Primary tabs

သြစတေးလျနိုင်ငံသူ မင်းသမီးလေး Maia Mitchell

ဒီလမှာတော့ People ပရိသတ်ကြီးကို သြစတေးလျနိုင်ငံသားတွေကြားမှာ သိပ်ကို လူကြိုက်များတဲ့ မျက်နှာသစ်ကလေးတစ်ယောက်၊ ငယ်ငယ်ချောချော ဆွဲဆောင်မှုရှိတဲ့ ကောင်မလေး Maia Mitchell အကြောင်း ပြောပြပေးချင်ပါတယ်။ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးတဲ့ သူမဟာ ငယ်ရွယ်စဉ်ကတည်းက ဒစ်စနေးချန်နယ်တို့လို ကမ္ဘာကျော် ထုပ်လုပ်ရေးတွေနဲ့ အလုပ်လုပ်နေတဲ့ သူပါ။ ရုပ်သံဇာတ်လမ်းတွေမှာ အောင်မြင်မှုရရှိပြီးတဲ့နောက် ရုပ်ရှင် ၂ ကားမှာ ပါဝင်ရင်းနဲ့ ပိတ်ကားထက်ကို တက်လှမ်းလာခဲ့တယ်။ ထွန်းတောက်လာဦးမယ့် ငွေကြယ်ပွင့်လေး Maia Mitchell ဟာ သရုပ်ဆောင်တဲ့နေရာမှာ ဇာတ်ရုပ်အမျိုးမျိုးကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်တတ်သလို  Ross Lynch, Grace Philips နဲ့ Spencer Lee တို့နဲ့ အတူ Like Me ဆိုတဲ့ သီချင်း၊ Ross Lynch နဲ့ အတူ Can’t Stop Singing ဆိုတဲ့ သီချင်းတွေကို  သီဆိုပြီးတော့ အဆိုတော်တစ်ယောက်အဖြစ် သက်သေထူထားတဲ့သူလည်း ဖြစ်ပါတယ်။ 

Maia Mitchell ကို New South Wales က Lismore မှာ မွေးဖွားခဲ့တယ်။ သူမရဲ့ ဖခင် Alex က တက္ကစီမောင်းတဲ့သူ၊ မိခင် Jill ကတော့ ပညာရေးဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ သူမမှာ Charlie ဆိုတဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။ သူမဟာ Lismore က Trinity Catholic ကောလိပ်မှာ ကျောင်းတက်ခဲ့တယ်။ သရုပ်ဆောင်တာနဲ့ ပတ်သက်ရင်တော့ ငယ်စဉ်ဘဝကတည်းက အကလေ့ကျင့်ခန်းတွေမှာ ပါဝင်ခဲ့ပြီး ကျောင်းနဲ့ ဒေသတွင်း ကဇာတ် ထုတ်လုပ်ရေးတွေမှာ ဖျော်ဖြေ သရုပ်ဆောင်ရင်း စတင်ခဲ့တာပေါ့။ 

အသက် ၁၂ နှစ်အရွယ်မှာ သူမအတွက် အောင်မြင်ရေးလမ်းစကိုလျှောက်လှမ်းနိုင်စေမယ့် အခွင့်အရေးတွေ ပေးလာခဲ့လို့ဆိုရပါမယ်။ Mitchell ဟာ Mortified ဆိုတဲ့ သြစတေးလျ ရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ် ဝင်ရောက်အရွေးခံခဲ့တယ်။ အဓိက ဇာတ်ဆောင် Brittany Flune ရွေးချယ်ခံရပြီး သရုပ်ဆောင်ခွင့်ရခဲ့တယ်။ ဒီရဲ့ ရုပ်သံဇာတ်လမ်းက သြစတေးလျ ကလေးရုပ်သံဇာတ်လမ်းလောကမှာတော့ စံချိန်ချိုးသွားခဲ့တယ်။ Australian Film Institue (AFI) က ပေးအပ်တဲ့ အကောင်းဆုံး ကလေးရုပ်သံဇာတ်လမ်းတွဲဆုနဲ့ ချီကာဂိုနိုင်ငံတကာ ကလေးရုပ်ရှင်ပွဲတော်ဆု အပါအဝင် ပြည်တွင်းမှာရော နိုင်ငံတကာမှာ ဆုတွေရရှိခဲ့တယ်။ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ Mortified ကတော့ အပိုင်း ၂၆ 
ပိုင်းနဲ့ အတွဲ ၂ တွဲ ရိုက်ကူးပြီးတဲ့နောက် အဆုံးသတ်သွားပါတယ်။

