Primary tabs

မလှချင်တို့ရဲ့ အလွဲလေးများ

အလှအပကို ချစ်မြတ်နိုးကြတဲ့ မမတို့ ညီမလေးတို့အနေနဲ့ လှချင်လို့ အလှပြင်ကြတဲ့အခါ တစ်ခါမဟုတ် တစ်ခါဆိုသလို အလွဲလေးတွေ ကြုံဖူးကြမှာပေါ့နော်။ ဥပမာ မျက်ခုံးမွှေးရိတ်တာ လွဲသွားတာတို့၊ ဆံပင်ညှပ်ပြီးမှ ကိုယ်နဲ့ မလိုက်
ဖက်လို့ အပြင်မထွက်ရဲလောက်အောင် ဖြစ်ရတာတို့ ဘာတို့ပေါ့။ ကမ္ဘာကျော် ငွေကြယ်ပွင့်တို့ဆိုတာလည်း ဒီလိုအမှားမျိုးတွေနဲ့ မကင်းကြပါဘူး။ အမြဲတမ်း ကျော့ရှင်းလှပနေတဲ့ ငွေကြယ်ပွင့်တို့ဆိုရင် ဒီလိုအမှားမျိုးတွေ မလုပ်ဘူးလို့တော့ တွေးထင်ကောင်း တွေးထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ Olivia Wilde တို့ Jeniffer Anniston တို့လို ကမ္ဘာကျော် မင်းသမီးတွေကလည်း သူတို့ လုပ်ခဲ့ဖူးတဲ့ အလွဲလေးတွေအကြောင်း သူတို့ကိုယ်တိုင် ဖြေကြားခဲ့ကြတဲ့ အကြောင်းလေးတွေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။ 


မျက်ခုံးမွှေးပြောင်နဲ့ ဂြိုဟ်သူမလေး Olivia Wilde
လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်ကပေါ့။ Olivia Wilde တစ်ယောက် ပြဿနာတက် ခဲ့ဖူးတဲ့ သူမရဲ့ မျက်ခုံးမွှေးသမိုင်းကြောင်းနဲ့ နောက် ပိုင်းမှာတော့ မျက်ခုံးမွှေးကို ဇာဂနာနဲ့သာ နှုတ်တော့တဲ့အကြောင်းကို အခုလိုမျိုး ပြောပြခဲ့ပါတယ်။ ‘ကျွန်မ ၅ နှစ်လောက်ကပေါ့။ ကျွန်မအဖေ မုတ်ဆိတ်ရိတ်တာကို တွေ့ပြီးတော့ အဖေ့ရဲ့ မုတ်ဆိတ်ရိတ်ဓါးကို ယူလိုက်ပြီး ကျွန်မ မျက်နှာကို ရိတ်ကြည့်တယ်။ မျက်ခုံးမွေးတွေရောပေါ့။ မျက်ခုံးမွေးမပါတဲ့ ဂြိုဟ်သားနဲ့ တူနေတော့တာပေါ့။ ပြီးတော့ ဆယ်ကျော်သက်လောက်တုန်းကလည်း မင်းသမီးကြီး Kate Moss ပုံစံမျိုး ဆက်ဆီကျကျ မျက်ခုံးစတိုင် နှုတ်ခဲ့သေးတယ်။ အဲ့ဒီလိုလုပ်တာက ကျွန်မ မွှေးညင်းပေါက်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်တာကြောင့် နောင်တရမိပါတယ်။ ခုဆိုရင် ကျွန်မ မျက်ခုံးမွှေး အထူကြီးဖြစ်ဖို့ ခက်သွားပြီလေ’ ပုံမှန်ဆိုရင်တော့ လေးထောင့်ကျကျ မျက်နှာထားနဲ့ ဇင်ယော်တောင် မျက်ခုံးမွှေးနဲ့ စမတ်ကျကျ Olivia Wilde ပါဘဲ နော်။


နှုတ်ခမ်းလိုင်နာဆိုးပြီး စတိုင်ထုတ်ခဲ့တဲ့ Jamie Chung
ကျွန်မတို့ အများစု ဖြစ်ဖူးကြသလိုပါဘဲ Jamie Chung တစ်ယောက်ကလည်း သူမ အလယ်တန်း ကျောင်းသူဘဝလောက်တုန်းက ရူးသွပ်ခဲ့ဖူးတဲ့၊ ပြန်တွေးမိရင် ရှက်ရွံ့မိရတဲ့ အခိုက်အတန့််လေးတွေအကြောင်း အခုလို မျှဝေထားပါတယ်။ ‘ကျွန်မ ၈ တန်း ၉ဝ ပြည့်လွန်နှစ်တွေ လောက်ကပေါ့။ အဲ့ဒီအချိန်တုန်းက အမိုက်စား အလန်းစား စတိုင်ဆိုတာ တခြားဘာမှမဟုတ်ဘူး။ အညိုရောင် နှုတ်ခမ်းလိုင်နာကို ဆိုးတာဘဲ။ ပြီးတော့ ပါးပါးလျလျ မျက်ခုံးနဲ့ပေါ့။ တကယ်တော့ အဲ့ဒါက မလှပါဘူးနော်။’ ခေတ်တွေ အမြင်တွေ ပြောင်းလာတဲ့အခါ အသက်အရွယ်ရလာကြတဲ့ အခါ အလှအပပေါ်မှာ၊ ဖက်ရှင်အပေါ်မှာ တွေးတဲ့မြင်တဲ့ ပုံစံတွေ၊ ခံယူချက်တွေ ပြောင်းလဲသွားတတ်သလား မသိပါဘူးနော်။ 


