လုပ်ခွင့်ရခြင်းဆိုတာက သိပ်ကိုကြီးကျယ်တဲ့ အခွင့်အရေး ရရှိစွမ်းဆောင် နိုင်မှုလို့ဆိုရင် ရနိုင်မယ်ထင်ပါတယ်။ သူမဟာ ငယ်ငယ်ကတည်းက သူမနှစ်သက်မြတ်နိုးတဲ့အရာကို သိရှိခဲ့သလို တစိုက်မတ်မတ်လည်း လုပ်ဆောင်ခဲ့တဲ့သူ။ ဘဝမှာ ဘာတွေကို လိုချင်တယ်ဆိုတာသိပြီး လုပ်နိုင်တဲ့သူဆိုတာဟာ သူမလို အသက်
အရွယ်မျိုးနဲ့ သိပ်များများ မရှိဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Madison တစ်ယောက်ကတော့ သူမ ဘာကို လိုချင်တာကို သိတဲ့အပြင် ပိုင်ဆိုင်ခွင့်ရတဲ့အခါမှာတော့ ကမ္ဘာတစ်လွှားမှာ ကျော်ကြားမှုတွေ ရရှိခဲ့တာပေါ့။ 
https://www.thefamouspeople.com/profiles/bailee-madison-7881.php
http://www.imdb.com/name/nm1933128/bio?ref_=nm_ov_bio_sm