Mortified ရုပ်သံဇာတ်လမ်းတွဲကနေ အောင်မြင်မှုရရှိပြီးတဲ့နောက်  နောက်ထပ်သြစတေးလျ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Trapped မှာ ဆက်လက်ပါဝင်ခဲ့တယ်။ နောက်ပြီး K-9 ဆိုတဲ့ ရုပ်သံဇာတ်လမ်းမှာလည်း ပါဝင်ထားသေးတယ်။  Doctor Who အမည်ရ နာမည်ကျော် ဗြိတိသျှ ရုပ်သံဇာတ်လမ်းတွဲက ခွေးစက်ရုပ်လေး K-9 ကို အဓိကထား ဖန်တီးထားပြီး ကွန်ပျူတာ အန်နီမေးရှင်းနဲ့ လူသားတို့ရဲ့ လှုပ်လှုပ်ရှားရှား သရုပ်ဆောင်မှုတွေကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းလေးပါ။ 
အမေရိကန်မှာဆိုရင်တော့ ဒစ်စနေးချန်နယ် ရဲ့ ရုပ်သံဇာတ်လမ်းတွဲ Jessie နဲ့ စတင် လှုပ်ရှားခဲ့တယ်။ ပထမဆုံး ရုပ်ရှင်အနေနဲ့ Teen Beach Movie မှာ အဓိကဇာတ်ဆောင် McKenzie  အဖြစ်နဲ့ စတင်ခဲ့တယ်လို့ ဆိုရပါမယ်။ နောက်ပိုင်းမှာတော့ Teen Beach 2 မှာ ထပ်ပေါ်လာပြန်တယ်။ လတ်တလောမှာတော့ ABC Family ရဲ့ ရုပ်သံဇာတ် လမ်းတွဲ The Fosters မှာ Callie Jacob အဖြစ် ပါဝင်နေပြီး တတိယအတွဲမှာတော့ သူမဇာတ်ကောင်ရဲ့ နာမည်က Callie Adams Foster အဖြစ် ပြောင်းလဲထားပါတယ်။ 

တေးဂီတနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ သူမ အသက်ငယ်ငယ်လေးကတည်းက ဂီတာတီးသင်ခဲ့တယ်။ သူမရဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွေမှာ ဂီတာတီးပြတာ ပါလေ့ရှိပါ တယ်။ တေးဂီတနဲ့ ပတ်သက်လို့ သူမရဲ့ မိခင် Jill က သူမကို တော်တော်လေး လွှမ်းမိုးတယ်လို့ ဆိုပါတယ်။ နောက်ပြီး Mitchell က ဂျက်ဇ်၊ ဟစ်ဟော့ပ်နဲ့ ဘဲလေးလို အကတွေ တော်တော်များများ ကိုလည်း ကတတ်ပါသတဲ့။ တေးဂီတနဲ့ ပတ်သက်တဲ့ သူမရဲ့ ခံစားချက်ကတော့ သီချင်းတွေကိုသာ လုပ်ခွင့်ရခဲ့မယ်ဆိုရင် သူမရဲ့ ပထမဦးစားပေးအနေနဲ့ အာရုံစိုက်ပြီး ရူးသွပ်မိမယ့်သူလို့ ဖြေကြားထားဖူးပါတယ်။ နောက်ပြီး သူမက ဂစ်တာလည်းတီးပြီး သီချင်းတွေလည်းရေးပါသတဲ့။ အဲ့ဒါတွေက သူမရဲ့ ဘဝမှာ တော်တော်ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် ခုချိန်ထိတော့ ပရိသတ်တွေအတွက် မဟုတ်ဘဲ ကိုယ်တိုင်အတွက်သာ ဖြစ်နေပါသေးတယ်လို့ သိရပါတယ်။ သူမက ဖက်ရှင်တွေကိုလည်း စိတ်ဝင်စားသလို ဓာတ်ပုံ ပညာကိုလည်း ဝါသနာပါပါတယ်။

Maia Mitchell က အလုပ်လုပ်ဖို့ရှိတယ်၊ အစည်းအဝေးတွေ တက်ရမယ်ဆိုရင်တော့ ကောင်းကောင်းမွန်မွန် ဝတ်စားပြင်ဆင်ပြီး နေတတ်ပေမယ့် အိမ်မှာနေရင်တော့ ဦးထုပ်ကို နောက်ပြန်ဆောင်း၊ ဂျင်းနဲ့ ဘွတ်ဖိနပ်တွေကို ဝတ်ရတာ နှစ်သက် ပါသတဲ့။ အလုပ်လုပ်နေရတဲ့အချိန်မှာ ပြင်ပြင်ဆင်ဆင်နေထိုင်ရတာ ကောင်းပေမယ့် အားလပ်ရက်တွေမှာတော့ ပေါ့ပေါ့ပါးပါးဘဲ နေရတာဘဲကောင်းတယ်လို့ ယူဆတဲ့သူလို့ သိရပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့ သီချင်းတွေနဲ့ ဗီဒီယိုတွေမှာ အလုပ်တူတူလုပ်ကြရင်း ဆုံဆည်းခဲ့ကြသူ Viner Rudy Mancuso နဲ့ ၂ဝ၁၅ လောက်ကတည်းက တွဲနေခဲ့တာပါ။ လွန်ခဲ့တဲ့ ကာလတွေမှာတော့ အမေရိကန် သရုပ်ဆောင် John DeLuca၊ Ross Lynch နဲ့ နောက်ပြီး Luke Erceg တို့နဲ့လည်း ပတ်သက်ခဲ့ပါသေးတယ်။ သြစတေးလျ လေသံဝဲတာလေးကို တတ်နိုင်သမျှ ထိန်းပြီးပြောဖို့ ကြိုးစားနေတဲ့ သူမ၊  Bailee Madison နဲ့ မကြာခဏ လူမှားကြလေ့ရှိကြတဲ့ အဆိုတော် မင်းသမီးလေး Maia Mitchell အကြောင်းကတော့ ဒီလောက်ဆိုရင် တော်တော်လေး စုံသွားလောက်ပြီးမို့ နှုတ်ဆက်လိုက်ပါတယ်နော်။