ကမ္ဘာကျော်ခဲ့တဲ့ ဆံပင်ပုံစံ ပိုင်ရှင် Jennifer Aniston
ရပ်သိရွာသိ ကမ္ဘာသိ Rachel ဆံပင်စတိုင် ဆိုတာကို မညှပ်ခင် Jennifer Aniston တစ်ယောက် သူမဆံပင်တချို့ကို စွန့်စားပြီး အဆုံးရှုံးခံလိုက်ရတဲ့အကြောင်း ဝန်ခံဖူးပါတယ်။ ‘စွန့်စားတယ်လို့တော့ မခေါ်ချင်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ဆိုးတဲ့ ဆုံးဖြတ်ချက်ပါဘဲ။ ပုံမှန်ဆိုရင် နားရွက်အပေါ်လောက်ကနေဘဲ ညှပ်လေ့ရှိတယ်မလား။ အခု ကျွန်မသဘောကျနေတဲ့ ပုံစံပေါ့။ ဘာကြောင့် အဲ့ဒီလို လုပ်ခဲ့မှန်းတောင် မသိတော့ပါဘူး။’ ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ရေချယ်စတိုင်ဆိုတာက Anniston ကို ကမ္ဘာကျော်စေခဲ့တဲ့ ဇာတ်ကောင် Rachel Green ကို ရိုက်တုန်းက ညှပ်ထားခဲ့တဲ့ ဆံပင်ပုံစံပါ။ အမေရိကန် ဟာသဆန်ဆန်ဇာတ်လမ်း Friends ထဲမှာ ပါဝင်ခဲ့တုန်းကပေါ့။ ၁၉၉၅ ခုနှစ်လောက် တုန်းကဆိုတော့ ကြာခဲ့ပါပြီ။ လက်ရှိမှာတော့ မင်းသမီးအနေနဲ့ ဘယ်လို ဆံပင်ပုံစံတွေများ သဘောကျနေမလဲဆိုတာ မသိနိုင်သေးပါဘူး။ 

Debra Messing ထပ်မထားတော့မဲ့ ဆံပင်ပုံစံ
Debra Messing နဲ့ စကားစမြည် ပြောဆိုမိတုန်းကတော့ သူမ ဘယ်တော့မှ ထပ်ပြီး မထားဖြစ်မယ့် ဆံပင်ပုံစံအကြောင်းကို ပြောပြခဲ့ပါတယ်။ ‘ကျွန်မ အထက်တန်းကျောင်းတုန်းက ထားခဲ့ဖူးတဲ့ နှစ်ထပ်ဆံပင်ပုံစံကို ဘယ်တော့မှ ထပ်ပြီး မထား 
တော့ဘူး။ ဆံပင်ကို ကောက်ကလည်း ကောက်ထားသေးတယ်လေ။ ခေါင်း၊ အမြီးနဲ့ ခြေတွေလက်တွေကလွဲရင် ကျန်တဲ့ အမွှေးတွေကို အကုန်ညှပ်ထားတဲ့ ခွေးလေးတွေနဲ့ တူနေသလားလို့။’ ဆိုပြီး ပြောခဲ့ဖူး ပါတယ်။ သူမရဲ့ လွဲခဲ့ဖူးတဲ့ ဆံပင်ပုံစံနဲ့ ပတ်သက်လို့ တော်တော်တော့ နောင်တရမိတဲ့ပုံပါဘဲ။ 


ရှေ့ဆံပင်ကို အတိချထားမိတိုင်း မှားတယ်လို့ ခံစားမိတဲ့ Julianne Moore
ဆံပင်ပုံစံ အလွဲတွေနဲ့ ပတ်သက်လို့ ပြောကြကြေးဆိုရင် Julianne Moore တော့ မပါလောက်ဘူးလို့ ထင်ထားခဲ့ပေမယ့် ဆံပင်နီနီနဲ့ ငွေကြယ် ပွင့်ကလည်း မျက်ခုံးနားတစ်ဝိုက်မှာ ရှေ့ဆံပင်ကို အတိချထားတဲ့ စတိုင်က သူမရဲ့ ကြည့်အကောင်းဆုံး ပုံစံ မဟုတ်တဲ့အကြောင်း ပြောလာပါတယ်။ ‘အို… ဘုရားရေ… ရှေ့ဆံပင်ကို အတိချထားတဲ့ပုံစံ ဟုတ်လား။ ကျွန်မအတွက်တော့ အမြဲတမ်းမှားတဲ့ အမှားတစ်ခုပေါ့။ ကျွန်မသဘောကျသလို ညှပ်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာဘဲ။ ဘာကြောင့် ဒီလိုလုပ်မိပြန်တာလဲ။ ကျွန်မခေါင်းရဲ့ အရှေ့နားလောက်မှာ ဗွေပါနေတော့လေ အဲ့ဒီလို ဆံပင်ပုံစံမျိုးက ကျွန်မအတွက်တော့ အမြဲတမ်း အလွဲကြီး လွဲစေတာပါဘဲ။’ ဆိုပြီးတော့ ၂ဝ၁၅ လောက်တုန်းက အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။ ဒါပေမဲ့ Julianne Moore ကတော့ ဆံပင်ပုံစံက ရှေ့ကို အတိချထားတော့ တစ်မျိုး၊ ရှေ့ရောနောက်ပါ အရှည်ထားထားတော့လည်း တစ်မျိုးတော့ ကြည့် ကောင်းတာဘဲ မဟုတ်လား။ 


စတိုင်အမျိုးမျိုးနဲ့ Vanessa Hudgens
Vanessa Hudgens တစ်ယောက် ဆံပင်ပုံစံ ပြောင်းလိုက်ပြီဆိုတာနဲ့ အမြဲလိုလို လှလိုက်တာ၊ လိုက်ဖက်လိုက်တာ၊ အလန်းစား ဆိုတဲ့ ချီးမွမ်းပြောဆိုသံတွေ ဆူညံနေတော့တာဘဲလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ သူမရဲ့ အပြောအရဆိုရင်တော့ သူမဟာလည်း လွဲတာမှားတာတို့နဲ့တော့ စိမ်းတဲ့သူတစ်ယောက် မဟုတ်ပါဘူးတဲ့။ ‘ ကျွန်မ ၇ နှစ်လောက်ကပေါ့။ ဂုတ်ဝဲပုံစံ တိုတိုလေး ညှပ်ဖူးတယ်။ အဲ့ဒီ ဆံပင်ပုံစံက သိပ်စိတ်ညစ်စရာ ကောင်းတာပါဘဲ။ ကျွန်မခေါင်းပေါ်မှာ ပိုးကောင်တွေ ရောက်နေတာနဲ့ တူနေခဲ့တာကိုး။’ ဆိုပြီးတော့ ၂ဝဝ၉ ခုနှစ်က Instyle မဂဇင်းမှာ ပြောဖူးပါတယ်။ ‘မရမ်းစေ့ရောင်ရင့်ရင့် ဆံပင်အရောင်ကိုလည်း ဆိုးဖူးတယ်။ အဲ့ဒါက တကယ်တော့ လန့်စရာကြီး၊ ပြီတော့ အညိုဖျော့ဖျော့မှာ ရွှေဝါရောင် ဟိုက်လိုက်ဖောက်တာမျိုးလည်း လုပ်ဖူးတယ်။ သိပ်ပြီး ကြည့်ရဆိုးတာပေါ့။ ကျွန်မ သူငယ်ချင်းပြောတာက ကျွန်မဆံပင်တွေကို ပြာရည်ထဲစိမ်ပြီး ထွက်လာ တာနဲ့ တူတယ်ဆိုဘဲ။’ အင်း… အလွဲနဲ့ ကင်းတဲ့ သူကတော့ ရှားပါတယ်နော်။ 


တိုတိုတိတိကို နောင်တရမိတဲ့ Margot Robbie
မလှမပ ဆံပင်ပုံစံ တစ်ခုခုကို ညှပ်ခဲ့မိလို့ တစ်ဘဝလုံး စိုးရွံ့ထိတ်လန့်နေတာမျိုး ဖြစ်ဖူးပါသလား။ အဲ့ဒီလိုဖြစ်ဖူးတဲ့ မင်းသမီးတစ်ယောက်aတာ့ ရှိပါရဲ့။ Margot Robbie ဆိုတဲ့သူပေါ့။ သူမ အသက် ၅ နှစ်လောက်တုန်းက တကယ့်ကို တိုတိုတိတိ ဆံပင်ပုံစံမျိုး ညှပ်ခဲ့ဖူးသတဲ့။ ‘ကျောင်းမှာ လူတိုင်းက ကျွန်မကို ယောက်ျားလေးလို့ ထင်ကြတယ်။ ဝမ်းနည်းခဲ့ရတယ်။ အဲ့လို ဆံပင်ပုံစံကို ညှပ်ပေးခဲ့တဲ့ ကျွန်မအမေကို လုံးဝ ခွင့်မလွှတ်ခဲ့ဘူး။ အတိတ်က ဒဏ်ရာတွေက ခုထိအမာရွတ်ကျန်ခဲ့ဆဲဘဲလေ။’ ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။ စဉ်းစားကြည့်ရင်တော့ တိုသွားပေမယ့် ပြန်ရှည်လာတတ်တာ ဆံပင်ဘဲ မဟုတ်လား Margot Robbie ကတော့ အစွဲ အလန်းကြီးတယ်ဆိုရမလားဘဲ။ 

Ref: Lauren Conrad, Olivia Wilde, Jennifer Aniston and More Share Their Biggest Beauty Mistakes